ကမ္ဘာမှာ စံတင်ထိုက်တဲ့ မန္တလေးက ဗုဒ္ဓစာပေရတနာသိုက်

၂၀၂၄ ဩဂုတ် ၃၁

    မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့စုဝေးရာ ဘာသာသာသနာရဲ့ မြို့တော်မန္တလေးမြို့ကြီးရဲ့ လုံခြုံရေးအတွက် မေတ္တာပို့နေချိန်မှာ သမိုင်းပါမောက္ခ ဆရာ ကြီးဒေါက်တာသန်းထွန်း ဘာသာပြန်တဲ့ 'အင်္ဂလိပ်လက်အောက်ရောက်စ မန္တလေး'ဆိုတဲ့ စာအုပ်ကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်က ရုားရှားလူမျိုး ပါဠိစာပေဒေါက်တာဘွဲ့ရ 'အိုင်ဗင်ပဗလိုဗဟ် မိနယဲ့ဖ်'၏ မန္တလေး တွေ့အကြုံဖြစ်ပြီး ဆရာကြီးဒေါက်တာသန်းထွန်းက နိဒါန်းရေးကာ အင်္ဂလိပ်ဘာသာမှ မြန်မာပြန်ထားခြင်း ဖြစ်ပါတယ်။ ဒီစာစုကို ဆရာကြီးရဲ့ နယ်လှည့် ရာဇဝင်(တတိယတွဲ)မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဆရာကြီးရဲ့ မူရင်းလက်ရေး(စာမူအစအဆုံး)ကို ပူးတွဲပုံနှိပ်ထားတဲ့အတွက် တစ်မျိုးဆန်းသစ်နေပါတယ်။ အခြားသော မန္တလေးခေတ် အောက်မေ့ဖွယ် သရုပ်ဖော်ပုံများနဲ့အတူ ဒီစာအုပ်ကို ၂၀၂၄ ဇွန်လမှာ တိုးလျှံစာအုပ်တိုက်က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
    မူရင်းမှတ်တမ်းကိုရေးသူ အိုင်ဗင်ပဗကိုဗစ်မိ နယဲ့ဖ် (Ivan Pavlovieh Minayee) (၁၈၄၀-၉၀)ဟာ ရုရှားလူမျိုးထဲက ရှားရှားပါးပါး ပါဠိစာပေပညာရှင် ဖြစ်ပါတယ်။ ပီတစဗတ်တက္ကသိုလ်ရဲ့ အရှေ့တိုင်းဘာသာစကား မဟာဌာနမှာ ၁၈၆၈ ခုနှစ်အထိ ပညာသင်ခဲ့ပါတယ်။ သက္ကဋနဲ့ ပါဠိသင်ယူပါတယ်။ ဂျာမနီ၊ ပြင်သစ်နဲ့ အင်္ဂလန်စတဲ့ နိုင်ငံတွေမှာ လှည့်လည်ရင်း ပါဠိစာပေ ကျမ်းဂန်တွေကို မွှေနှောက်ရှာဖွေပါတယ်။ ပါတိမောက္ခကျမ်းကို ၁၈၆၉ မှာ ဘာသာပြန်ခဲ့တယ်။ ပါဠိစာပေနဲ့ ပတ်သက်လို့ ကျမ်းတစ်စောင်ရေးပြီး ၁၈၇၂ ခုနှစ်မှာ ဒေါက်တာဘွဲ့ရတယ်။ ၁၈၇၃ မှာ အင်ဒို၊ ဥရောပ ဘာသာရပ်များဆိုင်ရာ ပါမောက္ခအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရတယ်။ တာဝန်ထမ်းဆောင်ရင်း အသက် (၅၀) မှာ အဆုတ်နာနဲ့ ကွယ်လွန်သွားပါတယ်။
    သူအသက်ရှိစဉ်က အိန္ဒိယကို သုံးခေါက် ရောက်တယ်။ ပထမအကြိမ် ၁၈၇၄၊ ဒုတိယအကြိမ် ၁၈၈၀ နဲ့ တတိယအကြိမ်က ၁၈၈၅-၁၈၈၆ ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် အိန္ဒိယအရောက်မှာ မြန်မာနိုင်ငံဘက်ကို ကူးလာခဲ့လို့ ၁၀ ဇန်နဝါရီလ ၁၈၈၆ မှာ ရန်ကုန်ရောက်တယ်။ မန္တလေးကိုတော့ ၂၁ ဇန်နဝါရီ ၁၈၈၆ မှာ ရောက်လာပါတယ်။ မန္တလေးမြတောင်တိုက် ဆရာတော်နဲ့ ဖေဖော်ဝါရီ ၆ ရက် ၁၈၈၆ မှာ တွေ့ကြတဲ့အခါ ပါဠိဘာသာနဲ့ စကားအပြန်အလှန် ပြောကြတာမှာ ဆရာတော်က 'ဒကာကြီး ဘယ်ဘာသာကို ကိုးကွယ်ယုံကြည်ပါသလဲ'လို့မေးတော့ မိနယဲ့ဖ်က 'သရဏဂုံသုံးပါးတည်ပါရဲ့၊ ရှင်သာမဏေတော့ မပြုရသေးပါ'လို့ ဖြေခဲ့ပါတယ်။ အဲဒါကိုထောက်ပြီး သူဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးလို့ ယူဆရင် ရပါတယ်။(နိဒါန်းမှ၊ စာ-၁၈)
    သူရောက်လာချိန်ဟာ မန္တလေးကို အင်္ဂလိပ်တွေသိမ်းပြီးစအချိန်၊ အိန္ဒိယမှာရော ရန်ကုန်မှာပါ ဝေဖန်သုံးသပ်မှုတွေ အမျိုးမျိုးပေါ်ထွက်နေတယ်။ သူ့ရဲ့ နေ့စဉ်မှတ်တမ်းကို စိစစ်ကြည့်တဲ့အခါ ဒီအချက်တွေအပေါ်မှာ မေးမြန်းစူးစမ်းကြတာများတယ်လို့ ဆိုပါတယ်။ (ဆရာကြီးဒေါက်တာသန်းထွန်းက ၁၇ ချက် ဖော် ပြထားတဲ့အထဲက အချို့ကိုပဲ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။)
    'သီပေါမင်းက တကယ်ပဲဆိုးသွမ်းရက်စက်သလား၊ စုဖုရားလတ်ဆိုတဲ့ မိဖုရားဟာ တကယ်ပဲ တိုင်းရေးပြည်မှုမှာ နားမလည်ဘဲ ဝင်ပြီးရှုပ်သလား၊ ဗမာတွေ အကုန်လုံးက ဒီလို မင်းပြောင်းမင်းလဲဖြစ်တာ ထောက်ခံရဲ့လား၊ အင်္ဂလိပ်က ဓားပြလို့ဆိုပြီး ရက်ရက်စက်စက် သတ်ဖြတ် နှိပ်ကွပ်ခံရ တဲ့လူတွေဟာ တကယ့်ဓားပြတွေပဲလား၊ ဒီလူတွေဟာ မျိုးချစ်တွေရော မဖြစ်နိုင်ဘူးလား။ အင်္ဂလိပ်တွေရော ဓားပြမတိုက်ကြဘူးလား၊ ဆိုလိုတာက ဗမာနန်းတွင်း ပစ္စည်းတွေကို သူတို့ပဲ ခိုးကြတယ်မ ဟုတ်ဘူးလား။ ဗမာထဲက သစ္စာဖောက်တွေပေါ်လို့ ဗမာတွေ လွတ်လပ်ရေး ဆုံးရှုံးရတာလား' (စာ-၁၉-၂၀)
    'ဗမာမင်းဆိုးလွန်းလို့ ဗမာပြည်သူကို သနားတာနဲ့ အင်္ဂလိပ်ကတိုင်းပြည်ကို သိမ်းယူရပါတယ်ဆိုတာကတော့ ရန်ကုန်ရောက်နေတဲ့ အင်္ဂလိပ်ကုန်သည်ကြီးတွေရဲ့ ထွင်လုံးပဲဖြစ်ပါတယ်။ သူတို့ အင်္ဂလိပ်မှတ်တမ်းတွေမှာပဲ ပြင်သစ်စီးပွားရေး နယ်ချဲ့အန္တရာယ်ကို အမြန်ဆုံးတားဆီးဖို့ စစ်တိုက်သိမ်း ယူတာဖြစ်တယ်လို့ ပြနေပါတယ်။
    သူတို့စစ်တပ်တွေ ဧရာဝတီကို ဆန်တက်လာတော့ လမ်းတစ်လျှောက်လုံးမှာ ဗမာတွေခေါင်း ဖြတ်ခံရ၊ ကားစင်တင်ခံရ၊ ရင်ခွဲခံရတာတွေကို မိနယဲ့ဖ်ဟာ ရန်ကုန်က ပြည်ကိုရထားစီးပြီး၊ ပြည်က မန္တလေးကို သင်္ဘောနဲ့သွားတာဖြစ်လို့ လမ်းမှာမြင်သွားပါတယ်။ အင်္ဂလိပ်တွေဟာ ဓားပြနဲ့ မျိုးချစ်မခွဲဘဲ အားလုံးကို ဓားပြလို့ခေါ်တယ်။ အင်္ဂလိပ်မင်းရဲ့ နောက်လိုက်နောက်ပါ အင်္ဂလိပ်စစ်သား နဲ့ ကုလားစီပွိုင် (SEPOY)စစ်သားတွေရော အပြုအမူဘယ်လိုနေသလဲလို့ ယိနယဲ့ဖ်က လေ့လာကြည့်ပါတယ်။ အောင်ပွဲ နဲ့ ယစ်မူးပြီး စော်ကားရိုင်းပျကြတယ်။ အလွန်အကျွံ မူးယစ်သောက်စားကြတယ်။ ဈေးထဲမှာ ပစ္စည်းကို အရယူပေမယ့် တန်ရာတန်ဖိုးမပေးဘူး။ ဗမာတစ်ယောက်ကို ပစ်သတ်မိလို့ ငွေ ၃၀ ပေးလိုက်ရတယ်။ မိန်းကလေးတွေကို စော်ကားတာ၊ မတရားကျင့်တာလည်း အမှန်ပါပဲတဲ့။ မျိုးခြား(ဘာသာခြား) စစ်သားတွေက မဆိုင်သူသတ်၊ ပစ္စည်းလု၊ မုဒိမ်းကျင့်လို့ သေကြရတဲ့ အမျိုးသား၊ အမျိုးသမီးစာရင်းက အများကြီးတဲ့။' (စာ-၂၅)
    'မိစ္ဆာဒိဋ္ဌိမင်းလက်ထက်မှာ ငါတို့ အမျိုး ဘာသာ၊ သာသနာ မှေးမှိန်တော့မယ်လို့ နားလည်တဲ့သူက လူများစုဖြစ်မယ်။ သာသနာရေးနဲ့ ဆက်သွယ်ပြီး မိစ္ဆာရန်ကို ကြောက်တဲ့သူက များတယ်။ ဒါပေမဲ့ ဒီအန္တရာယ်ကို ဘယ်လိုတွန်းလှန်ရမယ်လို့ နားမလည်ကြလို့သာ ခံနေကြရတယ်လို့ မိနယဲ့ဖ်သိသွားပါတယ်။ (စာ-၂၆)၊ အခုလို ဗမာ-အင်္ဂလိပ်ရန်ပွဲဟာ သီပေါမင်းရက်စက်လို့၊ ညံ့လို့၊ လူရည်မလည်လို့၊ မိဖုရားဝင်လှုပ်လို့၊ ဝန်ကြီးမှူးမတ်ထဲက သစ္စာဖောက်လို့ဆိုပြီး အမျိုးမျိုးပြောကြ တာဟာ အကုန်မမှန် နိုင်ဘူး။ အဲဒါတွေက တစ်စိတ်တစ် ပိုင်းပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်နယ်ချဲ့ဟာ အခွင့်သာတဲ့ အချိန်ကို စောင့်ပြီး ဖိစီးကျူးကျော်လာတယ်လို့ပဲ နားလည်ရမယ်။ ဒီလိုအခါမျိုးမှာ ဗမာတွေဟာ ပြင်သစ်ကပဲ ကောင်းနိုးနိုး၊ အီတလီကပဲ ကူမလိုလို၊ ဂျမနီကပဲ ကာကွယ်မယောင်ထင်နေတာတွေ အားလုံးဟာ မှားတယ်လို့ မိနယဲ့ဖ်က ပြောခဲ့တယ်။} (စာ-၂၇)
    'မိနယဲ့ဖ်ရဲ့ နောက်အမေးတစ်ခုကို ဖြေဖို့ မလွယ်ဘူး။ သူကိုယ်တိုင်လည်း အဖြေတွေ့မသွားဘူးလို့ ထင်ပါတယ်။ သာသနာ့ဒါယကာ ဗမာမင်းကို အင်္ဂလိပ်က ဖမ်းသွားပြီး၊ ရဟန်းတွေ ဘာလုပ်နေကြ သလဲတဲ့။ အမေးရှိလို့ ဖြေရရင် ရဟန်းတွေဟာ သာသနာ့ဝန်ထမ်း ဖြစ်တယ်၊ မင်းမှုထမ်းမဟုတ်ဘူး။ ပြည်ရေးရွာမှုဟာ သူတို့နဲ့ တိုက်ရိုက်မဆိုင်ဘူး။ မင်းက သာသနာကို ချီးမြှင့် ရင်ကောင်းတယ်၊ မချီးမြှင့် ရင်လည်း မတတ်နိုင်ဘူး။ ရဟန်းတရားအားထုတ်ဖို့ပဲ သူတို့အလုပ်လို့ ရဲရဲဝံ့ဝံ့ သဘောထားကြတယ်။ ဒီလိုပဲ အဖြေထွက်ပါတယ်။ ခရစ်ယာန်တွေ စည်ကားလာရင် ခက်မယ်လို့ တုန်လှုပ် သူလည်းရှိမယ်ပေါ့။ ဒါပေမဲ့ ခရစ်ယာန်တိုက်ခိုက်ရေးဆိုပြီး ဘယ်ရတုန်းမှ မကြိုးပမ်းဘူး။ ဗမာနိုင်ငံမှာ သာသနာနဲ့ ပတ်သက်ပြီး အကြမ်းမဖက်ဘူးဆိုတဲ့ သဘောထားဟာ ရှေးကပဲ ရှိခဲ့ပါတယ်။ မိနယဲ့ဖ်အတွေ့အကြုံအရ ဗမာနိုင်ငံမှာ ဗုဒ္ဓသာသနာဟာ တိမ်ကောမသွားပါဘူး။' (စာ-၂၈)
    အချို့နေရာတွေမှာ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ဝေဖန်သုံးသပ်ချက်များ ရောပါနေတာ တွေ့နိုင်ပါတယ်။ မိနယဲ့ဖ်ရဲ့ မန္တလေးမှတ်တမ်းကို ဆရာကြီးက အကျဉ်းချုပ်ဖော်ပြပြီး မိနယဲ့ဖ်နားမလည်နိုင်တဲ့ အကြောင်းအရာတွေကို ဆရာကြီးက ဝင်ရောက်ဆွေးနွေး အဖြေပေးထားတာ ဖြစ်ပါတယ်။
    'အင်္ဂလိပ်ဘက်က ပညာရေးအရာရှိတစ်ဦးက သူ့ကိုခေါပြီး ညစာကျွေးတယ်။ (J.H.Gilbert ရန်ကုန်ကောလိပ်ကျောင်းအုပ်)၊ စားစရာတွေက ဖွယ်ဖွယ်ရာရာ၊ ပြောစကားက အဆီအသားမပါ။ (၁၄ ဇန်နဝါရီ ၁၈၈၆)လို့ မှတ်ထားတယ်။ ပါဠိပါမောက္ခ(F.Forchhammer)နဲ့ တွေ့ (၁၂ ဇန်နဝါရီ ၁၈၈၆)တုန်းကလည်း 'ဘာမှမှတ် သားစရာမပါ။ ဖျင်းတယ်'လို့ ရေးထားတယ်။ ဒေါက်တာမတ်(Dr.Marks)နဲ့တွေ့တော့ 'ကျုပ်က သာသနာပြုဆရာ မစစ်ဘူး။ လုပ်ငန်းက မြေအောက်လုပ်ငန်းဗျ'(၁၂ ဇန်န ဝါရီ ၁၈၈၆)လို့ ပြောတယ်တဲ့ ဆိုလိုတာက ဗုဒ္ဓသာသနာ တော်ကို အမြစ်ကတူးပစ်ဖို့ လုပ်နေတယ်လို့ ဆိုလိုတယ်။ အဲဒီ လုပ်ငန်းမှာ အင်္ဂလိပ်အစိုးရရောက်လာဖို့က ပဓာန ဖြစ်တယ်။' (စာ-၂၈)

    ဒေါက်တာမတ်ဆိုတာ မင်းတုန်းမင်းခေတ်မှာ မန္တလေးကိုရောက်လာတဲ့ ခရစ်ယာန်သာသနာပြု တစ်ဦးပါ။ မြန်မာတွေက ဆရာမှတ်ကြီးလို့ ခေါ်ကြပါတယ်။ မင်းတုန်းမင်းက ဆရာမတ်လိုအပ်သမျှ ဖြည့် ဆည်းပေးခဲ့ပါတယ်။ သားတော်များကိုလည်း ဆရာမတ်ဆီမှာ အင်္ဂလိပ်စာသင်စေခဲ့ပါတယ်။ သာသနာ ပြုအမည်ခံတွေဟာ အများအားဖြင့် စစ်ရေး၊ နိုင်ငံရေး သူလျှိုစပိုင်တွေ ဖြစ်နေတတ်ပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ 'ဗုဒ္ဓဘာသာကို အမြစ်ကတူးပစ်ဖို့ လုပ်နေတယ်'လို့ အဓိပ္ပာယ်ဖွင့်ဆိုသွား တာ တွေ့ရပါတယ်။
    ရုရှားပညာရှင် မိနယဲ့ဖ်ဟာ စာပေအရသာ ဗုဒ္ဓဘာသာကို ကြည်ညိုသူဖြစ်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာ ဗုဒ္ဓဘာသာကို ကောင်းစွာ နားမလည်သူဖြစ်ကြောင်းလည်း တွေ့ရပါတယ်။ ဒေါက်တာ မတ်တို့လို စပိုင်သူလျှိုတွေဟာ ခရစ်ယာန်မျက်နှာဖုံးစွပ်ပြီး အင်္ဂလိပ်အစိုးရအတွက် အလုပ်လုပ်နေတာ ဒေါက်တာမိနယဲ့ဖ် သိရတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို မကျေမနပ်ဖြစ်မိသတဲ့။
    'လူတွေပေးတာ၊ ကျွေးတာလည်း စားနေတယ်။ အစားကောင်း၊ အနေကောင်းရတယ်။ ဘာမှ ပြန်လုပ်မပေးဘူး။ သူတို့ကို ရိုသေရတာလည်း လွန်လွန်းတယ်။ ရှေ့လာပြီး မြေမှာစင်းစင်းဝပ်တာတောင် ကျောက်ရုပ်ဟန်မျိုးနဲ့ လှည့်မကြည့်ဘူး။ ပြန်နှုတ်ဆက်ရကောင်းမှန်းမသိဘူး။ (၂၄ ဇန်နဝါရီ ၁၈၈၆)လို့ ရေးထားတယ်။ သူရောက်နေတဲ့မန္တလေးမှာ လူကတစ်သောင်း၊ ရဟန်းက ခြောက်ထောင်ဟာ အသက်ရှင်ရေးအတွက် လူတစ်သောင်းကို မှီခိုရတယ်။ ဒါပေမဲ့ ဆက်ဆံတော့ အထက်စီးနဲ့ ဆက်ဆံတယ်လို့ သူထင်နေတယ်။ လွယ်လွယ်ပြောတော့ ခဏတဖြုတ်နဲ့ ဗမာတွေရဲ့ 'ဆရာဒကာ' ဆက်ဆံရေးကို သူနားမလည်နိုင်ဘူး။ ဒီတစ်သောင်းခြောက်ထောင်ကို အင်္ဂလိပ်စစ်သား တစ်သောင်းခြောက်ထောင်က ဝိုင်းထားတယ်။ ပြင်သစ်ကို သံအဖြစ်သွားတဲ့ မြို့သစ်အတွင်းဝန်မင်းကျောင်းကို စီပွိုင်နှစ်ရာ ဝိုင်းထားတယ်။ ဒီအခြေအနေကြောင့် ရဟန်းတွေဟာ အင်္ဂလိပ်ကိုတော့ အမှန်ပဲမုန်းပါတယ်လို့ သူမှတ်မိတယ်။' (စာ-၂၉)
    တကယ်တော့ မိနယဲ့ဖ် မန္တလေးလို့လာရတဲ့ ရည်ရွယ်ချက်ဟာ ရှေးဟောင်းပေပုရပိုက် ပါဠိစာ ပေရှာဖွေစုဆောင်းရေးပဲ ဖြစ်ပါတယ်။ မန္တလေးမြို့အခြေအနေက စိတ်ပျက်စရာ၊ နံစော်လိုက်တာလည်း လွန်ရော၊ နံစော်ပုံကတော့ တရားလွန်ပဲ စသည်ဖြင့် နံစော်နေတယ်ဆိုတာကိုပဲ အကြိမ်ကြိမ် အထပ်ထပ် သူ့မှတ်တမ်းမှာ ဖော်ပြထားတယ်။ 'နန်းတော်ဘက်ကိုသွားတဲ့ လမ်းမပေါ် မှာရှိနေတဲ့ ကျုပ်တို့ဟိုတယ်မှာလည်း ဖုန်တွေ၊ မှုန်တွေ၊ အမှိုက်သရိုက် အပြည့်'လို့ဆိုတယ်။ ၂၅ ဇန်နဝါရီ ၁၈၈၆ မနက် ၈ နာရီကစပြီး လေလံမောင်းသံကြားနေရတယ်။ ဘုရင့်မိဖုရားရဲ့ နန်းတွင်းပစ္စည်းတွေကို လေလံပစ်မယ်တဲ့။ မနေ့က ညစာစားကြတုန်းက ဂျာမန်ကောင်က သူ့လေလံပွဲက မိဖုရားရဲ့ ဆုတောင်း စာအုပ်နဲ့ စိန်စီရွှေချဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ် ရခဲ့တယ်လို့ ကြွားနေတယ်။ ဒီလို လေလံပွဲကို ဗမာအမျိုးသားတွေက ဘယ်လိုသဘောထားသလဲ သိချင်လိုက်ပါဘိ။' (စာ-၃၇)
    နန်းတွင်းပစ္စည်း လေလံပစ်တယ်ဆိုတာ အ သေးအမွှားပဲ ရှိပါသေးတယ်။ တစ်တိုင်းပြည်လုံး သူ့ ကျွန်ဘ၀ ကျရောက်သွားပြီဆိုတော့ ...ဆီးဘန်းနီ ဆရာတော်ကြီး ရင်ထုမနာ စာချိုးခဲ့သလို 'သေသော်မှ တည့်၊ သြော် - ကောင်း၏'ပေါ့။
    'ကာနယ်စလေဒင်ဆီမှာခွင့်တောင်းပြီးကနေ့ ဘုရင့်စာကြည့်တိုက်ကို လေ့လာပါတယ်။ ကျွန်း သေတ္တာကြီးရှစ်လုံးနဲ့ ကျမ်းတွေအပြည့်၊ သေတ္တာတစ်လုံးကို ဖွင့် ကြည့်တော့ ကျမ်းစာအုပ်တစ်ရာ လောက် တွေ့ပါတယ်။ ဒါပေမဲ့ ကျုပ်အရင် မွှေနှောက်သွားတဲ့လူတွေကြောင့် ဖရိုဖရဲတွေ့နေရတယ်။ ထင်တဲ့အတိုင်းပဲ၊ ဘုရင့်မှာ ပိဋကတ်သုံးပုံအပြင် နိသျှ၊ အဋ္ဌကထာ၊ ဋီကာတွေ အစုံရှိတယ်။ သစ်ကျမ်း ရော၊ အနားအစပ်တွေပါ ရွှေချထားတယ်။ အခုအနေတော့ မဆိုင်တာတွေပါ ရောနှောပြီးပွ နေတာပဲ။ ဒါပေမဲ့ အခုသေတ္တာထဲမှာ ဒီကျမ်းတွေရှိတယ် လို့ သတိထားမိတယ်။'
    'သံဗန္ဓ စိန္တာဋီကာ၊ ဘေဒစိန္တာဒီပီ၊ ကာရိကာဋီကာ၊ ဧကက္ခရဋီကာ၊ ဂန္ဓာဘရဏီဋီကာ၊ ဝိစ္စဝါစ ကဋီကာ၊ သဒ္ဒဝုတ္တိဋီကာ၊ ပြီးတော့ သဒ္ဓမ္မကိတ္တထေရ်ပြုတဲ့ ဝိစိတ္တာ လံကာရကျမ်းကြီးတွေကိုလညး တွေ့တယ်။ ဗမာဘာသာ ကျမ်းတွေထဲက ပေဘဂဂန္ဓ သစ္စင်္ခေပခေါ်တဲ့ ဘဒ္ဒန္တဓမ္မ ပါလရေး ကျမ်းတစ် စောင်တွေ့တယ်။ ပထမနေ့မှာ ဘာမှ မရလောက်သေးဘူးပေါ့။ ကျုပ်ကလည်း စာကြည့်တိုက်ကို မွှေချိန် ရှစ်နာရီတောင် မပြည့်သေးဘူး။ ပြီးတော့ သေတ္တာထဲမှာ တစ်ဝက်လောက်က နန်းတော်နဲ့ဆိုင်တဲ့ အင်းဇယားမှတ်တမ်းတွေ ဖြစ်နေတယ်။ အဲဒီကနေထွက်ခဲ့ပြီး နန်းတော်ကို ကြည့်မိတယ်။ မြို့အလယ်ကွက်လပ် ကျယ်ကြီးထဲက တိုင်ရှည်တွေနဲ့ အဆောက်အအုံတွေကို နန်းတော်လို့ခေါ်တယ်။ အဲဒီအဆောက်အုံတွေထဲမှာ ခုလူသစ်တွေ ဝင်နေကုန်ကြပြီပေါ့။ စလေဒင်က လွှတ်တော်နားမှာနေ တယ်။ တချို့ဝန်ကြီးက လွှတ်တတ်တုန်း၊ စစ်သားတွေက နေရာအနှံ့၊ ဘုန်းတော်ကြီးကျောင်းတိုက် တစ်ခုထဲမှာတောင် စခန်းချနေကြပြီ။ လေလံတင်တဲ့နေ ရာကိုလည်း ရောက်တယ်။ ကျုပ်လိုချင်တဲ့ ပစ္စည်းမတွေ့ဘူး' (စာ-၃၈)
    ၂၆ ဇန်နဝါရီ ၁၈၈၆ မှာတော့ ဂျင်နရယ်ပရင် ဒါဂတ်နဲ့ သိကျွမ်းခွင့်ရခဲ့ပြီး ကာနယ်ဗတ်ဂျင် (Budgin) ဦးစီးပြီး နန်းတွင်း ပိဋကတ်တိုက်တစ်ခုကို ဖွင့်ကြည့်ကြတယ်။ သေတ္တာနှစ်လုံးတစ်ပိုင်းကြည့်ပြီးတယ်။ ကျေနပ်လောက်အောင် အကြိုက်မတွေ့၊ အဋ္ဌကထာဋီကာတွေက အလွန်များတယ်၊ အလင်္ကာစာပေ လည်းများတယ်၊ ပါတိမောက္ခတွေနဲ့ အလားတူကျမ်းတွေလည်း ရှိတယ်။ ကျုပ်က ဒီလိုကျမ်းတွေဝင် မွှေတော့ အင်္ဂလိပ်တွေ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ သူတို့အထဲမှာ စာတတ်ပေတတ်ပညာရှင်၊ ပါဠိနားလည်တဲ့ လူတစ်ယောက်တလေမှ မပါဘူး။ ဂျင်နရယ်နေဖို့ အဆောင်ဆောင် အခန်းခန်းနဲ့ ခမ်းနားလှ တယ်။ ရွှေကုလားထိုင်မှာထိုင်ပြီး ခိုင်းစရာ ကျေးကျွန် တစ်လှေကြီး။' (စာ-၄၀)
    ၂၇ ဇန်နဝါရီ ၁၈၈၆၊ စလေဒင်က အခု ကျုပ်လေ့လာဆဲ ပိဋကတ်တိုက်ဟာ ဘုရင့်ပိဋ ကတ်တိုက် မဟုတ်သေးဘူး။ နန်းတွင်း အဝင်အပါ တစ်ခုပဲဖြစ်တယ်။ ဘုရင့် ပိဋကတ်တိုက်ကိုတော့ 'သိမ်းရပစ္စည်းထိန်းကော်မတီ'က စောင့်ရှောက်ထားသတဲ့။ ကနေ့ ရှာဖွေတာမှာလည်း သိပ်ပြီး အမြတ်အစွန်းမရှိလှပါ။ မဏိသာရဒီပနီနဲ့ အမည်ဆန်းရာဇာဓိရာဇ ဓမ္မစာရဒီပနီတဲ့၊ အဲဒီကျမ်း ကို ကျုပ်နားမလည်ဘူး။ ပါဠိဘာသာရေး၊ မြန်မာအနက် ပြန်လည်းပါတယ်။ ၂၈ ဇန်နဝါရီလ ၁၈၈၆ မှာတော့ လွှတ်တော်မှာ စုပြီးရှိနေတဲ့ ကျမ်းတွေကို စစ်ဆေးပြီးတယ်။ အရင်အထက်ထက်က ဝန်ကြီးတွေပိုင်တဲ့ ကျမ်းတွေလည်း တွေ့ရတယ်။ (ကျမ်းအမည်တွေပြောပါတယ်။) အခု စလေဒင်နေတဲ့ အခန်းဟာ အရင်ပိဋကတ်တိုက်ပါပဲ။ ကျမ်းတွေကို တော်တော်ကြီးတဲ့ သေတ္တာရှစ်လုံးနဲ့ ထည့်ထားပါတယ်။ ပါဠိကျမ်း တွေကို ဒီလိုတစ်နေရာတည်းမှာ တစ်စုတစ်ပြုံကြီး စုထားတာမျိုး ဥရောပတိုက်က ဘယ်စာကြည့်တိုက်မှာမှ မတွေ့ဖူးဘူး။' (စာ-၄၂)
    'သေတ္တာတစ်လုံးမှာဆိုရင် ဗမာဘာသာပြန်  အပြည့်ပါတယ်။ ဒီကျမ်းတွေအားလုံးဟာ သပ်သပ်ရပ်ရပ် ရှိနေပါသေးတယ်။ အနားရွှေချလို့။ ဒါတွေကို သန့်အောင် ပြုလုပ်ပါဆိုရင် အချိန်အများ ကြီးလိုမယ်။ လွှတ်တော်နဲ့ ဆိုင်တဲ့စာကြည့်တိုက်မှာ မနုကျယ်လို ကျမ်းအ ပြင် ဒီပဝံသာ၊ ဒလဒါဓာ တုဝံသ၊ ရာဇဝံသဆိုတာတွေ ဗမာဘာသာနဲ့ ရှိတယ်လို့ သိရတယ်။ သဒ္ဒါကျမ်းကတော့ အလွန်ပေါပဲ။ ဘုရင့်ပိဋကတ်တိုက်မှာတော့ စာတိုက်ကြီးတွေအပြင် ပုံနှိပ်စာအုပ်သေတ္တာကြီး ခြောက်လုံးရှိပါသေးတယ်။ စတုတ္ထသင်္ဂါယနာကျမ်းတစ်ကျမ်း ထပ်တွေ့ ပါသေးတယ်။ မြန်မာဘာသာနဲ့ ရေးထားတယ်။ မဟာ ဝင်အပြည့်အစုံလည်း တွေ့တယ်။ သီပေါမင်းဟာ အင်္ဂလိပ်စကားလုံး နည်းနည်းပါးပါး သိတယ်။ လောကုတ္တရာစာပေနဲ့ ပါဠိမှာတော့ပညာရှင် အခေါ်ခံလောက်အောင် တတ်တယ်လို့ ဆိုပါတယ်။' (စာ-၅၂)
    'ဗမာတွေနဲ့ ကျမ်းစာဆိုတာ ပေရွက်ပေါ်မှာ ရေး၊ သစ်သားကျမ်းညှပ်၊ အဝတ်နဲ့ပတ်လုပ်ထားတာဖြစ်လို့ ဖွင့်ရဖတ်ရတာ မလွယ်ဘူး။ စာကြည့်တိုက်ရဲ့ အနေအထားကိုတောင် မပြောမိသေးဘူး။ ခပ်သွက်သွက်ဝန်ခံ ချင်တာကတော့ ဒီစာကြည့်တိုက်ဟာ အသိပညာရတနာ သိုက်အနေနဲ့ ဘယ်ကလောက်ကြွယ်ဝတယ်လို့ ကျွန်တော်မခန့်မှန်းတတ်ဘူး။ ကျွန်တော်ပြောသလောက်တော့ ဒီမှာ ပိဋကတ်သုံးပုံ အစုံရှိတယ်။ ဗုဒ္ဓဃောသပြုစုတယ်ဆိုတဲ့ ဋီကာတစ်ဆယ့်သုံးကျမ်းလည်း ရှိတယ်။ တခြား ဋီကာတွေလည်း အများကြီးပါပဲ။ ဗုဒ္ဓစာပေရဲ့ အရေးအပါဆုံးကျမ်းစုကြီး နေရာဖြစ်ပါတယ်။ အသေအချာ ရှာဖွေလေ့လာရင် ဥရောပတိုက်သား ပညာရှင်တွေကြားမှာ မကြားဖူးတဲ့ကျမ်းတွေ ဒီအပုံတွေထဲက ထွက်လာနိုင်ဦးမယ်လို့ ကျွန်တော်ရဲရဲပြောနိုင်တယ်'လို့ ရုရှားပါဠိစာပေပညာရှင် မိနယဲ့ဖ်က အားပါးတရ ချီးပထားပါတယ်။
    ၁၉၉၉ မေလ ပထမအကြိမ်ထုတ် ဆရာမြသန်းတင့်ရဲ့ 'တောင်သမန်ရွှေအင်းက လေညင်းဆော်တော့' ရသသမိုင်းကျမ်းကြီးမှာလည်း ရုရှားပါဠိစာပေ ပညာရှင်ရဲ့ မှတ်တမ်းထဲက အကြောင်း အရာတချို့ကို ဖော်ပြထားရာ အချို့နေရာတွေမှာ ကွဲလွဲချက်ရှိနေတာ တွေ့ခဲ့ရပါတယ်။ ဆရာမြသန်း တင့်က 'မင်နာယတ်'လို့ အသံထွက်ပါတယ်။ ဒါက ကွဲလွဲမှုမဟုတ်သေးပါ။ သမိုင်း အမြင်နဲ့ အချက်အလက်အချို့မှာ အကွာအဝေးရှိနေတာကို အလျဉ်းသင့်ရင် ဆက်လက်တင်ပြသွားပါမယ်။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 384

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43008

© 2022 - 2025 News. All Rights Reserved.