ကမ္ဘာ့အဆဲအသန်ဆုံး ငှက်မျိုးစိတ်

၂၀၂၅ ၊ ဧပြီ ၂၅

    သင်္ကြန်ကာလ နိုင်ငံတကာသတင်းတစ်ပုဒ်က ဖတ်ရသူအပေါင်း အူကြောင်ကြောင် ဖြစ်သွားစေသည်။ သတင်းကတော့ ဗြိတိန်နိုင်ငံ ထိန်သိမ်းရေးဥယျာဉ်တစ်ခုတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုထိန်းသိမ်း ရေးစခန်းမှ ကြက်တူရွေး ငါးကောင်က လာသမျှဧည့်သည်တွေကို ဆဲလွှတ်ကြသလို အုပ်စုဖွဲ့ရယ်မော လှောင်ပြောင်တာတွေ လုပ်လေ့ရှိတာကြောင့် ကြက်တူရွေးငါးကောင်ကို နေရာခွဲထားရသည့်သတင်း ဖြစ်သည်။ သတင်းအပြည့်အစုံကတော့ လင်ကွန်းရှိုင်းယား ထိန်းသိမ်းရေးဥယျာဉ်မှာ အာဖရိက အနွယ်ဝင် မီးခိုးရောင် ကြက်တူရွေးတွေဖြစ်တဲ့ ဘီလီ၊ အဲလစ်၊ အဲရစ်၊ ဂျိတ်နဲ့ တိုင်ဆန်တို့ ရှိကြပြီး အုပ်စုဖွဲ့ ပေါင်းမိချိန်မှာ လျင်လျင်မြန်မြန်နဲ့ပဲ ရိုင်းစိုင်းသွားကြပြီး ဧည့်သည်တွေကို ဆဲလွှတ်တာမျိုး တစ်ချိန် တည်းမှာတင် ဧည့်သည်တွေကို လှောင်ပြောင်ရယ်မော တာမျိုးတွေလည်း လုပ်တတ်လာတယ်လို့ ဆိုသည်။
    တိရစ္ဆာန်တွေဆိုတော့ လာရောက်လည်ပတ်တဲ့ ဧည်သည်တွေက စိတ်မဆိုးကြသလို သူတို့ကို နေရာခွဲထားပြီး ပြန်လည်လိမ္မာလာအောင် နေရာခွဲထားပြီး ပြုပြင်ပေးနေတယ် ဆိုတာကြောင့် ဆိုရှယ်မီဒီယာမှာ ရယ်ရွှင်စရာသတင်း ဖြစ်နေသည်။
    ထူးမြတ်တို့ မြန်မာပြည်မှာလည်း ယခင်ကတည်းက သာလိကာ၊ ကြက်တူရွေး ဒေသမျိုးရင်းတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူပြီး စကားသင်ပေးသည့် အလေ့အထရှိကြသည်။ အနည်းဆုံးတော့ မင်္ဂလာပါဆိုတာမျိုး ပြောတတ်ကြသည်။ နောက်တော့လည်း စကြနောက်ကြရင်း ဆဲတတ်သွားသည့် တိရစ္ဆာန်များဖြစ်သွားကြပြီး ရယ်စရာ ဖန်တီးတတ်ကြသည်။ အခုနောက်ပိုင်းတော့ ငှက်မွေးမြူ သူတွေ၊ ငှက်ချစ်သူတွေ ဒေသမျိုးရင်း ငှက်တွေထက် နိုင်ငံတကာက ငှက်မျိုးစိတ်တွေကို မှာယူ တင်သွင်း မွေးမြူလာကြသည်။ အရောင်အသွေးစုံပြီး သိန်းဆယ်ဂဏန်းမှ ရာချီတန်ဖိုးရှိသည့်ငှက်တွေ ဝယ်ယူ မွေးမြူလာကြသည်ကို တွေ့ရသည်။ တချို့ကလည်း အိမ်သားတွေနာမည် ခေါ်တတ်အောင် သင်ပေးထားကြသည်။ တချို့ကလည်း မပီကလာ ပီကလာအသံနှင့် တိရစ္ဆာန်တွေ အဆဲခံချင်တာ ကြောင့် "ကြက်တူရွေးလေးရေ နှုတ်ဆက်လိုက်ပါဦး 'မင်းမေနာနိုး'ဆိုတာမျိုး သင်ကြားပေးကြသည်။ အဆဲခံရတာကို ပျော်နေတဲ့လူမျိုးပင် ဖြစ်သည်။
    ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်ပေါင်းများစွာ ရှိသည်။ အချို့ငှက်များက ပျံနိုင်သလို အချို့ငှက်များကလည်း မြေလျှောက်ငှက်များ ဖြစ်ကြသည်။ အချို့ငှက်တွေကလည်း တောသဘာဝအရ နေထိုင်ကျင် လည်ကျက် စားတတ်ကြသလို၊ တချို့ငှက်တွေကလည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခံရသည်။ များသောအားဖြင့် တိရစ္ဆာန်မွေးမြူသူတွေက သာလိကာ၊ ကြက်တူရွေး၊ ကြက်တော အစရှိသော ဘာသာစကားအသီးသီးကို အလျင်အမြန် ပြောတတ်သော ငှက်မျိုးများကို ရွေးချယ်မွေးမြူ တတ်ကြသည်။ ဒါ့အပြင် သိမ်းငှက်များကိုလည်း လေ့ကျင့်သင်ကြား မွေးမြူလေ့ရှိသည်။ ဤနေရာတွင် ငှက်ပညာရှင် မောင်ထူးမြတ်တစ်ယောက် လေ့လာမိသမျှ ပြောရလျှင် ကမ္ဘာပေါ်တွင် လူစကားအတတ်ဆုံး ငှက်မျိုးစိတ်မှာ ဒေါင်းပင်ဖြစ်သည်။ ဒေါင်းက ခန္ဓာကိုယ်ကြီးမားခြင်း၊ မွေးမြူရခက်ခဲခြင်းကြောင့် လူတွေမွေး လေ့မွေးထ မရှိကြသည့်အတွက် ငှက်ပညာရှင် မောင်ထူးမြတ် ပြောတာ မယုံကြခြင်း ဖြစ်သည်။ ဒေါင်း (Pavo) သည် ရစ်မျိုးရင်းတွင် ပါဝင်သော ငှက်မျိုးစုဖြစ်ပြီး မျိုးစိတ်နှစ်မျိုးအား မူဘောင်ဝင်သော ပါဗိုမျိုးစိတ်များအဖြစ် လက်ခံထားကြသည်။ ၎င်းမျိုးစိတ်နှစ်မျိုးမှာ ဥဒေါင်း(မြန်မာဒေါင်း)နှင့် အိန္ဒိယဒေါင်း တို့ ဖြစ်သည်။
    ယခု တင်ပြမှာကတော့ မြန်မာဒေါင်းအကြောင်း ဖြစ်သည်။ ဒေါင်းဟု ဆိုလိုက်လျှင် မြန်မာတွေက ကဒေါင်းနှင့် ခွပ်ဒေါင်းဟု ခွဲကြပြန်သည်။ မြန်မာဘုရင်တွေ လက်ထက်ကတည်းက ကဒေါင်းကို အလေးထား ပုံရသည်။ ဒေါင်းဘယက်၊ ဒေါင်းဒင်္ဂါး၊ ဒေါင်းရုပ်စသည့် လူ့အသုံး အဆောင်နှင့် အဆောက်အအုံများတွင် က,ဒေါင်းပုံကို ထည့်သွင်းကြသည်။ အမှန်ကတော့ ဒေါင်းဖိုများက မိတ်လိုက်ရာသီတွင် ဒေါင်းမများကို ဆွဲဆောင်ရင်း နောက်ပိုင်း ဟောင်းလောင်းထားကာ အမြီးများကို ဖြန့်ကားထားခြင်းဖြစ်သည်။
    မည်သို့ပင် ဆိုစေကာမူ ငှက်များဖြစ်သည့်အတွက် စိတ်အခန့်မသင့်ရင် တစ်ကောင်နဲ့တစ်ကောင် ခွပ်တတ်ကြသည်။ ဒီလိုအခြေအနေမှာတော့ ခွပ်ဒေါင်းတွေ ဖြစ်ကုန်ကြတာ ဖြစ်သည်။ မောင်ထူးမြတ်၏ ငှက်လေ့လာမှုပညာအရ မြန်မာအခေါ် ခွပ်ဒေါင်းတွေက စကားပြောတတ်ကြသည်။ တချို့ဆိုရင် မိရိုးဖလာအရ ဆဲပင်ဆဲတတ်ကြသည်။ ဒီလိုရေးလို့ "ထူးမြတ်ကတော့ ပေါက်ကရတွေ ပြောပြန်ပြီ မယုံဘူးကွာ ဒေါင်းတွေ စကားပြောတတ်တာ"ဟု လာငြင်းလျှင် သက်သေပြစရာ ရှိသည်။
    နွေဦးကာလမြူထတုန်းက မြို့လည်ကောင်မှာ လူတွေစုပြီး ဆန္ဒပြကြသည်။ မောင်ထူးမြတ်လေးလည်း မအူမလည်ဖြင့် ကြက်ဆီထမင်းဘူး၊ ဒံပေါက်ဘူး၊ အအေးဘူးတွေ သွားယူရင်း ဒေါင်းတွေဆဲတတ်တာ လက်တွေ့မြင်ရတာ ဖြစ်သည်။ သီချင်းလေးနဲ့တောင် ဒေါင်းဖြစ်ကြောင်း သက်သေပြ ခဲ့ကြသည်။ "သေပါစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ"ဆိုပြီး သီချင်းတောင်ဆိုကြပြီး မြို့လယ်ကောင်မှာ အားရပါးရ ထိုင်ဆဲကြသည့် ဒေါင်းတွေ တွေ့ဖူးသည်။ တချို့ကလည်း နဖူးမှာ ခွပ်ဒေါင်း အလံတွေစည်းပြီး "ခွပ်ဒေါင်းသွေးကွ ဘယ်ကောင်မှမကြောက်ဘူး"ဆိုပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုဆဲတာ မြင်ဖူးသည်။
    ဒီလောက်ဆိုရင် ငှက်ပညာရှင်ထူးမြတ်ပြောတာ လက်ခံနိုင်ကြပြီဟု ထင်သည်။ လင်ကွန်းရှိုင်းယား ထိန်းသိမ်းရေး ဥယျာဉ်က အာဖရိကအနွယ်ဝင် မီးခိုးရောင် ကြက်တူရွေးတွေဖြစ်တဲ့ ဘီလီ၊ အဲလစ်၊ အဲရစ်၊ ဂျိတ်နဲ့ တိုင်ဆန်တို့ ဆဲတတ်တယ်ဆိုတာမျိုး ခွပ်ဒေါင်းတွေက ပျင်းတောင်ပျင်းသေးတယ်ဟု ဆိုရမည်ဖြစ်သည်။
    ခုဆိုရင် အဆဲသန်တဲ့ ခွပ်ဒေါင်းကြီးတွေ လိမ္မာယဉ်ကျေးအောင် နိုင်ငံအသီးသီးက ခေါ်ယူစောင့် ရှောက်ထားကြသည်။ အမေရိကန်မှာလည်း ခွပ်ဒေါင်းကြီးတွေ လေး၊ ငါးကောင် ရှိသည်။ သြဇီမှာလည်း ရှိသည်။ ဂျပန်မှာလည်း တစ်ကောင်စ၊ နှစ်ကောင်စရှိသည်။မဲဆောက်မှာလည်း အဆဲသန်ပြီး စကားတတ်သည့် ခွပ်ဒေါင်းကြီးများ ကျက်စားနေထိုင်ကြသည်။ အဆဲသန်သော အာဖရိက ကြက်တူရွေးတွေ နေရာခွဲထားတာ ဘယ်လိုအခြေအနေ ရှိနေလဲတော့ သတင်းတွေ ထပ်မတက်လာသေးတော့ မသိရချေ။ မြန်မာ့မျိုးရင်း ခွပ်ဒေါင်းကြီးတွေကတော့ လေးနှစ်ကျော်၊ ငါးနှစ်အထိ တစ်နိုင်ငံဆီ ခွဲထားတာတောင် ယနေ့အထိ အဆဲသန်နေကြဆဲ ဖြစ်သည်။ ခွပ်ဒေါင်းတွေက အချင်းချင်းလည်း ဆဲတတ် ကြသည်။
    ဟိုနေ့ကတောင် ဒေါင်းအိုကြီးတစ်ကောင်က 'အထွေထွေ ထိုးစစ်ကြီး'ဟု ပြောလေရာ ခွပ်ဒေါင်း တွေအချင်းချင်း ဝိုင်းဆဲကြပြန်သည်။ အင်မတန် အဆဲသန်လှသော ငှက်မျိုးစိတ်များ ဖြစ်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42742

© 2022 - 2025 News. All Rights Reserved.