၂၀၂၄ ဖေဖော်ဝါရီ ၁၉
၂၄-၁-၂၀၂၄ ထုတ် Foreign Policy မဂ္ဂဇင်းမှာ 'မြန်မာပြိုကွဲနိုင်သလား'ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြထားပါတယ်။ ဒီဆောင်းပါးမှာ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးနှင့် တရားမဝင် လုပ်ငန်းတွေကို အမှီပြုနေရကြောင်း ရေးသားထားတယ်လို့ RFA က ထုတ်လွှင့်သွားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ မူးယစ်ဆေးဝါးဆိုတာ ပဲခူးဆားဖြစ် နေပါတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းဟာ သူတို့ရဲ့ လက်နက်ကိုင် ပုန်ကန်မှုနဲ့အတူ မွေးဖွားလာခဲ့ တယ်လို့တောင် ဆိုနိုင်ပါတယ်။ ကိုလိုနီခေတ်ကတည်းက အင်္ဂလိပ်တွေရဲ့ လမ်းပြမှုအောက်မှာ ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့တွေ ဘိန်းရောင်းဝယ်ရေး လမ်းမပေါ်ဖုံဖုံကြီး လျှောက်လှမ်းခဲ့ကြတာပါ။ ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်တွေ အောင်ပွဲခံပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်လိုက်တဲ့အချိန်မှာ ကူမင်တန် တရုတ်ဖြူတွေ မြန်မာနယ်နိမိတ် ရှမ်းပြည်နယ်ထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။ ကူမင်တန်တွေ ရောက်လာချိန်ကစပြီး ရှမ်းပြည်နယ်တစ်ခုလုံးနီးပါး ဘိန်းခင်းတွေ လွှမ်းသွားအောင် စီးပွားဖြစ် လုပ်ကိုင်လာခဲ့ပါတော့တယ်။ ဘိန်းခင်းတွေ တစ်နေ့တခြားများပြားလာအောင် အဆိပ်ပင်ရေလောင်း ပေးခဲ့သူကတော့ အမေရိကန် စီအိုင်အေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းတွေကို အခြားသော စာအုပ်စာတမ်းများမှာ ဖတ်မှတ်ခဲ့ရသလို Ron FELBER ရဲ့ The Hunt for Khun Sa (Drug Lord of the Golden Triangle) စာအုပ်မှာလည်း ရှုထောင့်တစ်မျိုးက ကြည့်မြင်ရေးသားထားတာ တွေ့ရပါတယ်။ ဒီစာအုပ်ကို ဆရာမောင်ရင်က 'ဘိန်းဘုရင်ခွန်ဆာကို ခြေရာခံခြင်း' အမည်နဲ့ ဘာသာ ပြန်ခဲ့ပြီး ၂၀၁၆ ဧပြီလမှာ အိပ်မက်သစ်စာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ဟာ စုံစမ်း စစ်ဆေးမှု သတင်းအတတ်ပညာဖြင့် အင်တာဗျူးပေါင်းများစွာကို အခြေခံရေး ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အမေရိကန်အစိုးရက 'ကမ္ဘာ့အကြီးမားဆုံး ရန်သူ'လို့ တံဆိပ်ကပ်ထားတဲ့ ဘိန်းရာဇာတစ်ဦးရဲ့ ရုပ်ပုံလွှာကိုလည်း ကွက်ကွက်ကင်းကင်း မြင်သိစေခဲ့ပါတယ်။ ဒီစာအုပ်ဟာ အရှေ့တောင်အာရှ မူးယစ်ဆေးဝါးဈေးကွက်ရဲ့ ကန့်လန့်ကာနောက်ကွယ်ရှိ ကမ္ဘာ့မူးယစ်ဆေးဝါး ကုန်သွယ်မှုသမိုင်းကြောင်းမှာ စီအိုင်အေပါဝင် ပတ်သက်ခဲ့မှု၊ ခွန်ဆာကဲ့သို့ မူးယစ်ရာဇာများကို မွေးထုတ်မှုနှင့် ပထဝီ နိုင်ငံရေးအကြံအစည်များက အမေရိကန်တို့ရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် လက်တွေ့ကျကျက မည်မျှထိခိုက်စေခဲ့တယ်ဆိုတာတွေကိုလည်း ဖော်ထုတ်ထားတာ တွေ့ ရပါတယ်။
မူရင်းစာအုပ်ရေးသူ 'ရွန်ဖယ်လ်ဘာ'ဟာ ဂျော့တောင်းတက္ကသိုလ်မှ ဘွဲ့ရပြီး လိုယိုလာချီကာဂို တက္ကသိုလ်က အင်္ဂလိပ်စာဖြင့် မဟာဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ရွေးကောက်ခံ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ရာကရာဇဝတ်မှုများကို စိတ်ဝင်တစားလေ့လာရင်း မူးယစ်မှုခင်းများရဲ့ ပင်ရင်းလို့ ဆိုနိုင်တဲ့ 'ခွန်ဆာ'ဆိုတဲ့ အကြောင်းအရာကို လေ့လာရေးသားခဲ့တာ ဖြစ်ပါတယ်။
'၁၉၄၉ မှာ ချန်ကေရှိတ် အစိုးရပြုတ်ကျပြီး (ကွန်မြူနစ်တွေ အာဏာရလာတဲ့အခါ) အမေရိကန်သမ္မတ ထရူးမန်းဟာ ကွန်မြူနစ်ဝါဒ ပျံ့နှံ့လာမှာကို ကြောက်ရွံ့ခဲ့တယ်။ ကာကွယ်နိုင်ဖို့အတွက် ဒေသတွင်းက ကွန်မြူနစ်ဆန့်ကျင်တဲ့ အဖွဲ့များကို အားပေးရန်၊ ကူမင်တန်(တရုတ်ဖြူ)များကို လက်နက်တပ်ဆင် ငွေကြေး ထောက်ပံ့ပေးရန် အကြံပေးခဲ့ပါတယ်။ အမေရိကန်ဟာ ရှမ်းပြည်နယ်ထဲက ကူမင်တန်(တရုတ်ဖြူ)တပ်တွေကိုသုံးပြီး လျှို့ဝှက်စစ်ပွဲဆင်နွှဲနေခဲ့ပါတယ်။ တရုတ်အမျိုးသားရေး ဝါဒီ (ကူမင်တန်)တွေဟာ မြန်မာ(ရှမ်းပြည်နယ်) က ဘိန်းစိုက်သူတွေနဲ့အတူ အလုပ်လုပ်ပြီး ဘိန်းစိမ်း အမြောက်အများကို ထိုင်းနိုင်ငံမြောက်ပိုင်းသို့ တင်ပို့ပြီး ထိုင်းရဲတပ်ဖွဲ့က ဗိုလ်ချုပ်ဖောင်းကို ရောင်းချပါတယ်။ နောက်ထပ် စီအိုင်အေရဲ့ ဖောက်သည်တစ်ယောက်က ဘိန်းဖြူချက်လုပ်ပြီး အရှေ့တောင်အာရှ ကွန်ရက်တွေ ကနေတစ်ဆင့် ပြန်လည်ဖြန့်ဖြူးပါတယ်။ အမေရိကန် ထောက်လှမ်းရေးဟာ ကူမင်တန်တပ်တွေကို နောက်ကွယ်က ပံ့ပိုးမှုတွေ တိုးမြှင့်လုပ်ဆောင်လာပါ တယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ကမ္ဘာ့မူးယစ်ဆေးပမာဏဟာ အဆမတန် ကြီးထွားလာခဲ့ပါတယ်။' (စာ-၇၂၊ စာ-၇၃)
စီအိုင်အဟာ ဘိန်းအထွက်တိုးဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့သလဲဆိုရင် အင်ဒီယာနာပြည်နယ်က စိုက်ပျိုးရေးကျွမ်းကျင်သူ 'ဘူဘယ်'ဆိုသူကို ရွှေတြိဂံဒေသထိ ခေါ်လာတယ်။ အိုင်အင်ဂျီအိုတွေရဲ့ ထုံးစံအတိုင်း ...ဟိတ်ဟန်တစ်ခွဲသားနဲ့ နာမည်လှလှပေးပြီး ဘိန်းအထွက်တိုးရေး လုပ်ခဲ့ပါတယ်။ စီအိုင်အေ .. 'နိုင်ငံတကာ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုများအဖွဲ့၊ ဖွဲ့စေပြီး အဂ္ဂါပေါ့ပ်ဘူအယ်က ဒေသခံတွေရဲ့ ဘိန်းစိုက် ပျိုးမှုနည်းစနစ်တွေကို မြှင့်တင်ပေးခဲ့ပါတယ်။ 'သူရဲ့ ဆောင်ရွက်မှုကြောင့် ရွှေတြိဂံဒေသက ဘိန်းထွက်မှုဟာ အံ့မခန်းလောက်အောင်ပဲ တစ်နှစ်ကို တန်လေးဆယ်က နေ တန်လေးရာထုတ်လုပ်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကာလထက် ရာခိုင်နှုန်းတစ်ထောင် ထိုးတက်လာခဲ့တယ်။' (စာ-၇၃)
စိုက်ပျိုးရေးပညာရှင် ဘူအယ်ဟာစီအိုင်အေရဲ့ အကြီးအကဲဖြစ်လာပြီး အန်ထော်နီးပိုးနဲ့ ဝီလျံယန်းတို့လို့ ထောက်လှမ်းရေးတာဝန်ခံတွေနဲ့ ပူးတွဲပြီး အလုပ် လုပ်တယ်။ အန်ထော်နီပိုးက ရေတပ်မှာ တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၆၃ မှာ အရှေ့တောင်အာရှကို ရောက် လာကာ မြန်မာ၊ လာအို၊ ထိုင်းနယ်စပ်သုံးခုမှာ လျှို့ဝှက်စစ်တပ်တွေ ဖွဲ့စည်းခဲ့သူဖြစ်တယ်။ ဝီလျံယန်းကတော့ ခရစ်ယာန်သာ သနာပြုဖြစ်ပြီး ရှမ်း၊ လားဟူ၊ 'ဝ' စတဲ့ တိုင်းရင်းသားတွေကို စည်းရုံးထားနိုင်သူ ဖြစ်ပါတယ်။ စိုက်ပျိုးရေးပညာရှင်ရယ်၊ စစ်ဗိုလ်ရယ်၊ သာသနာပြုရယ် သုံးယောက်ပေါင်းလောင်းကျော်ခဲ့ပုံကတော့ ဒေသခံတိုင်းရင်းသားတွေကို ချည်ပြီးတုပ်ပြီး အုပ်မိပြီး ဖြစ်စေခဲ့တယ်။ တိုင်းရင်းသားတွေကို ကြေးစားစစ်သားများအဖြစ် အသုံးပြုခဲ့ပြီး စီအိုင်အေပိုက်ဆံနဲ့ လစာပေးခဲ့ တယ်ဆိုပါတယ်။
သူတို့ သုံးယောက်ရဲ့ စုစည်းပေးမှုကြောင့် လူမျိုးစုတွေထဲက ခေါင်းဆောင်တွေ ပေါ်ထွက်လာ တယ်။ 'စီအိုင်အေရဲ့ သုံးသပ်သူတွေက အမေရိကန်ရဲ့ အဓိက အကျိုးအမြတ်ဟာ ဘိန်းကုန်ကူးမှုကို နောက်ခံထားကာ စစ်ရေးနဲ့ စီးပွားရေးအင်အားရှိသော ဒေသခံ ခေါင်းဆောင်များ ပေါ်ထွက်လာရေး ပင်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်တွေမှာ ဗီယက်နမ်စစ်ပွဲက ပျံ့နှံ့ခဲ့တဲ့ ဘိန်းဟာ တောင်းဆိုမှုများပြား လာခဲ့ပြီ ဖြစ်တယ်။ ထိရောက်စွာ ထုတ်လုပ်နိုင်ပြီး လွယ်ကူစွာ ဖြန့်ချိနိုင်ခဲ့ပြီ ဖြစ်တယ်။ အာရှရဲ့အင်အားအကြီးဆုံးနဲ့ အကောက်ကျစ်ဆုံး ဘိန်းဘုရင်ဟာ ရှမ်းပြည်နယ်ကနေ ပေါ်ထွက်လာခဲ့ပါတယ်။ သူ့နာမည်က 'ချန်ရှီဖူး'လို့ခေါပြီး နောက်မှာ 'ခွန်ဆာ'လို့ ဖြစ်လာတာ ရှမ်းယူနိုက်တက်ရဲ့ ခေါင်း ဆောင်ဖြစ်ပါတယ်။' (စာ-၇၄)
'ခွန်ဆာရဲ့ အမေဟာ ရှမ်းလူမျိုးဖြစ်ပြီး အဖေ ကတော့ တရုတ်လူမျိုးဖြစ်တယ်။ သူ့အဖေက သူသုံးနှစ် အရွယ်မှာ ကွယ်လွန်ခဲ့တယ်။ သူ့အမေက နောက်ယောကျ်ားယူပြီး နှစ်နှစ်လောက်မှာ သေသွားပြန်တော့ ပထွေးက သူ့ကို မကျေမချမ်းမွေးစားခဲ့ရတယ်။ သူ့ရဲ့ ဆင်းရဲတဲ့ အဘိုးဖြစ်သူကလည်း သူ့ကို 'မျိုးမစစ်'လို့ သတ်မှတ်တာခံရတယ်။ ပထွေးဘက်က ပါလာတဲ့ သားသုံးယောက်ဟာ ခရစ်ယာန်ကျောင်းတွေမှာ ပညာသင် ခွင့်ရခဲ့ပေမယ့် ခွန်ဆာကတော့ ဘိန်းခင်းတွေထဲမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရတယ်။ ဘုန်းကြီးကျောင်းပညာရေးကို နှစ်အနည်းငယ် သင်ယူခဲ့ရတယ်'လို့ ဆိုပါတယ်။ (စာ-၅၁-ရှု)
'ညစ်ပတ်ပေရေနေတဲ့ အခန်းကျဉ်းလေးထဲမှာ တရုတ်ဘိန်းစိုက်ပျိုးသူတစ်ယောက်ရဲ့သား၊ အချစ်မခံရတဲ့ မွေးစားသားဖြစ်တဲ့ ချန်ရှီဖူးဟာ 'ခွန်ဆာ'လို့ နာမည်ပြောင်းခဲ့တယ်။ ခွန်ဆာရဲ့ အဓိပ္ပာယ်ဟာ 'ဥစ္စာဓနကြွယ်ဝချမ်းသာတဲ့ မင်းသား'လို့ အဓိပ္ပာယ်ရပြီး သူ့အတွက် ကောင်းကင် ဘုံနဲ့ ငရဲက နတ်ဘုရားတွေကခုန် ကြရမယ်၊ ဒီနေ့ကစလို့ သူ့ဘဝဟာ ရှင်းလင်းလာခဲ့တယ်။} (စာ-၂၀၀)
'အသက် (၃၃) နှစ်အရွယ်မှာ အင်အားကြီးမား နေပြီဖြစ်တဲ့ ခွန်ဆာဟာ စီအိုင်အေရဲ့ ကျော ထောက် နောက်ခံပြုမူရယူထားပြီး ဘိန်းဈေးကွက်ကို ထိန်းချုပ် ထားတဲ့ ကူမင်တန်ခေါင်းဆောင် ဗိုလ်ချုပ်လီဝမ်ဟွမ်ကို စိန်ခေါ်ခဲ့တယ်။' (စာ-၁၇၇)
ဗိုလ်ချုပ်လီတို့ဟာ မူလက တရုတ်ကွန်မြူနစ်ကို တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ မှေးမှိန်လာပြီး ဘိန်းရာဇာကြီးများအဖြစ် ကြွယ်ဝချမ်းသာလာတဲ့အပေါ်မှာ သာယာနေကြလေပြီ။ ဘိန်းလုပ်ငန်းတွေကို ရှမ်းပြည်နယ်ထဲမှာ အခြေပြုထားကြလေရာ ရှမ်းဒေသခံစစ်စစ်ဖြစ်တဲ့ ခွန်ဆာတို့နဲ့ ပဋိပက္ခ ဖြစ်လာတာ မဆန်းပါဘူး။ စီအိုင်အေကလည်း ကွန်မြူနစ်ဆန့်ကျင်တိုက်ထုတ်ရေးအတွက် လူမွေးရာမှာ ကူမင်တန်တွေသာမက ခွန်ဆာတို့လို ဒေသခံတွေကိုပါ အလေးပေး ရွေးချယ်လာခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဗီယက်နမ်စစ်မြေပြင်မှာ အရေးနိမ့်နေပြီဖြစ်တဲ့ ပြင်သစ်တွေဟာလည်း စစ်စ ရိတ်လို ငွေကြီးမားလာခဲ့ရာ ဘိန်းလုပ်ငန်းဖြင့် ဝင်ငွေရှာရမယ်ဆိုတဲ့ အဖြေကိုရလာခဲ့ပါတယ်။ ပြင်သစ် လေကြောင်းကွပ်ကဲ ရေး(FMAC)က ဘိန်းဖြူ၊ ဟီးရိုးအင်းဖြန့်ဖြူးရေး တာဝန်ယူခဲ့ရတယ်။ ၁၉၅၁ ကနေ ၁၉၅၄ အထိ FMAC ဟာ ဝန်ထမ်းသုံးထရပ်ကားတွေနဲ့ ဘိန်းတွေသယ်တယ်။ ဒီဘိန်းတွေကို မာဆေးလ်မှာ ချက်လုပ်ပြီး ဘိန်းဖြူတွေကို ဟောင်ကောင်နဲ့ အမေရိကားမှာ ဖြန့်တယ်။ အမေရိကန်တွေဟာ ဘိန်းဖြူထုတ်လုပ်ရေးမှာ ပြင်သစ်နဲ့အတူ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။' (စာ-၇၀-ရှု)
'ဗီယက်နမ်စစ်ပွဲဟာ ကွန်မြူနစ်ဝါဒကို ရပ်တန့်စေဖို့မဟုတ်ဘဲ ကမ္ဘာ့မူးယစ်ဆေးဝါး အရှေ့တောင်အာရှမှာ ဈေးကွက်ကြီးမားလာတာကို ထိန်းချုပ်ဖို့ပဲဖြစ် တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေး ဝါးလောကရဲ့ အကြောင်းသိတစ်ယောက်ဖြစ်တဲ့ 'ဘိုနန်နို'ရဲ့ အဆိုအရ ၁၉၆၀ ခုနှစ်တွေတုန်းက မူးယစ်ကုန်သွယ်မှုဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ တယ်။ အစိုးရက မာဖီးယားနဲ့ တရားမဝင် အလုပ်လုပ်ပြီး အမေရိကန်ထဲတင်သွင်းလာတာကို မျက်စိမှိတ်ပေးထားပြီး ကျူးဘား၊ ဟေတီ၊ ပနားမားလို နိုင်ငံတွေက ထောက်လှမ်းရေးတွေနဲ့ အပေးအယူလုပ်ခဲ့တယ်လို့ ဆို ပါတယ်။ ၁၉၆၅ မှာ စီအိုင်အေရဲ့ အကျင့်ပျက်ထိပ်တန်း အရာရှိတွေကနေ တစ်ဆင့်တိုက်ရိုက်အ လုပ်လုပ်တဲ့ အမေရိကန်အစိုးရဟာ မာဖီးယားနဲ့ မတွဲတော့ဘဲ ကမ္ဘာ့မူးယစ်ဆေးဝါးဈေးကွက်ကို ထိန်းချုပ်လိုက်တယ်။ ဒါကို သူရိပ်မိတာက သူ့မိသားစုရဲ့ လက်တံကနေ တောင်ဗီယက်နမ်အစိုးရနဲ့ အတူ စီအိုင်အေဟာ ငွေကြေးခဝါချမှုတွေ လုပ်နေတယ်ဆိုတာပဲ။' (စာ-၇၆-ရှု)
ဘိုနန်နိုရဲ့ အဖေက ကမ္ဘောဒီယားမှာရှိတဲ့ စီအိုင်အေမှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ သူ့အဖေ ရဲ့မိသားစု ဆရာဝန်ကိုယ်တိုင် ကမ္ဘောဒီးယားက ဘိန်းတွေ ကို တောင်ဗီယက်နမ် အမေရိကန်လေ တပ်စခန်းသို့ သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ တောင်ဗီယက်နမ်ကတစ်ဆင့် အမှတ်အသားမပါတဲ့ ခရီးသည်တင်လေယာဉ်အဖြစ် ဘယ်မှန်းမသိတဲ့ နေရာတွေကို ပျံသန်းသွားတယ်လို့ ရေးသားထားပါတယ်။ (စာ-၇၇)
ကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ မူးယစ်ဆေးဝါး ကွန်ယက်ကြီးထဲမှာ ခွန်ဆာဟာ အရေးပါအရာရောက် သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်လီ(တရုတ်ဖြူ)က ခွန်ဆာသူ့ကို ကျောက်တက်သွားမှာ မလိုလားပါဘူး။ ၁၉၆၉ မှာ မြန်မာအစိုးရက ခွန်ဆာကို ဖမ်းမိခဲ့ရာ ဗိုလ်ချုပ်လီရဲ့ ပယောဂပါတယ်လို့ ခွန်ဆာမှတ်ယူလိုက်တယ်။ ၁၉၇၃ ဧပြီ ၁၆ ရက်မှာ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံ ကြီးက ရုရှားပါရဂူနှစ်ဦးကို ခွန်ဆာရဲ့တပည့်တွေက ပြန်ပေးဆွဲသွားပြီး ခွန်ဆာနဲ့ အလဲအလှယ်လုပ်ဖို့တောင်း ဆိုခဲ့တယ်။ ဒီလိုနဲ့ ၁၉၇၄ မှာ ခွန်ဆာပြန်လည်လွတ် မြောက်လာပြီးတော့ ထိုင်း-မြန်မာနယ်စပ် ထိုင်းနယ်မြေထဲက 'ဘန်ဟင်တက်ခ်'မှာ အခြေခံစခန်းတွေ ဆောက်လုပ်ပြီးတော့ သူ့ရဲ့ အင်ပါယာကို အကြီးအ ကျယ် တိုးချဲ့ ခဲ့တယ်။
'နောက်မကြာခင်မှာ ခွန်ဆာဟာ ဘန်ဟင်တက်ခ်စခန်းရဲ့ မြောက်ဘက်တောင်တန်းတွေပေါ် မှာ ဘိန်းသန့်စင်စက်ရုံတွေကို ဆောက်လုပ်ခဲ့တယ်။ အကျင့် ပျက်ခြစားထားတဲ့ ထိုင်းတပ်ပေါင်းစုံက လူတွေနဲ့ လက်တွဲပြီး အလုပ်လုပ်ခဲ့တယ်။ ထိုင်းဘက်မှာနေပြီး စီအိုင်အေရဲ့ ထောက်ပံ့မှုနဲ့ ခွန်ဆာဟာ ကွန်မြူနစ်ဆန့်ကျင် ရေးတိုက်ပွဲတွေ ဖော်ဆောင်ခဲ့တယ်။' (စာ-၁၇၈)
သူ့ကိုတောင် ကျအောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ် လီကိုလည်း လက်စားချေခဲ့ရာမှာ လက်သံပြောင်လှ တယ်။
'ပြိုင်ဘက်မူးယစ်ရာဇာ ဗိုလ်ချုပ်လီဝမ်ဟွမ်ကို လုပ်ကြံသတ်ဖို့ ခွန်ဆာရဲ့ ကြိုးပမ်းမှုအနေနဲ့ ချင်းမိုင်ဆင် ခြေဖုံးက နေအိမ်လေးဆယ်နဲ့ နေထိုင်သူတွေကို ဒိုင်းနမိုက်ကီလိုငါးရာ ကားပေါ်တင်ပြီး ဖောက်ခွဲခဲ့တဲ့ကြောက် လန့်ဖွယ် ပျက်စီးမှုကြီးဖြစ်တယ်။ အင်အားကြီးမားစွာ ပေါက်ကွဲမှုကြောင့် မြေအောက်လေးပေအထိ ချိုင့်ဝင်ခဲ့ပြီး လီရဲ့ နေအိမ်အပြင်ဘက် ကွန်ကရစ်ဟာ မီတာ ၅၀ အကျယ်ထိ ဖြစ်ခဲ့တယ်။' (စာ-၂၃၂)
၁၉၈၀ နှစ်များ အလယ်လောက်ကတည်းက ခွန်ဆာကို ဆန့်ကျင်သူမှန်သမျှ အသတ်ခံခဲ့ရတယ်လို့ဆိုတယ်။ ထိုင်းအရာရှိတချို့၊ တရုတ်ဖြူနဲ့ အမေရိကန် တချို့ လုပ်ကြံသတ်ဖြတ်ခံရတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူဆိုတဲ့ ဘောတေးလ်လစ်တနာဟာ ခွန်ဆာ အကြောင်းသတင်းဆောင်း ပါးတစ်ပုဒ်ကို Far Eastern Economic Review အရှေ့ဖျားစီးပွားရေးဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့လေရာ ခွန်ဆာက သူ့အသက်ကို ရန်ရှာခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
'ခွန်ဆာဟာ ကျွန်တော့်အသက်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ချင်းမိုင်ကနေ ထွက်ခွာအောင် ဖိအားပေးခဲ့ပါတယ်။ အဲဒီအကြောင်းတွေ ပြန်ပြောသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ဇနီးက ရှမ်းတိုင်းရင်းသူတစ်ယောက်ပါ။ ခွန်ဆာက ရှမ်းလွတ်မြောက်ရေး လှုပ်ရှားမှုကို ချုပ်ကိုင်ထား ချင်တယ်။ သူချုပ်ကိုင်ချင်တာက ဒီလိုမျိုးပါ။ 'ငါနဲ့ လက်တွဲရင်တွဲ၊ မတွဲရင် အသတ်ခံရမယ်'ဆိုတဲ့ ပုံစံမျိုးပေါ့။ သူဟာ ကျွန်တော့်ရဲ့ များပြား လှတဲ့သူငယ်ချင်းတွေကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို ကျွန်တော့်ကို သတ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ချင်းဟိုင်ကို ပြောင်းရွှေ့ပြီး ပုန်းအောင်းနေခဲ့ရပါတယ်။ ပြောရရင် ခွန်ဆာဟာ မျိုးရိုးကို ကာကွယ်တဲ့ တရုတ်တစ်ယောက်နဲ့တူတယ်။ ခင်ဗျားသစ္စာရှိရင် ခဗျားကို ကာကွယ်ပေးမယ်။ မေးခွန်းထုတ်စရာ ရှိလာရင်တော့ သွေးအေးအေးနဲ့ ခင်ဗျားနဲ့ ခင်ဗျား ပတ်ဝန်းကျင်က လူတွေကို မျက်တောင်တစ်ခတ်အတွင်း သတ်လိမ့်မယ်။' (စာ-၁၆၇)
ခွန်ဆာရဲ့ အင်ပါယာဟာ တစ်နေ့တစ်ခြား ကြီးထွားလာခဲ့ပါတယ်။ ခွန်ဆာဟာ 'ထိုင်းနဲ့ အမေရိကန်တို့အတွက် တရုတ်ပြည်မကြီး)ကို လျှို့ဝှက်သူလျှိုလုပ်ရင်း သူဟာ ဘိန်းဖြူတွေကို အတားအဆီးမရှိ ထုတ်လုပ်လာ နိုင်ခဲ့တယ်။ ၁၉၈၀ အစောပိုင်းနှစ်တွေမှာ သူ့ရဲ့ အင်ပါယာဟာ တောင်ပေါ်စစ်စခန်းကနေ ထိုင်ဝမ် ထရိုင်ယက်ဂိုဏ်းတွေရဲ့ ရုံးခန်းတွေအထိ၊ ဘဏ်တွေရဲ့ အထူး ဧည့်ခန်းတွေအထိ တိုင်းလွှတ်တော်ရဲ့ ကုန်သွယ်ရေး ကုမ္ပဏီတွေအထိ ထိုင်းလူကြီးတွေရဲ့ နေအိမ်တွေအထိ ချဲ့ထွင်လာနိုင်ခဲ့တယ်'လို့ ဆိုပါတယ်။ (စာ-၂၁၂)
ခွန်ဆာဟာ ဘိန်းဘုရင်အဖြစ် နာမည်ကြီးလာ လေလေ၊ အန္တရာယ်လည်း ပိုများလာ လေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သိပ်မကြာခင်တိုင်းနယ်မြေထဲမှာ အခြေစိုက်ထားတဲ့ ခွန်ဆာရဲ့ ဘင်ဟန်တက်ခ်စခန်း တိုက်ခိုက် ခံရပါတယ်။
'၁၉၈၃ စက်တင်ဘာ ၁၁ မှာ ထိုင်းအစိုးရက လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေရဲ့ ပစ်ကူးတွေနဲ့ ခွန်ဆာရဲ့ ရုံးချုပ်ကို ချေမှုန်းခဲ့တယ်။ ဒါပေမဲ့ ခွန်ဆာဟာ တစ်နှစ်အတွင်းမှာပဲ သူ့တပ်ကို ပြန်စုစည်းပြီး အရှေ့ တောင်အာရှမှာ လက်နက်အကောင်းဆုံး တပ်ဆင်ထားတဲ့ သူပုန်တပ်ဖွဲ့အဖြစ် Moong Tai Army (ရှမ်းပြည်တပ်မတော်)ဆိုကာ ရှမ်းသူပုန်တပ်ဖွဲ့အဖြစ် ပေါ်ပေါက်လာခဲ့ပြန်တယ်။' (စာ-၁၇၈)
ခွန်ဆာဟာ ရှမ်းပြည်နယ်ထဲမှာ ပြန်လည်လှုပ်ရှားခဲ့ပြီး ဌာနချုပ်ကို ဟိုမိန်းမှာ တည်ဆောက်တယ်။ သူ့တပ်ဖွဲ့ရဲ့ ရိက္ခာ၊ ဆေးဝါး၊ လက်နက်စတဲ့ ကုန်ကျစရိတ်ဟာ တစ်လဒေါ်လာ ခြောက်သိန်းခန့် ရှိတယ်လို့ ဆိုတယ်။ ရှမ်းလူထုအတွက် စာသင်ကျောင်းတွေ ဆေးရုံတွေ ဆောက်ပေးပြီးတော့လည်း နိုင်ငံရေးဘက်က စည်းရုံးရေးလုပ်တယ်။ ရှမ်းလူမျိုးတွေရဲ့ နိုင်ငံရေးခေါင်းဆောင်အဖြစ်လည်း သူ့ကိုယ်သူမျှော်မှန်းချက်ထားခဲ့ပါတယ်။
ခွန်ဆာဟာ အမေရိကန်အစိုးရနဲ့ သမ္မတ ရေဂင်၊ အမေရိကန်တရားရေးဌာနတွေကို စာတွေရေး ပို့ခဲ့ပါတယ်။ သူ့စာတွေက ရှမ်းပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာတွေ မလုပ်ဘဲ နိုင်ငံခြားအကူအညီ ပေးဖို့တောင်းဆိုပြီး သူ့ရဲ့ခြောက်နှစ်တာ မူးယစ်ဆေး တိုက်ဖျက်ရေး စီမံကိန်းကို တင်ပြခဲ့ပါတယ်။' (စာ-၂၀၇)
ဒါပေမဲ့ ခွန်ဆာလို ဘိန်းဘုရင်ကို တရားဝင် အကူအညီပေးဖို့ဆိုတာ အမေရိကန်ကို မဆိုထားနဲ့ ထိုင်းကတောင် မစဉ်းစားပါဘူး။ အဲဒီမှာ ခွန်ဆာပေါက်ကွဲပြီး အင်ဗျူးတစ်ခုမှာ ထုတ်ဖော်ကြေညာခဲ့တာက 'ရေရှည်မှာတော့ ကျွန်တော့်ရဲ့ မူးယစ်ဆေးတွေက ခင်ဗျားတို့ရဲ့ နျူကလီးယားထက် ပိုပြီးအင်အားကောင်းလာမှာပါ။ ခင်ဗျားတို့ ဘိန်းဖြူထုတ်တာကို ရပ်တန့်ဖို့ လုပ်နေပေမယ့် ကျွန်တော် မရပ်ဘူး။ ဆက်ဆက်ပြီး ထုတ်နေမှာပဲဖြစ်တယ်'တဲ့။ 48 Hours မဂ္ဂဇင်းက The Heroin Connection ခေါင်းစဉ် အောက်မှာ ဖော်ပြခဲ့တာပါ။ ခွန်ဆာဟာ သူကိုယ်တိုင် စီအိုင်အေအတွက် အလုပ်လုပ်ပေးခဲ့ရတာ တွေရှိလို့ အမေရိကန်အစိုးရအကြောင်း နားလည်တယ်လို့ ထင်နေတယ်။ တကယ်တော့ နိုင်ငံရေး ဆိုတာ သူထင်သလို မရိုးရှင်းပါဘူး။
'အမေရိကန်တွေအတွက် သူလုပ်ပေးရတဲ့ အလုပ်တွေဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။ စီအိုင်အေရဲ့ စစ်ဆင်ရေးတွေဟာ အမြဲတမ်း ရှုပ်ထွေးပါတယ်။ အမေရိကန် ဘီလျံနာ သူဌေးကြီး ရော့စ်ပီရော့စ်နဲ့ ဗိုလ်မှူးဘိုဂရစ်ဇ်တို့ဟာ ရစ်ချတ်အာမီ တေ့နဲ့ အမေရိကန်အစိုးရတို့ရဲ့ ဘိန်းဖြူဆက်နွှယ်မှု အကြောင်းကို သက်သေနဲ့တကွ ဖော်ထုတ်ပြီး အိမ်ဖြူတော် ကို တင်ပြခဲ့ပေမယ့် ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပါဘူး' (စာ-၂၀၆)
'လူပြောနည်းတဲ့ အမှန်တရားတစ်ခုကတော့ ခွန်ဆာဟာ စီအိုင်အေနဲ့အတူ မူးယစ်ဆေးစီးပွား ရေးလုပ်ခဲ့တာပါပဲ။ ထိုင်ဝမ်ထောက်လှမ်းရေး အေးဂျင့်တွေ၊ ရာဇဝတ်အဖွဲ့ဟာ ခွန်ဆာရဲ့ MTA တပ် အစိပ်အပိုင်းတွေ လိုပါပဲ။ စီအိုင်အေက လက်သပ်မွေးထားတဲ့ ထိုင်ဝမ် အေးဂျင့်တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်အရာ ရှိတွေကို ပြန်ပေးဆွဲလေ့ရှိတယ်။ သူတို့တွေကို နှိပ်စက်ပြီး စစ်ဆေး မေးမြန်းလေ့ရှိတယ်။ အဲဒီသတင်းအချက် အလက်တွေဟာ အေဂျင်စီတွေကြားမှာ မျှဝေရလေ့ရှိတယ်။' (စာ-၂၀၇)
၁၉၈၆ သြဂုတ်လမှာ သမ္မတ ရော်နယ်ရေဂင်က အမေရိကန်ပြည်ထောင်စုထံကို မူးယစ်ဆေးဝါးတွေ စီးဝင်လာမှုကို နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လိုက်ပြီး စစ်ဆင်ရေးလုပ်ကာ ဖြေရှင်းဖို့ စီစဉ်ခဲ့တယ်။ 'အဲဒီမတိုင်ခင်က Operation Sage နဲ့ Operation Camaway ဆိုပြီး စစ်ဆင်ရေးနှစ်ခု ရှိခဲ့သေးတယ်။ နှစ်ခုစလုံးရဲ့ ပစ်မှတ်က ခွန်ဆာပါပဲ။ ခွန်ဆာဟာ အဓိက ပစ်မှတ်ဖြစ်ခဲ့တာပါ' (စာ-၁၄၇)
ခွန်ဆာကတော့ သူ့ရဲ့ ဟိုမိန်းဌာနချုပ်ကြီးကို အလွန်ခမ်းနားအောင် တည်ဆောက်နေတယ်။ ဂေါက်ကွင်းပန်းခြံ ဘားတွေနဲ့ ခေတ်မီမြို့အငယ်စားလေးအဖြစ် ဖန်တီးထားတယ်။ စစ်အင်အားတိုးချဲ့ခဲ့တာလည်း အသက် (၁၂) နှစ်အရွယ်ကလေး စစ်သည်တွေ အများကြီးပါဝင်တယ်။ ခွန်ဆာဟာ အင်အားကြီးမားလာ သလောက် ရန်သူတွေ ပတ်လည်ဝိုင်းလာတယ်။ ရှမ်းအရှေ့ ကို ထိုးဖောက်လာတဲ့ 'ဝ'တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲကြီးတွေ ဖြစ်နေတယ်။ အစိုးရတပ်တွေကလည်း ပိတ်ဆို့ချေမှုန်းရေး လုပ်နေတယ်။ အထူးသဖြင့် ထိုင်းအာဏာပိုင်တွေနဲ့ အမေရိကန် စီအိုင်အေ ပူးတွဲပြီး 'ကျားထောင် ချောက်စစ်ဆင်ရေး'အမည်နဲ့ ခွန်ဆာကို ပစ်မှတ်ထား တိုက်ခိုက်လာကြတယ်။ ခွန်ဆာကတော့ စီအိုင်အေ သူ့ကိုသစ္စာဖောက်တာပဲလို့ မှတ်ချက်ချတယ်။ ၁၉၈၉ ခုနှစ်မှာ နယူးယောက်အထူး တရားရုံးက သေဒဏ်ချမှတ်ပြီး ဆုကြေးငွေ ဒေါ်လာနှစ်သန်း အထုတ်ခံရတဲ့ ခွန်ဆာဟာ အခုမှ သေမင်းနဲ့ မျက်နှာချင်းဆိုင် ဆုံတွေ့နေခဲ့ရပေပြီ။
ခွန်ဆာဟာ ထိုင်းနဲ့ အမေရိကန်တွေလက်ထဲမှာ မရှုမလှ ကျဆုံးရမှာကို ငြင်းပယ်လိုက်ပြီး မြန်မာ အစိုးရထံမှာ လက်နက်ချ အညံ့ခံလိုက်ခြင်းဖြင့် ငြိမ်းအေးသိမ်မွေ့တဲ့လမ်းကို ရွေးလိုက်ပါတယ်။ မြန်မာအစိုးရကလည်း ခွန်ဆာကို အမေရိကန်တွေ ဘယ်လောက်ပဲ လိုချင်နေပါစေ၊ လွှဲမပေးခဲ့ပါဘူး။ 'ခွန်ဆာဟာ ဘိန်းအင်ပါယာကနေ အနားယူသွားပြီးတဲ့နောက် ဘိန်းလုပ်ငန်းကြီးဟာ 'ဝ' တပ်ဖွဲ့ရဲ့ စစ်ခေါင်းဆောင် 'ဘောင် ယွန်ရင်း'လက်ထဲ ရောက်သွားတယ်လို့ 'ရွန်ဖယ်လ်ဘာ'က ရေးသားဖော်ပြ ခဲ့ပါတယ်။ (စာ-၂၄၉-ရှု)
၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၆ ရက် သောကြာနေ့မှာတော့ 'ကမ္ဘာ့အဆိုးရွားဆုံးရန်သူ'လို့ အမေရိကန်တွေ နာမည်ပေးခဲ့တဲ့ ဘိန်းဘုရင် ခွန်ဆာကွယ်လွန်သွားခဲ့ပါတယ်။ ကမ္ဘာတစ်လွှားက သတင်းအေဂျင်စီတွေ ခွန်ဆာသေဆုံးကြောင်း အလုအယက် အပြိုင်အဆိုင် ဖော်ပြခဲ့ကြပါတယ်။ စီအိုင်အေဟာ သူတို့ပြုစုပျိုးထောင်ခဲ့တဲ့ ခွန်ဆာကို သူတို့လက်နဲ့ သက်ခွင့်မရလိုက်တဲ့ အတွက်တော့ နောင်တရနေမှာပါပဲ။ ဘယ်လိုပင်ဖြစ်စေ မူးယစ်ဆေးဝါးကုန်သွယ်မှုဟာ ဒီနေ့ မြန်မာ့မြေပေါ်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ အားကောင်းမောင်းသန်ရှင်သန်နေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ရှုမြင်သုံးသပ်လျက်ရှိပါတယ်။ (မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )