ခေတ်ပေါ်နိုင်ငံရေးသမားလုပ်မယ့် ထူးမြတ်

၂၀၂၄ ဇွန် ၂၈

    ထူးမြတ် နိုင်ငံရေးသမားလုပ်တော့မည်။ ဆရာအီကြာကွေး စကားငှားပြောရရင် ဟိုက်ရှာလပတ်ရည်ဆိုပြီး ကြားရသူအပေါင်း အံ့သြသွားကြမည်။ ဒီကောင် ထူးမြတ် စာလေးမတောက်တစ်ခေါက်ရေးပြီး ငတ်တစ်လှည့် ပြတ်တစ်လှည့် စားနေရတဲ့ကောင်က နိုင်ငံရေးသမားလုပ်ဦးမယ်တဲ့လားဟု ပြောချင်ပြောကြနိုင်သည်။ ဟုတ်သည်။ ထူးမြတ် နိုင်ငံရေးသမားလုပ်တော့မည်။ ထူးမြတ်တို့ အသက်အရွယ်က အတွေ့အကြုံ မနည်းလှပေ။ ၈၈ ဆိုတာကြီးကိုလည်း မူကြိုအရွယ်မှာ ကြုံခဲ့ဖူးသည်။ တပ်မတော်အစိုးရလက်ထက်လည်း အကြာကြီးနေခဲ့ဖူးသည်။ ဇာတ်လမ်းတွဲတွေရဲ့ မိခင်၊ ဖခင်တွေလို့ ဆိုရမည့် အိုရှင်းတို့၊ အနောက်သို့ ခရီးသွားခြင်း၊ ပြည်သူ့တရားရှင်ဆိုတဲ့ ဇာတ်ကားတွေကို တီဗွီကနေ စောင့်ကြည့်ဖူးသည့် ကလေးဘဝကိုလည်း ဖြတ်သန်းဖူးသည်။ တစ်ထုတ် ၁၀ တန်၊ ၂၀ တန် ဆီးထုတ်ကြော်ငြာတွေကိုလည်း ကြည့်ဖူးသည်။ တီဗွီဇာတ်လမ်းတွဲစောင့်မျှော်နေရင်း နိုင်ငံတကာ သတင်းကြေညာသူနှင့် မိုးလေဝသအကြောင်း တခမ်းတနားပြောတတ်သည့် ပညာရှင်ကြီး ဦးထွန်းလွင်ကိုလည်း အမြင်ကပ်ခဲ့ဖူးသည်။ တီဗွီကြော်ငြာခေတ်ဦးက သီချင်းတွေလည်း ခုချိန်ထိ အလွတ်ရနေသေးသည်။
    နောက်ခေတ်ပြောင်းစနစ်ပြောင်း နိုင်ငံတော်သမ္မတကြီး အဆက်ဆက် ဒီမိုကရေစီ သက်တမ်းတစ်လျှောက်လည်း ဖြတ်သန်းဖူးသည်။ ခုလိုကာလကိုလည်း ဖြတ်သန်းနေရဆဲဖြစ်သည်။
    ဒီတော့ ထူးမြတ်တစ်ယောက် အတွေ့အကြုံတွေနဲ့ နိုင်ငံရေးလုပ်ဖို့ လုံလောက်သည်ဟု ထင်မိတာမမှားချေ။ တချို့ကလည်း နိုင်ငံရေးသမားဆိုတာ ထောင်ကျတန်းကျဖူးမှ လူအထင်ကြီးတာဟု ဆိုပြန်သည်။ ဒါက ရိုးရိုးနိုင်ငံရေးသမားအတွေးဟု ပြောရမည်ဖြစ်သည်။ဥပဒေဘောင်ထဲက နိုင်ငံရေး လုပ်ရင် မည်သည့်အစိုးရကမှ ဖမ်းမည်မထင်ပေ။ ထူးမြတ်တို့နိုင်ငံကလည်း ခေတ်ဟောင်း နိုင်ငံရေးသ မားအတွေးအခေါ်တွေက ယနေ့အထိ လွှမ်းမိုးထားဆဲဖြစ်သည်။ နိုင်ငံရေးသမားဆိုရင် ကျောင်းတော် ကြီးဟုခေါ်သော ထောင်ကျဖူးမှ လူထင်ကြီးတတ်ကြသည်။ ထောင်လေးဘာလေးကျဖူးမှလည်း နိုင်ငံရေးသမားဖြစ်ပြီး ယခင်အစိုးရလက်ထက်ကလည်း နိုင်ငံရေးဖြင့် ထောင်ကျဖူးသူများ အမတ်ဖြစ်ကြတော့ အတွေး အခေါ်တွေက အရိုးစွဲနေကြတာဖြစ်သည်။ ထူးမြတ်ကတော့ ထောင်လည်း အကျမခံနိုင်ပေ။ ဒါကြောင့် ခေတ်ပေါ် နိုင်ငံရေးသမားလုပ်မှာ ဖြစ်သည်။ ထူးမြတ်က လူလည်ဖြစ်သည်။ ထောင်ကျတန်းကျပြီးမှ နိုင်ငံရေးသမားဖြစ်သည်ဟုသော ရှေးရိုးစွဲတော်လှန်ရေးကြီးကို လက်မခံသူ ဖြစ်သည်။
    ခေတ်ပေါ် နိုင်ငံရေးသမားဆိုတာက ထောင်ကျခံစရာလည်း မလိုပေ။ ဟိုအရင် ခေတ်တွေကတော့ ပြည်တွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်ရင် အော်ကြဟစ်ကြရင် အစိုးရက နိုင်ငံရေးသမားတွေကို ထိန်းသိမ်းလေ့ရှိသည်။ထိန်းသိမ်းပြီး ကျောင်းတော်ကြီးကထွက်လာရင် နီးစပ်ရာက စံပယ်ပန်းကုန်း တွေနဲ့ ကြိုဆိုကြပြီး အလိုလို တစ်ဆင့်မြင့် နိုင်ငံရေးသမားတွေဖြစ်သွားပြီး သြဇာအာဏာလေးရှိလာပြီး လုပ်လို့ကိုင်လို့ အဆင်ပြေသွားသည်။ ယနေ့ခေတ်ကတော့ ခေတ်ပေါ်နိုင်ငံရေးသမားခေတ် ဖြစ်သည်။ ထောင်ကျတန်းကျခံစရာမလို အစိုးရက နိုင်ငံရေးနဲ့ သက်ဆိုင်သော ပုဒ်မလေးတစ်ခုတလေ တပ်ပေး လိုက်ရုံဖြင့် လူထင်ကြီးတဲ့ နိုင်ငံရေသမားကြီးတွေ ဖြစ်ကုန်ကျသည်။ ပုဒ်မတပ်ခံရဖို့ကလည်း အရင်ကလို လမ်းမပေါ် ကိုယ်တိုင်ထွက် အော်ဟစ်စရာမလိုဘဲ ဖေ့စ်ဘုတ်အကောင့်လေးတစ်ခုရှိရုံနဲ့ အစိုးရကို ကလော်တုတ်ပြီး လူသိအောင်လုပ်ရင် အဆင်ပြေသည်။ ဒီလိုဆိုရင်အစိုးရက ဥပဒေအရဆောင်ရွက် အရေးယူတော့သည်။ အရေးယူမှု မှတ်တမ်းလေးကိုပြပြီး ပြည်ပထွက်ပြေးရုံဖြင့် ခေတ်ပေါ်နိုင်ငံရေး သမား ဖြစ်နိုင်သည်။ ထောင်ကျခံနိုင်တဲ့ သူကကျ ကိုယ်ကတော့ ပြည်ပရောက်ဖို့ အရေးကြီးသည်ဟူသော အချက်ကို လက်ကိုင်ထားနိုင်ရုံဖြင့် ယနေ့ခေတ် နိုင်ငံရေးက လူအထင်ကြီးစေသည်။
    ခေတ်ပေါ် နိုင်ငံရေးသမားဆိုတာက ဟုတ်တာမဟုတ်တာအပထား ခပ်တည်တည်နဲ့ ရွှီးတတ်ဖို့ကလည်း လိုသေးသည်။ တပ်မတော်က အာဏာထိန်းတော့  နောင်တော်ခေတ်ပေါ် နိုင်ငံရေးသမားကြီးတွေရဲ့ တော်ကီတွေကို ထူးမြတ်တစ်ယောက် ယနေ့ထိ မှတ်ထားဆဲ ဖြစ်သည်။ ၇၂ နာရီငြိမ်နေရင် ပြုတ်ကျပြီ၊ ည ၁၁ နာရီ  ဘယ်သူလွတ်လာပြီ၊ UN  လာတော့မယ်၊ US ဝင်တော့မယ်၊ UK တွယ်တော့မယ်၊ R2P ဖြုတ်တော့မယ်၊ CRPH ဖွဲ့လိုက်ပြီ၊ CDM တစ်ပတ်တောင့်ထား၊ CDM နောက် တစ်ပတ်တောင့်ထား၊ CDM နောက်နှစ်ပတ်တောင့်ထား၊ CDM နောက်တစ်လတောင့်ထား၊ ဘဏ်တွေပိတ်ထားပြုတ်ကျပြီ၊ ကျောင်းတွေပိတ်ထားပြုတ်ကျပြီ၊ ဆေးရုံတွေ ပိတ်ထားပြုတ်ကျပြီ၊ တစ်လဆိုပြုတ်ကျပြီ၊ နှစ်လဆို ပြုတ်ကျပြီ၊ သုံးလဆိုပြုတ်ကျပြီ၊ လေးလဆိုပြုတ်ကျပြီ၊ ဒီတခါ နောက်ဆုံးသပိတ်၊ အွန်လိုင်းမှ ကာကွယ်ဆေး ထိုးပေးမည်၊  ၃၀ ရက်နေ့ D Day ဘွန်းစာချုပ်ရောင်းနေပြီ၊ ပျံလွှားအောင် စစ်ဆင်ရေးအောင်နေပြီ၊ နန်းထိုက်အောင် စစ်ဆင်ရေးအောင်နေပြီ၊ အမေ့ထဘီ ရောင်းကြမယ်၊ မမများနဲ့ ပွဲကမယ်၊ တင့်ကားကြီး ဝယ်လိုက်ပြီ၊ ရာခိုင်နှုန်း ၆၀ သိမ်းပြီးပြီ၊ မြဝတီကိုသိမ်းပြီးပြီ အစရှိသဖြင့် ပြောခဲ့ကြသည်။ အခုချိန်ထိတော့ အစိုးရက အနေအစားမပျက်ချေ။ ပြောခဲ့တာတွေလည်း ဖြစ်မလာတော့လည်း ဘယ်သူမှလည်း မပြောရဲချေ။ ဒါကိုက ခေတ်ပေါ်နိုင်ငံရေးသမားတို့ စတိုင် ဖြစ်သည်။
    ထူးမြတ်အားကျရသည့် ခေတ်ပေါ်နိုင်ငံရေးသမားဆိုတာက အပြောအဆိုလေး တတ်ရသလို နောက်ပြီး မြှောက်ပေးတတ်ရသည်။ ကိုယ်က ပြည်ပရောက်ပြီး အန္တရာယ်ကင်းနေတာကို လူသိခံလို့မရပေ။ ပြည်သူနဲ့ အတူရှိနေကြောင်း ဆံပင်ဖြူ မုတ်ဆိတ်တွေကို၊ ဆံပင်ရှည်တွေဆက်ထားပြီး အရေးကြုံရင်ကြုံသလို ကဗျာလို လိုစာလိုလိုတွေ ထရွတ်ပေးရသေးသည်။ လက်ကလေး သုံးချောင်းထောင်ပြီး စာတွေ ကဗျာတွေ ထရွတ်ပြပြီး မြှောက်ပေးတတ်ရသေးသည်။ ဘာနေ့ ညာနေ့ အထိမ်းအမှတ်နေ့တွေဆိုရင် ပြည်သူတွေမမေ့အောင် ဖေ့စ်ဘုတ်ပေါ်တက်ပြီး သွေးမအေးကြေးတို့၊ အသံတိတ်သပိတ်၊ သနပ်ခါးသပိတ်၊ ပန်းသပိတ်ဆိုပြီး လိုက်မလုပ်လုပ်ချင်အောင် မြှောက်ပေးတတ်ရသေးသည်။ အစိုးရဆိုတာကတော့ ဖမ်းရမည့်တာဝန်ရှိတော့ ဖမ်းမှာပဲဖြစ်သည်။ နိုင်ငံတော် တည်ငြိမ်အောင်လုပ်နေချိန်ဆိုတော့ ဆူဆူပူပူဖြစ်စေမည့်အရာတွေကို တားဆီးကြသည်။ ဖမ်းတော့ လည်းဖမ်းပေါ့။ ခေတ်ပေါ် နိုင်ငံရေးသမားကြီးတွေက အမေရိကား၊ သြဇီ၊ ဘန်ကောက်လောက်မှာနေတော့ အစိုးရလည်းအဝေးကြီး သွားမဖမ်းနိုင်ချေ။ အဲ့ဒီတော့ မြှောက်ပေးသမျှ လိုက်လုပ်သူတွေ အဖမ်းခံကြပေါ့။ ပြီးတော့မှ ဖေ့စ်ဘုတ်ကနေ 'ပန်းပန်လို့ ဘာဖြစ်တဲ့နိုင်ငံမှာ နှောင်ကြိုးမှတစ်ပါး ဆုံးရှုံးစရာမရှိဆို'ပြီး ဖေ့စ်ဘုတ်ပေါ်မှာ တက်ရေးလိုက်ရုံပဲ ဖြစ်သည်။
    ဒါကြောင့်  ထူးမြတ်တစ်ယောက် အန္တရာယ်ကင်းကင်း အနေအစားချောင်တဲ့ ခေတ်ပေါ်နိုင်ငံရေးသမား ဖြစ်ချင်တာဖြစ်သည်။ ပြည်ပကနိုင်ငံကြီးတွေကို ပတ်သွား ပိုက်ဆံအတွက် အလှူခံသူကခံ လစာလေးယူ သာသာယာယာပင် ဖြစ်သည်။ ပြည်တွင်းမှာက နိုင်ငံရေးလုပ်ဖို့က ပါတီထောင်ပါတီဝင်စု ပိုက်ဆံကုန်သည့်အပြင် အခန့်မသင့်ရင် လာအဆဲခံရနိုင်သေးသည်။ ခေတ်ပေါ် နိုင်ငံရေးသမားကတော့ ကိုယ်အိတ်ထဲက တစ်ပြားမှ စိုက်စရာမလိုဘဲ ဖေ့စ်ဘုတ်ပေါ်မှာ စာလေးတစ်လုံးစ နှစ်လုံးစရေးရုံဖြင့် အောက်မှာ ဆရာကြီး ကျန်းမာပါစေ၊ အန္တရာယ်ကင်းပါစေ၊ အရေးတော်ပုံ အောင်ရမည်ဆိုပြီး လာရေးကြပေလိမ့်မည်။ ဒါကြောင့် နိုင်ငံရေးသမားလက်သစ်ကြီး ထူးမြတ်တစ်ယောက် အစိုးရက အမှုမဖွင့်ဖွင့်ချင်အောင်လုပ်ပြီး ပြည်ပထွက်ပြေးပြီး ဟိုရောက်ရင် အစိုးရကို ဖေ့စ်ဘုတ်ပေါ်ကနေ ထိုင်တုတ်မည်။ ဒီလိုဆိုရင် ထမင်းစားလက်မှတ်ရသွား ပြီဖြစ်သည်။ ပြီးရင် အစိုးရကို ဖေ့စ်ဘုတ်ပေါ်ကနေ အေးအေးဆေးဆေး ထိုင်တုတ်နိုင်အောင် အလှူခံပြီး အိမ်လာဘာလေး ဝယ်မည်။ ပြီးရင် ပြည်သူတွေကို ဘာသပိတ်ညာသပိတ်လုပ်ဖို့ မြှောက်ပေးမည်။ ပြီးရင်တော့ ဖေ့စ်ဘုတ်ပေါ်မှာ ခပ်တည်တည်ဖြင့် နှောင်ကြိုးမှတစ်ပါး အမေရိကားက အိမ်ဆုံးရှုံးစရာမရှိဟု ရေးတင်ရမှာဖြစ်သည်။ ( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 420

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42977

© 2022 - 2025 News. All Rights Reserved.