ခွန်ဆာနှင့် 'ဝ'တပ်ဖွဲ့ကြားက မူးယစ်ဆေးဝါး သံသရာ

၂၀၂၄ ဖေဖော်ဝါရီ ၁၂
     ၂၀၁၉ ဒီဇင်ဘာမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာမောင်မောင်စိုးရဲ့ 'ကျိုင်းတုံစစ်တမ်း' စာအုပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအကြောင်း သုံးသပ်ဖော်ပြထားပါတယ်။ တိုင်းရင်းသားမဟုတ်ဘဲ ရှမ်းပြည်နယ်ထဲ ကျူးကျော်ဝင် ရောက်လာပြီး တိုင်းရင်းသားတပ်ဖွဲ့တွေကို ကြိုးကိုင်ခြယ်လှယ်ခဲ့တဲ့ တရုတ်ဖြူ(KMT)တွေရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းများအကြောင်းလည်း တစေ့တစောင်း တင်ပြထားပါတယ်။ ရှမ်း၊ လားဟူ၊ 'ဝ'၊ ပအိုဝ်းဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြောင်းကို အဓိကဇောင်းပေး ရေးသားထားပါတယ်။ ရှမ်းအရှေ့နဲ့ ရှမ်းတောင် ထိုင်းနယ်စပ် အထိရောက်လာတဲ့ 'ဝ'တပ်ဖွဲ့များအကြောင်း ကိုလည်း လေ့လာသုံးသပ်ထားပါတယ်။
    ရှမ်းစော်ဘွားများခေတ်နဲ့ ၁၉၄၈ လွတ်လပ် ရေးရပြီးချိန်မှာ ရှမ်းအရှေ့တွင် 'ဝ'လူမျိုး အနည်းငယ်သာရှိခဲ့ပါတယ်။ 'ဝ'နဲ့ 'ဝ'တပ်ဖွဲ့တွေအကြောင်း ပြောပြီဆိုရင် ဘိန်းနဲ့ မူးယစ်ဆေးဝါးဟာ ကျွဲကူးရေပါ အတူယှဉ် တွဲပါလာစမြဲ ဖြစ်ပါတယ်။ ဒီနေ့ ရှမ်းတောင်၊ ရှမ်းအရှေ့မှာ တွေ့နေရတဲ့ 'ဝ'လူမျိုး တွေဆိုတာ 'ဝ'နယ်မြောက်ပိုင်းက ပြောင်းရွှေ့လာသူတွေ ဖြစ်ပါတယ်။
    'ဝ'နယ် မြောက်ပိုင်း (ယခု 'ဝ'တပ်ဖွဲ့များထိန်းချုပ်ထားရာ နယ်မြေ)သည် လွတ်လပ်ရေး ခေတ်ဦးကာလပိုင်းအထိ ဒေသခံစော်ဘွားများနှင့် ကာကွယ်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေ ဖြစ်သည်။ ပြည်မအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်မရှိပေ။ ၁၉၄၉ တရုတ်ကွန်မြူနစ်တို့ အာဏာရပြီး နောက် ၁၉၅၀ ပြည့်နှစ်တွင် ကူမင်တန်များသည် 'ဝ'နယ်မြေမြောက်ပိုင်းအားဖြတ်၍ ရှမ်း ပြည်နယ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။ ကူမင်တန်များသည် 'ဝ'ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကြသည်။ တစ်ချိန်တည်းတွင် ကူမင်တန်များ ဝင်ရောက်လာပြီးနောက် ကူမင်တန်တို့၏ ဘိန်းကုန်ကူးမှု လိုအပ်ချက်အတွက် တွန်းအားပေးမှုကြောင့် 'ဝ'ဒေသတွင် ဘိန်းအမြောက်အမြား စိုက်ပျိုးခဲ့ကြတော့သည်။'
    'ထိုဒေသတွင် မြန်မာအစိုးရတပ်များလည်း မရှိပေရာ ကူမင်တန်တို့အား လိုက်လံတိုက်ခိုက်သော တရုတ်လွတ်မြောက်ရေး တပ်မတော် (PLA)သည် 'ဝ' မြောက်နမ့်ခချောင်းဘေးတစ်လျှောက် ဝင်ရောက်တပ်စွဲခဲ့သည်။ ၁၉၅၈ ခုနှစ် မြန်မာ-တရုတ်နယ်စပ် တိုင်းထွာပြီးသည့်နောက်တွင်မှ တရုတ်လွတ်မြောက်ရေး တပ်မတော်၏ တပ်ဖွဲ့များ တရုတ်ပြည်တွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မြန်မာအစိုးရက မိုင်းမောဒေသသို့ စစ်ရဲတပ်ခွဲတစ်ခွဲ စတင်စေလွှတ်ခဲ့သည်။ သို့သော် ကျယ်ပြန့်သော 'ဝ'ဒေသအား အဆိုပါတပ်ခွဲတစ်ခွဲဖြင့် ထိန်းသိမ်းနိုင်စွမ်းမရှိပေ။ ထိုဒေသတွင် စိုးမိုးနေသည်မှာ 'ဝ'ကာ ကွယ်ရေးတပ်ဖွဲ့များဖြစ်သည်။ 'ဝ'ကာကွယ်ရေးတပ်ဖွဲ့များသည် နယ်မြေအလိုက် စိုးမိုးထားကြသည်။ ၎င်း 'ဝ'ကာကွယ်ရေးတပ်ဖွဲ့များသည် တစ်ဖက်ကလည်း အစိုးရနှင့် ဆက်စပ်ပတ်သက်မှုရှိသကဲ့သို့ တစ်ဖက်တွင်လည်း ကူမင်တန်နှင့် တိုက်ခိုက်မှုမရှိဘဲ 'ဘိန်းအရောင်းအဝယ်'အား အတူတွဲ၍ လုပ်ကိုင်ခဲ့ကြသည်။ ၁၉၅၀ နောက်ပိုင်းမှစ၍ 'ဝ'ကာကွယ်ရေးတပ်အချို့သည် ရှမ်းအရှေ့ထိုင်း နယ်စပ်သို့ ကူမင်တန်တပ်များနှင့် ဆက်စပ်၍ ဘိန်းအရောင်းအဝယ် ပြုလုပ်ရန်နှင့် လက်နက်ဝယ်ရန်အတွက် စတင်ရောက်ရှိခဲ့သည်။' (စာ-၁၇၉)
    'ဝ'ဒေသအတွင်းမှာ 'ဝ'ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကူမင်တန်တပ်တို့၏ အခွန်အကောက်ကြီးမြင့်မှုနဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတို့ကြောင့် 'ဝ' ပြောက်ကျားတပ်ဖွဲ့များ ၁၉၆၆ ခုနှစ်ကစပြီး ပေါ်ပေါက်လာခဲ့ပါတယ်။
    '၁၉၆၆ ဇွန်လတွင် ပေါက်ယိုချမ်း၊ ပေါက်စပ်ပန်းတို့ ဦးစီး၍ 'ခွင်မား' ပြောက်ကျားတပ်၊ ၁၉၆၇ မေလတွင် အိုက်ခေး၊ အိုက်ခလုံးတို့ ဦးစီးသည့် 'အိုက်ချိန်' ပြောက်ပျားတပ်၊ ၁၉၆၈ တွင် လူရှင်းကော့ ဦးစီးသည့်  'ဟူစွမ်' ပြောက်ကျားတပ်၊ ၁၉၆၉ မှာ ကျောက်ညီလိုင် ဦးစီးသည့် 'ပန်ဝိုင်' ပြောက်ကျား တပ်တို့ အသီးသီးပေါ် ပေါက်လာပြီး ဗိုလ်ကျနေသော နယ်ခံကာကွယ်ရေးများအားလည်းကောင်း၊ ကူမင်တန်အားလည်းကောင်း၊ အစိုးရတပ်အားလည်းကောင်း ပုန်ကန်တိုက်ခိုက်ခဲ့ကြသည်။' (စာ-၁၇၉)
    အဲဒီတပ်တွေကို ၁၉၆၈ ကစပြီး ဗကပက စည်းရုံးသိမ်းတွင်းကာ ဗကပရဲ့ 'ဝ'အရှေ့မြောက်စစ် ဒေသအဖြစ် ဖွဲ့စည်းပေးခဲ့ပါတယ်။ 'ဝ'ပြောက်ကျားတပ်ဖွဲ့တွေဟာ ဗကပတပ်ဖွဲ့အဖြစ် ကူးပြောင်းပြီး တစုတစည်းတည်း အင်အားကြီးမားလာခဲ့ရာ ကူမင်တန်တပ်တွေကို ယှဉ်ပြိုင်လာနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကူမင်တန်တွေ 'ဝ'နယ်မှ ဆုတ်ခွာသွားကြပါတယ်။ 'ဝ'ပြောက်ကျားတွေက ဗကပနဲ့ ပေါင်းသွားသလို 'ဝ'ကာကွယ်ရေးတပ်တွေကတော့ အစိုးရတပ်နဲ့ နားလည်မှုယူထားပါတယ်။ ၁၉၇၁ ဧပြီ ၃၀ မှာ ဗကပက မိုင်းမောကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ 'ဝ'ကာကွယ်ရေးတပ်တွေဟာ အစိုးရတပ် များနှင့်အတူ ဟိုပန်သို့ ဆုတ်ခွာခဲ့ကြပါတယ်။ ('ဝ'တွေ ဟိုပန်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပါတယ်။)
    'ဝ'ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အစိုးရတပ်နဲ့ ကူမင်တန်တပ်နှစ်ဖက် ခွချက်ထားတာ ဖြစ်ပါတယ်။ ကူ မင်တန်နဲ့ အဆက်အစပ်ရှိတဲ့ 'ဝ'ကာကွယ်ရေးတပ်အချို့ဟာ ရှမ်းအရှေ့ ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့ဝင်ရောက် လာခဲ့ပါတယ်။ ၁၉၇၃ ဖေဖော်ဝါရီလ ၆ ရက်မှာ အစိုးရ တပ်မတော်က ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းလိုက်တဲ့အခါ 'ဝ'ကာကွယ်ရေးတပ်ဖွဲ့အချို့ဟာ တန့်ယန်း နယ်မှတစ်ဆင့် ရှမ်းအရှေ့ ထိုင်းနယ်စပ်ကို ထပ်မံဝင်ရောက်လာကြပြန်ပါတယ်။ ရှမ်းအရှေ့ ထိုင်းနယ်စပ်ကို ဝင်ရောက်လာတဲ့ 'ဝ'တပ်ဖွဲ့လေးဖွဲ့ရှိပါတယ်။ အိုက်ရှောက်စစ်ခေါ် အိုက်ရှေးခေါင်းဆောင်တဲ့ အင်အား ၇၀၀ ပါ အဖွဲ့၊ ပူလိုင်အို ဦးဆောင်တဲ့ အင်အားနှစ်ရာ ကျော်ပါအဖွဲ့၊ ဗင်းငင်းစော်ဘွား မဟာခေါင်ရဲ့သား မဟာစန်းဦးဆောင်တဲ့ အင်အားနှစ်ရာခန့် အဖွဲ့တို့ဖြစ်ပါတယ်။ စတုတ္ထမြောက် အဖွဲ့ကတော့ တရုတ်ပြည် ချွမ်းရယ်ဒေသမှ 'ဝ'မြောက်ရှိ မန်ဒရူးမှသည် တန့်ယန်းမြောက်ဘက် နန့်ဖာလင်သို့ ပြောင်းရွှေ့လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီ တရုတ်'ဝ'တွေကို တင်စစ်ရုံဦးဆောင်လာ ခဲ့တာဖြစ်ပြီး အင်အား နှစ်ရာခန့်ရှိပါ တယ်။ အဲဒီ 'ဝ'တပ်ဖွဲ့လေးဖွဲ့နဲ့အတူ မိသားစုတွေပါ လိုက်ပါလာကြရာ 'ဝ'လူမျိုး ထောင်ချီပြီး ရှမ်း အရှေ့ ထိုင်းနယ်စပ်သို့ ဝင်ရောက်အခြေပြုလာတာ တွေ့ရပါတယ်။
    ၁၉၇၅ မှာ ထိုင်းနယ်စပ်ရှိ ထိုင်းကွန်မြူနစ်တွေကို အိုက်ရှောက်စစ်နဲ့ မဟာစန်းအဖွဲ့က ထိုင်းအစိုးရရဲ့ ခိုင်းစေချက်အရ တိုက်ပေးခဲ့ရပါတယ်။ 'ဝ'တပ်ဖွဲ့များဟာ ထိုင်းအစိုးရရဲ့ ကြေးစား တပ်များသဖွယ် တိုက်ပေးခဲ့ရ တာဖြစ်ပါတယ်။
    '၎င်းအဖွဲ့များသည် ရှမ်းအရှေ့ ထိုင်းနယ်စပ်တွင် ကူမင်တန်တပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ပြီး နေထိုင်ခဲ့ကြသည်။ ထိုင်းကွန်မြူနစ်တို့အား တိုက်ခိုက်ခြင်းနှင့် ဘိန်းအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ခြင်းတို့ဖြင့် ငွေကြေးရှာဖွေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ၎င်းအဖွဲ့လေးဖွဲ့ ပေါင်းပြီးWNO (Wa National Organization'ဝ'အမျိုး သားအစည်းအရုံး)ကို ဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ်ထင်စစ်ရုံ၊ ဒုဥက္ကဋ္ဌအဖြစ် အိုက်ရှောက်စစ်၊ မဟာစန်းနှင့် ကျောက်ဟန်ထန်ဖတို့က အဖွဲ့ဝင်များ ဖြစ်ကြသည်။ ထိုင်းနယ်စပ် ချင်းမိုင်၏ အနောက်မြောက်ဘက် မိုင်းပန်မြို့နယ်အတွင်း အခြေပြုခဲ့ကြသည်။ သို့သော် WNO သည် 'ဝ'ဒေသရှိ 'ဝ'များကို ကိုယ်စားပြု၍ 'ဝ'အမျိုးသားရေးကို ဆောင်ရွက်သည်ဟု ပြောဆိုရန် ခက်ခဲပါ သည်။ ၎င်းတို့သည် 'ဝ'နယ်မှ စွန့်ခွာထွက်ပြေးလာရသော 'ဝ'ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြပြီး ၎င်းတို့ ရပ်တည် ရှင်သန်ရေးအတွက် ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။' (စာ-၁၈၁)
    ဒါဟာ ၁၉၇၀ နောက်ပိုင်း ရှမ်းအရှေ့ ထိုင်းနယ်စပ်သို့ ထောင်နဲ့ချီပြီး 'ဝ'လူမျိုးတွေ ရောက်ရှိလာခြင်းရဲ့ ကနဦးအစ ဖြစ်ပါတယ်။ ၁၉၈၉ မှာ ဗကပကို 'ဝ'တွေ အာဏာသိမ်းခွဲထွက်ပြီး သီးခြား 'ဝ'တပ်ဖွဲ့ ထူထောင်ခဲ့ပါတယ်။ မူလ ထူထောင်စဉ်က UWSA/UWSP နာမည်နဲ့မဟုတ်သေး ပါဘူး။ 'ဝ'တွေ ဟာ 'မြန်မာပြည်အမျိုးသားသွေးစည်းညီညွတ်ရေးပါတီ (myanmar National Solidarity Party-MNSP) နဲ့ (Myanmar National Soli-darity Army-MNSA) အဖြစ် ဖွဲ့စည်းခဲ့ကြတာပါ။ (ဗကပ ကနေ 'ဝ'နဲ့တစ်ပြိုင်တည်း ခွဲထွက်ခဲ့တဲ့ ကိုးကန့်ကလည်း MNDAA (မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်)လို့ အမည်ပေးခဲ့ပါတယ်။ 'ဝ'ရော၊ ကိုးကန့်ပါ မိမိတို့ လူမျိုးနာမည်ကို မသုံးဘဲ မြန်မာလို့ခံယူသုံးစွဲခဲ့တာ ထူးခြားနေပါ တယ်။ နောက်ပိုင်းမှာ 'ဝ'က မြန်မာနာမည်မသုံးတော့ဘဲ UWSA အဖြစ် ပြောင်းလဲခဲ့ပေမယ့် ကိုးကန့် ကတော့ ယနေ့တိုင်အောင် MNDAA လို့ ခေါ်နေဆဲဖြစ်ပါတယ်။
    ' MNSP စတင်ဖွဲ့စည်းစဉ်က အထွေထွေအတွင်းရေးမှူး ဦးကျောက်နီလိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးဇော်မိုင်(ယခင်ဗိုလ်နော်ဆိုင်းတပ်မှ ရဲဘော်ဟောင်း)နှင့် အဖွဲ့ဝင်များအဖြစ် ဦးပေါက်ယိုချမ်း၊ ဦးလီစစ် ရို(တရုတ်လူမျိုး ဗကပဟောင်း)တို့ ခေါင်းဆောင်ကြသည်။ များမကြာမီမှာပင် 'ဝ'ပြည်သွေးစည်း ညီညွတ် ရေးပါတီနှင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) အဖြစ် အမည်ပြောင်း လဲခဲ့သည်။ ထို့နောက် တပ်များကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယခင်ဗကပတွေ နဲ့အတူ ရှမ်းပြည်နယ် (အလယ်ပိုင်း)မှာ ရောက်နေတဲ့ 'ဝ' တပ်ဖွဲ့တွေလည်း UWSA ဖြစ်လာကြပါတယ်။
    'ထိုကာလက ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်၊ လဲချားကားလမ်း အရှေ့ဘက်တွင် ခွန်ဆာ ၏ MTA (Mong Tai Army ဗမာပ-ရှမ်းပြည်တပ်မတော်) အင်အား သုံးထောင်ခန့်ရှိသည်။ အဓိကအားဖြင့် MTA အဖြစ် ပူးပေါင်းလိုက်သည့် မူလမိုးဟိန်း၏ SURA မှ တပ်များဖြစ်သည်။ ရှမ်းပြည်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ ဒေသခံများသည် ရှမ်း၊ ပအိုဝ်း၊ ဓနု စသည့် တိုင်းရင်းသားဒေသများဖြစ်ပြီး ဗကပ မှ ခွဲထွက်လာသည့် 'ဝ'တို့၏ မူရင်းဒေသ မဟုတ်ပေ။ MTA အနေဖြင့် ရှမ်းလူမျိုးအခြေခံသည်ဖြစ်ရာ ဒေသတွင်း စည်းရုံးရေး၌ MTA က တစ်ပန်းသာနေခဲ့သည်။' (စာ-၂၄၅)
    MTA ခေါင်းဆောင်ခွန်ဆာက 'ဝ'တပ်ဖွဲ့တွေကို စည်းရုံးသိမ်းသွင်းတဲ့နည်းနဲ့ စတင်ဖြိုခွဲပါတယ်။ 'ဝ'တပ်ဖွဲ့ UWSA ရဲ့ တပ်မှူးတွေဆိုတာလည်း ကိုးကန့်နဲ့ တရုတ်တွေဖြစ်နေတော့ သိမ်းသွင်းရတာ လွယ်ကူပါတယ်။ တပ်မ ၄၁၈ မှ တပ်ရင်းတစ်ရင်းကို ခွန်ဆာရဲ့ MTA က ခေါ်ဆောင်သွားရာက 'ဝ'နဲ့ ခွန်ဆာတို့ရဲ့ ပဋိပက္ခ စတင်ခဲ့ပါတယ်။ ခွန်ဆာရဲ့နောက်ကို တပ်ရင်းတစ်ရင်းလုံး ပါသွားပြီဆိုတော့ တပ်မ ၄၁၈ မှာ လူအင်အား အတော်လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီမှာ ပန်ဆန်း 'ဝ'နယ်မှ ရင်း ၃၀၃၅ ကို စေလွှတ်ပြီး အင်အားဖြည့်တင်းရာ ၎င်းင်းတပ်ရင်းကို MTA က ဆီးကြိုတိုက်ခိုက်ခဲ့ရာက 'ဝ'နဲ့ ခွန်ဆာကြား လက်နက်ကိုင်ပဋိပက္ခ  စတင်ဖြစ်ပွားခဲ့ပါတယ်။
    ၁၉၈၉ အောက်တိုဘာမှာ လဲချားနဲ့ မိုင်းနောင်ကြား လွယ်ပုံခေါက်တောင်ကြောမှာ 'ဝ'တပ်ဖွဲ့နဲ့ MTA တို့ကြား ကိုးရက်ကြာတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ 'ဝ'တပ်ဖွဲ့က ရင်း ၄၀၄၇ တစ်ရင်းလုံး တပ်မ ၄၁၈ ကို ပုန်ကန်ပြီး MTA နဲ့ ပေါင်းသွားခဲ့ပါတယ်။ တပရင်း ၅၀၂ မှ အချို့တပ်ဖွဲ့ဝင်များလည်း MTA
နဲ့ ပူးပေါင်းသွားပြီး တပ်ရင်း ၄၀၄၅ ဟာ နှစ်ခြမ်းကွဲသွားပါတယ်။ တစ်ခြမ်းက တပ်ရင်းမှူးနဲ့အင်အားတချို့ MTA နဲ့ ပူးပေါင်းသွားပြီး ဒုတပ်ရင်းမှူးနဲ့ အင်အား ၆၀ က ခိုလန်က အစိုးရတပ်မတော်ထံမှာ လက်နက်ချသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ UWSA မှ 'ဝ'ခေါင်းဆောင်များကို အမျက်ထွက်စေခဲ့ပြီး ရှမ်း (အရှေ့)ထိုင်းနယ်စပ်ရှိ MTA ဌာနချုပ် နယ်မြေအား 'ဝ'တပ်ဖွဲ့ဝင်များ အလုံးအရင်းနှင့် ဝင်ရောက်တိုက် ခိုက်ရန် အကြောင်းရင်းခံဖြစ်လာခဲ့ပါတယ်။ ရှမ်းမြောက်မှာ အစိုးရတပ်တွေနဲ့ ငြိမ်းချမ်းရေးယူနိုင်ခဲ့ပေမယ့် ရှမ်းအရှေ့ရဲ့ တောင်ဘက်ခြမ်းမှာ စစ်ပွဲအသစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ (စာ-၂၄၆-ရှု)
    ၁၉၉၀ မှာ UWSA 'ဝ'တပ်ဖွဲ့တွေ စုစုပေါင်း အင်အားတစ်သောင်းခန့်ဖြင့် ရှမ်းအရှေ့ ထိုင်းနယ်စပ်သို့ ဝင်ရောက်လာရာ ထိုင်းနယ်စပ်မှာ မူလရှိနှင့်ပြီးသား WNA တပ်ဖွဲ့ကလည်း UWSA နဲ့ ပူးပေါင်း လိုက်ပါတယ်။ UWSA ရဲ့ တပ်မှူးအများစုဟာ တရုတ်တွေ ဖြစ်နေပါတယ်။ စစ်မြေပြင်တစ်ခုလုံးကို တရုတ်စစ်ဗိုလ်ချုပ် ဗကပဟောင်း လီစစ်ရိုက ဦးစီးပါတယ်။ ဦးစီးအဖွဲ့မှာ ကျောက်ဝင်ကွမ်းနဲ့ ဝေရှောက်ကမ်းတို့လည်း ပါဝင်ပါ တယ်။
    'တပ်မ ၅၂၅ တပ်မမှူးဖြစ်သူ ဝေရှောက်ကမ်းမာ ထိုင်းနယ်စပ် စစ်မျက်နှာတွင် အရေးပါသူ ဖြစ်သည်။ ၎င်းတို့ မိသားစုအဆက်အနွယ်များသည် မူလက တရုတ်ပိုင်နက်အတွင်းရှိ 'ဝ'ဒေသတွင်နေ ထိုင်ကြသည်။ ၁၉၅၀ ပြည့်နှစ် တရုတ်ပြည်တွင် ရှုပ်ထွေးမှုများ ဖြစ်လာချိန် မြန်မာပြည် 'ဝ' ပြည်နယ် (မြောက်ပိုင်း) မန်ဒရူးကျေးရွာသို့ ပြောင်းရွှေ့လာခဲ့ကြပြီး ၁၉၇၀ ပြည့်နှစ် 'ဝ'နယ်သို့ CPB (ဗကပ) ဝင်ရောက်လာချိန်တွင် သံလွင်မြစ်အနောက် ဘက်ကမ်း၊ တန့်ယန်းမြောက်ဘက်သို့ ပြောင်းရွှေ့ပြီး နန် ဖာလင်ရွာတည်၍ နေထိုင်ခဲ့ကြသည်။ ခွန်ဆာ၏ လွယ်မော်(ကာကွယ်ရေးတပ်ဖွဲ့)တွင် ပါဝင်ခဲ့ပြီး ကြေးနန်းစက် တာဝန်ယူ၍ တန့်ယန်း၊ လွယ်မော်ခွင်အတွင်း လှုပ်ရှားခဲ့သည်။' (စာ-၂၄၇)
    ဝေရှောက်ကမ်းဟာ ခွန်ဆာရဲ့ လူရင်းလူယုံ ဖြစ်လာခဲ့ပြီး ခွန်ဆာရဲ့ SUA တပ်များနဲ့အတူ ထိုင်းနယ်စပ်သို့ ရောက်ရှိလာသူဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ခွန်ဆာရဲ့ အထင်လွဲခံရပြီး ဖမ်းဆီးခံရရာက လွတ်မြောက်လာချိန်မှာ ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်တစ်ဝိုက်မှာ လှုပ်ရှားခဲ့ပြီး ခွန်ဆာတပ်ဖွဲ့တွေကို လည်း ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဝေရှောက်ကမ်းဟာ WNO နဲ့ပူးပေါင်းခဲ့ပြီး မူးယစ်ရာဇာအဖြစ် ခွန်ဆာနဲ့အပြိုင် နာမည်ကြီးခဲ့ပါ တယ်။ ဒါကြောင့် အမေရိကန်အစိုးရက ဒေါ်လာနှစ်သန်း ဆုငွေထုတ်ပြီး ဖမ်းမိန့်ထုတ်ခံခဲ့ရတဲ့အထိ မူးယစ်ဆေးဝါး လောကမှာ နာမည်ကြီးခဲ့ပါတယ်။ ဝေရှောက်ကမ်းဟာ 'အနေအထိုင်သိုသိပ်ပြီး လျှို့ဝှက်စွာ နေထိုက်တတ်သူ ဖြစ်သည်။ ယနေ့အချိန်တွင် UWSA ထိပ်တန်း ခေါင်းဆောင်ပိုင်းတွင် ပါဝင်နေဆဲဖြစ်သော်လည်း ၎င်း၏ဓာတ်ပုံအား UWSA ၏ မှတ်တမ်းဓာတ်ပုံများ တွင် မတွေ့ရပေ။ ထိုစဉ်က တပ်မ ၅၂၅ တွင် ဝေရှောက်လုံ၊ ေ၀ ရှောက်ကမ်း၊ ဝေရှောက်ရင်ဟူ၍ ညီအစ်ကိုသုံးဦးတာ ဝန်ယူခေါင်းဆောင်ကြသော်လည်း ဝေရှောက်ကမ်းက ပို၍ထင်ရှားသူဖြစ်သည်။ ၁၉၉၀ မှစတင်သည့် ထိုင်းနယ်စပ် UWSA လှုပ်ရှားမှုများတွင် အရေးပါသူဟု သတ်မှတ်ကြသည်' (စာ-၂၄၈)
    'ဤသို့ဖြင့် ထိုင်းနယ်စပ်သို့ 'ဝ'တပ်များ အလုံးအရင်းနှင့် ဝင်ရောက်ခြင်းသည် MTA နှင့် ပဋိပက္ခ ကြောင့်သာမက ဘိန်းအရောင်းအဝယ်ဈေးကွက် ချုပ်ကိုင်ရေးနှင့် ပတ်သက်သည်ဟု အကဲခက်များက သုံး သပ်ကြပါသည်။' (စာ-၂၄၈)
    UWSA ဟာ  ၁၉၈၉ မှာ နဝတအစိုးရနဲ့ ငြိမ်းချမ်းရေးယူနိုင်ခဲ့ပြီဖြစ်လို့ 'ဝ'မြောက်ပိုင်း ပန်ဆန်း ဒေသကို အစောင့်တပ်ဖွဲ့တွေသာ ချန်ထားပြီး ရှိသမျှအင်အား အများစုကို ရှမ်းအရှေ့သို့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နဝတအစိုးရအနေနဲ့လည်း တပ်မတော်ဖွဲ့စည်းပုံကို အေးချမ်းစွာ ပြောင်းလဲဖွဲ့စည်းခွင့်ရခဲ့ ပါတယ်။ ၁၉၉၂ မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)အား ကျိုင်းတုံမှာ ဖွင့်လှစ်ခဲ့ပြီး ရှမ်းအရှေ့မှာ တပ်အသစ်များစွာ ဖွဲ့စည်းနိုင်ခဲ့ရာ တပ်ရင်းပေါင်း ၂၇ ရင်းအထိ ရှိလာခဲ့ပါတယ်။ UWSA 'ဝ' တပ်ဖွဲ့မှာလည်း လားဟူ၊ ပလောင် တပ်ရင်းများကိုပါ သွတ်သွင်းဖွဲ့စည်းလာခဲ့ပါတယ်။
    ဒီအချိန်မှာ ခွန်ဆာရဲ့ MTA ဟာလည်း ပိုပြီး အင်အားကြီးထွားလာခဲ့ပါတယ်။ နှစ်စဉ် တပ်သားသစ် ၁၅၀၀ (ထောင့်ငါးရာ) သိမ်းသွင်း လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ၁၉၉၁ မှာ မိုးဟိန်းကွယ်လွန်သွားရာ အာဏာအရပ်ရပ်ဟာ ခွန်ဆာရဲ့ လက်ထဲကို ရောက်လာခဲ့ပါတယ်။
    'MTAသည် ထိုင်းနယ်စပ်တစ်လျှောက် ဘိန်းဖြူချက်လုပ်သည့်လုပ်ငန်းအား ထိန်းချုပ်ထားပြီး ဘဏ္ဍာရှာဖွေနိုင်သဖြင့် အင်အားတောင့်တင်းလာသော်လည်း တစ်ဖက်က အမေရိကန်အစိုးရနှင့် ထိုင်းအစိုးရတို့က 'ကျားထောင်ချောက် စစ်ဆင်ရေး'ဖြင့် ခွန်ဆာအား ပိတ်ဆို့ တိုက်ခိုက်သည်ကို ကြုံ တွေ့နေရသည်။ တစ်ဖက်ကလည်း UWSA နှင့် တိုက်ခိုက်နေရသည်။ ထို့ပြင် ၁၉၉၃ ခုနှစ်တွင် ရှမ်း ပြည်လွတ်လပ်ရေးကြေညာပြီး ခွန်ဆာက သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာလိုက်သောအခါ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ကြုံလာရပြီး တဖြည်းဖြည်း အကျပ်အတည်း တွေ့လာရ သည်။' (စာ-၂၅၃)
    အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်နေတဲ့ တရုတ်ကြီးကလည်း ဘယ်လက်နှေးလိမ့်မလဲ၊ ရှမ်းပြည် လွတ်လပ်ရေးကြေညာထားပြီး သူ့ကိုယ်သူ သမ္မတတင် မြောက်ထားတဲ့ ခွန်ဆာကို တရုတ်သံမှူးတစ်ဦးလာရောက် တွေ့ဆုံပါတယ်။ (အကဲခတ်လေ့လာခြင်းလို့ ဆိုနိုင်ပါ တယ်။) ဒါပေမဲ့ ဘက်ပေါင်းစုံက ညှပ်ပိတ်တိုက်ခိုက်ခံ လာရတဲ့အခါ ...'၁၉၉၆ ဇန်နဝါရီ ၇ ရက်တွင် MTA လက်နက်ချပွဲ အခမ်းအနားအား ဟိုမိန်းတွင် ပြုလုပ်ခဲ့သည်။ တပ်ဖွဲ့ဝင်အင်အား တစ်သောင်းကျော်နှင့် လက် နက်စက်ရဲုမှ လက်နက်ခဲယမ်းများပါ အပ်နှံခဲ့သဖြင့် မြန်မာပြည် ပြည်တွင်းစစ်သမိုင်းတွင် အများဆုံး အစုလိုက် အပြုံလိုက် လက်နက်ချပွဲဟု ဆိုရသည်။' (စာ-၂၅၆)
    ၁၉၉၉ စက်တင်ဘာလမှာ နအဖအတွင်းရေး မှူး-၁ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် 'ဝ'ခေါင်းဆောင်ဦး ပေါက်ယိုချမ်းတို့ ကျိုင်းတုံမှာ တွေ့ဆုံဆွေးနွေးခဲ့ရာ 'ဝ'ဒေသမှာ ဘိန်းပပျောက်ရေးဆိုတဲ့ ရည်မှန်းချက်လည်း ပါဝင်ခဲ့ပါတယ်။ မြောက်ပိုင်း 'ဝ'နယ်မြေမှာ စိုက်ပျိုးမြေမကောင်း သဖြင့် 'ဝ'နယ်မှ လူဦးရေ တစ်သိန်းခန့်အား ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့အခြေချခွင့်ပြုဖို့ ဦးပေါက်ယိုချမ်းက တောင်းဆိုခဲ့ရာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ 'သို့သော် ထိုသဘောတူညီချက်နှင့် ပတ်သက်ပြီး မည်သည့်စာရွက်စာတမ်းမျှ မရှိချေ။ နှုတ်ဖြင့် သဘောတူညီချက်များကို ယုံယုံကြည်ကြည် ပြုလုပ် ခဲ့ခြင်းဖြစ်သည်'လို့ ဖော်ပြထားပါတယ်။ (စာ-၂၅၉)
    ဒီလိုနဲ့ ၂၀၀၀ပြည့်နှစ်မှာ 'ဝ'မြောက်ပိုင်းဒေသမှ ရှမ်းအရှေ့သို့ 'ဝ'လူမျိုး ရှစ်သောင်းခန့် ပြောင်း ရွှေ့အခြေချခဲ့ပါတယ်။ (ခေတ်သစ်မြန်မာပြည်သမိုင်းတွင် တစ်ကြိမ်တည်းနှင့် လူအများဆုံး ပြောင်းရွှေ့ အခြေချ ခြင်းဖြစ်သည်)လို့ ဆိုပါတယ်။ 'ဝ'တစ်သိန်း နီးပါးပြောင်း ရွှေ့လာခြင်းဟာ ဒေသခံ ရှမ်း၊ လားဟူ၊ အာခါစတဲ့ တိုင်းရင်းသားတွေအတွက် ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ရှမ်းအရှေ့မှာ တပ်ခွဲထားတဲ့ UWSA အတွက် 'ဝ'လူမျိုးရှစ်သောင်းခန့် ရောက်ရှိအခြေချနေ ထိုင်ခြင်းဟာ အမာခံ အင်အားစုကြီးတစ်ခုကို အလို အလျောက် ထူထောင်ပြီးသား ဖြစ်သွားပါတော့တယ်။ ပန်ဆန်းဒေသဟာ 'ဝ'မြောက်ပိုင်းဖြစ်လာပြီး ရှမ်းအရှေ့ ဟာ 'ဝ'တောင်ပိုင်းဒေသဖြစ်လာပါတယ်။ ဖက်ဒရယ် ကိစ္စ အကောင်အထည်ဖော်ရာမှာ 'ဝ'မြောက်ပိုင်း၊ တောင်ပိုင်းပြဿနာဟာ အကဲဆတ်တဲ့ ပြဿနာတစ်ခု ဖြစ်လာဖွယ်ရာ ရှိပါတယ်။
    ခွန်ဆာလက်နက်ချပြီး သေဆုံးသွားပေမယ့် ဘိန်းနှင့်မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွား ခြင်းမရှိခဲ့ပါ။ 'ဝ'တွေ ရှမ်းအရှေ့မှာ အခြေချနေထိုင်ပြီးတဲ့ နောက်မှာလည်း ဘိန်းနှင့် မူးယစ်ဆေးဝါး ပပျောက်သွား ခြင်းမရှိတဲ့အပြင် ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ ဘိန်းစိုက် ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားပါ တယ်။
    'ရှမ်းအရှေ့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖောက်ကားမှုသည် ရှေးပဝေသဏီကတည်းက ဖြစ်သည်။ ယခင်ကျိုင်းတုံစော်ဘွားခေတ် ကာလကတည်းက ဒေသထွက်ဘိန်းများကို လာအိုနှင့် ထိုင်သို့ပို့ဆောင် ရောင်းချခဲ့သည်။ နောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်များ ပေါ်လာပြီးနောက် အဖွဲ့အစည်းရန်ပုံငွေ အတွက်ဖြစ်စေ၊ တစ်ဦးချင်း အကျိုးစီးပွားအတွက်ဖြစ်စေ ဘိန်းရောင်းဝယ်ရေး လုပ်ငန်းသည် ကြီးထွားလာသည့် ဒေသထွက် ဘိန်းများကို ပြည်ပသို့ ပို့ဆောင်ရာမှာ ရှမ်းပြည်နယ်၊ 'ဝ'နယ်နှင့် ရှမ်းတောင်မှ ဘိန်းများကိုပါ ပြည်ပသို့ ပို့ဆောင်ရာ လမ်းကြောင်းနှင့် ဈေးကွက်ဖြစ်လာ သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စိတ်ကြွဆးရောင်းချ ထုတ်လုပ်မှု ပိုများလာသည်။ ယနေ့ချက်လုပ် နေသော စိတ်ကြွဆေးပြားများသည် ပြည်ပမှ တင်သွင်းလာသည့် ဓာတုဗေဒဆေးရည်များမှ ချက်လုပ် ကြခြင်းဖြစ်ပြီး ဓာတုဗေဒ ဆေးရည်များကို အထူးသဖြင့် တရုတ်မှ တင်သွင်း ကြသည်ဟုဆိုသည်' (စာ-၃၈၇)
    'ရှမ်းအရှေ့ မူးယစ်ဆေးဝါး ပြဿနာအား ဦးစွာဖြေရှင်းရန်မှာ လက်နက်တပ်ဖွဲ့များ ဖြစ်သည်။ ရှမ်းအရှေ့ မူးယစ်ဆေးဝါးချက်လုပ် ရောင်းဝယ်သယ်ဆောင်သည့် ကိစ္စအရပ်ရပ်တွင် အနည်းနှင့်အများဆိုသလို ပါဝင်ပတ်သက်နေသည်မှာ လက်နက်ကိုင်ထားသူများ လက်နက်ကိုင်တပ်ဖွဲ့ သြဇာရှိသူများဖြစ်သည်ဟု ဒေသခံများက အခိုင်အမာဆိုကြသည်။ သို့ဖြစ်ရာ မည်သည့် အကြောင်းအချက်ကြောင့် လက်နက်ကိုင်သည်ဖြစ်စေ၊ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ ပြဿနာကို ဖြေရှင်းခြင်းသည် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရေးအတွက် အခြေခံပင် ဖြစ်ပေသည်။' (စာ-၃၈၈)
    ကျားကြီးခြေရာကြီးဆိုသလို တပ်ဖွဲ့ဝင်အင်အား၊ လက်နက်အင်အား ကြီးမလားလာလေ မူးယစ်ဆေးဝါးနဲ့ ကျားဖျန့်စသော လောင်းကစား၊ ဒုစရိုက်မှုများ ပိုပြီး ကြီးထွားလာလေဆိုတဲ့ အနေအထားကို တွေ့မြင်နေရပါတယ်။ တိုင်းရင်းသား လူမျိုးစုများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ဆိုတဲ့ အမျိုးသားရေးကို မူးယစ်ဆေးဝါးနှင့် ဒုစရိုက်မှုမျိုးစုံက အားဖြည့် ကျား ကန်ပေးထားသလို ဖြစ်နေပါတယ်။    ။

မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 466

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42900

© 2022 - 2025 News. All Rights Reserved.