၂၀၂၅ ဇန်နဝါရီ ၂၅
နေပူထဲမှာ ဆိုလာတစ်ပြားထောင်၊ နှစ်ပြားထောင်ထားပြီး ရိုးရိုးဘက်ထရီ၊ ကားကြီး/ကားလတ် ဘက်ထရီအဟောင်းများနှင့် ချိတ်ဆက်ကာ ဆိုလာမီးအလင်းရဖို့ လုပ်ဆောင်ခဲ့ကြသည်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ လောက်ကတည်းကပင် ကျေးလက်တောရွာ တချို့တွင် တွေ့မြင်ခဲ့ဖူးသည်။ လျှပ်စစ်မီး မရသေးသည့်ဒေသများတွင် ရေနံဆီမီးခွက်၊ ဖယောင်းတိုင်များအစား နေအိမ်မီးလင်းရေး ကိုယ်ထူကိုယ်ထ လုပ်ဆောင် ခဲ့ကြမှု တစ်ခေတ်တစ်ခါက အခြေအနေတချို့ ဖြစ်ပါသည်။ ခေတ်အဆက်ဆက်ကတည်းက နယ်မြေဒေသအလိုက် ဆိုလာစနစ်ကို ပုံစံမျိုးစုံဖြင့် အသုံးပြုလာခဲ့ ကြသည်။ ယနေ့အထိ အသုံးပြုမှု တဖြည်းဖြည်း များပြားလာကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ နည်းပညာများသည်လည်း ပိုမို ဆန်းသစ်လာပြီ ဖြစ်သည်။
ရန်ကုန်မြို့၏ တိုက်အဆောက်အအုံ အမိုးပေါ်တွင် ဆိုလာများ တပ်ဆင်ထားသည်ကို နေရာတော်တော်များများတွင် တွေ့နေရသည်။ နဂိုကတည်းက ဆိုလာစွမ်းအင်စနစ် တပ်ဆင်အသုံးပြုသူများ ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့ကြီးများ ဆိုလာတပ်ဆင်မှု များပြားလာပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင်လည်း ဆိုလာစနစ်၊ အရန်ဆိုလာ မီးပေးစနစ်များ တပ်ဆင်ပေးသည်ဆိုသော ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၏ ကြော်ငြာအမျိုးမျိုးကိုလည်း တွေ့နေရသည်။ ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီစသဖြင့် ဆိုလာစနစ် တစ်စုံအတွက် ကုန်ကျမည့် ဈေးနှုန်းများ ဖော်ပြ၍ အပြိုင်ကြော်ငြာနေကြသည်။ မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်း၊ မီတာခနှုန်း ထားနှင့် လျှပ်စစ်မီးရရှိမှု အခြေအနေများကြောင့် ဆိုလာစွမ်းအင် ရွေးချယ်အသုံးပြုမှုကို တွန်းအားဖြစ်စေသည်ဟု သုံးသပ်နေကြသလို ဆိုလာထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်း ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာခဲ့ခြင်းကလည်း ဆွဲဆောင်မှုရှိသော ရွေးချယ်စရာ ဖြစ်စေခဲ့သည်ဟု မှတ်ချက်ပြုကြ သည်။ နေရောင်ခြည်စွမ်းအင်မှ သဘာဝအလင်းရောင်ကို အသုံးချဖို့၊ လျှပ်စစ်သုံးစွဲမှုအစား သဘာဝအတိုင်း တည်ရှိပြီး ပေါကြွယ်ဝသည့် နေရောင်ခြည်ကို အကျိုးရှိရှိ အသုံးချဖို့ အကြံပြုတိုက်တွန်းမှုများ လည်း ရှိနေသည်။
နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုလုပ်ငန်းများ၏ အရင်းအနှီး လိုအပ်ချက်များကို နိုင်ငံတော်က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါ ရီ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ဆိုလာစီမံကိန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများ ဆောင်ရွက်နိုင်ကြောင်းကိုလည်း ထည့်သွင်းပြော ကြားခဲ့သည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများ၊ အချို့ စက်ရုံများအနေဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် အခက်အခဲများ ရှိနေသည့်အပြင် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်း ရှိနေသည်။ ထို့ကြောင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်၍ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းရှင်များကလည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးစဉ် တိုက်တွန်းပြော ကြားခဲ့သည်။

"နိုင်ငံတကာမှာက ဆိုလာကို တွင်တွင်ကျယ်ကျယ် သုံးနေတာကြာပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း သုံးသင့်ပါတယ်။ အဲဒီနည်းပညာကလည်း လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ရသင့်တယ်။ နောက် နည်းပညာ မတည်ငြိမ်သေးဘူးလို့ ပြောရမလားမသိဘူး။ တချို့က မယုံကြဘူး။ နည်းနည်း ရှားရှားပါးပါး Accident က ထဖြစ်တယ်ဆိုရင် လူတွေက ကြောက်သွားတာ၊ တွန့်သွားတာ အဲဒါမျိုး ရှိတယ်။ အဲဒီအပေါ်မှာ မယုံဘူး ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအခြေအနေတွေကလည်း တစ်ချိန်ချိန်တော့ ကျော်လွှားမှာပေါ့။ လောလောဆယ်မှာတော့ အပြောင်းအလဲက ရှိနေတာကိုး။ ဒါပေမဲ့ အခုကတော့ လုပ်ငန်းအကြီးတွေလည်း တပ်ကြတယ်။ တချို့စက်ရုံအကြီးကြီးတွေလည်း ဆိုလာတပ်ကြတယ်။ ဆိုလာများများ၊ ဘက်ထရီများများဆိုရင် သူလည်း ကုန်ကျ စရိတ်များမှာပေါ့။ ဒါပေမဲ့ အသုံးပြုသင့်တယ်။ ကျွန်တော်တို့ တိုင်းပြည်လို နေရောင်ခြည်ရတဲ့ အချိန်များများရတဲ့နိုင်ငံမှာ အသုံးပြုသင့်ပါတယ်"ဟူ၍ မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
နိုင်ငံတော်အစိုးရက ဆိုလာစနစ်ကိုအားပေး ဆောင်ရွက်နေသည့်နည်းတူ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ နစက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက အမိန့်အမှတ် ၅၅/၂၀၂၄ ဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဆောက်အအုံအသစ်ဆောက်ရင် ဆိုလာစနစ်ပါ တပ်ဆင်ပြီး ပိုလျှံသည့်လျှပ်စစ်များကို National Grid အတွင်းကို ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဟူ၍ ဇန်နဝါရီ ၇ ရက်က ပြုလုပ်တဲ့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ဆိုလာစွမ်းအင် အသုံးပြုမှုကို တွင်ကျယ်အောင် ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးတို့အတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်း ခြောက်မျိုးကိုလည်း ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အကောက်ခွန် ကင်းလွတ်ခွင့်ပြုမှုတွင် နေရောင်ခြည် စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များနှင့် နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ် ကိရိယာ၊ နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ (စထရင်း၊ ပေါင်းစပ်၊ ဘက်ထရီ၊ နှစ်မျိုးသုံး၊ ပင်မ)တို့ ပါဝင်နေသည်။ အလားတူ အိမ်သုံး တပ်ဆင်မှုပုံစံများ (ခေါင်မိုးနှင့် မြေပြင်တွင် တပ်ဆင်ခြင်း)နှင့် နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုစနစ် (ရေပေါ်တွင် တပ်ဆင်ခြင်း)၊ နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘက်ထရီပုံး ((PV / Solar Controller and Battery Box) (PV/ Solar Controller နှင့် Battery တွဲလျက် တင်သွင်းခြင်း အတွက်သာ) ပါဝင်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ အလားတူ ၂၀၂၄ မတ်လအတွင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၂၃/၂၀၂၄) ဖြင့် ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင်လည်း အဆိုပါ ကုန်စည်ခြောက်မျိုးကို 'ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ' ဟူ၍ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
"ရင်းနှီးမြှုပ်နှံမယ့် Investor တွေဆိုရင် အခွန်လျှော့ပေးတာမျိုး၊ ဆိုလာပစ္စည်းတွေဆိုရင် အခွန်လျှော့ပေးတာမျိုး၊ အဲဒီလိုမျိုး ပံ့ပိုးပေးမှာ။ ဆိုလာနဲ့ပတ်သက်ပြီး Solar Station တွေ လာမယ်ဆိုရင် သူ့ Tax တွေ လျှော့ပေးမှာပေါ့။ နောက် ဆိုလာပစ္စည်းတွေ တင်သွင်းမယ်ဆိုရင်လည်း အခွန်တွေလျှော့ပေးမှာပေါ့။ လျှော့ပေးဖို့ ပြောထားပြီးသား။ ပြည်ထောင်စုအခွန်အကောက် ဥပဒေမှာ ဖော်ပြထားပြီးသား။ ဆိုလာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေဆိုရင် အခွန်လျှော့ပေးတာလား၊ လုံးဝမကောက်တာလား အဲဒီလိုမျိုး နားလည်ပါတယ်"ဟူ၍ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
ဆိုလာ(Solar) လျှပ်စစ်စွမ်းအင်ဆိုသည်မှာ
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာဖြစ်ပြီး ရရှိလာသော DC လျှပ်စစ်စွမ်းအားကို တိုက်ရိုက်သော်လည်းကောင်း၊ ဘက်ထရီတွင် သိုလှောင်၍ လည်းကောင်း အသုံးပြုနိုင်သည်၊ နေရောင်ခြည်စွမ်းအင်ဖြစ်၍ ကမ္ဘာတည်သရွေ့ မကုန် ခန်းနိုင်ဘဲ အခမဲ့သုံးစွဲနိုင်ကြောင်း မှတ်သားမိသည်။ အလင်းမှလွဲ၍ အခြားလောင်စာ မလိုအပ်ခြင်းကြောင့် ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့မထွက်ရှိ၍ သဘာဝပတ်ဝန်းကျင်ကို အမြဲစိမ်းလန်း နေစေခြင်း၊ ချွတ်ယွင်းပျက်စီးမှု နည်းပါးကာ နှစ်ရှည် အသုံးပြုနိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု စရိတ်မရှိခြင်း စသည့် ကောင်း ကျိုးများ ရရှိနိုင်၍ ဆိုလာလျှပ်စစ်စနစ်ကို အသုံးပြုသင့်ကြောင်း အကြံပြုချက်များ ရှိနေသည်။
"ဆိုလာကဝောာ့ လျှပ်စစ်လိုအပ်ချက်ရှိနေတဲ့ နိုင်ငံတွေအတွက်ဝောာ့ တရုတ်အစိုးရကလည်း တော်တော်လေး အားပေးနေတယ်။ ကိုယ်ထူ ကိုယ်ထနိုင်အောင် အပူချိန်ကောင်းတဲ့ ပြည်နယ်တွေ အားလုံးကို အစိုးရ Plan နဲ့ ငွေထုတ်ချေးပေးတာတို့ လုပ်ပေးတယ်။ အဲဒီလောက်အထိ သူတို့နိုင်ငံအစိုးရ က အားပေးတယ်။ထိုနည်းတူ ကျွန်တော်တို့နိုင်ငံလည်း အားပေးတယ်။ ဒါက ရင်းနှီးမြှုပ်နှံသင့်တယ်။ သုံးသင့်တယ်။ ဒါက သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ လျှပ်စစ်မီး လုံလောက်မှုမရှိတော့ ရတဲ့နည်းနဲ့ ဖန်တီးယူကြရတာပေါ့။ အိမ်တိုင်းမှာ နေ့စဉ်နေ့တိုင်း ရေ၊ မီး လိုတော့မရ၊ ရတဲ့နည်းနဲ့ ဆိုလာကို ရွေးချယ်အသုံးပြုလာကြတာပေါ့။ ဆိုလာက မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်၊ မန္တလေး တို့ဘက်မှာ နေအပူချိန်က ကောင်းတယ်။ ဒါက Green Energy ဆိုတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း မဖြစ်ဘူး။ တီထွင်စမ်းသပ်မှုတွေကြောင့် ဆိုလာကုန်ကျစရိတ် တစ်နေ့တစ်နေ့ သက်သာလာ တယ်။ ဆိုလာရော၊ ဘက်ထရီရောပေါ့။ မြန်မာနိုင်ငံ ရာသီဥတုက နေအပူ အချိန်ကောင်းတော့ဆိုလာ နဲ့တော့ အရမ်းအသုံးတည့် တာပေါ့"ဟူ၍ ဆိုလာစွမ်းအင် စီမံကိန်းကို လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
အစိုးရက ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုကို လွန်ခဲ့သည့် နှစ်နှစ်ဝန်းကျင် လောက်ကတည်းက အကောက်ခွန် ကင်းလွတ်ခွင့် ပြုခဲ့သည်။ လက်ရှိအချိန်အထိ ဈေးကွက်ထဲတွင် ဈေးကျသွားခြင်းမရှိဘဲ ဈေးမြင့်နေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ လတ်တလော ဆိုလာဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီများ၏ အပြိုင်အဆိုင် ကြော်ငြာနေမှုများအရ အမျိုးအစားအပေါ်မူတည်ကာ ကုန်ကျနိုင်သည့် ဆိုလာဈေးနှုန်းများကို တွေ့ရသည်။ ဆိုလာ မီးပေးစနစ်တစ်စုံ (10.2kw Inverter Set) ကို ၁၂၅ သိန်း မှ သိန်း ၁၄၀ ကျပ်ဝန်းကျင် အကုန်အကျခံ တပ်ဆင်ထားလျှင် အဲကွန်း၊ ရေခဲသေတ္တာ၊ ရေမော်တာ၊ ရေပန့်၊ Air-Cooler၊ ထမင်းပေါင်းအိုး၊ ဒယ်နီ၊ ပန်ကာ၊ တီဗွီ၊ စီစီတီဗွီ၊ လက်ပ်တော့၊ Desktop, Printer နှင့် အားသွင်းခြင်း စသည့် အိမ်သုံး၊ ရုံးသုံးလျှပ်စစ်ပစ္စည်းများကို အသုံးပြု နိုင်မည်ဟု ကုမ္ပဏီတစ်ခုက ကြော်ငြာထားသည်။ အလားတူ 550W Mono Type Solar (2pcs), Hyper Energy 3kW/24V Inverter (1pcs), 220Ah/12V Tubular Battery (2pcs), MPPT 60A Solar Charge Controller (1pcs) တို့ကို တွဲဆက်ပေးထားပြီး လျှပ်စစ်မီး၊ စီစီတီဗွီနှင့် ပန်ကာ၊ ဝိုင်ဖိုင်၊ လက်ပ်တော့များ အသုံးပြုနိုင်မည့် ဆိုလာမီးပေးစနစ်တစ်စုံအတွက် ၁၀၃ သိန်း ဝန်းကျင်ရှိနေပြီး Luminia 1200VA Inverter - 220Ah/ 12V Tubular Battery, 550W Mono Type Solar နဲ့ MPPT 60A Controller တို့ကို တွဲဆက်ပေးထားပြီး လျှပ်စစ်မီး၊ ဝိုင်ဖိုင်နှင့် အားသွင်းခြင်းများ အဓိကအသုံးပြုနိုင်သည့် ဆိုလာမီးပေးစနစ် တပ်ဆင်ခအတွက် ၃၇ သိန်း ကုန်ကျ စရိတ်ရှိနေသည်။ ကုမ္ပဏီအချို့၏ အချက်အလက်တချို့ကို ဖော်ပြခြင်းဖြစ်သလို ငွေဈေးအတက် ကျပေါ်မူတည်ပြီးလည်း ဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်ကြောင်း ယင်းကုမ္ပဏီများက အသိပေးထား သည်။ နေအိမ်တစ်လုံးအတွက် အဲကွန်းနှစ်လုံး၊ မီး၊ ရေမော်တာ အပါအဝင် ဆိုလာစနစ် တပ်ဆင် မည်ဆိုပါက အသုံးပြုနိုင်မည့် ပုံစံအပေါ်မူတည်ကာ အကြမ်းဖျင်းသိန်း ၂၅၀၊ ၃၀၀ ကြား ကုန်ကျ စရိတ်ရှိသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နိုင်ငံဝောာ်အစိုးရက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိနေပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများလည်း အကောင်ထည်ဖော်လျက် ရှိသည်။ မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ မန္တလေးတိုင်းတွင် သပြေ၀ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ ကင်းတား မဂ္ဂါဝပ် ၃၀ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကိုလည်း အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။ "မိတ္ထီလာသည် မိုးရွာရက်နည်းသည့် ဒေသဖြစ်သဖြင့် နေရောင် ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း" နိုင်ငံတော်ဝန်ကြီးချုပ်က မိတ္ထီလာခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး အထောက်ကူပြုနိုင်ရန် မြန်မာနိုင်ငံတွင် Solar လျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၄ နှစ်ဆန်းက စီမံကိန်း ၁၈ ခုအနက် စီမံ ကိန်းခြောက်ခု လက်မှတ်ရေး ထိုးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေးအတွက် LNG စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ် နိုင်ရေးနှင့် နေရောင်ခြည်သုံး လျှပ်စစ်ထုတ်လုပ်သုံးစွဲ နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ် ပြန်ခဲ့သည်။
ဆိုလာစွမ်းအင်စီမံကိန်းများ တည်ဆောက် နေမှုတွင် BOO (Build Operate Own) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများရှိနေသလို ပါမစ်အပေါ်မူတည်ကာ ဆိုလာပြား၊ ဘက်ထရီများ တင်သွင်းနေသည့် ကုမ္ပဏီအများအပြား ရှိနေသည်။ ထို့အတူ ပြည်တွင်းရောက်ရှိလာ သည့်ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား ပြန်ဝယ်ပြီး နယ်သို့တစ်ဆင့် ဖြန့်ဖြူးရောင်းချသည့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသူများလည်း ရှိနေသည်။ နိုင်ငံတော်အစိုးရက ဆိုလာစနစ်ကို ဖိအားပေး ဆောင်ရွက်နေပြီး လုပ်ငန်းရှင်များကလည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း ထားသည်။ ဆိုလာစွမ်းအင် စီမံကိန်း လုပ်ကိုင်မည်ဆိုလျှင် တစ်မဂ္ဂါဝပ် (ဝပ်တစ်သန်း) အတွက် မြေလေးဧက လိုအပ်မည်ဖြစ်ပြီး ဆိုလာမျက်နှာပြင် လေးဧကရှိမှသာ တစ်မဂ္ဂါဝပ်ထွက်ရှိမည်ဟု ဆိုလာ စွမ်းအင်စီမံကိန်းကို လေ့လာသူတစ်ဦးက ပြောပြသည်။ သို့သော် လက်ရှိ နည်းပညာများ တိုးတက်လာ သည့်အတွက် မြေသုံးဧက၊ ဆိုလာမျက်နှာပြင် သုံးဧက လိုအပ်မည်ဖြစ်ဟု ဆိုသည်။ ဆိုလာစွမ်းအင် တစ်မဂ္ဂါဝပ် ရရှိဖို့အတွက် ဘက်ထရီနှင့် ဆိုလာပြား လိုအပ်မည်ဖြစ်သည်။ Lithium Battery Storage မှာ မြန်မာနိုင်ငံအတွက် အရေးပါနေသည့် ပစ္စည်းဖြစ်ပြီး ဈေးနှုန်းမှာလည်း အမေရိကန်ဒေါ်လာ သုံးသိန်း ခွဲမှ လေးသိန်းခွဲအထိရှိနိုင်သည်ဟု ခန့်မှန်းပြော ဆိုထားပြီး ဆိုလာပြား၏ သက်တမ်းမှာ ၁၅ နှစ်မှ နှစ် ၂၀ အထိ၊ ဘက်ထရီ၏ သက်တမ်းမှာ ငါးနှစ်မှ ရှစ်နှစ် အထိရှိသည်ဟုသိရကြောင်း ၎င်းက ဆက် ပြောသည်။
"ဆိုလာပြားကလည်း တရုတ်ငွေကြေး ယွမ်နှစ်သိန်းဆိုရင်ရပြီ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက Lith-ium Battery ကတော့ အရမ်း အရေးပါတဲ့အချိန်ပေါ့။ မီးလာတဲ့အချိန်မှာ သွင်းထားရင် သူက ဆိုလာမပါလည်း သုံးလို့ရတယ်။ ဒါကတော့ ဈေးကွက်မှာ အရမ်းလိုအပ်နေတယ်။ ကုမ္ပဏီကြီးတစ်ခုကလည်း ကြိုးစားပြီးသွင်းနေတယ်လို့ သိရပါတယ်။ စီမံကိန်းကတော့ တကယ်လုပ်ကိုင်မယ်ဆိုရင် ဥပဒေရှိတယ်။ ကုမ္ပဏီတွေရဲ့ Profile တွေ အစိုးရဆီ တင်ရမယ်။ Professional ဖြစ်တဲ့ ကုမ္ပဏီတွေ ပါမစ်ရတာ များတယ်။ သူ့မှာ အဆင်သင့်ဖြစ်တဲ့ အပိုင်းတွေပေါ့။ Professional Teamwork တွေ ရှိရမယ်။ အင်ဂျင်နီယာ ပိုင်းတွေ၊ Other Service တွေ ရှိရမယ်။ ငွေအင်အားရှိမယ်။ အားလုံးပြည့်စုံမှပဲ ဒီလုပ်ငန်းကြီး လုပ်ရမယ်လို့ ထင်တယ်"ဟူ၍ ဆိုလာစီမံကိန်း လေ့လာနေသူက အကြံပြုပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်နေသည့် ဆိုလာလျှပ်စစ်စွမ်းအင်နှင့်ပတ်သက်သည့် အမြင်သဘောထား သုံးသပ်ချက်များ ဖြစ်ပါသည်။ ဆိုလာပြားများက တည်ငြိမ်သော စွမ်းအင်နှင့် အလင်းရောင်ကို ပေးစွမ်းနိုင်သည်၊ မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီ သည်ဟူ၍ မှတ်ချက်ပြုကြသည်။ နေရောင်ခြည်အလင်း စွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲ ပေးနိုင်သော ဆိုလာစွမ်းအင်ကို အသုံးပြုခြင်းအားဖြင့် နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများအတွက် စိတ်ချရပြီး ရေရှည်တည်တံ့သည့် စွမ်းအင်အရင်းအမြစ် ဖြစ်လာစေဖို့ အတွက်လည်း မျှော်လင့်မိသည်။ ရေရှည်တည်တံ့စေရန်အတွက်လည်း နည်းပညာကျွမ်းကျင်မှု။ အရည်အသွေးကောင်းမွန်မှု၊ တပ်ဆင်မှုပိုင်းဆိုင်ရာ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာများ စနစ် တကျရှိမှုများ လိုအပ်မည်ဖြစ်သည်။
ဆိုလာစွမ်းအင်နှင့် ပတ်သက်၍ "တချို့က Used တွေကို ပြန်လည်ပြုပြင်တော့ အားနည်းတဲ့ နိုင်ငံတွေကို ပြန်သွင်းတာ၊ ဘာလို့လဲဆိုရင် ဆိုလာပြားက ၁၅ နှစ်ခံမယ့်ဟာ သုံးလေးနှစ်နဲ့ ပျက်ကုန်တယ်။ နိုင်ငံမှာက ဘာပဲဖြစ်ဖြစ် Quality အညံ့တွေကို သွင်းတာတွေရှိတယ်။ ဒါကို သတိထား သင့်တယ်"ဟူ၍ လေ့လာနေသူတစ်ဦးက အကြံပြုခဲ့သည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )