၂၀၂၄ ဇွန် ၃၀
၂၀၁၂ ဇွန်လထုတ် ဆရာလှသောင်းရဲ့ 'အောင်သာစည်'စာအုပ်မှာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်းမှာ KNDO ကရင်တပ်ဖွဲ့တွေဟာ အင်းစိန်၊ တောင်ငူ၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ မေမြို့၊ မန္တလေးစတဲ့ မြို့ကြီးတွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်ခဲ့ပေမယ့် 'သာစည်'ဆိုတဲ့ မြို့သေးသေးလေး ကို မသိမ်းနိုင်ဘဲ အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားရပုံကို ရက်စဉ်အလိုက် မှတ်တမ်းပုံစံနဲ့ ရေးသားခဲ့ပါတယ်။ KNDO ကရင်တပ်ဖွဲ့တွေဟာ ပျော်ဘွယ်ကို သိမ်းပြီးတာနဲ့ မိတ္ထီလာကို ဆက်သိမ်းဖို့ စီစဉ်ခဲ့ပါတယ်။ မိတ္ထီလာကို ကာကွယ်ဖို့ မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးကြီးမောင် မောင်ကိုယ်တိုင် စစ်ရေးအစီအမံများကို ရေးဆွဲပြင်ဆင်ခဲ့ပါတယ်။ မီတ္ထီလာဟာ စစ်ဗျူဟာအရ ဘယ်လောက်အရေးပါ သလဲဆိုရင် တိုင်းမှူးသာမက ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးကြီးအောင်ကြီးကိုယ်တိုင်လည်း မြေပြင်အခြေအနေကို အသေးစိတ်သိရအောင် လာရောက် လေ့လာသုံးသပ်နေချိန်ဖြစ်ပါတယ်။ မိတ္ထီလာမှာ တပ်မဟာ(၁) အထိုင်ချထားပေမယ့် ဖွဲ့စည်းပုံ အပြည့်မရှိပါ (စစ်ရဲတပ်မှတပ်ခွဲတစ်ခွဲ၊ စစ်ဝန်ထမ်းနှင့် ချင်းတပ်မှ အနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်စေ၊ ရှိတဲ့အင်အားနဲ့ မိတ္ထီလာကို ကာကွယ်ဖို့ တိုင်းမှူးက စီစဉ်ဆုံးဖြတ်ခဲ့ပါတယ်။ ဗိုလ်မှူးကြီးအောင်ကြီးလည်း ကာကွယ်ရေးဦးစီးချုပ်ကို အခြေအနေအရပ်ရပ်ကို တင်ပြနိုင်ဖို့ ရန်ကုန်ပြန်သွားခဲ့ပေပြီ။
ပျော်ဘွယ်ကနေ မိတ္ထီလာကို အပြင်းချီလာတဲ့ KNDO တပ်တွေကို လမ်းခုလတ်ကနေ ဖြတ်တားဆီးကြို တိုက်ခိုက်ဖို့ ရှေ့တန်းခံစစ်အဖြစ် ဗိုလ်မှူးကျော်ထွန်းကို တာဝန်ပေးလိုက်ပါတယ်။ တိုင်းမှူးနဲ့ အဖွဲ့ဟာ ရှေ့တန်းခံစစ်ကို စစ်ဆေးဖို့ မိတ္ထီလာက ထွက်လာစဉ် ကုန်းသာတံတားအနီးမှာ ဗိုလ်နော် ဆိုင်းကိုယ်တိုင် ဦးဆောင်လာတဲ့ KNDO ကရင်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ နောက်က လိုက်လာတဲ့ကားကို စစ်ကူလိုက်လာတယ်ထင်ပြီး သူပုန်တစ်ယောက်က လှမ်းပစ်လိုက်ရာ ကားမောင်းလာသူ ဗိုလ်ကြီးမောင်မောင် (တိုင်းမှူးနဲ့ နာမည်တူ)ရဲ့ လက်မောင်းကို ထိမှန်သွားပါတယ်။ အဲဒီအချိန်ကစပြီး တိုင်းမှူးနဲ့အဖွဲ့ဟာ KNDO တို့ရဲ့ စစ်သုံ့ပန်းဘဝသို့ ကျရောက်သွားပါတယ်။
သို့သော် သူတို့ကို တပ်မတော်က ပစ်မထားပါ၊ ရောင်စုံသူပုန်များနဲ့ တိုက်ခိုက်စစ်ခင်းရင်းက တိုင်းမှူးနဲ့အဖွဲ့ကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီအကြောင်းတွေကို ဆရာလှသောင်းကပင် 'အလင်းရောင်စစ်ဆင်ရေး'အမည်နဲ့ စာအုပ်တစ်အုပ်ရေးခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လမှာ ပထမအကြိမ် ပုံနှိပ်ထုတ် ဝေခဲ့ပါတယ်။ တိုင်းမှူးနဲ့အဖွဲ့ကို လာဖမ်းသူတွေထဲမှာ သိဟောင်းကျွမ်းဟောင်းဖြစ်တဲ့ ကရင်သေနတ်ကိုင်တပ်ရင်း(၁)၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မင်းမောင်လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဗိုလ်မင်းမောင်က အားနာနေပေမယ့် 'မိတ္ထီလာမှာ ဘာတပ်တွေရှိလဲ'လို့ မေးပါတယ်။ တိုင်းမှူးက 'ဒါကို မပြောနိုင်ပါဘူး'လို့ တုံ့ပြန်တယ်။ ဒီလိုနဲ့ တိုင်းမှူးနဲ့အဖွဲ့ကို မိတ္ထီလာကို ခေါ်လာခဲ့တယ်။ တိုင်းမှူးကို စောင့်ကြပ်ဖို့ ဗိုလ်ဇော်ဖေဆိုတဲ့လူကို တာဝန်ပေးထားတယ်။ အဲဒီ ဗိုလ်ဇော်ဖေကလည်း တိုင်းမှူးရဲ့တပည့် ဖြစ်နေတယ်။ တိုင်းမှူးဟာ မေမြို့တပ်မတော် ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးလုပ်ခဲ့ စဉ်က ဗိုလ်ဇော်ဖေဟာ ဗိုလ်သင်တန်း စတုတ္ထပတ်တက်ရောက်နေသူ ဖြစ်ပါတယ်။ အခု ဆရာတပည့် တွေရဲ့ ပြန်လည်တွေ့ဆုံ ခန်းမှာတော့ တပည့်က သူပုန်ဗိုလ်၊ ဆရာက စစ်သုံ့ပန်း၊ ကံတရားရဲ့ ဆန်းကြယ်မှုလို့ပဲ ဆိုရတော့မှာပါ။
အဲဒီတုန်းက မိတ္ထီလာတပ်မဟာကို ဗိုလ်မှူး ဒေါ်ဆင်(အင်္ဂလိပ်-မြန်မာကပြား)က အုပ်ချုပ်နေပါ တယ်။ KNDO တွေဟာ တိုင်းမှူးနဲ့အဖွဲ့ကို ဖမ်းမိပြီး နောက် မိတ္ထီလာကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုင်းမှူးနဲ့အဖွဲ့ကို တပ်မဟာမှာ တစ်ညချုပ်ထားပြီးနောက် တစ်ရက်မှာ မိတ္ထီလာထောင်သို့ ပို့လိုက်ပါတော့တယ်။
'ဗိုလ်မှူးကြီးမောင်မောင်(တိုင်းမှူး)နှင့်အတူ မိတ္ထီလာထောင်သို့ ပါလာသူများမှာ ဗိုလ်မှူးစောမြသိန်း၊ ဗိုလ်မှူးသိမ်းတုတ်၊ ဗိုလ်ကြီးထွန်းအုံ၊ ဗိုလ်ကြီးရဲမြင့်၊ ဗိုလ်ကြီး လူမင်း၊ ဗိုလ်ဖိုးကူနှင့် ကိုဘချို (ရွှေကျင်ဆိုရှယ် လစ်ပါတီခေါင်းဆောင်)တို့ ဖြစ်ကြ၏။' (စာ-၄၇)
တပ်မတော် အရာရှိကြီးများဟာ ထောင်ထဲရောက်စကပင် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကြိုး စားခဲ့ကြပါတယ်။ ထောင်မှူးဦးအောင်ကြီးက ဗမာဖြစ်နေတော့ သူ့ကို စည်းရုံးကြည့်ကာမှ ပိုဆိုးသွားပါတယ်။ ဦးအောင်ကြီးက ကရင်တပ်ဖွဲ့တွေကို သတင်းပို့လိုက်ပါတယ်။ KNDO က ရာဇဝတ်အကျဉ်းသား အားလုံးကို လွှတ်ပေးပြီး ဗမာစစ်ဗိုလ်တွေကို ပိုပြီး တင်းတင်းကျပ်ကျပ် အုပ်ချုပ်ပါတော့တယ်။ ကိုဘချိုကိုတော့ နိုင်ငံရေးသမား ဆိုပြီး လွှတ်ပေးလိုက်ပါတယ်။ တိုင်းမှူးနဲ့အဖွဲ့ကို သာစည် မြောက်ဘက် ၁၀ မိုင်ကျော်လောက်သာဝေးတဲ့ ဟံဇားဘူတာသို့ ခေါ်ဆောင်သွားပါတယ်။ ဟံဇားဘူ တာမှာ ရပ်နားထားတဲ့ မီးရထားတွဲတစ်တွဲပေါ်မှာ ချုပ်နှောင်ထားပါတယ်။ ရထားတွဲ ပြတင်းပေါက်အား လုံးကို သံရိုက်ပြီး အလုံပိတ်ထားလိုက်ရာ နွေရာသီရဲ့ အပူဒဏ်ကို ဗမာစစ်ဗိုလ်တွေ ကော့နေအောင် ခံစားရပါတယ်။ ဗမာစစ်ဗိုလ်တွေကို ဟံဇားဘူတာမှာ ချုပ်ထားတဲ့ ရည်ရွယ်ချက်ကတော့ သာစည်ကို သိမ်းပြီးတာနဲ့ တောင်ငူသို့ မီးရထားဖြင့် အလွယ်တကူခေါ်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။
'၁၉၄၉ မတ်လကုန်ခန့်တွင် သာစည်တွင် နေ့လယ်စာစားမည်ဟု ကြွေးကြော်ကာ ဗိုလ်နော် ဆိုင်းနှင့် ဗိုလ်မှူးစောအောင်ဘွဲ့ အုပ်ချုပ်သော ကရင်သူပုန်များ က စတင်တိုက်ခိုက်သည်။} (စာ-၆၀)
ဒါပေမဲ့ ဗိုလ်ကြီးချစ်မောင်ဦးစီးတဲ့ သနက(၆) တပ်ခွဲနှစ်ခွဲနှင့် ချင်းဂေါ်ရခါးတပ်ဖွဲ့များရဲ့ ခုခံမှုကြောင့် သာစည်ကို မသိမ်းနိုင်ဘဲ ကရင်သူပုန်တွေ ဆုတ်ခွာခဲ့ရ ပါတယ်။ (ဒီအကြောင်းကို ၂၀၂၄ ဇွန်လ ၂၀-၂၆ ထုတ် TREND ဂျာနယ်မှာ သီးခြားဆောင်းပါးတစ်ပုဒ်ရေးပြီး ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။) သာစည်ကို မသိမ်းနိုင်ခဲ့တဲ့အတွက် ဟံဇားဘူတာက ရထားတွဲပေါ်မှာ ချုပ်နှောင်ထားတဲ့ တိုင်းမှူးနှင့် စစ်ဗိုလ်များကို မိတ္ထီလာထောင်သို့ ပြန်ပို့လိုက်ပါတယ်။ မိတ္ထီလာ တပ်မဟာ(၁)ရဲ့ အရာရှိများဖြစ်တဲ့ ဗိုလ်မှူးဒေါ်ဆင်နဲ့ ဗိုလ်မှူး ဘာဂယ်လ် ကပြား နှစ်ယောက်ကိုပါ ဖမ်းဆီးပြီး မိတ္ထီလာထောင်မှာ ချုပ် နှောင်ထားလိုက်ပါတယ်။ တိုင်းမှူးနှင့် ဗမာစစ်ဗိုလ်များကို မိတ္ထီလာမှာ စိတ်မချတော့လို့ သူတို့ သိမ်းပိုက်ထားတဲ့ တောင်ငူထောင်သို့ ပြောင်းရွှေ့ခဲ့ကြပြန်ပါတယ်။ တောင်ငူဟာ တိုင်းမှူးရဲ့ ဇာတိမြို့ဖြစ်ပြီး KNDO တို့ သိမ်းပိုက်ပြီးချိန်ကစပြီး ကော်သူးလေ မြို့တော်အဖြစ် သတ်မှတ် အုပ်ချုပ်လျက်ရှိပါတယ်။
အဲဒီအချိန်မှာ တောင်ငူမြို့ဆေးရုံကြီးရဲ့ ဆရာဝန်ကြီးက ဦးသိန်းကျော်ဖြစ်ပြီး ထောင်တွင်းဆေးရုံရှိ လူနာများကို ရက်ခြားလာကြည့်လေ့ရှိပါတယ်။ ဦးသိန်းကျော်ဟာ ဗိုလ်မှူးကြီးမောင်မောင်နဲ့ ရန်ကုန်တက္ကသိုလ်မှာတုန်းက ကျောင်းနေဖက် သူငယ်ချင်းဖြစ်နေပါ တယ်။ (ထောင်အပြင်သို့ စာပေးရန်အတွက် ထောင်ဆရာဝန်ဦးသိန်းကျော်ကို အားကိုးရသည်။ သူလည်း နီးရာဓားကို ကြောက်နေရသဖြင့် တစ်ကြိမ်၊ နှစ်ကြိမ် ထက်ပိုပြီး မကူညီပေ။ နောက်ပိုင်းတွင် ထောင်ဆေးရုံသို့ အလာကြဲသွားသည်)လို့ ဆိုပါတယ်။ တိုင်းမှူးနဲ့အဖွဲ့ ထောင်ဖောက်ထွက်ပြေးဖို့ စီစဉ်လုပ်ဆောင်နေတာ ရိပ်မိတဲ့အတွက် သူ့ကို အမှုပတ်မှာစိုးလို့ တောင်ငူမှ ပျဉ်းမနားသို့ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပါတယ်။ (စာ-၇၉-ရှု)
တောင်ငူထောင်က ထွက်ပြေးဖို့ ပထမအကြိမ် ကြိုးစားစဉ်က မအောင်မြင်ခဲ့၊ ဒီတစ်ခါတော့ သံဖြတ်လွှနဲ့ သံတိုင်တစ်ချောင်းကို ဖြတ်နိုင်ခဲ့ကြတယ်။ လူတစ် ကိုယ်တိုးထွက်လို့ ရနိုင်တယ်။ ကုလားဝါဒါအစောင့်ကို ဖမ်းချုပ်ဖို့ ကြိုးစားစဉ် ကုလားကြီးရဲ့ အော်သံကြောင့် ထောင်တစ်ခုလုံး သိသွားပြီး သံချောင်းခေါက်သံတွေ ထွက်ပေါ်လာတယ်။ သေနတ်သံနှစ်ချက်လည်း ဆက်တိုက်ထွက် ပေါ်လာတယ်။ ထောင်ဝန်ထမ်းတွေက တိုင်းမှူးနဲ့အဖွဲ့ကို ထိန်းချုပ်လိုက်ပြီး ကြိုးတိုက်ထဲမှာ ပြောင်းရွှေ့ချုပ်နှောင်ထားလိုက်တယ်။ နောက်တစ်လလောက်ကြာတဲ့အခါ ခရစ်ယာန်သာသနာပြုတစ်ဦးရဲ့ အကူအ ညီနဲ့ ခရစ်ယာန်စာပေများ၊ အင်္ဂလိပ်မဂ္ဂဇင်းစာစောင် များ ဖတ်ခွင့်ရခဲ့ပါတယ်။ (စာ-၈၇-ရှု)
အစိုးရတပ်မတော်ကလည်း တောင်ငူကို ပြန်သိမ်းယူဖို့ ကြိုးစားနေချိန်ဖြစ်လို့ ထောင်ထဲမှာ တလှုပ်လှုပ်ဖြစ်နေပါတယ်။ ၁၉၅၀ ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြွန်တန်ဆာနဲ့ ညောင်လေးပင်ကို တပ်မတော်က သိမ်းနိုင်ခဲ့ပါပြီ။
'အကယ်၍ တောင်ငူကို အစိုးရတပ်က အတင်းဖိတိုက်၍ KNDO များ ဆုတ်ခွာရသော် ဗမာစစ်ဗိုလ်တို့ကို သတ်ခဲ့လေမလား (သို့) သူတို့နှင့် တစ်ပါတည်း ဓားစာခံအဖြစ် ခေါ်သွားလေမလား၊ တောင်ငူ ထောင်အတွင်းရှိ ဗမာစစ်ဗိုလ်တို့ ပူပန်နေရပြီဖြစ်သည်။ ဗမာစစ်ဗိုလ်အများစုကတော့ သူတို့ကို အလုပ်ပိုခံပြီးခေါ် သွားသည်ထက် သတ်သွားလိမ့်မည်ဟု ထင်နေကြ၏။ ထို့ကြောင့် ဆုတောင်းသူက ဆုတောင်း၊ မေတ္တာပို့သူက ပို့နှင့် ဘုရားကိုသာ အားကိုးကြရတော့၏။' (စာ-၈၈)
အဲဒီအချိန်မှာ စာရေးဆရာ ရန်ကုန်ဘဆွေက ဗိုလ်မှူးကြီးမောင်မောင်နှင့် ဗမာစစ်ဗိုလ်များကို ပြောက်ကျားစစ်ဆင်ရေး ကွန်မင်ဒိုနည်းနဲ့ ကယ်ထုတ်နိုင်ကြောင်း သက်ဆိုင်ရာကို တင်ပြခဲ့ပါတယ်။ ရန်ကုန်ဘဆွေဟာ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စစ်ရေးစစ်ပညာမှာ ဗိုလ်မှူးကြီး မောင်မောင်ဟာ သူ့ဆရာ ဖြစ်ခဲ့ဖူးလို့ သူကိုယ်တိုင် ကယ်တင်ချင်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုလိုက်တဲ့အခါ ဗိုလ်ရဲချစ်၊ ဗိုလ်ဖေချစ်၊ ဗိုလ်သန်းထွေးတို့နဲ့အတူ အားလုံးပေါင်း လက်ရွေးစင်တပ်ဖွဲ့ဝင် ၃၀ ဟာ မေမြို့မှာ စစ်ရေး လေ့ကျင့် ခန်းလုပ်ခဲ့ကြပါတယ်။ တောင်ငူထောင်နဲ့ တစ်ပုံစံတည်းတူတဲ့ မြင်းခြံထောင်ကိုလည်း သွားရောက်လေ့ လာခဲ့ကြပါတယ်။ ဆရာ ရန်ကုန်ဘဆွေဦးဆောင်တဲ့ ကယ်တင်ရေးတပ်ဖွဲ့ဟာ သူပုန်တပ်တွေကို ရှောင်ကွင်းပြီး မိတ္ထီလာမှပင်လောင်း၊ ပင်လောင်းမှတောင်ငူသို့ ဦးတည်ပြီး ခရီးရှည်ကြီးကို ခက်ခဲပင်ပန်းစွာ ချီတက်ခဲ့ကြပါတယ်။ ဒါပေမဲ့ 'ချီလေသော်လည်း ...'လို့ ဆရာ ရန်ကုန်ဘဆွေ စာဖွဲ့ရလောက်အောင် အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့ ကယ်ခွင့်မရခဲ့တောပါ။
တပ်မတော်ဟာ ၅-၃-၅၀ မှာ ဖြူးကို သိမ်းနိုင်ခဲ့ပါတယ်။ KNDO တွေဟာ ဖြူးမြို့က မဆုတ်ခွာမီ မြို့ကို မီးရှို့ခဲ့ရာ အိမ်ခြေလေးရာခန့် မီးလောင်ပျက်စီးသွား တယ်လို့ ဆိုပါတယ်။ ဓားဒဏ်ရာနဲ့ သေဆုံးနေသူပေါင်းမှာ ၃၅၁ ယောက်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
'ဖြူးမြို့ လူသတ်ပွဲနှင့်ပတ်သက်ပြီး အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ မြန်မာ့အလင်း သတင်းစာ ၁၁-၃-၅၀ နေ့ထုတ်တွင် တောင်ငူကြောင်းချီတပ် ပေါင်းစုံ၏ ဗိုလ်မှူးကြီး ချစ်မြိုင်၊ ဗိုလ်မှူး ဘဦး၊ ဗိုလ်မှူး ဘရှင်တို့နှင့်တကွ ပြန်ကြားရေးဌာနအတွင်းဝန် ဦးသန့်တို့က မတ်လ ၁၀ ရက်နေ့ ၁၂ နာရီအချိန်တွင် သတင်း စာဆရာများအား ရှင်းလင်းပြောကြားသည်။ ပြန်ကြား ရေးအတွင်းဝန် ဦးသန့်(နောင်အခါ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်)က ပြောပြသည်မှာ 'ဖြူးမြို့တွင် KNDO တို့က ဗမာမိန်းကလေး၊ ကလေး၊ လူကြီး ၄၇၂ ယောက်ကို သတ်ခဲ့သည်များအား သတင်းစာဆရာကြီးများ သိရှိပြီးဖြစ်ကြောင်း၊ KNDO တို့က ရက်စက်သော်လည်း ဗမာ့တပ်မတော်က စည်းကမ်းအတိုင်း အပြစ်မဲ့ ကရင်အမျိုး သားတို့အပေါ်တွင် ရက်စက်ခြင်းမရှိဘဲ ဆောင်ရွက် ကြောင်း ထုတ်ဖော်ပြောကြားသည်။' (စာ-၁၀၂)
တပ်မတော်က ၁၈-၃-၅၀ တွင် ဇေယျဝတီကို သိမ်းပိုက်ခဲ့ပြီးနောက် ၁၉-၃-၅၀ ရက် ညနေမှာ တောင်ငူကို သိမ်းနိုင်ခဲ့ပါတယ်။ မြန်မာ့အလင်းသတင်း စာက ဒီလိုရေးခဲ့ပါတယ်။
'KNDO များ၏ ကော်သူးလေ အစိုးရမြို့ တော်ဖြစ်သည့် တောင်ငူမြို့ကြီးကို မတ်လ ၁၉ ရက် ညနေ ၄ နာရီက တစ်စုံတစ်ရာ အပျက်အစီးနှင့် ပြောပလောက်အောင် ခုခံခြင်းမရှိဘဲ အောင်မြင်စွာ သိမ်းပိုက်ရရှိကြောင်း၊ တောင်ငူမြို့ရှိ ကေအင်ဒီအိုများသည် တောင်ငူမြို့နှင့် မြို့သူမြို့သားများ၏ ကံကြမ္မာကို ဖြူးမြို့၌ ၎င်းတို့ပြုကျင့်ခဲ့သော ဝါဒအတိုင်း ဖန်တီးလျက် မြို့ပေါ်ရှိ အဆောက်အအုံများ မီးရှို့ပြီး လူသတ်ကာ နောက်ဆုံး အရိုးပုံနှင့် ပြာပုံသာပေးအပ်ရန် စီစဉ်ထားကြောင်းကို ဇေယျဝတီတိုက်ပွဲတွင် အစိုးရဘက်သို့ ထွက် ပြေးလက်နက်ချ ဝင်ရောက်လာသော KNDO စစ်ဗိုလ်တစ်ဦး၏ ထုတ် ဖော်ပြောဆိုချက်အရ တောင်ငူကြောင်းချီ စစ်ဦးစီးဗိုလ်မှူးကြီး ကျော်ဇောသိရှိရသဖြင့် တောင်ငူမြို့ကို သိမ်းပိုက်ရန် မူလစီစဉ်ထားသည့်ရက်ထက် ကြိုတင်၍ KNDO များ လက်မလွန်မီ စစ်ပရိယာယ်တစ်မျိုးဆင်ကာ တောင်ငူမြို့ကို အပြင်းချီတက်ပြီး လွယ်လင့်တကူ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ တောင်ငူမြို့ရှိ လူအပေါင်းတို့ကလည်း တပ်မတော်ကို ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စွာ ကြိုဆိုခဲ့ကြောင်း' စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါတယ်။ (စာ-၁၀၄)
KNDO ကရင်တပ်ဖွဲ့ဟာ ဒရောသောပါး ဆုတ်ခွာသွားခဲ့ရာ တောင်ငူအပေါင်ဆိုင်မှ စိန်ရွှေထည် ပစ္စည်း ၃၆ ပိဿာနှင့် ငွေစက္ကူအမြောက်အမြား ယူဆောင်သွားတယ်ဆိုပါတယ်။ ဗမာစစ်ဗိုလ် ၁၁ ဦးကို လည်း လက်ပြန်ကြိုးတုပ်၊ မျက်နှာအဝတ်စည်းပြီး ခေါ် ဆောင်လာခဲ့ကြပါတယ်။ ခြောက်နာရီခန့် ခရီးကြမ်းနှင်လာပြီး တောတွင်းတစ်နေရာမှာ ကားတွေခေတ္တရပ်နားပြီး ဗမာစစ်ဗိုလ်တွေကို ချည်ထား တဲ့ လက်ပြန်ကြိုးကို ဖြုတ်၊ မျက်နှာပေါ်စည်းထားတဲ့ အဝတ်ကို ဖြေပေးပြီး ထမင်းကျွေးတယ်။ ဒီတော့မှ သူတို့နဲ့အတူ အရပ်သား နှစ်ယောက်ကိုပါ ဖမ်းဆီးခေါ်ဆောင်လာကြောင်း သိရတယ်။
'ဟာ ဘောဂလိကြီးကို ရောက်နေမှပဲ'
အရပ်သားလူငယ်ဆီက အသံထွက်လာတယ်၊ ဒီလူငယ်ဟာ ဒီဒေသကို ကျွမ်းကျင်ပုံရပါတယ်။ သူ့အမည်က မောင်သန်းဝင်းဖြစ်ပြီး ရှမ်းပြည်က ပအိုဝ်းလူမျိုး၊ ပြည်သူ့ရဲဘော်အဖွဲ့ဝင်လို့ သိရပါတယ်။ ကရင်တပ်ဖွဲ့တွေက သူတို့တပ်ထဲဝင်ဖို့ စည်းရုံးတာကို လက်မခံငြင်း ဆန်ခဲ့လို့ တောင်ငူထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာပါ။ နောက်တစ်ယောက်ကတော့ တရုတ်လူမျိုး အပေါင်ဆိုင်ပိုင်ရှင် ကိုမောင်မောင်ဆိုသူဖြစ်ပါတယ်။ ရွှေငွေ ရတနာအပေါင်ခံပစ္စည်းတွေ မပေးလို့ သူ့ကို ဖမ်းဆီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ နောက်တစ်နာရီခန့် တောင်တက်လမ်းမောင်းလာပြီးတဲ့အခါ 'ရေသိုးကြီး'ဆိုတဲ့ ကရင်တောင်ပေါ်ရွာကို ရောက်လာပါတယ်။ ဗမာစစ်ဗိုလ်တွေကို အိမ်ကြီးတစ်အိမ်မှာ ချုပ်နှောင်ထားပြီး အဲဒီအိမ်ကြီးရဲ့ တံခါးအဖွင့်အပိတ်နေရာမှာ သံကြိုးနဲ့ သော့ခလောက် တပ်ထားပါတယ်။ နောက်တစ်နေ့ နေမြင့်ချိန်မှာ ကရင်အဘိုးကြီးတွေ ထမင်းလာပို့တယ်။ ရွာမှာ လူငယ်တွေမရှိတော့ကြောင်း၊ KNDO က စစ်သားလုပ်ဖို့ ခေါ်သွားကြောင်း၊ အခု ထမင်းဟင်းတွေဆိုတာလည်း သူတို့ရှိစုမဲ့စုနဲ့ လာပို့တာဖြစ် ကြောင်း၊ KNDO က ဘာမှမပေးကြောင်း ပြောပြပါတယ်။ ထမင်းဟင်းတွေက တစ်နေ့တခြား ညံ့ဖျင်း လာပါတယ်။ ဆားနဲ့ငရုတ်သီး ထပ်တောင်းရင် မပေးနိုင်တော့လောက်အောင် ဆင်းရဲကြပါတယ်။
'ဆန်သည် ဆန်လုံးမပျက်ရုံမျှသာရှိပြီး ပိုးကောင်နှင့် ဖွဲမှုန်တို့ဖြင့် ရောထွေးလျက်ရှိ၏။ ဆန်အရ သာ လုံးဝမရှိ။ လျှာပေါ်တင်လိုက်သည်နှင့် ဝါးရန်မလို ဘဲ အလိုလို ကြေသွား၏။ လူတစ်ယောက်ကို ထမင်းအဖြစ် ငါးဆုပ်ခန့်သာ စားရသည်။ ဗမာစစ်ဗိုလ်များ ရေချိုးပြီဆိုလျှင် သူတို့တစ်တွေ(ကရင်အဘိုး ကြီးတွေ) အလုပ်ပျက်ခံပြီး စောင့်ကြရ၏။ အချုပ်ထဲမှာ လူများကို ငါးယောက်၊ ခြောက်ယောက်စီ ထုတ်ကာ တောင်ခြေရှိ ချောင်းငယ်မှာ ရေချိုးစေ၏။ ချောင်းကလည်း မိုးတွင်း ဆိုလျှင် ရေတသွင်သွင်စီး မည်ဖြစ်သော်လည်း ဗမာအကျဉ်းသားစစ်ဗိုလ်များ ရောက်စနွေရာသီ၌ ရေကွက်ကြား စုနေသော ရေအိုင်ကလေးများရှာပြီး ရေချိုးရန် စီစဉ် ကြရ၏။' (စာ-၁၁၄)
တောင်ဆင်းတောင်တက်လမ်းကလည်း ကတ်သီးကတ်သတ် တက်ရဆင်းရနဲ့၊ ရွာသားများ လည်း မသက်သာ၊ ရေချိုးနေတာလည်း စောင့်ကြည့်ရ၊ ချိုးပြီး တော့လည်း ပြန်ပို့ရနဲ့၊ ချောင်းစပ်ကနေ အပေါင်ဆိုင် တရုတ်က ထွက်ပြေးလေရာ KNDO ဗိုလ်ကြီး စောထွန်းလှက ပစ်သတ်လိုက်ပါရော၊ အဲဒီ နောက် ဗမာစစ်ဗိုလ် အကျဉ်းသားများလည်း ရေချိုးခွင့်မရကြတော့။ အစား အသောက်များလည်း တစ်နေ့တခြား ပိုပြီးညံ့ဖျင်းလာ၊ ဒါပေမဲ့ စိတ်ဓာတ်မကျ။
'ဝါးပိုးဝါးထောင်ထဲတွင် တစ်နှစ်နှင့် သုံးလနီးပါး ဆင်းဆင်းရဲရဲ နေရစားရသဖြင့် ဗမာစစ်ဗိုလ်အားလုံးက ထောင်မှလွတ်မည့်ရက်ကိုသာ မျှော်မှန်းနေကြ သည်။ အချင်းချင်းလည်း လွတ်ရာလွတ်ကြောင်း နည်းလမ်းကောင်းများကို တစ်ခါတစ်ရံ ဆွေးနွေးကြသည်။ အမှန်မှာ ဝါးပိုးဝါး ထောင်သည် ကြီးမားသော အဆီးအတားမဟုတ်ပေ။ ဝါးချပ်ပြားများကို ဝါးလုံးတန်းများအ ထက်နှင့်အောက် ညှပ်၍ နှီးဖြင့် တုပ်ထားခြင်းသာဖြစ်သည်။ တစ်နှစ်ကျော်လာပြီဖြစ်သဖြင့် ဆွဲဖြဲလိုက်လျှင် လွယ်လွယ်ထွက်၍ရသည်။ သို့သော် တောင်တန်းတစ်လျှောက် ဟိုတစ်စု သည်တစ်စုရှိနေသော ကရင်ရွာများကို ဖြတ်ကျော်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။' (စာ-၁၂၇)
ထောင်စောင့်မိသားစု၊ ပြီးတော့ ထောင်မှူး 'အဇစ်'တို့ကလည်း အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။ ထောင်ဖောက်တာကို သိတာနဲ့ တစ်ရွာလုံးကြားအောင် သံချောင်းခေါက်မှာပါ။ အဲဒီမှာ ကရင်သူပုန် စစ်သားတွေ လက်နက်ကိုယ်စီနဲ့ အပြေးရောက်လာပြီး ဝိုင်းပတ်ပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးကြမှာ သေချာပါတယ်။ ဒီတော့ ဘယ်သူကမိမိတို့ကို လာကယ်လေမလဲ။ 'အစိုးရ၏ လက်ရှိတပ်အင်အားနှင့် စစ်ဆင်ရေးလုပ်ရမည့် တာဝန်က မမျှမတရှိနေဆဲ။'လို့ ဆိုပါတယ်။ အဲဒီအချိန်မှာပဲ ကံအားလျော်စွာ ဗိုလ်မှူးကြီးစောမြင့်(မှူးသမိန်)ဟာ တောင်ငူတပ်မဟာ(၂)ရဲ့ တပ်မဟာမှူးဖြစ်လာပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က တောင်ငူထောင်ကခေါ်ဆောင်သွားသော တိုင်းမှူးနှင့်အဖွဲ့အတွက် စိတ်ပူနေရဆဲဖြစ် ကြောင်း ပြောတဲ့အခါ ဗိုလ်မှူးကြီးစောမြင့် ဘာလုပ်ရမည်ကို သိလိုက်ပေပြီ။ တိုင်းမှူးနှင့်အဖွဲ့ကို ကယ်ရမည် အင်အားမရှိသဖြင့် လူနည်းနည်းဖြင့် ကွန်မင်ဒိုစစ်ဆင် ရေးနည်းဖြင့်သာ ကယ်တင်နိုင်ပေမည်။
အဲဒီစစ်ဆင်ရေးဟာ တိုက်ခိုက်ရေးသမား ခြောက်ဦးသာ ပါဝင်ခဲ့ပေမယ့် အလွန်အင်မတန် ပြင်း ထန်ခဲ့တယ်။ အဲဒီခြောက်ဦးအနက် အရပ်သား စောဘ ရီနှင့် တပ်သားစိုးမြင့်တို့ဟာ စွမ်းရည်သတ္တိ ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ 'အောင်ဆန်းသူရိယ'ဘွဲ့ချီးမြှင့်ခံရပြီး ကျန်တဲ့လေးဦးက ဒုတိယအမြင့်ဆုံး ဖြစ်တဲ့ 'သီဟသူရဘွဲ့' ချီးမြှင့်ခံကြရပါတယ်။ ယနေ့အထိ နိုင်ငံတော်မှာ အောင်ဆန်းသူရိယဘွဲ့ရသူ ခြောက်ဦးမျှသာ ရှိခဲ့ရာ အဲဒီ ကွန် မင်ဒိုစစ်ဆင်ရေးတစ်ခုတည်းက အောင်ဆန်းသူရိယဘွဲ့ နှစ်ခု ဆွတ်ခူးသွားရာ တိုက်ပွဲဝင်တို့ရဲ့ စွမ်းရည်သတ္တိဟာ အတုမရှိလို့ ဆိုလောက်ပါပေတယ်။ ( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )