ခြေလှမ်းမှားသွားတဲ့ NUG

၂၀၂၄ ဇန်နဝါရီ ၁၂
    နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံခြားရေးမူဝါဒသည် အရေးပါသည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ တက်လာသည့် အစိုးရတိုင်းသည် ကိုယ်သန်ရာသန်ရာ နောက်ကို လိုက်တတ်သည့် သဘာဝရှိသည့်အတွက် ကိုယ့်နိုင်ငံ၏ကျင့်သုံးမည့်စနစ်၊ သဘာဝ၊ အခြေအနေများအပေါ် လိုက်၍ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကိုင်စွဲထားလေ့ရှိ ကြပါသည်။ တချို့နိုင်ငံများတွင် နိုင်ငံခြားရေးမူဝါဒကို အစိုးရအဖွဲ့ ဥပဒေမှာ ထည့်သွင်းထားတတ်ကြပြီး တချို့ နိုင်ငံများတွင် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းအတည်ပြုထားကြပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထည့်သွင်းအတည်ပြုထားခြင်းသည် ပြည်သူလူထု၏ သဘောထားပါ ရယူထားခြင်းဖြစ်သည့်အတွက်  အစိုးရကသော်လည်းကောင်း၊ လွှတ်တော်ကသော်လည်းကောင်း လွယ်လင့်တကူပြောင်းလဲ၍မရနိုင်ပါ။
    မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းထည့်သွင်းဖော်ပြ ထားပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခဲဥပဒေ၊ အခန်း(၁)နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ(၄၁)တွင် "နိုင်ငံတော်သည် လွတ်လပ်၍တက်<ကပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်"ဟူ၍ ဖော်ပြ ပါရှိပါသည်။ နိုင်ငံခြားရေးမူဝါဒနှင့် ဆက်စပ်လျက်ရှိ သည့် ပုဒ်မ ၄၂ တွင် "(က) နိုင်ငံတော်သည် မည်သည့် နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြု၊ (ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့် မပြု"ဟူ၍ ဖော်ပြထားပါသည်။
    နိုင်ငံခြားရေးမူဝါဒကို မည်သို့ပင်သတ်မှတ်ထားစေကာမူ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးသည် လက်ဝဲဝါဒနှင့် အမျိုးသားရေးအမြင် နီးစပ်သည့် နိုင်ငံများအချင်းချင်း၊ လစ်ဘရယ်နှင့် လူ့အခွင့်အရေးအကြောင်းပြပြီး အရင်းရှင်စနစ် အားသန်သည့် နိုင်ငံများ အချင်းချင်း ဆက်ဆံသည့်အပေါ်တွင်လည်း အနည်းနှင့်အများ မတူညီသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် လည်း နိုင်ငံခြားရေးမူဝါဒမည်သို့ပင် ထားရှိစေကာမူ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး၊ အမေရိကန်ပြည်ထောင်စု နှင့် ဆက်ဆံရေးသည် တန်းတူဖြစ်မနေသည်ကိုတွေ့ရ မှာဖြစ်ပါသည်။ မူဝါဒအရ ဘက်လိုက်မှုမရှိသော်လည်း ဆက်ဆံရေးအရ ပုဂ္ဂိုလ်ခင်လို့ တရားမင်သည့်သဘောတော့ တွေ့ရမှာဖြစ်ပါသည်။ အထူးသဖြင့် သဘာဝချင်း မတူသည့် အစိုးရအပြောင်းအလဲများမှာ အမေရိကန်နှင့် ဆက်ဆံရေးကတစ်မျိုး၊ တရုတ်နှင့်ဆက်ဆံရေးက တစ်မျိုး ဖြစ်နေသည်ကို တွေ့ရမှာဖြစ်ပေသည်။
    မြန်မာနိုင်ငံ၏ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအချင်းချင်း၊ အုပ်စုအချင်းချင်းဖြစ်သည့် အငြင်းအခုံကိစ္စရပ်များမှာ ဘက်အနေဖြင့်မမြင်ဘဲ  အမှားအမှန်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခြင်း၊ ကမ္ဘာပေါရှိ တူရာဖွဲ့စည်းသည့ စစ်အုပ်စု၊ နိုင်ငံရေးအုပ်စုများတွင် ပါဝင်မှုမပြုခြင်းများဖြင့် မည်သည့်နိုင်ငံ၊ မည်သည့် အုပ်စုနှင့်မဆို လွတ်လပ်စွာမိတ်မပျက် ပေါင်းသင်းဆက် ဆံနိုင်သည့် အခွင့်အရေးများကို ရယူလိုသည့်အတွက် ဖြစ်ပါသည်။ သို့သော် ထိုသို့လွတ်လွတ်ကင်းကင်းနေ ထိုင်သော်ငြား လက်ရှိ ပထဝီနိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် လက်ဝဲလက်ယာ အားပြိုင်နေကြသည့် နိုင်ငံရေး ပြဿနာ၏ကြားတွင် ရောက်ရှိနေသည်မှာ အတော်ပင် ကံဆိုးသည်ဟု ဆိုရပေလိမ့်မည်။ နှစ်နိုင်ငံကြားမှာ မိတ်မပျက် ဆက်ဆံသော်ငြား ကြာလာသည်နှင့်အမျှ နှစ်ဖက်လုံး၏ သံသယရှိမှု၊ လွှမ်းမိုးမှုများကြုံနေရသည်ကိုတွေ့ရမှာ ဖြစ်ပါသည်။ ထိုအကျိုးဆက်များအရ ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် သွေးကွဲမှုနှင့် လက်နက်ကိုင် လမ်းစဉ်များအပေါ်မှာ သူ့ဘက်ကိုယ့်ဘက်၊ သူ့လူကိုယ့် လူမွေးမြူခြင်းခံရသည့် အကျိုးသက်ရောက်မှုများ ကြုံတွေ့နေရပေသည်။
    မြန်မာ-တရုတ်ဆက်ဆံရေး၊ မြန်မာ-အမေရိ ကန်ဆက်ဆံရေးသည် မြန်မာ့နိုင်ငံရေးမှာ အတော်ပင်အရေးပါသည့် အခန်းကဏ္ဍမှာရှိနေပါသည်။ မြန်မာနိုင်ငံသည် အမေရိကန်၏ အကူအညီပေးမှု၊ အမေရိကန်၏ ဖိအားပေးမှုများခံခဲ့ရသလို တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှု၊ ဖိအားပေးမှုများလည်း လက်တွေ့ခံစားခဲ့ရပြီးဖြစ်ပါသည်။ ဤပြဿနာသည် နိုင်ငံကြီးနှစ်နိုင်ငံ၏ အားပြိုင်မှုကြားမှာရောက်ရှိနေသည့် နိုင်ငံငယ်လေးများတွင် ကြုံတွေ့ရသည့် ပြဿနာသာဖြစ်ပါသည်။ ထိုအခြေအနေ သဘာဝများအရ မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာဆုတ်ကိုင်ပြီး ရပ်တည်နေထိုင်ခဲ့သည့်အတွက် ပြည်တွင်းမှာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း အင်အားကြီးနိုင်ငံကြီးများ၏ လွှမ်းမိုးချုပ် ကိုင်ခြင်းကိုမခံရဘဲ လွတ်လပ်သည့်အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ် ရပ်တည်နေနိုင်ခဲ့ပေသည်။ 
    မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးအရ အတော်များများ လက်ခံထားကြသည်မှာ တပ်မတော်နှင့် အမျိုးသားရေးစိတ်ရှိသူများက တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပါအဝင် လစ်ဘရယ်လိုလားသူများက အမေရိကန်ဘက် ကို ယိမ်းကြသည်ဟု သိရပါသည်။ တကယ်တမ်း ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းမှာ ဖြစ်ပွားခဲ့သည် အခြေအနေကိုကြည့်လျှင် NLD နှင့် NLDလိုလားသည့် လစ်ဘရယ်အုပ်စုက ဖွဲ့စည်းခဲ့သည့် NUG ကို အမေရိကန်က အကူအညီပေးနေတာ၊ Burma Act ဥပဒေ ပြုစုပေးခဲ့တာ၊ မြန်မာသံတမန်များအပေါ်မှာ အမေရိကန်နိုင်ငံက ဆက်ဆံခဲ့တာတွေကိုကြည့်လျှင် NUG နှင့် အမေရိကန်၏ ဆက်ဆံရေးကို ထင်ရှားစွာတွေ့မြင်နိုင်မှာ ဖြစ်ပါသည်။ 
    ထို့အပြင် အမေရိကန်နိုင်ငံအတွင်းမှာ NUG နှင့် PDF တို့အတွက် ပြောင်ပြောင်တင်းတင်း အလှူခံနေကြတာ၊ လက်ရှိ မြန်မာအစိုးရအပေါ် ပြောင်ပြောင် တင်းတင်း ဝေဖန်ပုတ်ခတ်လှုံ့ဆော်နေကြတာ၊ ဒလန်ရှင်း လင်းရေးအကြောင်းပြ အကြမ်းဖက်လူသတ်သည့် လုပ်ငန်းများ ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံအတွင်းကနေပြီး မြှောက်ပေးနေတာ၊ အမေရိကန်နိုင်ငံအတွင်းမှာNUG အဖွဲ့ဝင်များကို လွတ်လပ်စွာ လှုပ်ရှားသွားလာ ခွင့်ပြုပြီး အမေရိကန်နိုင်ငံက Institution များနှင့် ချိတ်ဆက်နိုင်အောင် ခွင့်ပြုထားတာ၊ အမေရိကန် နိုင်ငံအတွင်းက အွန်လိုင်းဆက်သွယ်ရေးစနစ်ကို အသုံးပြုပြီး  မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့များကို ငွေကြေးအလှူခံ ထောက်ပံ့ပေးနေတာတွေကို အမေရိကန်အစိုးရက မသိကျိုး ကျွန် ခွင့်ပြုထားတာတွေဟာ အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ထားသည့် သဘောထားပဲ ဖြစ်ပါသည်။ သူ့လိုလားချက်နှင့် သူ့ဘက်ကပါသည့် သူများကို အထင်အရှားထောက်ပံ့ပေးနေတာပဲ မဟုတ်ပါလား။ 
    ထိုအခြေအနေ ဆက်ဆံရေးမျိုးရှိသည့် NUG သည် ထူးဆန်းအံ့သြစရာကောင်းသည့် နိုင်ငံခြားရေးနှင့် သံတမန်ဆက်ဆံရေး အပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့တာ သတိထားမိပါသည်။ ၂၀၂၄ ခုနှစ် နှစ်သစ် ဇန်နဝါရီလ ၁ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ချက် (၁/၂၀၂၄) အဖြစ် 'အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား'ခေါင်းစဉ်ပါ သတင်းထုတ် ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့တာတွေ့ရပါသည်။ ထိုထုတ်ပြန်ချက်က NUG ယာယီသမ္မတ လရှီးလ အပါအဝင် အဖွဲ့ဝင်အားလုံး၏ ဆွေးနွေးသဘောတူညီချက်လား၊ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဇင်မာအောင်၏ သဘောထားလား၊ သို့မဟုတ် လက်ရှိရှမ်းပြည်(မြောက်ပိုင်း)မှာ ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ်အခြေခံပြီး တပ်မတော်နှင့် တရုတ်နိုင်ငံတို့၏ဆက်ဆံရေးကို ခလောက်ဆန်ချင်လို့လား ဆိုသည်ကိုတော့ ခန့်မှန်းရခက်ပါသည်။ ထိုမူဝါဒ သဘောထားများသည် တရုတ်နိုင်ငံဘက်ကကြည့်လျှင် သည်းခြေကြိုက်လောက်အောင် လိုက်လျောထားတာ တွေ့ရပါသည်။
    တပ်မတော်အစိုးရ ဦးဆောင်ရေးဆွဲပေးထားသည့် ၂၀၀၈ ခုနှစ်အခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒ ကိုအခြေခံထားပြီး တရုတ်အစိုးရနှင့် တပ်မတော်အစိုးရ အပါအဝင် ခေတ်အဆက်ဆက်က သုံးနှုန်းထားသည့်ဆွေမျိုးပေါက်ဖော် အသုံးအနှုန်း၊ ချစ်ကြည်ရေးအသုံး အနှုန်းများကို လှိုင်လှိုင်သုံးထားတာ တွေ့ရပါသည်။ စိတ်ဝင်စားစရာကောင်းသည့် မူဝါဒနှစ်ခုသတိထားမိပါ သည်။ အမှန်တကယ်ပဲ ပြောင်းလဲချမှတ်လိုက်ပြီလား၊ အကြိုက်လိုက်ပြောသလားဆိုတာကိုတော့ ဇင်မာအောင် အသိဆုံးဖြစ်ပါလိမ့်မည်။ 
    ထုတ်ပြန်ချက် စာပိုဒ်(၄)မှာ 'တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်'ဟုရေးသားထားသည်ကို တွေ့ရပါသည်။ ထိုမူဝါဒသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီသော်လည်း အမေရိကန်အစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလား။ စာပိုဒ်(၅)မှာ 'တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့် ပြည်သူ့ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန်ချစ် ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန်မြှင့်တင် ဆောင်ရွက်သွားမည်'ဟု ဆိုထားပြန်ပါသည်။ ခေတ်အဆက်ဆက် အထူးသဖြင့် တပ်မတော် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံပြည်သူနှင့် တရုတ် နိုင်ငံအစိုးရကို ပြစ်တင်ဝေဖန်ရှုတ်ချခဲ့သူများက ယခု အချိန်မှာ ဤစကားဆိုခြင်းသည် ယုံကြည်စရာရှိနိုင်ပါ့မလား။ 
    ထို့အပြင်ထုတ်ပြန်ချက် အပိုဒ်(၇)တွင် 'နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို မျှော်ရည်လျက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီး ပွားရေးလုပ် ငန်းများ၏လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်'။ အပိုဒ် (၉) တွင် ]၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံနယ်နိမိတ်စာချုပ်များအပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူဆက်ခံမည်'ဟူ၍ ဆိုထားသည်ကိုတွေ့ ရပါသည်။ ဒီသဘောထားအတိုင်း အမှန်တကယ် NUG မှာရှိလျှင် တရုတ်နိုင်ငံက ဝမ်းပမ်းတသာ ကြိုဆိုနေမှာပါ။ အမျိုး သားလုံခြုံရေးအတွက်လည်း များစွာအထောက်အကူပြုမှာပါ။ ယခုအချိန်မှာ  NUG ဟာ တော်လှန်ရေးအစိုးရဖြစ်နေလို့ လောက်လောက်လားလား မဆက်ဆံပေမယ့် တော်လှန်ရေးအောင်မြင်လို့ တရားဝင်အစိုးရဖြစ်တဲ့အခါမှာ ကိုရွှေတရုတ်တို့က ဒီအချက်အလက်တွေကို ကိုင်တွယ်ထောက်ပြပါလိမ့်မည်။ တကယ်ပဲ ဒီမူဝါဒမှန်သလား။ တကယ်ပဲပြောင်းလဲခဲ့ပြီလားဆိုတာ NUG က တာဝန်ခံနိုင်ပါ့မလားမသိ။ တရုတ်က သူ့ သိက္ခာအတွက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်တောင်းမှာ သေချာနေတာကို သိသိကြီးနှင့် ဒီလိုကတိပေးပြီဆိုတော့ NUG ၏ အနောက်မျှော်ဝါဒပြောင်းလဲ သွားပြီလား။ တကယ်ပဲ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကိစ္စကို သဘောတူခွင့်ပြုမှာလား၊ ဒါမှမဟုတ် ဇင်မာအောင် ဘုမသိဘမသိနှင့် ထင်ရာမြင်ရာ လျှောက်ပြောနေတာလားဆို တာကိုတော့ မပြောတတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဇင်မာအောင်နှင့်ပတ်သက်ပြီး NUG လူကြီးပိုင်းက 'ဇင်မာအောင်မှာ အားမှမရှိတာ၊ ဇင်မာအောင်အားနဲ့မရဘူး' ဆိုသည့် စကားအရလို့ ဆိုရပါလိမ့်မည်။

ဇော်နိုင်
 ( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၅၁) တွင်ပါရှိသော ဆောင်းပါးအားတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 335

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.