၂၀၂၅ ၊ ဧပြီ ၂၅
သူတို့ပါးစပ်မို့ ပြောထွက်ရက်
မန္တလေးငလျင်ကြီး သဘာဝဘေးဒဏ်ကြောင့် အများပြည်သူ ဒုက္ခအခက်အခဲထဲက ပြန်လည် ရုန်း ထနိုင်ဖို့ရန် ခွန်နှင့်အားနှင့် ကြိုးစားနေကြရသည်။ နိုင်ငံတကာ အကူအညီ၊ ပြည်တွင်းအစိုးရ အဖွဲ့ အစည်းအသီး ၏အကူအညီ၊ ပရဟိတများ၏ အကူအညီဖြင့် မခြောက်ခန်းသေးသော မျက်ရည်တို့ကို ကူသုတ်ပေးနေရချိန်လည်း ဖြစ်သည်။ သည်နှစ်ကျရောက်သည့် မြန်မာ့ရိုးရာနှစ်ကူး အတာသကြန်ပွဲတော်ကိုလည်း သည်သဘာဝဘေး ကြုံတွေ့ခဲ့ရခြင်းကြောင့် ပျော်ပွဲရွှင်ပွဲများမပါဘဲ ကျင်းပရသည်။ ဤကဲ့သို့ ပြည်သူ၏ ပူပင်သောက မခြောက်ခန်းသေးသည့် မျက်ရည်များနှင့် အနာဂတ်အတွက်လဲလျှင် ပြန်ထရမည်ဟူသောစိတ်ဖြင့် မာန်တင်းနေရချိန် မန်း PDF တွေက ဘာတွေများ လုပ်နေသည်ဟု ထင်သနည်း "ငါပြောလျှင် ငါပြောဖြစ်တော့မည်"ဟုသာ ဆိုရမလိုဖြစ်နေလေသည်။ သူတို့ လုပ်ရပ်က ဤသို့တဲ့ဗျ။ "မတ်လ ၂၈ ရက်က ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းနယ်နှင့် မန္တလေးနယ်တို့တွင် လူပေါင်းများစွာ ဘေးဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း အားလုံးသိရှိပြီးဖြစ် ကြပါလိမ့်မည်ခင်ဗျာ။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသူများတွင် တော်လှန်ရေးတပ်ဖွဲ့အချို့လည်း ပါဝင်နေပါသည်။
ကျွန်တော်တို့ MDY Revolution မှ လစဉ်ကောက်ခံလျက်ရှိသော မြေပြင်တော်လှန်ရေးအဖွဲ့များအတွက် လစဉ်အလှူကို ယခုလအတွက် ငလျင်ဒဏ်သင့် ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များအတွက် ထောက်ပံ့ရေး အလှူအနေဖြင့် မတ်လ ၃၁ ရက်မှ ဧပြီ ၂၀ ရက်အထိ ကောက်ခံသွားမည့် အကြောင်း ညှိုးငယ်စွာအသိ ပေးအပ်ပါသည်"ဟု သူတို့ကပါ ရောယောင်၍ အလှူခံနေလေသည်။ မည်သည့်အချိန်ကမှလည်း ပြည်သူ့ကို မကူညီခဲ့သကဲ့သို့ ပြည်သူများ ဒုက္ခရောက်ရသည့်အချိန် တွင်ပင်လျှင် တစ်တပ်တစ်အား ကူညီမည်ဟု စိတ်မထားဘဲ ပြည်သူနှင့်အတူ ဆိုသည့် သူတို့ခေါင်း ဆောင်စကားအတိုင်း ဒုက္ခရောက်နေသည့် ပြည်သူထံကိုပင် အလှူထပ်ခံနေကြလေသည်။
မမျှော်လင့်တာများလည်း ဖြစ်ခဲ့
ရုံးရက် ရှည်ပိတ်ခြင်း၊ ကျောင်းရက်ရှည်ပိတ်ခြင်း၊ အခါကြီးရက်ကြီးများ နှစ်သစ်ကူးစသည့် အချိန်များအတွက် သည်နှစ်တွင် ဘာလုပ်မည်ဟု တင်ကြိုစိတ်ကူးဖြင့် ကြို၍စီစဉ် စဉ်းစားကြရဲ့ မဟုတ်လားဗျာ။ ကျွန်တော်တို့ဝန်းကျင်က လူများလည်း သည်နှစ်သကြန် နှစ်ကူးတွင် ဒုလ္လဘ ဝတ်မည့်သူများ၊ အပန်းဖြေခရီး ထွက်မည့်သူများ၊ မိသားစုနှင့် အေးအေးလူလူ အနားယူကြမည့် သူများ၊ တရားစခန်း ဝင်ကြမည့်သူများ စသဖြင့် ကိုယ့်စိတ်ကူးများကို ဖွင့်ဟ၍ အပျော်များ ကူးစက်ခဲ့ကြရသည်။ ထိုအပျော်စိတ်ကူးများသည် ၂၈-၃-၂၀၂၅ မတိုင်မီအထိဟု ဆိုရမည်ဖြစ်သည်။ သည်သဘာ ဝဘေးကြီး ကြုံလိုက်ရချိန် အားလုံးသော အစီအစဉ်များသည် ကမောက်ကမ ဖြစ်ကုန်ကြရ၏။ ဘယ်နေ့၊ ဘယ်အချိန် ဘာဖြစ်မည်ဆိုသည်ကို ဘယ်သူမှ အတိကျမသိ ဆိုသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ ကြောက်စိတ်များလည်း ပိုခဲ့ရပါသည်။ တရားစခန်းဝင်ရင်း လှူဒါန်းဖွယ်ရာများ လှူဒါန်းဦးမည်ဟု ကြိုတင်စိတ်ကူးလေးဖြင့် ကုသိုလ်အထပ်ထပ်ပွားမိ၏။ ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီး ကြုံလိုက်ရချိန် လူသည်စိတ်နှင့်မကပ် အာရုံကို စုစည်းနိုင်ဖို့ရန်ပင် မလွယ်တော့ပေ။ အသံဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ကြားလျှင်လည်း ထိတ်လန့်နေမိသည်။ အိပ်ပျော်နေလျှင်လည်း မဟာပထဝီမြေကြီး လှုပ်လာသည်ဟုထင်ကာ မကြာမကြာ နိုးနိုးလာမိ၏။သည်ကာလများသည် စိတ်ညစ် ခြင်းမဟုတ် စိတ်ဓာတ်ကျခြင်းဖြစ်မည်ဟု ထင်လိုက်မိသည်။ သည်လိုအဖြစ်မျိုး မည်သူက ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြလိမ့်ပါမည်နည်း။
အိမ်မပြန်နိုင်ကြသူများ
ငလျင်ဒဏ်သင့်ပြီး လမ်းဘေးသို့အတူတူ ကြုံသလို ဖြစ်သလို နေရစဉ်အချိန်က ဖြစ်သည်။ အိမ်ငှားရသည့်သူက ငှား၍ရသည့်အိမ်သို့ အသီးသီး ပြောင်းရွှေ့ကုန်ကြသည်။ ဆွေမျိုးနီးစပ်ရှိသူက ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ကုန်ကြသည်။ နယ်ဝေး ပြန်ရမည့်သူများသည်လည်း မိဘရပ်ထံ ပြန်နိုင်သူက ပြန်ကြလေသည်။ မပြန်နိုင်သည့်သူများက မျက်လုံလေးကလယ်ကလယ်ဖြင့် အသီးသီးသော ပြန်သွားသူများကိုကြည့်ကာ စိတ်ပျက်အားငယ်နေကြသည်။ ထိုမပြန်နိုင်သည့် ဆိုသူများသည် စစ်ကိုင်းတိုင်းအတွင်းက သူများ၊ ရခိုင်ပြည်နယ်ကသူများ ဖြစ်ကြလေသည်။ သူတို့ ဘာကြောင့် မပြန်နိုင်လဲ ဟုဆိုလျှင် သူတို့နေရပ်သည် စစ်ဘေးဒဏ်သင့်နေသော ကြောင့်ဟု ဆိုလေသည်။ သဘာ ဝဘေးကြောင့် ပြန်လာသည့်ဝန်ထမ်းဆိုလျှင် CDM မလုပ်ရကောင်းလားဟုဆိုကာ ဒလန်တံဆိပ်ကပ် သတ်ဖြတ်ခံရမည့် အရေးက ကျိန်းသေသောကြောင့်ဟု စိတ်ပျက် အားငယ်စွာဖြင့် ပြောပြကြသည်။ တစ်ခုသော မိသားစုဆိုလျှင် "နောင်ဘ၀ ရခိုင်သူမ မလုပ်ချင်တော့ဘူး။ ဗမာမပဲ လုပ်ချင်တော့တယ်။ တို့က ခုပြန်ရင်လည်း အသတ်ခံရမှာ"ဟု စိတ်ပျက်လက်ပျက် ပြောနေလေတော့သည်။
သဘာဝဘေးရှောင်ကြသူများ
ညနေ ၆ နာရီခွဲခန့်တွင် အိမ်ဘေးက ဆရာလေးများ၏ ဘုရားရှိခိုးသံ ညီညီညာညာကို ကြားရသည်။ ကျွန်တော် ရောက်ဖြစ်သည့်အခါတိုင်း ဤကဲ့သို့ ဆရာလေးများ၏ ဘုရားရှိခိုးသံ၊ တရားသံတို့ကို မကြားမိသဖြင့် ထူးဆန်းသည်ဟု ခံစားရသည်။ သို့နှင့် စပ်စုမိရာ စစ်ကိုင်းက ငလျင်ဒဏ်ခံခဲ့ရသည့် ဆရာလေးများ သဘာဝဘေး လာရှောင်ကြသည်ဟု သိလိုက်ရသည်။ အကြီးဆုံး သီလရှင်မှာ Grade-11 တစ်ပါးနှင့် ကျန်သည့်ဆရာလေးများမှာ (၅) နှစ်မှ (၈) နှစ်ဝန်းကျင် အများဆုံး ဖြစ်သည်။ ထိုဆရာလေးငယ်ငယ်များက အများစုမှာ မြန်မာစကားကောင်းစွာ မတတ်သည့် ပအိုဝ်းနှင့် ရှမ်းဆရာလေးများ ဖြစ်ကြသည်။
သူတို့ကို အုပ်ချုပ်သည့် ဆရာလေးအသက် အကြီးဆုံးက စစ်ကိုင်းသို့ ပြန်ကြွသွားပြီး ပစ္စည်း ပစ္စယများသိမ်းဆည်းနေသည်ဟု သိရသည်။ ထိုဆရာလေးတို့နှင့် ကျောင်းချင်းကပ်ရပ် သီလရှင် ကျောင်းသည် မန္တလေးငလျင်ဘေးတွင် ရှစ်ပါး ပျံတော်မူသွားသဖြင့် ကျောင်းထိုင်သီလရှင်နှင့် တိုက် အုပ်တို့မှာ ဖြေမဆည်နိုင် ဖြစ်နေကြသည်ဟု ဆိုသည်။ မန္တလေးတွင် ဆေးကျောင်းတက်နေသူ၊ ကွန်ပျူတာတက္ကသိုလ်တက်နေသူ၊ ဆရာမ တာဝန်ထမ်းဆောင်နေသူ၊ အင်ဂျင်နီယာ လုပ်နေသူများနှင့်အတူ ထိုဆရာလေးများလည်း ထိုရွာသို့ ငလျင်ဘေး ရှောင်နေခြင်း ဖြစ်သည်။ သည်မြေငလျင် ဘေးက အဆောက်အအုံများ၊ လူများသေကျေပျက်စီးရုံမက ဆရာတော်၊ သံဃာတော်၊ ကိုရင်နှင့် သီလရှင်များစွာ ပျံလွန်တော်မူခဲ့ကြရသည်။ ဆရာလေးတို့၏ နံနက်နှင့် ညနေ ဘုရားဝတ်တက်သံကို ကြားပြီးကိုယ်က သူတို့လောက်မျှ ဘာသာရေးကို မလုပ်ဖြစ်ဟုပင် စိတ်ကူးပေါ်မိသည်။ သည်သဘာ၀ ဘေးကြုံမှ ကောင်းမှုကုသိုလ်ကို ပို၍ လုပ်မည်ဟုလည်း ဆုံးဖြတ်မိပါသည်။ မိဘပြည်သူများလည်း နှစ်သစ်မှစ၍ ကောင်းသောစိတ်၊ ကောင်းသော အကြံ၊ ကောင်းသောအတွေးဖြင့် ကောင်းမှုကုသိုလ် ထပ်ဖန်တလဲလဲ လုပ်နိုင်သူများ ဖြစ်ကြပါစေ။
( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )