၂၀၂၄ ဒီဇင်ဘာ ၂၀
လွတ်လပ်ရေးနှင့်အပြိုင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးက ထင်သလောက် ခရီးမပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဦးစွာတင်ပြလိုသည်။ ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်၊ ကိုယ်ကျိုးစီးပွား၊ အတိတ်သမိုင်းကြောင်းအရ စစ်ဘုရင်ဝါဒကို ထူထောင်လိုသူတို့၏ အတ္တများကြောင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးက လိုရာခရီးမရောက် ဖြစ်နေရသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သော မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးထက် လူမျိုးရေးကို အခြေခံသော လိုလားချက်များကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုရာမှ လက်နက်ကိုင်ရသည့် အရသာကိုတွေ့ကာ လက်နက်ဖြင့် ကိုယ်ကျိုးစီးပွား ရှာလာကြသည်။ ထို့အပြင် အတိတ်သမိုင်း ကာလများဆီက မြန်မာနိုင်ငံအဖြစ် မစုစည်းနိုင်ခင် ကိုယ်ထီးကိုယ့်နန်းဖြင့် နေထိုင်ရသည်ဟူသော သမိုင်းကြောင်းကောင်းများကို တလွဲအသုံးချကာ စစ်ဘုရင်ဝါဒများကို ပြန်လည်ထူထောင်လိုသော အိပ်မက်များကလည်း တလွဲဆံပင်ကောင်းလှသည်။ မြန်မာနိုင်ငံ၏ ရေမြေတော တောင်သဘာဝအရ ပြည်နယ်တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေကြသည်။ သဘာဝတွင်းထွက်များနှင့် ပြည့်နှက်နေသော ပြည်နယ်၊ ဆန်ရေစပါး ပေါကြွယ်ဝသောပြည်နယ်၊ စိုက်ပျိုးသီးနှံ ဖြစ်ထွန်းနေသော ပြည်နယ်၊ ရေထွက်ကုန်များ ပေါများသော တိုင်းဒေသကြီး၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရေး အချက်အချာကျသော တိုင်းဒေသကြီး၊ ပြည်နယ်အစရှိသဖြင့် တစ်နေရာနှင့်တစ်နေရာ ချိတ်ဆက် အကျိုးပြုနေကြသည်။ ထို့ကြောင့် အိမ်ရှေ့ပူ အိမ်နောက်က မချမ်းသာဆိုသကဲ့သို့ အိမ်ထောင်စုတစ်စုကို ခိုင်းနှိုင်းထားသော စကားပုံအတိုင်း လတ်တလော ဖြစ်ပေါ်နေသည့် အကြမ်းဖက် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် အချို့ဒေသတို့၏ အပူမီးက အေးချမ်းသော ဒေသတို့ရှိ ပြည်သူများရင်ဝယ် မငြိမ်းချမ်းမှုကို ခံစားနေရသည်။
အချို့သော လက်နက်ကိုင်သောင်းကျန်းသူများ၏ မျှော်မှန်းချက်က စစ်ဘုရင်ဝါဒကို တိတိပပ ဖော်ဆောင်နေပြီး မိမိပြည်နယ် မိမိလူမျိုး၏ အကျိုးကိုစိုးစဉ်းမျှ ထည့်မတွက်သည်ကို တွေ့မြင်ရသည်။ အတိတ်သမိုင်းအရ ငါတို့ပြည်နယ်သည် ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့် နေခဲ့ရသည်ဟူသော အတိတ်သမိုင်းကြောင်းများကို တလွဲအသုံးချခဲ့ကြသည်။ သမိုင်းအရ မြန်မာနိုင်ငံဟု မဖြစ်ပေါ်မီ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့က မိမိဒေသများတွင် သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်ကာ စစ်ဘုရင်ဝါဒဖြင့် တစ်နယ်နှင့်တစ်နယ် စစ်ခင်း၍ ပျက်သုဉ်းခဲ့ရသော သမိုင်းတို့ကို သင်ခန်းစာမယူဘဲ စစ်ဘုရင်ဝါဒကို ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ဖြင့် တည်ဆောက်ရန် ကြိုးပမ်းနေခြင်းက အံ့သြဖွယ်ရာပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘ၀ နှစ်ပေါင်းများစွာနေခဲ့ရကာ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ စုစည်းညီညွတ်မှုအားဖြင့် လွတ်လပ်ရေးကိုပြန်လည် အရယူခဲ့ကြသည့် သမိုင်းကြောင်းကို ချန်ရစ်ကာ လွတ်လပ်ရေးနှင့်အပြိုင် လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများကို ဖော်ဆောင်ခဲ့ကြသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုဘဝမြင့်မားရေးထက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အဆက်ဆက် အနေဖြင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့ကြသည်။ ယနေ့ခေတ်သည် ကမ္ဘာ့နိုင်ငံအသီးသီးကပင် မတူကွဲပြားမှုများကို ပေါင်းစည်းစေမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားကောင်းစေရန် လုပ်ဆောင်နေချိန် မြန်မာနိုင်ငံရှိ လက်နက်ကိုင် ခေါင်းဆောင်များက အတိတ်သမိုင်းကိုတူးဆွ၍ စစ်ဘုရင်ဝါဒကို အသက်သွင်းနေခြင်းက နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာမဲ့ရာ ရောက်နေကြသည်။ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန် ကြိုးပမ်းလိုက်၊ လက်နက်ကိုင်ပဋိပက္ခက ပြည်သူကို စစ်တလင်း ဆွဲခေါ်လိုက်နှင့် ဂျာအေးကို သူ့အမေ ရိုက်သကဲ့သို့ ချာလပတ်လည်နေသည်။
''နယ်ချဲ့တို့ရဲ့ အမွေဆိုးဖြစ်တဲ့ လူမျိုးရေးအမြင်ကျဉ်းမြောင်းမှုတွေကို ဖယ်ရှားရမယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး မတူညီတဲ့အယူအဆတွေကို တူညီတဲ့ ဘုံသဘောထားတွေနဲ့ ပေါင်းစည်းကြဖို့ လိုအပ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း တစ်ဖက်နဲ့တစ်ဖက် သဘော ထားကြီးစွာနဲ့ ဆွေးနွေးဆောင်ရွက်သွားဖို့ လိုအပ်သလို နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနဲ့ ဖြစ်သင့်သည်များကို ချိန်ထိုးပြီး အကောင်းဆုံးဖြစ်အောင် ဆွေးနွေးအဖြေထုတ်ရမှာပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်သော်လည်း နိုင်ငံရေးရဲ့ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် အဓိက ဦးတည်လုပ်ဆောင်မှသာ အနာဂတ် နိုင်ငံတည်ဆောက်ရေးကို အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုတယ်။ ယနေ့အချိန်အထိ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ လာရောက်နိုင်အောင် အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိတယ်"ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်က ကျင်းပသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့နှင့်စုဖွဲ့ထားသော တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်ထားသည့် သဘောထားက ယနေ့ကာလတိုင် မဖောက်မဖျက်ရှိနေဆဲ ဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုပေါင်း များစွာကို ဖြေရှင်း ရင်း တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ထားကြောင်း တပ်မတော်အကြီး အကဲ၏ သဘောထားကို ထောက်ရှု၍ သိမြင်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးစု တစ်စုတည်းကိုသာ ကိုယ်စားပြုခြင်းမဟုတ်ဘဲ နိုင်ငံနှင့်ပြည်သူကို ကိုယ်စားပြုကာ ဖွဲ့စည်းထားခြင်းကြောင့် ယင်းအဖွဲ့အစည်း၏ သဘောထားက မည်သည့် နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ ပြောင်းလဲခြင်းမရှိ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခိုင်မြဲသော သဘောထားအတိုင်း ရပ်တည်နေဆဲ ဖြစ်သည်။ ထိုသဘောထားအတိုင်းလည်း ထာဝရငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ကာ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း (၂၁)ကြိမ် ထုတ်ပြန်ကာ ကြေညာခဲ့သည်။ ထပ်မံ၍ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင် ဘာ ၃၁ ရက်အထိ ရပ်စဲကြောင်း တပ်မတော်ဘက်က ထပ်မံကြေညာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့တာဝန် စတင်ထမ်းဆောင်ခဲ့ သည့်ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရန် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် ဦးတည်ချက်ကိုးရပ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး ထည့်သွင်းပြီး အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။ တပ်မတော်သည် ငြိမ်းချမ်းရေးကို မဖြစ်မနေ ရရမည်ဟု လိုလားချက်အတိုင်း အစိုးရနှင့်အတူ ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးတွင် ပထမဦးစွာအရေးကြီးသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NUG) တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ရာ စာချုပ် ဖြစ်ပေါ်လာရန်အတွက် တစ်နှစ်နှင့်ကိုးလကြာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းကနေ အသင့်စောင့်ကြိုနေသည်။
၂၀၂၀ ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ နိုင်ငံရေးအလှည့်အပြောင်းအရ ပေါ်ထွက်လာခဲ့သော နိုင်ငံတော်မတည်ငြိမ်မှုကို အရင်းပြုကာ ကိုယ်ကျိုးရှာ အမြတ်ထုတ်သူ လူတစ်စုကြောင့် လူငယ်အချို့ လက်နက်ကိုင်လမ်းစဉ်ကို လမ်းမှားရောက်ခဲ့ရပြန်သည်။ မခံချင်စိတ်တစ်ခုကိုသာ အရင်းတည်ပြီး မျှော်မှန်းချက်၊ ရည်ရွယ်ချက်မဲ့ဖြင့် ဝါဒမှိုင်းလက်များ၏ ကြိုးဆွဲရာကသော အကြမ်းဖက် ရုပ်သေး ရုပ်များသဖွယ် ပြုမူခဲ့ကြသည်။ငြိမ်းချမ်းရေးကို ရှေးရှုထားသော တိုင်းရင်းသားလက်နက် ကိုင်ခေါင်း ဆောင်ကြီးတစ်ဦး ခန့်မှန်းသုံးသပ်သကဲ့သို့ အချိန်တစ်ခုအရောက်တွင် သူခိုးဓားပြများသဖွယ် ဖြစ် လာကြသည်။ မီးကျိုးမောင်းပျက်များမှတစ်ဆင့် အကြမ်းဖက်မှု အားပေးထောက်ခံသူများ၏ ထောက်ပံ့မှုဖြင့် လက်နက်များရရှိလာချိန်တွင် ပြည်သူ့ရင်ဝကို သေနတ်ပြောင်းလှည့်ကာ ဖိနှိပ်နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ လတ်တလော လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းတစ်ရပ်က အကြမ်းဖက်တို့၏ တောတွင်းဥပဒေများထုတ် ကာပြည်သူလူထုကို နှိပ်စက်ကလူပြုနေသည့်သတင်း တစ်ရပ်ဖြစ်သည်။ အကြမ်းဖက်အဖွဲ့ NUG လက်အောက်ခံ ကျောတိုက်နယ် ပအဖ အကြမ်းဖက်အဖွဲ့က ပြည်သူများကို သစ်ဝါးမခုတ်ရအချက်နှင့် ပသုံးလုံးအကြမ်းဖက်အဖွဲ့များကို ကိုယ်နှုတ်အမူအရာနှင့် မစော်ကားရအချက် အပါအဝင် တားမြစ်ချက် ၂၃ ချက် ထုတ်ပြန်ထားပြီး ဖောက်ဖျက်ပါက သေဒဏ်အထိ စီရင်ခံရ မည်ဟူသော လူထုကို ခြိမ်းခြောက်သည့် စာတစ်စောင်ထွက်ပေါ်ခဲ့ပြီး ကျောတိုက်နယ် ပအဖအကြမ်း ဖက်၏ အာဏာရှင်ဆန် သောအမိန့်ကို ဂန့်ဂေါခရိုင် အကြမ်းဖက်အဖွဲ့ကပါ အလိုတူအလိုပါ လိုက်နာပြီး ပြင်းထန်စွာ အရေးယူဆောင် ရွက်မည်ဟူသော စာတစ်စောင် ထပ်မံထုတ်ပြန်ခြင်းကလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။
လက်နက်ကိုင်ခြင်း၏ နောက်ဆက်တွဲ အကျိုးအပြစ်များကိုမူလက ထောက်ခံခဲ့သူအချို့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ဝေဖန်သံများ ဆူညံလာချိန်တွင် ခြိမ်းခြောက်စာထုတ်ပြန်မှုက ပေါ်ထွက်လာခဲ့သည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် ယင်းဒေသများရှိ ပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးများ တစ်စတစ်စ နိမ့်ကျလာချိန်တွင် တောတွင်းဥပဒေများနှင့် ပြည်သူတို့ ဘဝကို ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့သည်။ သစ်ခုတ်ဝါးခုတ်ရုံဖြင့် အာဏာရှင်ဆန်စွာ စိတ်အခန့်မသင့်လျှင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားသလို စွပ်စွဲချက်မျိုးစုံဖြင့် ပြည်သူကို အချိန်မရွေး နှိပ်စက်ညှဉ်းပန်းလို့ရသည့် တောတွင်းဥပဒေကို ထုတ်ပြန်ခဲ့ခြင်းက ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများကို အရှိန်မြှင့်လာကြသည်။ ပြည်ပမှနေ၍ အညာဒေသကို ဖျက်လိုဖျက်ဆီးလုပ်လိုသူတို့၏ သွေးထိုးမြှောက်ပင့်မှု ကြောင့် အညာဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်လျော့ကျသွားပြီး ယခုနှစ်ပိုင်းအတွင်း သိသိသာသာ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်လာရသည်။ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာကို ခေါင်းစဉ်မျိုးစုံတပ်၍ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အများပြည်သူသွားလာ ဆက်သွယ်ရေးလမ်းကြောင်းများကို ဟန့်တားနှောင့်ယှက်မှုများအနက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အကြမ်းဖက်အဖွဲ့အစည်း PDF များနှင့် သောင်းကျန်းသူ လက်နက်ကိုင်များက မြန်မာ့မီးရထားကွန်ရက်အတွင်း ဗုံးခွဲဖျက်ဆီး မီးရှို့မှု ၂၆၉ ကြိမ် ကျူးလွန်ခဲ့ကြသည်။
လတ်တလော အကြမ်းဖက်မှုအဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ တော်ဝိဘူတာနှင့် ပိန်းဇလုပ် ဘူတာအကြား၊ မိုင်တိုင်အမှတ် ၉၉/၆-၇ နေရာရှိ အစုန်ရထားလမ်းပေါ်၌ ဒီဇင်ဘာ ၁၃ ရက် ည ၁၁နာ ရီ မိနစ် ၄၀ ခန့်တွင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး တော်ဝိနှင့် ပိန်းဇလုပ် ရထားလမ်းပိုင်းအား နံနက် ၆ နာရီ မိနစ် ၂၀ တွင် ယာယီပိတ်ထားခဲ့ရသည်။ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့်အမှတ် (၉၂၃-A) အဆန် ကုန်ရထားသည် ညောင်လေးပင်ဘူတာသို့ နံနက် ၆ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အမှတ် (၉၉၃) အဆန် ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၆ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ အမှတ် (၉၂၃-B) အဆန်ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၁၅ မိနစ်တွင်လည်းကောင်း အသီးသီးရောက်ရှိ ရပ်တန့်ထားခဲ့ရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ၊ ဖျက်ဆီးခြင်း ၇၉ ကြိမ်၊ ရထားတံတား၊ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း ၁၇၄ ကြိမ်၊ ဘူတာ အဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူးလွန်ခဲ့ကြသည်။ ဤလုပ်ရပ်များသည်က နိုင်ငံရေး၊ စစ်ရေးနှင့် လုံး၀ သက်ဆိုင်ခြင်း အလျဉ်းမရှိသော ပြည်သူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေမည့် အကြမ်းဖက် လုပ်ရပ်များကို ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ် ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့သည်။ သို့သော် MNDAA ၊ TNLA နှင့် AA သောင်းကျန်း သူအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ၂၀၂၂ ခုနှစ် ဧပြီလက ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသတွင်ရှိသည့် တပ်မတော်လုံခြုံရေး တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်၌ အင်အားသုံး စတင် တိုက်ခိုက်ခဲ့ကြသည်။ ပြည်ပရောက် နိုင်ငံရေးအကြမ်းဖက်သမားတို့၏ သွေးထိုးမြှောက်ပင့်ပေးမှု ကြောင့် လူငယ်အချို့လက်နက်ကိုင်လမ်းစဉ်ကို လမ်းမှားလျှောက်နေချိန် လက်နက်ကိုင် သောင်းကျန်းသူများကလည်း တစ်စခန်းထကာ နိုင်ငံရေးမတည်မငြိမ် အခြေအနေကို အသုံးချ၍ နယ်မြေချဲ့ ထွင်ရေး ကို ကြိုးပမ်းခဲ့ကြသည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းနေသော မြို့ရွာများစစ်ကြောင့် ပျက်စီးဆုံးရှုံးရသလို အရပ်သား ပြည်သူပေါင်းများစွာမှာလည်း စစ်ဘေးကြောင့် အတိဒုက္ခရောက်ခဲ့ကြသည်။ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး စိုးစဉ်းမျှမပါသည့် စစ်ဘုရင်ဝါဒအရ မြို့ရွာဖျက် စစ်ရေးများက အကျိုးမဲ့လုပ်ရပ်များပင် ဖြစ်သည်။
"ခုလက်ရှိ AA ရဲ့ လုပ်ဆောင်မှုက မိုခါမုန် တိုင်းဒဏ်ကို ခံလိုက်ရပြီးနောက် ပြန်လည်ထူ ထောင်ရေးကို ဖြစ်ဖြစ်မြောက်မြောက် ကျေးလက်လူထုနဲ့ မုန်တိုင်း ဒဏ်သင့်တဲ့ဒေသတွေ ပြန်လည် မထူထောင်နိုင်သေးခင်လေးမှာ စစ်ဖော်ဆောင်တဲ့အခါကျတော့ စောစောကပြောတဲ့ဒေသတွေ တော်တော်ဆိုးဆိုးရွားရွား ခံလိုက်ရတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်ထိခိုက် ခံစားရတယ်။ နောက် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ကုန်သွယ်ရေးကလည်း မရှိသလောက်ဖြစ်နေတော့ AA ကြီးစိုးနေတဲ့ဒေသတွေမှာ ရှိတဲ့လူထုက သူတို့ကနဂိုကတည်းက ဆင်းရဲတဲ့သူဖြစ်တယ်။ လူလတ်တန်းစားတွေ တော်တော်များများကတော့ မြို့ပြတွေ၊ နောက်မြို့ပြက တစ်ဆင့် ရန်ကုန်လိုနေရာမျိုးကို ရောက်ကြတယ်။ စစ်မက်ကာလမှာတောင် ပိတ်ဆို့ထားတဲ့ တောင် ကျော်လမ်းတွေကတစ်ဆင့် လူငယ်လူရွယ်တွေ၊ တော်တော်များများဟာ ရန်ကုန်ကို လာကြတာရှိတယ်။ တချို့က နိုင်ငံတကာဘက်ကို သွားကြတာရှိတယ်။ ဒီတော့ ကြားနေရတဲ့သတင်းတွေ၊ မီဒီယာတွေ၊ ဖော်ပြနေတဲ့ သတင်းတွေအရ ရခိုင်ပြည်သူတွေအနေနဲ့ တော်တော်လေး ထိခိုက်ခံစားနေရတယ်ဆိုတာ အမှန်ပဲဗျ။ ၁၀၂၇ ကနေပြီး စလာလိုက်တာ စုပေါင်းပြီး ရှမ်းမြောက်တစ်ခွင်ကို စတင်တယ်။ ခုကတော့ တစ်ဖွဲ့ချင်းသီးသန့် စတင်ပုံပေါက်တယ်။ ခုလည်း ရခိုင်မှာရက္ခိတ အိပ်မက်ပေါ့ဗျာ မက်ကြတယ်။ သူ့ရဲ့အိပ်မက်က ရခိုင်ပြည်သူရဲ့ဆန္ဒနဲ့ထပ်တူ ကျမကျဆိုတာ စစ်ရဲ့ဒဏ်ရာဒဏ် ချက်တွေကိုခံစားရပြီးမှ ရခိုင်လူထုဘက်က နားလည်သဘောပေါက်တဲ့ ကာလအထိကတော့ ပြောရခက်ပါတယ်။ လူထုက ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။ ရေရှည်စစ်ရဲ့ သံသရာကျောမှာ လူထုသည် ကျပ်တည်းမှုအမျိုးမျိုး ဖြစ်တဲ့ဆေးဝါး၊ ငွေကြေး စသဖြင့် အထွေထွေအကျပ် အတည်းဒဏ်ကို နှစ်ကြာလာရင် သူတို့ရဲ့ အိပ်မက်သည်အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့အဖြေကို လူထုက ပေးလာမှာပါ။ ယခု သုံးသပ်သလောက် လူထုကအမြင် ပြောင်းစပြုတဲ့သဘောကို တွေ့မြင်ပါတယ်။ စစ်ဖြစ်တဲ့အခါမှာ စစ်ရဲ့ ဒဏ်ရာဒဏ်ချက်ကို ကြိုတွေးပြီးမှ လူလတ်တန်းစား မိသားစုနဲ့ ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်ကို ရောက်လာကြတာပေါ့။ မူလက ရန်ကုန်မှာ ငါးသိန်းစွန်းစွန်းလောက် ခန့်မှန်းထားကြတဲ့ ရခိုင်လူထုသည် ရန်ကုန်မြို့မှာ ယခုတစ်သန်းကျော်မယ် ထင်ပါတယ်။ နောက်ထပ် ငါးသိန်းထပ်ပေါင်း လာတဲ့ သဘောပေါ့။ သို့မဟုတ် ဧရာဝတီ၊ ပုသိမ်၊ ပြည်တို့ကို ပေါင်းလိုက်ရင် အင်အားက တစ်သန်း ကျော်ပါတယ်။ စစ်ရဲ့ဒဏ်ရာ ဒဏ်ချက်ဆိုးမွေတွေကို လူထုက သူတို့ရဲ့ လုပ်ဆောင်မှု တွေကို တွေး တောသုံးသပ်မှု ရှိလာနေပါပြီ။ လက်ရှိအနေအထားအရ ရခိုင်ပြည် ဘယ်လိုတည်ငြိမ် အောင်လုပ်မှာလဲဆိုတဲ့ စဉ်းစားမှု ကျွန်တော်ပြောတဲ့ လူထုမှာရှိပါတယ်။ ကျေးလက်လူထုကတော့ ယခုအခြေအနေမှာ တွေးတောနိုင်မှာ မဟုတ်ပေမယ့် ဒီဘက်ကို ရောက်လာ ကြတဲ့သူတွေကတော့ ရခိုင်ပြည်တည်ငြိမ် အေးချမ်းရေးအတွက် ဆန္ဒတွေရှိကြတယ်လို့ ကြားပါတယ်။ လူထုသည် စစ်ရဲ့ ဒဏ်ရာဒဏ်ချက်ကို ကိုယ်တိုင်ကြုံတွေ့ကြသူတွေ ကြိုတင်တွေးတောပြီး စစ်ရဲ့အကျပ်အတည်းကို နားလည်သဘောပေါက်တဲ့ လူထုရှိတယ်။ ဒါကြောင့် နိုင်ငံတော်တည်ငြိမ်ရေးကိုလိုလားတဲ့ လူထုတော်တော်များများဟာ သူတို့ရဲ့အိပ်မက်တွေ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ဆိုတာကို စဉ်းစားတတ်တဲ့သူတွေ ရှိနေတယ်လို့ ကြားရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု စစ်ဘေးဒဏ်ကို မလိုလားတဲ့သူ တော်တော်များလာတယ်လို့ ကြားပါတယ်"ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာ အေးမောင်က ပြောသည်။
ထို့ကြောင့် လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့မှ သြဇာလွှမ်းမိုး ချုပ်ကိုင်လိုသည့်အတွက် ပြည်တွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ရမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ ပါတီစုံဒီမိုကရေ စီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြားရပ်တည် လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရကြောင်း၊ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့ လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်း သို့ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည် နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယခုသီတင်းပတ်အတွင်း ရခိုင်ဒေသသတင်းများကို ဖော်ပြနေသည့် တရားမဝင်သတင်းဌာနများ၏ ဖော်ပြချက်ကရ ရခိုင်ဒေသရှိ ဒေသတွင်းယာယီစစ်ဘေး ရှောင်လူထုတို့၏ စားဝတ်နေရေး အခက်အခဲများ၊ ကျန်းမာရေး အခက်အခဲသတင်းများ ကြားသိရပြီး စိတ်မကောင်းဖွယ်ရာပင် ဖြစ် သည်။
မူလကတည်းက သွားလာဆက်သွယ်ရေးခက်ခဲသော ဒေသဖြစ်သည်နှင့်အညီ လူထုမျက်နှာ မထောက်ထားသော သောင်းကျန်းသူလက်နက်ကိုင်များ၏ ဆောင်ရွက်ချက် 'ကြောင်ရုပ် ဆေးများ' ကြောင့် လေးလံစေခဲ့ရသည်။ ထို့အပြင် ရှမ်းမြောက်ဒေသ စစ်ဘုရင်ဝါဒဆိုးများဖြင့် စစ်ရေးပြုလုပ်မှု ကြောင့် ပြည်သူအမြောက်အမြား ယာယီနေရပ်စွန့်ခွာကြသူများ၊ အဆမတန်ငွေကြေးများကို အခွန်ခေါင်းစဉ်တပ်ကာ ဆက်ကြေးငွေတောင်းခံကြသူ စစ်ဘီလူးများ၏ ဖိနှိပ်မှုဒဏ်ကို ခါးစည်းခံရသူများက ပြည်သူများပင်ဖြစ်သည်။ မြွေပူရာကင်းမှောင့်ဆိုသလို ပြည်တွင်းရေးကိုနှောင့်ယှက်လိုသူ အကြမ်းဖက်အားပေး လူတစ်စု၏စနက်ကြောင့် သူခိုးဓားပြသဖွယ် ပြည်သူကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်အဖွဲ့၏ ရန်ကလည်းတစ်သွယ် ရှိနေပြန်သည်။ ဤလုပ်ရပ်များသည် တိုင်းရင်းသားပြည်သူများအတွက် အကျိုးဖြစ် ထွန်းမှုနတ္ထိ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နတ္ထိ၊ ငြိမ်းချမ်းရေးအတွက် အကျိုးမရှိသော လုပ်ရပ်များသာဖြစ်ပြီး ခေတ်နောက်ပြန် စစ်ဘုရင်ဝါဒကို အကောင်အထည်ဖော်ခြင်း၊ အကြမ်းဖက်မှု သက်သက်လုပ်ဆောင် ခြင်းများသာဖြစ်သည့် ပြည့်ရန်စွယ်များပင် ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )