၂၀၂၅ မတ် ၈
ကမ္ဘာ့နိုင်ငံရေးလို့ ပြောလိုက်တဲ့အခါမှာ ကိုယ်တွေအနေနဲ့ ယူကရိန်း-ရုရှား စစ်ပွဲလောက်ကိုပဲ ပြေးကြည့်လို့ မရတော့တာ တွေ့ရတယ်။ ပြီးတော့ ဇီလန်စကီးနဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ မအောင်မြင်တဲ့ ဆွေးနွေးပွဲ အကြောင်းအရာတွေ နောက်ကိုပဲ လိုက်နေလို့ မရတော့ဘူး။ ဒီဇာတ်လမ်းတွေရဲ့ နောက်ကွယ်က Deep State တွေက ဘယ်ကိုသွားချင်နေတာလဲ။ ဘယ်အခင်းအကျင်းကို သူတို့ ဦးတည်နေပြီလဲ ဆိုတာလည်း သတိ ထားမိဖို့ လိုအပ်တယ်။ ဒီကနေ့ လူတော်တော်များ များကတော့ ယူကရိန်း-ရုရှားစစ်နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို လူမိုက်သိပ်လုပ်တယ်လို့ ထင်ရက်စရာပါပဲ။ ဇီလန်စကီးကို အိမ်ဖြူတော်ခေါ်ပြီး ချောင်ပိတ်ရိုက်တယ်လို့ပြောရင် ပိုပြီးမှန်လိမ့်မယ်။ ဘာပဲပြောပြော ကမ္ဘာကြီးဟာ အကျိုး စီးပွားတွေနဲ့ပဲ လည်ပတ်နေကြတယ်ဆိုတာကတော့ တကယ့်အရှိတရားပါပဲ။
လက်ရှိ ကမ္ဘာ့အရေးမှာလည်း ဒေါ်နယ်ထရမ့်ဆိုတာက စီးပွားရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး ကစားတတ်သူ တစ်ဦးပါ။ ဒါကြောင့်လည်း ဂရင်းလန်းကို သိမ်းမယ်တို့၊ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည် နယ်ဆိုပြီး ကြွေးကြော်လာခဲ့တာ မဟုတ်လား။ ပြီးတော့ တရုတ်ရဲ့ BRI လမ်းကြောင်း Choke Poin ကို ထိန်းနိုင်ဖို့ ပနားမားကို ပြန်ယူမယ်ဆိုပြီး အသံလွှင့်ခဲ့တာတွေက အဓိပ္ပာယ်မဲ့တွေ မဟုတ်ဘူးဆိုတာ ခုလောက်ဆို နားလည် သဘောပေါက်လောက်ကြပါပြီ။ တကယ်တော့ ဒါတွေက အကြောင်းမဲ့ တိုက်ဆိုင်နေတာတော့ မဟုတ်ဘူး။ ဂရင်းလန်းမှာ ဒိန်းမတ်ကနေ ခွဲထွက်ချင်ကြတဲ့သူတွေ ရှိတာကို ကောင်းကောင်းသိနေသလို တစ်ဖက်မှာလည်း အကြောင်းမျိုးစုံပြပြီး ကနေဒါကိုလည်း ကုန်သွယ်ခွန်နဲ့ တစ်ရစ်ချင်းကျစ်နေတာ ရှိသေးတယ်။ ပနားမားကို သိမ်းမယ်လို့ အသံလွှင့်ရုံ ရှိသေး၊ တူးမြောင်းပေါ်က တရုတ်စီမံကိန်းတွေ ရပ်သွားတာကိုကြည့်ရင် ထရမ့်လုပ်ရပ်ကို ကောင်းကောင်း မြင်နိုင်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ဒီဖြစ်စဉ်တွေအားလုံးမှာ ပထဝီနိုင်ငံရေးအရ အကျိုးစီးပွားများလို့ကို ဒေါ်နယ်ထရမ့်တစ်ယောက်ဆီက ဒီလိုစကားလုံးတွေ ထွက်လာတာပါ။ လက်ရှိ ယူကရိန်း-ရုရှားစစ်ပွဲမှာလည်း စစ်ပွဲရပ်အောင် လုပ်ပေးမယ်ပြောပြီး ယူကရိန်းဆီက မြေရှားသတ္တုစာချုပ်ချုပ်နိုင်ဖို့ ကြိုးစား နေပြန်သေးတယ် မဟုတ်လား။ ဒီလို စစ်ပွဲရပ်အောင် လုပ်ရတာကလည်း နောက်ကွယ်မှာ အကြောင်းတရားတွေ အများကြီးရှိတယ်။ ယူကရိန်းစစ်ကြောင့် တရုတ်နဲ့ရုရှားက ပိုပြီး နီးကပ်သွား သလို အမေရိကန်အစိုးရ အဆက်ဆက်က ဆန်ရှင်လုပ်ခဲ့ကြတဲ့ မြောက်ကိုရီးယားကလည်း ဒီယူကရိန်း စစ်ကြောင့်ပဲ ရုရှားနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ်နဲ့ စာချုပ်ချုပ်တဲ့အထိ ဖြစ်သွားခဲ့ပြီးပြီ။ ဒီအနေအထားကို ထရမ့်တစ်ယောက် ကောင်းကောင်း သဘောပေါက်ပါတယ်။ အမေရိကန်ကို အန်တု မယ့် BRICS ဆိုတဲ့ အဖွဲ့အစည်းတွေ၊ တရုတ်ရဲ့ BRI စီမံကိန်းတွေကိုသာ အချိန်မီမတားဆီးနိုင်တော့ဘူး ဆိုရင် အမေရိကန်ရဲ့ အနာဂတ်ဟာ အလဲလဲ အပြိုပြိုဖြစ် လာနိုင်တယ်ဆိုတာ သုံးသပ်မိလို့ပဲ။ ဒါကြောင့်လည်း ရန်သူ/မိတ်ဆွေဆိုတဲ့ အခင်းအကျင်းထက် အကျိုးစီးပွားကိုပဲ လက်ကိုင်ထားလာတာ တွေ့ရတယ်။ တကယ်လို့ ငြိမ်းချမ်းရေး ရသွားခဲ့ရင်တောင် သူဦးဆောင်ခဲ့လို့၊ မရခဲ့ရင်လည်း ဇီလန်စကီးက ငြိမ်းချမ်းရေး မလိုချင်လို့ဆိုပြီး ပိုပိုသာသာ ပြောနိုင်တဲ့ အခွင့်အရေးမျိုးလည်း ရှိခဲ့တာပဲ မဟုတ်လား။ အနည်းဆုံးတော့ ရုရှား-အမေရိကန် ဆက်ဆံရေးဟာ အကောင်းဘက်ကို ဦးတည်သွား နိုင်တဲ့ အခြေအနေမျိုးကို ဖန်တီး ပုံဖော်နိုင်ခဲ့တာ နိုင်ငံရေးအမြတ်ပါပဲ။
တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြဿနာတွေမှာ ဝင်ပါပြီး နိုင်ငံရေးအရ ဖယ်ထုတ်လို့မရအောင် ကြိုးစားခဲ့ ကြတဲ့လူတွေ မူဝါဒအစား ကိုယ့်နိုင်ငံ၊ ကိုယ့်အကျိုးစီး ပွားကိုပဲ ဦးတည်တော့မယ့် မူဝါဒကို ပြောင်းလိုက်တဲ့အချိန်မှာ USAID တို့လို အဖွဲ့အစည်းတွေ 'ခါ' ထွက်သွားတာ မြင်ရက်စရာတောင် မရှိဘူး။ ဒီမိုကရက်တွေအနေနဲ့ ဒီကနေတစ်ဆင့် မြန်မာ့မီဒီယာတွေကိုရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေကိုပါ နောက်ကွယ်ကနေ မြန်မာ့နိုင်ငံရေးကို ကောင်းကောင်း ဝင်စွက်ဖက်ခဲ့ကြမှာပါပဲ။ ခုတော့ အမေရိကန်ရဲ့ နိုင်ငံရေးပေါ်လစီ အချိန်းအပြောင်းမှာ မြန်မာ့နိုင်ငံရေးကလည်း အကောင်းဘက်ကို ဦးတည်လာ တော့မယ်လို့ ယူဆလို့ ရလာနိုင်တာ တွေ့ရတယ်။ အထူးသဖြင့်တော့ အမေရိကန်နဲ့ ရုရှားဆက်ဆံရေး ထိတွေ့မှု အားကောင်းနေချိန်မှာ သမ္မတပူတင်နဲ့ နိုင်ငံတော်ဝန်ကြီးချုပ် တွေ့ဆုံရမယ့် အခွင့်အရေးကလည်း မဟာအခွင့်အရေးကြီးပါပဲ။ အချိန်ကောင်း၊ နက္ခတ်ကောင်းလို့လည်း ပြောလို့ရတယ်။ မကြာသေးခင်အချိန်ကပဲ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ စီမံကိန်းကိုးခုကလည်း ပူပူနွေးနွေးစာချုပ် ချုပ်ထားတော့ ပိုကောင်းလာနိုင်မယ့်အရာတွေပဲ ဒီခရီးစဉ်က ယူဆောင်လာလိမ့်မယ်လို့ ရဲရဲကြီး မျှော်လင့်လို့ရတာ တွေ့ရတယ်။
လက်ရှိ ဝန်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်ဟာ နိုင်ငံတော်အဆင့် ခရီးစဉ်လို့ သတ်မှတ်ရမှာ ဖြစ်သလို ရုရှား-မြန်မာ ဆက်ဆံရေးအတွက် အချိန်ကိုက်ဖြစ်လာတဲ့ ခရီးစဉ်လို့ ပြောမယ်ဆိုရင်လည်း မမှားဘူး။ ဒါက မကြာခင် လုပ်မယ့် ရွေးကောက်ပွဲကိုလည်း အထောက်အကူပြုသလို နစကရဲ့ တရားဝင်မှုဆိုတဲ့ အရာကိုပါ ရုရှားဘက်က ကျောထောက်နောက်ခံ ကောင်းကောင်းပြုပေးလိုက်တာ တွေ့ရတယ်။ တကယ်လို့ ရုရှား ရင်းနှီးမြုပ်နှံမှုလုပ်မယ့် ထားဝယ် ရေနက်စီမံကိန်းကြီးသာ အောင်မြင်ခဲ့ရင် မြန်မာနိုင်ငံရဲ့ တိုးတက်မှုဟာ အရှိန်အဟုန် အားကောင်း ကောင်းနဲ့ ဖြစ်လာလိမ့်မယ်လို့ ယူဆရတယ်။ ဒီလို ရုရှား-မြန်မာ ဆက်ဆံရေးက မြန်မာအတွက်ပဲ ကောင်းကျိုးရှိတာ မဟုတ်ဘူး။ ရုရှားဘက်မှာလည်း ထားဝယ်စီမံကိန်းကြီးကို ရလိုက်လို့ အင်ဒို-ပစိဖိတ်ဒေသမှာ ကောင်းကောင်း အခြေချခွင့်ဆိုတဲ့ အခွင့်အရေးကြီးကို ပိုင်ဆိုင်သွားတာ တွေ့ရတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်နဲ့ လာအိုတို့ကလည်း ရုရှားရဲ့ မိတ်ဖက်ဆိုပေမယ့် မြန်မာနိုင်ငံလောက် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာ ကျတဲ့ နိုင်ငံတွေမဟုတ်ဘူး။ သေချာတာကတော့ ထားဝယ်ရေနက်စီမံကိန်းကို အကြောင်းပြုပြီး မော်စကိုက စစ်သင်္ဘောတွေနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းတွေက မြန်မာကို ချောင်းပေါင်းမတတ် ရောက်လာကြဦးမှာပါ။ တကယ်လို့ ဒီထားဝယ်ရေနက်ဆိပ်ကမ်းကြီးသာ အောင်မြင်ခဲ့ရင်… စစ်ရေး အရ အန္တရာယ်ရှိနေတဲ့ မလက္ကာရေလက်ကြားကို မဖြတ်တော့ဘဲ ကုန်လမ်းကြောင်းကို ကောင်းကောင်း အသုံးချလို့ ရသွားတော့မှာ ဖြစ်သလို တစ်ဖက်မှာ မြန်မာအတွက်လည်း အမေရိကန်နဲ့ တရုတ်အပြင် ရုရှားကိုပါ ထည့်သွင်းကစားမယ့် အခင်းအကျင်းမျိုးကို ကောင်းကောင်း ပုံဖော်ခွင့်ရှိသွားတာ တွေ့ လိုက်ရတယ်။
ပြည်တွင်း စစ်ရေးမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်း လောက်မှာ TNLA ရဲ့ တာဘုန်းကျော်က 'တကယ်လို့ နစကဘက်က ပလောင်ပြည်နယ် ပေးလာရင်တောင် သူတို့ဘက်က လက်ခံဖို့ အစီအစဉ် မရှိဘူး' ဆိုပြီး ပြောခဲ့တာ တွေ့လိုက်ရတယ်။ ဒီလိုစကားမျိုးဟာ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် လူကြီးလူကောင်း မဆန်သလို ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အတော်လေး ရေလိုက်လွဲနေတာ တွေ့ရလိမ့် မယ်။ ကိုယ်တွေနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ရှိနေသမျှ ကာလပတ်လုံး လက်ရှိ အုပ်ချုပ်နေတဲ့ နစကရော၊ တပ် မတော်ဘက်ကရော ဘယ်သူတွေကတော့ ဘယ်နယ်မြေ ယူပါဆိုတဲ့ အမိန့်မျိုး ပေးလို့မရဘူးဆိုတာကို ကောင်းကောင်း နားလည်ပုံမရတာ တွေ့ရတယ်။ တရုတ်ကိုသွား တဲ့အချိန်မှာ တပ်ချုပ်ကြီး ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ 'လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးပါ'ဆိုတဲ့ စကားလုံးကိုပဲ ပြောခဲ့တယ်။ 'နယ်မြေပေးပြီး အပစ်ရပ်မယ်' ဆိုတဲ့ စကားမျိုး ပြောသံမကြားမိသေးဘူး။ ခုလက်ရှိ မြေပြင်စစ်ရေး အခြေအနေတွေမှာ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိလို့ နေခဲ့ပြီးပြီ။ TNLA ထိန်းချုပ်ထားပါတယ်ဆိုတဲ့ မြို့နယ်တွေမှာ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ခပ်စိပ်စိပ်လုပ်လာနေတာ တွေ့ရတယ်။ မတ်လ ၃ ရက်တုန်းကလည်း ကျောက်မဲမြို့ကို တစ်ဆင့်တိုးပြီး လေကြောင်းတိုက် ခိုက်တာတွေ လုပ်လာခဲ့တာ တွေ့လာရတယ်။ ဒီလို စစ်ရေးနဲ့ နိုင်ငံရေးအရ အဘက်ဘက်က ပြိုလဲနေချိန်မှာ မဟာမိတ်ဖြစ်တဲ့ KIA နဲ့ကလည်း မြေပြင်မှာ ဆက်ဆံရေးကောင်းတွေ မရှိတော့တာ တွေ့လာနေရသလို သီပေါမှာလည်း ရှမ်းလူထုရဲ့ သမိုင်းကိုပါ ဖျောက်ဖျက်ဖို့ လုပ်လာလို့ ပဋိပက္ခတွေ ဖြစ်ခဲ့သေးတယ်။ အဓိက ထောက်ပြလိုတာက တာဘုန်း ကျော်ဟာ နစကနဲ့ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းဆိုတဲ့ မျှော်လင့်ချက်ကြီးရှိပါလျက်နဲ့ ဇီလန်စကီး လိုပဲ အခြေအနေနဲ့ အခွင့်အလမ်းကောင်းကို စနစ်တကျ သုံးသပ်မှု မလုပ်နိုင်ဘူးလို့ပဲ သုံးသပ်ရလိမ့်မယ်။
တာဘုန်းကျော်လိုပဲ လူရာမဝင်တော့မယ့် နောက်ထပ်အဖွဲ့အစည်းတစ်ခုကတော့ NUG ဆိုတဲ့ အဖွဲ့အစည်းပဲ ဖြစ်တယ်။ အမေရိကန်ရဲ့ ပေါ်လစီအချိန်း အပြောင်းမှာ တတိယနိုင်ငံတွေကိုလည်း သွားဖို့မလွယ်တော့သလို နိုင်ငံရေးလမ်းကြောင်းမှာလည်း ဘယ်နိုင်ငံတွေကမှ အဖက်မလုပ်တော့ တာမျိုး တွေ့မြင်လာရတယ်။ အထူးသဖြင့် မြဝတီက ကျားဖျန့်ရှင်းလင်းရေးတွေမှာ သူတို့လည်း ပါဝင်ခွင့်ရချင်ပါတယ်ဆိုတဲ့ တောင်းဆိုချက်တွေကို တရုတ်ဘက်ကရော၊ ထိုင်းဘက်ကပါ အရေးမလုပ်ခဲ့တာ တွေ့ရတယ်။ နောက်တစ်ခါ ပြည်သူတွေကို ဒုက္ခတွင်းထဲ ဆွဲနှစ်ပြီး NUG ဝန်ကြီးများ ကောင်း စားရေးတစ်ခုတည်း လုပ်စားသွားတဲ့အပေါ်မှာ တစ်နေ့နေ့တစ် ချိန်ချိန်တော့ သေချာပေါက် ပြန်ပြီး ပေးဆပ်ရလိမ့်ဦးမယ်။ အမေရိကန်ရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ချင်း မိုင်နဲ့ မဲဆောက်လိုမျိုး နေရာတွေကနေ အာသာဖြေ တော်လှန်ရေးလုပ်နေတာတွေကလည်း တဖြည်း ဖြည်း ပျောက်ကွယ်သွားကြလိမ့်မယ်။ ဒီနေရာမှာ တရားဝင်မှုဆိုတဲ့စကားလုံးက အတော်လေး တာသွား ခဲ့တာ တွေ့ရလိမ့်မယ်။ မြဝတီကျားဖျန့်ကိစ္စကို နမူနာယူပြီး တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အစိုးရရဲ့ တရားဝင်တည်ရှိမှုနဲ့ ဥပဒေလုပ်ထုံးလုပ်နည်း ဆိုတာတွေကိုလည်း ကောင်းကောင်း သဘောပေါက်နား လည်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဒီနေရာမှာ ဘောင်မဝင်တဲ့ လက်နက်ကိုင်တွေ ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အသုံးအနှုန်းနဲ့ ကန့်သတ်ထားတာ တွေ့ရလိမ့်မယ်။ ကျားဖျန့်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ မြေငှားစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ NUG ဆိုသည်မှာလည်း ဓားခုတ်ရာလက်ဝင် မလျှိုရဲလို့ အသံမထွက်တာကို ကြည့်ရင် ဒီအခင်းအကျင်းကို အနီးစပ်ဆုံး မြင်ကြည့်လို့ ရလောက်ပါပြီ။
အချုပ်ဆိုရရင်တော့ အမေရိကန်ရဲ့ မူဝါဒ အချိန်းအပြောင်း အောက်မှာ နွေဦးတော်လှန်ရေး အကြောင်းပြပြီး ခါတော်မီလုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သိပ်မကြာတော့တဲ့ကာလမှာ ပရုပ်လုံးလို လုံးပါး ပါးရဖို့ ရှိလာပါလိမ့်မယ်။ အမျိုးသားညီလာခံမှာတုန်းက KNU ပါတီကို ချန်ခဲ့သလိုမျိုး၊ နောင်လာမယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း ပါသင့်ပါထိုက်သူတွေကိုသာ လက်တွဲခေါ်ပြီး ရှေ့ဆက်သွားပါလိမ့်မယ်။ ဒီနေရာမှာ တိုင်းပြည်ဖျက်ဖို့ နည်းမျိုးစုံနဲ့ နယ်မြေသိမ်းခဲ့ကြတဲ့ တိုင်းရင်းသား အမည်ခံ လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးပါးဝဖို့ လိုတယ်လို့သာ အကြံပေးချင်ပါတယ်။ ဒေသစွဲ၊ လူမျိုးစွဲတွေ ဖျောက်ပြီး သဘောထားမှန်မှန်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ အလေးပေး သင့်တာမျိုးပါ။ လက်ရှိ နစကအနေနဲ့ကတော့ တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေး ကောင်း မွန်နေသလို ရုရှားနိုင်ငံနဲ့ပါထပ်ပြီး အနီးကပ်ဆက်ဆံနိုင်ရင်တော့ အချို ပေါ်သကာဆင့်တဲ့ နိုင်ငံရေး အခင်းအကျင်းဆီကို ဦးတည်နေပြီလို့ပဲ ညွှန်းဆိုရပါတော့မယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နစကရဲ့ တည်ရှိမှုကို တရားဝင်လက် ခံဖိတ်ခေါ်ခဲ့တဲ့ ပူတင်ရဲ့လုပ်ရပ်က အကြောင်းမဲ့မဟုတ်ပါဘူး။ ပူပူနွေးနွေး အာဂျင်တီးနားရဲ့ ဖမ်းဝရမ်း ထုတ်ထားတဲ့ အခြေအနေကိုတောင် နှစ်နိုင်ငံစလုံးက လျစ်လျူရှုပြခဲ့တာပါ။ သေချာတာကတော့ ထားဝယ်ရေနက် စီမံကိန်းထက် ပိုတဲ့အရာတွေ ဒီခရီးစဉ်နဲ့အတူ အများကြီး မျှော်လင့်လို့ ရနိုင်ပါသေးတယ်။ အများကြီး ယူလာပါလိမ့်မယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )