ကိုယ်ပြုတဲ့ ကံ ကိုယ့်ထံပြန်လာနိုင်တဲ့ ညစ်ညမ်းစာပေ အဆိပ်သင့်မှုများ 

၂၀၂၅ ဖေဖော်ဝါရီ ၂

    "ဒီစာအုပ်တွေမှာက နည်းပေးလမ်းပြအမျိုးမျိုး ရေးထားတာ၊ ဒီဟာ‌တွေကို ဖတ်မိတဲ့သူက အဲဒီအတိုင်း လက်တွေ့ကျင့်သုံးဖို့ ကြိုးစားရင်း၊ ကြိုးစားရင်းနဲ့ နောက်ဆုံး ပြဿနာတွေ တက်ပြီးတော့ အမှုအခင်း‌တွေဖြစ်ပြီး ထောင်ကျသွားတဲ့သူတွေ အများကြီးရှိခဲ့တယ်။ ဒီဇာတ်လမ်းထဲကအတိုင်း ကြံစည်ကြည့်ရင် အဆင်ပြေနိုင်မလားဆိုတဲ့အတွေးနဲ့ ကြံစည်ရင်းကနေ ပြဿနာတက်ပြီး အချုပ်ထဲ ရောက်၊ ဂတ်ထဲ ရောက်သွားတဲ့သူတွေ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ရှိခဲ့တယ်"လို့ ညစ်ညမ်းစာပေကြောင့် လူငယ်တချို့ ဒုက္ခရောက်ရပုံကို ဝါရင့်စာရေးဆရာကြီးတစ်ဦးက ပြောပြပါတယ်။
    အညှီအဟောက်စာပေ၊ ညစ်ညမ်းဝတ္ထု၊ အပြာစာပေ၊ ညစ်ညမ်းစာများမှာ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သလို လူမှုရေးပြဿနာ အမျိုးမျိုးကို ဖြစ်ပေါ်စေ၊ တွန်းအားပေး စေ့ဆော်နေတဲ့ စာများ ဖြစ်ပါတယ်။ လူငယ်များကို အဓိကထား မှိုင်းတိုက်နေပြီး ဖြေ‌ဖျော်ရေး စာပေလို့ ဆိုကြပေမယ့်လည်း လူငယ်များရဲ့ စိတ်ကို တွေဝေစေဖို့၊ လူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာမှာ  ပညာရေး၊ ကျန်းမာရေးဘက်ကို လျစ်လျူရှုပြီး ထိုစာ‌ပေများဘက်ကို အာရုံရောက်စေဖို့ ရည်ရွယ်ရေးသားထုတ်ေ၀ ဖြန့်ချိနေတာကြောင့်လည်း ကောင်းတဲ့ ဦးတည်ချက်မရှိတဲ့ စာပေများ ဖြစ်ပါတယ်။
     ယခင် ပုံနှိပ်မီဒီယာခေတ်က  မြန်မာနိုင်ငံမှာ အရေးအသားမျိုးစုံတဲ့ ညစ်ညမ်းစာများစွာ ရှိခဲ့ပါတယ်။ မကောင်းမှုပြုကျင့်မှု ဖြစ်‌စေသော၊ တိမ်းညွှတ်စေတတ်သော နည်းပေးလမ်းပြ အရေးအသား အမျိုးမျိုး ရှိခဲ့ပါတယ်။ ချစ်သူရည်းစားဘ၀ လွန်ကျူးအောင် လှုံ့ဆော်တာမျိုးရှိသလို အိမ်အကူကအစ  အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများကိုပါ  ပြစ်မှားလိုစိတ် ပေါ်ပေါက်အောင် ရေးသားကြတာမျိုး ရှိခဲ့ကြောင်း ဝါရင့်စာရေး ဆရာတစ်ဦးက ပြောပြပါတယ်။ တစ်ခေတ်တစ်ခါက ပေါ်ပေါက်ခဲ့တဲ့ အပြာစာပေများမှာ  ဇာတ်လမ်းပေါင်းစုံဖွဲ့ပြီး ရေးသားထားကာ ကိုယ့်ကို ကျွေး‌မွေးစောင့်ရှောက်နေတဲ့ မိထွေးနဲ့ဖြစ်ပျက်တဲ့ ဇာတ်လမ်းမျိုး၊ မောင်နှမဝမ်း ကွဲအချင်းချင်း ဖြစ်ပျက်တဲ့ပုံစံစတဲ့ ဆိုးဆိုးရွားရွား အရေးအ သားများရှိခဲ့ပြီး လူငယ်များကလည်း ထိုစာအုပ်မျိုးများကြား ဖြတ်သန်းခဲ့ရကြောင်း သူက ဆက်ပြောပါတယ်။
    "ဆိုလိုတာကတော့ဗျာ အိမ်ထောင်သားမွေးဆိုတာ လူတိုင်းနဲ့ မကင်းပါဘူး။ ဒါပေမဲ့ ပညာသင်တဲ့အရွယ်မှာ ပညာသင်ရမယ်။ ကျောင်းနေတဲ့အရွယ်မှာ ကျောင်းနေရမယ်။ ဒါက ရိုးရိုးလမ်း စဉ်တစ်ခုပဲ။ ဒါပေမဲ့ အဲဒီအနှောင့်အယှက်တွေ ဝင်လာတဲ့အခါကျတော့ လူငယ်တွေ တချို့က စိတ်ကူး ယဉ်အဆင့်ထက် မကျော်သွားဘူး။ လက်တွေ့စာအုပ်တွေအတိုင်း ဒါလုပ်ရင်ဒီလိုဖြစ် နိုင်တာပဲဆိုပြီးတော့ အလုပ်ရှင်နဲ့အလုပ်သမား ဇာတ်လမ်းမျိုးတွေ၊ ကိုယ့်အလုပ်ရှင် မန်နေဂျာမကြီးကို ကြိတ်ပြစ်မှားနေပြီးတော့ နောက်ပိုင်းတကယ်ဖြစ်အောင် ကြိုးစားလာတာမျိုး‌တွေ အဲဒါမျိုးတွေနဲ့ ပြဿနာမျိုးစုံဖြစ်ပြီး ဒီစာအုပ်‌တွေကြောင့် ဖြစ်ခဲ့တာတွေလည်း  လူငယ်လောကမှာ၊ ကျွန်တော်တို့ ကျောင်းသားဘဝမှာ၊ ကျွန်တော်တို့ အသိုင်းအဝိုင်းကြားမှာလည်း တစ်ယောက်စ၊ နှစ်ယောက်စ ကြုံခဲ့ဖူးတယ်။ နောက်ဆုံး ကျောင်းက ဆရာမကို နည်းမျိုးစုံနဲ့ ရည်းစား မဖြစ်ဖြစ်အောင် သိမ်းသွင်းပြီးတော့ ဒီစာအုပ်ကို ဖတ်ပြီး နောက်ဆုံး ခိုးပြေးတဲ့ကောင်တွေအထိ ရှိခဲ့ဖူးတယ်"လို့လည်း စာအုပ်တွေရဲ့ ဆိုးကျိုးကို စာရေး ဆရာကြီးက ပြောပြပါတယ်။
    ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့တဲ့ ညစ်ညမ်းစာပေများကို ကလောင်အမည် ပေါ်ပေါ်တင်တင် မသုံးခဲ့‌ကြပေ၊ သို့သော် ဥပဒေလည်းရှိ၊ လူမှုအသိုင်းအဝိုင်းက လက်မခံသော စာပေများ ထုတ်ဝေခဲ့မှုကြောင့် ထောင်ကျသူများ ရှိခဲ့ကြောင်း၊ အင်တာနက် အွန်လိုင်းခေတ်မရောက်ခင် တစ်ချိန်က အပြာစာ အုပ်များကို မူးယစ်ဆေးဝါး၊ ဆေးခြောက်များ ရောင်းသလိုမျိုး နီးစပ်ရာအချင်းချင်း သိုဝှက် ရောင်းခဲ့ကြသလို မည်သူမှလည်း ပေါ်ပေါ်တင်တင် လက်ဝယ်ကိုင်မထားရဲကြကြောင်း စာရေးဆရာတစ်ဦးက ပြောပြပါတယ်။ လက်သိပ်ထိုး ရောင်းခဲ့ကြသလို ရိုးရိုးဝတ္ထုစာအုပ်ကို တစ်ကျပ်ခန့် တန်ဖိုးရှိချိန် ထိုစာအုပ်များကို နှစ်ကျပ်လောက် ပေးရကြောင်း ပြောပြပါတယ်။ လူငယ်ဆိုတာ အသစ်အဆန်းကို စိတ်ဝင်စားကြတာမို့ စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ လူငယ်တွေစုပြီး ဝယ်ဖတ်ကြပါတယ်။ စာအုပ်ဖတ်ကြတဲ့ လူငယ်တိုင်းကလည်း ဖတ်ပြီးရင်ပြီးရော ထားတဲ့သူများ ရှိသလို ထိုစာပေများကိုဖတ်ပြီး အရွယ်မရောက်ခင် အိမ်ထောင်ပြုသွားတာမျိုးလည်းရှိခဲ့ကြောင်း စာရေးဆရာ တစ်ဦးက ဆက်ပြောပါ တယ်။
    "အရင် ပုံနှိပ်မီဒီယာခေတ်တုန်းကဆိုရင် ပေါ်ပေါ်တင်တင် ကလောင်နာမည် မသုံးဘူး။ ကလောင်နာမည်အမျိုးမျိုးနဲ့ လျှို့ဝှက်ရေးတယ်။ ဒါပေမဲ့ ဖတ်လိုက်ရင် သိတယ်ဗျ၊ တချို့ကျတော့ စားဝတ်နေရေးအတွက် ဖြစ်ကောင်းဖြစ်မှာပေါ့။ ထုတ်ဝေသူက စားလောက် သောက်လောက်ရုံ ခိုင်ခိုင်မာမာလေး ပေးတဲ့အခါကျတော့ စာရေးတတ်တဲ့သူတွေ ရေးတဲ့စာပေမျိုးလည်း တွေ့ရဖူးသလို တချို့မရေးတတ်ဘူး။ ဒါပေမဲ့ လိုရင်းတိုရှင်းနဲ့ မဟုတ်တဲ့ကိစ္စ ဇာတ်လမ်းဖြစ်ရင်ပြီးရော အဲဒါကို ဇောင်းပေးပြီးတော့ မရေးတတ်ဘဲနဲ့ ရေးသွားကြတဲ့ စာအုပ်တွေရှိတယ်။ တချို့အပြာစာပေတွေမှာဆိုရင် ယောကျ်ားလေးဖြစ်တဲ့ ကျောင်းသားကနေ ကျောင်းက ဆရာမကို ကြံစည်တာမျိုး ရေးခဲ့တာရှိသလို နောက်ဆုံး ကျောင်းသူကနေ အင်မတန် ရိုးရိုးအေးအေးနေတဲ့ ကျောင်းဆရာကို စည်းရုံးတာ မျိုးတွေ၊ နောက် လွန်လွန်ကြူးကြူး ဖြစ်တဲ့အထိကို တောင်းဆိုတာမျိုးတွေ ရေးလာတာတွေ ရှိခဲ့တယ်။ ဒါတွေဟာ အင်မတန် ဆိုးရွားပြီးတော့ ပညာရေးလောကကို ထိုးဖောက်တာပဲ။ ဒါတွေဖတ်တော့ ဒီလိုလုပ်ရင် အဆင်ပြေကောင်း ပြေသွားနိုင်တယ်ဆိုတဲ့ အတွေးစိတ်‌တွေ ဝင်သွားပြီးတော့ နောက်ဆုံးအမှုအခင်း‌တွေဖြစ်ပြီး ထောင်ကျသွားတဲ့သူတွေ အများကြီး ရှိခဲ့တယ်"လို့လည်း သူက ဆက်ပြောပါတယ်။
    "ညစ်ညမ်းစာဆိုသည်မှာ ဟီရိသြတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော  လိင်ကိစ္စအား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဖော်ပြခြင်းများ၊ ကာမရာဂကို လှုံ့ဆော်ရာရောက်သော အကျင့်ပျက်ပြားစေသည့် သရုပ်ဖော်ပုံများ၊ စာများ၊ ဓာတ်ပုံနှင့် ပန်းချီများ၊ ရုန့်ရင်းကြမ်း တမ်းသော ဆဲရေးတိုင်းထွာသည့် အသုံးအနှုန်းများနှင့် ရုပ်ပုံများကို ဖော်ပြခြင်းကို ဆိုလိုကြောင်း" ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေမှာ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။


    "ယင်းစကားရပ်တွင် ဇီဝသိပ္ပံနှင့်ဆေးပညာအရ လည်းကောင်း၊ ရိုးရာဓလေ့ထုံးစံနှင့် ကိုးကွယ်ရာဘာ သာအရလည်းကောင်း သဘောရိုးဖြင့်ဖော်ပြရန် လိုအပ်သောကိစ္စရပ်များ မပါဝင်" ကြောင်းလည်း ဥပဒေမှာ ဖော်ပြထားပြီး 'ဥပဒေပုဒ်မ(၈)၊ ပုဒ်မခွဲ (ဂ)မှာလည်း ပုံနှိပ်သူ (သို့မဟုတ်) ထုတ်ဝေသူသည် ညစ်ညမ်းစာများကိုဖော်ပြခြင်းအား ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းမပြုရ'လို့ လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။  'ဥပဒေ ပုဒ်မ(၈)ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ေ၀ ခဲ့ကြောင်း ခိုင်လုံသော အထောက် အထားဖြင့် သတင်း ပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင် သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း 'ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ (၆)'မှာ ပြဋ္ဌာန်းထားပါတယ်။
    ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် ပုံ နှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနဲ့အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်‌နေပြီး 'သခင်ကြင်လျှင် ပန်တော်မူ' အပါအဝင် ညစ်ညမ်းစာပေ သုံးအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်သူ၊ ထုတ်ဝေသူများကို လုပ်ငန်းပိတ်သိမ်းပြီး အရေးယူထားကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။  'သခင်ကြင်လျှင် ပန်တော်မူ'၊ 'အို...ဤအချစ်များရယ် ဘာကြောင့်ဆုံဖို့ ခက်ရတယ်'နဲ့ 'ရင်ခွင်ညှာရယ် ချစ်လွန်းပို၏' စတဲ့ စာအုပ်များ အရေးယူခံထားရတာပါ။ ထို ပုံနှိပ်သူ၊ ထုတ်ဝေသူများမှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ် မ(၈)၊ ပုဒ်မခွဲ (ဂ)ပါ ညစ်ညမ်းစာများကို ဖော်ပြခြင်း၊ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိသြတ္တပ္ပကင်းသော၊ မြန်မာလူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ် ဝေဖြန့် ချိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်တဲ့ ပုံနှိပ်သူ၊ ထုတ်ဝေသူ များကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ရုပ်သိမ်းခြင်း၊ ၎င်းတို့ရဲ့ ထုတ်ဝေစာအုပ်များကို တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနဲ့အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
    အလားတူ 'ကျွန်တော့် နှလုံးသားထက်မှာ လိပ်ပြာတစ်ကောင် ခိုနားနေသည်'၊ '၁၅၀၀ Miles to You'၊ 'အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ'၊ 'မေတ္တာနှောင်သီ ချစ်ကြိုးချည်'၊ Match Made in ]DISO +Extra} နဲ့ 'သက်ဆိုင်သူ ဦးဝေ' စတဲ့  စာအုပ်ခုနစ်အုပ်နဲ့ ပတ်သက်လို့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေကို ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်မှာ နိုင်ငံပိုင်သ တင်း စာများကတစ်ဆင့် အသိပေးကြေညာခဲ့ပါတယ်။ ထိုစာအုပ်များမှာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာတွေကို ဖော်ပြခြင်း စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့တာကြောင့် ထိုစာအုပ်များအား ပုံနှိပ်သူနဲ့ ထုတ်ဝေသူများကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာ လအတွင်းက လုပ်ငန်းအသိအမှတ် ပြုလက်မှတ်များကို ရုပ်သိမ်းပြီး တရားမဝင် ထုတ်ေ၀ စာအဖြစ် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
    "အုပ်ချုပ်တဲ့ အစိုးရကတော့ ကိုယ့်တိုင်းပြည်မှာ စာပေကို သန့်သန့်ရှင်းရှင်းနဲ့ အကျိုးပြုတဲ့ စာပေတွေဖြစ်အောင် တာဝန်ရှိရှိလုပ်တာ ကြိုဆိုပါတယ်။ ဒီစာပေတွေက ဥပဒေအရ မလွတ်ကင်း ပါဘူး။ ဥပဒေဆိုတာ ရှိနေတယ်။ အဲဒီဥပဒေတွေကို လိုက်နာရမှန်းမသိလို့ လုပ်မိတဲ့ သူတွေကလည်း ဒီလို အရေးယူခံလိုက်ရလို့ရှိရင် နောင်လုပ်တော့မှာ မဟုတ်ဘူးလေ။ အထိန်းအကွပ်ကတော့ ရှိသင့်ပါတယ်။ ဒီစာပေတွေကတော့ အကုန်လုံးကို လိုက်ပြီး တားဆီးဖို့ဆိုတာ လတ်တလောတော့ လွယ်ဦးမယ်မထင်ဘူး၊ ကျွန်တော့်အမြင်ပါ။ သို့ သော်လည်းပဲ ဒီလို လက်လှမ်းမီသလောက် မိလို့ အရေးယူမယ်၊ ဒီလို အပြစ်ပေးအရေးယူတဲ့ အကြောင်းကိုလည်း နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ကျယ်ကျယ်ပြန်ပြန့် ဖြစ်အောင် ထုတ်ပြန်ပေးတယ်ဆိုရင် အဟန့်အတားဖြစ် သွားမယ်၊ ဒါတွေဖောက်ရင် ဒီလို အရေးယူခံရမယ်ဆိုတာ သူတို့ သိသွားကြမှာပါ"လို့လည်း စာရေးဆရာတစ်ဦးက မှတ်ချက်ပြု ပါတယ်။
    ညစ်ညမ်းစာပေ ထုတ်ဝေခြင်းများနဲ့ မမှန်မကန်သတင်းများ ထုတ်လွှင့်ကြေညာမှုများ လုပ်ဆောင်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်က သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စာပေထုတ်ဝေမှု လုပ်ငန်းများက ညစ်ညမ်းစာပေများကို ထုတ်ဝေဖြန့်ချိမှုများ တွေ့ရှိနေရတာကြောင့် သက်ဆိုင်ရာဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေရပြီး ထိုစာအုပ်များမှာ လူငယ်များရဲ့ စဉ်းစားတွေးခေါ်မှုနှင့် ခံစားနားလည်မှုတို့ကို လွဲမှားစေနိုင်သော ဟီရိသြတ္တပ္ပမရှိတဲ့ စာအုပ်၊ စာစောင်များဖြစ်သလို  ယခုလို အရေးယူဆောင်ရွက်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် စာပေအဆိပ်သင့်မှုကို ကာကွယ်တားဆီးခြင်းမျိုး ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    ယနေ့ အွန်လိုင်းခေတ်မှာ ပေါ်ပေါက်လာသော ညစ်ညမ်းစာများမှာ ဝေါဟာရတွေ အမျိုးမျိုး ဆန်းသစ်လာပြီ၊ အင်းဆက်၊ one night stand ကဲ့သို့သော  ဝေါဟာရအသစ်များစွာ တွေ့နေပြီး ထိုအခြေ အနေမှာ အွန်းလိုင်းညစ်ညမ်းစာပေက ပိုပြီးအဆင့်မြင့်လာသလို ထင်စရာရှိကြောင်း၊ သို့သော်လည်း စာပေအဆင့်မြင့်လာတာမဟုတ်ဘဲ ညစ်ညမ်းမှု ပိုမိုအရှိန်မြင့်လာတာလို့ စာရေးဆရာ ဆောင်းဝင်းလတ်က သုံးသပ်လိုက်ပါတယ်။


    "ဆိုလိုရင်းက ဘာလဲဆိုရင် ညစ်ညမ်းစာပေဆိုတာ အွန်းလိုင်းမှာပဲ ဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာမှာပဲ ဖြစ်ဖြစ် နေလိမ့်မယ်။ ဝေါဟာရတွေသာ သစ်ဆန်းလာတာ။ နောက်ဆုံး အင်းဆက်စာပေဆိုတဲ့ဟာ မျိုးတွေအထိ ဖြစ်လာတယ်။ အင်းဆက်စာပေကျတော့ ပိုဆိုးတယ်ဗျာ။ ဘာသာရေးရှုထောင့်က ကြည့်ရင်လည်းပဲ လူ့စည်းကမ်း ဘောင်ကိုကျော်ပြီးတော့ကို ရေးတဲ့သူတွေကလည်း ရေး၊ တကယ့်ကို လူစိတ်မဝင်စား စိတ်ဝင်စားအောင် ရေးလာတာတွေ အွန်လိုင်းမှာ၊ ပုံနှိပ်မီဒီယာမှာတော့ ဒီခေတ်မှာ မတွေ့တော့ဘူး။ အွန်လိုင်းက ပျံ့နှံ့နေတာကိုး။ အဲဒီလိုတွေ မောင်နှမအရင်းချင်း၊ အဒေါ်နဲ့တူနဲ့၊ တူမနဲ့ဦးလေးနဲ့ အဲဒီလို အင်းဆက်အထိကို လုပ်လာတာတွေ၊ နောက် ပြီးတော့ လိင်တူဆက်ဆံတဲ့ ညစ်ညမ်းစာပေတွေ၊ နောက် မိန်းမလျာတွေနဲ့ ဆက်ဆံတာမျိုးတွေရော မျိုးစုံပဲဗျာ၊ အွန်လိုင်းမှာလည်း ညစ်ညမ်းစာပေတွေကလည်း ရှိနေတုန်းပဲ။ ဒါက အဆင့်မြင့်ပြီး ခေတ်မီလာတယ်လို့ ပြောလို့မရဘူး။ တချို့နိုင်ငံတွေမှာ ဒါတွေကို စိတ်ထွက် ပေါက်ရှာသလိုမျိုး၊ ဒါလည်း စိတ္တဇနဲ့ဆိုင်တယ်။ အဲဒီလို လူမျိုးတွေလည်း တချို့နိုင်ငံတွေမှာ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒီယဉ်ကျေးမှုတွေကို ဒီကို ဆင့်ပွား လာတာ မျိုး၊ ညစ်ညမ်းစာပေရေးတဲ့သူတွေက လုပ်လာကြတာ၊ အခု အွန်လိုင်းက ပျံ့နှံ့လာပြီဆိုတော့ မြန်မာနိုင်ငံမှာ အရင်အပြာစာပေထက် အဆင့်မြင့်တာတွေ တို့တစ်တွေရေးမယ်၊ သားမယ်၊ ဖြန့်ချိ မယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတာ။ ဒါက ခေတ်မီတယ်လို့ ထင်ပေမယ့် အမှန်တော့ ခေတ်မမီဘူး။ လူ့အဆင့်အတန်းရော၊ လူ့စာရိတ္တ ပိုင်းဆိုင်ရာရော ပိုတောင် ဆိုးရွား နိမ့်ကျသွားတာ"လို့ လည်း သူက ဆက်ပြောပါတယ်။
    ထိုသို့ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူမှုရေးပြဿနာပေါင်းစုံ ဖြစ်စေနိုင်‌သော ညစ်ညမ်းစာပေများကို ဘယ်လိုတားဆီးထိန်းသိမ်းကြမလဲ၊ထိုစာပေများမှာ အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာ မှာပဲဖြစ်ဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ ဘယ်လိုတားဆီးကြမလဲ။ ဝေါဟာရအမျိုးမျိုး ဆန်းသစ်လာမယ်၊ ဒီလိုမျိုး ဘယ်လိုပဲ ဝေါဟာရများ သစ်ဆန်းလာပါစေ။ ထိုစာများ ဖတ်ပြီး လူရဲ့စိတ်မှာ အောက်သို့ ဇောက်ထိုးနိမ့်ဆင်းသွားတာကိုတော့ ကိုယ့်ကိုယ်ကိုယ် သတိပြုရမယ်လို့ စာရေး ဆရာကြီးများက ထောက်ပြကြပါတယ်။ သတိမပြုမိရင် လူ့အသိုင်းအဝိုင်းမှာ ပြဿနာများ မပြီးဆုံးပဲ၊ သံသရာလည်နေမှာလို့လည်း ပြောကြပါတယ်။ ဖတ်တဲ့သူက အသိဉာဏ်သုံးဖို့ လိုမှာဖြစ်သလို အကျိုးမပြုတဲ့ စာများသာဖြစ်ကြောင်း ဆုံးဖြတ်နိုင်ဖို့လိုပါတယ်။
    အွန်လိုင်းခေတ် နည်းပညာများ တစ်နေ့တခြား တိုးတက်လာနေတဲ့ ခေတ်မှာ ထိုစာပေများကို ထိန်းသိမ်းဖို့၊ တားဆီးဖို့ အခက်အခဲများ ရှိနိုင်ပါတယ်။ ရေးတဲ့သူကလည်း ရေးနေကြမယ်၊ လက်ခံတဲ့သူကလည်း သက်သက်ရှိနေတဲ့ အခြေအနေမျိုးမှာ အပြာစာ၊ ညစ်ညမ်းစာများ ပပျောက်ဖို့၊ ထိထိရောက်ရောက် တားမြစ်ထိန်းချုပ်ဖို့ ခက်ခဲနိုင်ခြင်း ဖြစ်ပါတယ်။ သို့သော် တခြားနိုင်ငံများလို အပျင်းပြေ ဖတ်သလိုမျိုးပင် မဖတ်ဖို့၊ ခေတ် မီတဲ့မိဘများက အွန်လိုင်းညစ်ညမ်းစာပေများကို တတ်နိုင်သမျှ ရှောင်ရှားဖို့၊ မဖတ်ကြဖို့ မိသားစုအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေး‌နွေးပြောဆိုတာ၊ အိမ်‌ထောင်ဦးစီး၊ အဘိုးအဘွားများ၊ ဦးလေးများကပါ အသိပညာပေးဖို့၊ ကျောင်းများမှာလည်း ဆရာများက အခါအားလျော်စွာ  အသိပညာပေးတာမျိုး၊ ဥပမာ စာတစ်ပုဒ်မှာ အိမ်‌ထောင်ရေး အကြောင်း ပါလာပြီဆိုရင် ထိုအကြောင်း အရာနဲ့နွှယ်ပြီး သင်ရိုးညွှန်းတမ်းမှာ မပါသော်လည်းဘဲ အသိပညာပေးတာ၊ တားဆီးတာမျိုး လုပ်ပေးသင့်ကြောင်း အကြံပြု ပြောဆိုကြပါတယ်။ တတ်နိုင်သမျှ လက်လှမ်းမီသမျှ ဝိုင်းဝန်း တားဆီးထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။
    "ဒီညစ်ညမ်းစာပေနဲ့ ပတ်သက်လို့ကတော့  ရေးသားနေတဲ့သူ‌တွေမှာ အဓိက တာဝန်အရှိဆုံးပဲ။ ဒါပေမဲ့ နောက်ဆုံး ရေးသားရင်း၊ ရေးသားရင်းနဲ့ အဲဒီအွန် လိုင်းဆိုတာ ယောကျ်ားလေး၊ မိန်းကလေး အကုန်ကြည့်နေတာဆိုတော့ သူများအတွက် ကိုယ်က မှိုင်းတိုက်နေပေမယ့် နောက်ဆုံး ကိုယ့်ဘက်ကို ပြန်ပြီး မြားဦးလှည့် လာနိုင်တယ်။ ကိုယ့်သားသမီး၊ ကိုယ့်မြေး၊ ကိုယ့်တူ၊ ကိုယ့်တူမ၊ ကိုယ့်အိမ်က အိမ်ဖော်အထိ၊ ကိုယ်နဲ့ မကင်းရာမကင်းကြောင်း ဆွေး‌မျိုးသားချင်းတွေအထိ ဒါတွေက ပျံ့နှံ့သွားပြီး ဆိုးကျိုးတွေ၊ ပြဿနာပေါင်းစုံတွေ ကိုယ့်ဆီ ပြန်ရောက်လာနိုင်တယ်။ လူတွေက အပျင်းပြေပါပဲ ဆိုပြီး ဖတ်မယ်၊ အပျင်းပြေကနေ လက်တွေ့ကျင့်သုံးလာလို့ရှိရင် ရေးတဲ့သူကတော့ ရေးလိုက်တာ အဆိပ်တစ်ခုကို ဖြန့်ပေးလိုက်တာပဲ။ ဒီအဆိပ်ကို သုံးစွဲမိတဲ့သူတွေက လူမှုရေးပြဿနာတွေ အများ ကြီး ဖြစ်လာနိုင်တယ်။နောက်ဆုံး အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ဖြစ်လာတော့ ဒီညစ်ညမ်းစာပေကို ရပ်တန်းကရပ်သင့်တယ်လို့ ယူဆပါတယ်။ နောက်ဆုံး ဒါက ကိုယ့်ဘက်ကိုယ်တောင် ပြန်လှည့် လာနိုင်ပါတယ်။ ကိုယ်မိသားစုထဲမှာ ဒီပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို အန္တရာယ်ကို ကြိုမြင်ရင် ရပ်သင့်တယ်"လို့လည်း ဆရာဆောင်းဝင်းလတ် မေတ္တာ ရပ်ခံထားပါတယ်။
    ဟီရိသြတ္တပ္ပကင်းတဲ့ စာများ၊ လူငယ်များရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုများကို လွဲမှားစေနိုင်သော အကြောင်းအရာများကို မရေးဖို့၊ မထုတ်ဖို့၊ ဖြန့်ဝေတာတွေမလုပ်ဖို့ ဥပဒေပြဋ္ဌာန်းပြီး အစိုးရက တားဆီးနေပါတယ်။ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းမှာ လူပီသစွာ နေထိုင်ဖို့က လူမှုကျင့် ဝတ်စည်းမျဉ်း၊ ဥပဒေများနဲ့အညီ လိုက်နာ ကျင့်ကြံနေထိုင်ဖို့ ဟီရိသြတ္တပ္ပ ရှိဖို့ကြဖို့လိုကြောင်း အဆုံး အမများလည်း ရှိနေပါတယ်။ ပုထုဇဉ်သဘာဝအရ ကိုယ်ဝါသနာပါရာ၊ ကိုယ်ကြိုက် တာ ကိုယ်လုပ်ကြတာ ဖြစ်ပေမယ့် ကောင်းခြင်း၊ ဆိုးခြင်းမှာ ပြုလုပ်သူရဲ့တာဝန်သာ ဖြစ်ပါတယ်။ ကိုယ်ပြု တဲ့ကံ ကိုယ့်ထံ ပြန်လာနိုင်တဲ့သဘော ဖြစ်ပါတယ်။ ဟီရိသြတ္တ ပ္ပကင်းတဲ့၊ မြန်မာ့လူအဖွဲ့အစည်းက လက်မခံတဲ့ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ အကြောင်း အရာတွေကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့လို့ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်တွေကို ရုပ် သိမ်းတာ၊ တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း ခံရတာ၊ ဥပဒေနဲ့အညီ တရားစွဲဆိုခံရတဲ့ ဖြစ် စဉ်‌များစွာ ရှိနေပါတယ်။ အကြောင်းကြောင့် အကျိုး ဖြစ်တယ်၊ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာခြင်းပဲ ဖြစ်ပါ တယ်။ တစ်ပါးသူဖတ်ဖို့ အညှီအဟောက်စာတွေ၊ ညစ်ညမ်းစာတွေ ရေးသားလိုက်တယ်၊ ထိုစာများကို ဖတ်မိသူက ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်ဆွေမျိုးသားချင်းများ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ရေးတဲ့ သူက ရေးလိုက်ခြင်းသာ စာပေအဆိပ်တစ်ခု ဖြန့်ပေးလိုက်တာ ဖြစ်ပါတယ်။ ထိုအဆိပ်ကို သုံးစွဲမိတဲ့ သူများအတွက် လူမှုရေး ပြဿနာပေါင်းများစွာ ဖြစ်လာတာ၊ လူမှုရေး ဖောက်ပြန် တာစတဲ့ ဆိုးကျိုးများ သာ ခံစားရဖို့ များပါတယ်။ နောက်ဆုံး ထိုအဆိပ်မြားက ကိုယ့်ဘက်ကိုယ် ပြန်လှည့်လာနိုင် ပါတယ်။ ညစ်ညမ်းစာ‌ အဆိပ်သင့်သူများထဲမှာလည်း ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေပါလာ နိုင်တယ်ဆိုတာ သတိချပ်ကြစေချင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 199

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42860

© 2022 - 2025 News. All Rights Reserved.