၂၀၂၄ နိုဝင်ဘာ ၃၀
စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဆရာသာဓုကို ဒီနေ့ခေတ် သူငယ်တွေ သိချင်မှ သိကြတော့မယ်။ ဆရာသာဓုရဲ့ သားတွေဖြစ်တဲ့ ဒါရိုက်တာ အကယ်ဒမီမောင် ဝဏ္ဏ၊ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သုမောင်၊ စာရေးဆရာ မင်းလူတို့ကိုတော့ အရွယ်စုံ ပရိသတ်တွေက ကောင်းကောင်းကြီး သိကြပါတယ်။ သူတို့သားအဖတွေ စုပေါင်းပြီးတော့ 'သာဓုအင်ဆန်း'ဆိုတဲ့ စာတစ်အုပ်တောင် အမှတ်တရ ထုတ်ခဲ့ဖူးပါတယ်။ ဆရာသာဓုဟာ စာပေမှာရော ရုပ်ရှင်မှာပါ အထူးအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး ခေတ်မှာထုတ်ဝေခဲ့တဲ့ 'တပ်ထဲက မြတ်ကိုကို' ဝတ္ထုဟာ တပ်မတော်ကို အမွှမ်းတင်တဲ့ဝတ္ထုတစ်ပုဒ်အဖြစ် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ လက်ဝဲစာပေ အားကောင်းနေချိန်မှာ တပ်ထဲက မြတ်ကိုကိုဟာ တစ်မျိုးတစ်ဘာသာ ထူးခြားနေခဲ့ပါတယ်။ လက်ဝဲဆရာတွေ ဝေဖန်စရာဖြစ်ခဲ့ပေမယ့် ဆရာသာဓုက သူယုံကြည်ရာကို ဆက်ရေးခဲ့ ပါတယ်။ ၁၉၅၅ မှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာသာဓုရဲ့ 'စစ်သားအိတ်ဆောင်'မှာ ဝတ္ထုလတ် လေးပုဒ်ကို စုစည်းထားတာတွေ့ရပြီး ဒီစာအုပ်ကို ၂၀၁၉ ဇန်နဝါရီမှာ စိတ်ကူးချိုချိုစာပေက တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
'စစ်သားအိတ်ဆောင်'လို့ အမည်ပေးထားတဲ့အတိုင်း ဝတ္ထုလေးပုဒ်လုံးမှာ စစ်ဗိုလ်စစ်သားများက တစ်ဆင့် တပ်မတော်ရဲ့ သဘောထားအမြင်ကို ဖွင့်ဆိုတင်ပြသွားတာ တွေ့ရပါတယ်။ 'ထမင်းထုပ် ဖူးစာ'ဝတ္ထု ၁၉၄၉ အင်းစိန်တိုက်ပွဲကို နောက်ခံပြုထားတဲ့ ဝတ္ထု ဖြစ်ပါတယ်။ 'ရန်ကုန်အစိုးရ'လို့ ခေါ်ရလောက်အောင် မြန်မာတစ်ပြည်လုံးနီးပါး အချက်အချာကျတဲ့ မြို့ရွာတွေကို ရောင်စုံသူပုန်တွေ သိမ်းပိုက်ထားချိန်၊ KNDO ကရင်လက်နက်ကိုင်အဖွဲ့တွေက ရန်ကုန်ကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ရာ မြန်မာ့တပ်မတော်က အင်းစိန်က ပိတ်ဆို့ခုခံခဲ့ရာ အလွန်ပြင်းထန်တဲ့ သမိုင်းဝင်တိုက်ပွဲကြီး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ပြည်သူလူထုက တပ်မတော်ကို သည်းသည်းလှုပ် ထောက်ခံခဲ့ပုံတွေကို ဆရာသာဓုက 'ထမင်း ထုပ်ဖူးစာ'ဝတ္ထုနဲ့ ရေးဖွဲ့ဖော်ပြသွားတာ ဖြစ်ပါတယ်။
စစ်စခန်းမှာ 'ထမင်းထုပ်ဌာန' ဖွင့်ထားရတဲ့အထိ တပ်မတော်သားတွေအတွက် အလှူရှင်တွေ များလှတယ်လို့ဆိုတယ်။ ထမင်းထုပ်အပြင် သတင်းစာ၊ ဂျာနယ်၊ ချိုချဉ် စတဲ့ ပစ္စည်းတွေလည်း စုံလို့တဲ့၊ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ထမင်းထုပ်ထဲမှာ ရဲဘော်တွေကို အားပေးတဲ့ စာတွေ၊ ဖူးစာရှင်ရွေးတဲ့စာတွေ ပါလာတတ်တယ်ဆိုတာပါပဲ။ ဒီအကြောင်းတွေကို နေ့စဉ်ထုတ် သတင်းစာတွေကလည်း ဝေေ၀ဆာဆာ ဖော်ပြထားတယ်လို့ ဆရာသာဓုက ရေးပါတယ်။
'...ညွန့်ရုပ်ရည်ဟာ အချောကြီး မဟုတ်သော်လည်း ရွက်ကြမ်းရေကျို လူပျိုတွေ လှည့်မကြည့်ဘဲ မနေနိုင်တဲ့ ရုပ်မျိုးဆိုရင် ရဲဘော် ခန့်မှန်းနိုင်လောက် ပါပြီနော်။ ညွန့်လေ ...တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ထားတဲ့ ရဲဘော်ကိုမှ ယူမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ် ရဲဘော်ရယ် ...ဒါပေမဲ့ ဘယ်ရဲဘော်ယူ ရမလဲဆိုတာ မဝေခွဲနိုင်တာကြောင့် ဒီစာကို ရေးပြီး ထမင်းထုပ်ထဲ ထည့်လိုက်ပါတယ်။ ဒီစာကိုရတဲ့ ရဲဘော်ဟာဖြင့် ညွန့်ရဲ့ ဖူးစာရှင်ပဲလို့ ယူဆပြီးပြီဖြစ်တဲ့အတွက် ရဲဘော်ရဲ့အကြောင်းအကျိုးနဲ့တကွ လိပ်စာကိုပါ (...) သတင်းစာကနေပြီး ဖော်ပြပေးပါလား ရဲဘော်နော်... ရဲဘော်ရဲ့ အချစ်ကလေး...ညွန့်} (စာ-၄၂)
ထမင်းထုပ်ထဲ စာတွေထည့်၊ ပိုက်ဆံတွေထည့် ပေးကြတာတွေ အများကြီး၊ ဒီလိုအခြေအနေမှာ ခရီးလွန်လာတဲ့ မိသားစုသုံးယောက်ကို သောင်းကျန်းသူတစ်စုက ဖမ်းထားလိုက်တယ်။ ချမ်း သာသလောက် ရုပ်ရည်ချောမောလှတဲ့ မခင်လဲ့နဲ့ သူ့မိဘနှစ်ပါးတို့ သူပုန်လက်ထဲမှာ ဘဝဆုံးလုဆဲဆဲ တပ်ဖွဲ့ဝင်အချို့ အချိန်မီရောက်လာပြီး ကယ်တင်ခဲ့ကြတယ်။ ရဲဘော်တစ်ယောက် သူ့ရှေ့မှာ ကျဆုံးသွားတာမြင်လိုက်ရတဲ့ မခင်လဲ့တစ်ယောက် ယူကြုံးမရ ဖြစ်သွားရှာတယ်။
'ကျွန်မတို့ရဲ့ အသက်နဲ့ အရှက်ကိုကာကွယ် ကယ်တင်ပေးတဲ့ ဗိုလ်ကြီးတို့ရဲ့ ရဲဘော်တစ်စုကို ကျွန်မ ကျေးဇူးဆပ်ပါရစေ ...' စစ်ဗိုလ်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် မခင်လဲ့အား ဖျတ်ခနဲကြည့်ကာ တည်ခန့်သော အမူအရာဖြင့် ...
"ငွေနဲ့ ပစ္စည်းဆိုရင် ကျုပ်တို့ဘာမှ လက်မခံဘူး"
ပြေပြေပြစ်ပြစ်မရှိ တုံးတိတိနိုင်လှသော စစ်ဗိုလ်၏ပြောပုံကို သဘောမကျသလို မျက်နှာကလေး အိုသွားရာမှ ...
'ဒါကို ကျွန်မနားလည်ပါတယ် ဗိုလ်ကြီး၊ ဒါပေမဲ့ ကျွန်မကျေးဇူးတော့ ဆပ်ရမှဖြစ်မယ်။ အဲဒီတော့ ခုရှိကြတဲ့ ရဲဘော်တွေထဲက လူပျိုတွေ ရွေးထုတ်ပြီး မဲချပါ ...အောင်ဘာလေရတဲ့ ရဲဘော်ကို ကျွန်မ ကြည်ကြည်ဖြူဖြူ လက်ထပ်ယူပါ့မယ်။ အမျိုးနဲ့ တိုင်းပြည်အတွက် အသက်ပေးပြီး တိုက်ခိုက်နေတဲ့ ရဲဘော်တွေဖြစ်လို့ အဲဒီနည်းနဲ့ ကျွန်မကျေးဇူးဆပ်ပါရစေ၊ ဂုဏ်ပြုပါရစေ'
ထိုအသံနှင့် ထိုစကားကို ထူးထူးခြားခြားကြား လိုက်ရသော ရဲဘော်များကား တစ်ယောက်မျက်နှာတစ် ယောက်ကြည့်ကာ အတော်ကလေး လှုပ်လှုပ်ရွရွဖြစ်သွား ကြလေ၏။ စစ်ဗိုလ်မှာမူ တစ်စုံတရာ ပြောင်းလဲသွားခြင်းမရှိဘဲ မူလဣန္ဒြေအတိုင်းပင် မူသေသေကြည့်နေရာမှ ...
'အင်း ...တော်ရုံတန်ရုံ ကျေးဇူးတင်ကာမျှနှင့် ဒီစကားမျိုး ထွက်မလာနိုင်ဘူးဆိုတာတော့ ကျုပ်အသိအမှတ်ပြုပါတယ်။ အခု မခင်လဲ့ပြောတဲ့အတိုင်းဆိုရင် လူပျိုတွေရွေးထုတ်ပြီး မဲချတဲ့ အလုပ်တောင် လုပ်နေဖို့မလိုဘူး။ အခုရှိနေတဲ့ ရဲဘော်ရှစ်ယောက်မှာ ကျုပ်တစ်ယောက်ပဲ လူပျို၊ ကျန်တာတွေကတော့ သားနဲ့မယားနဲ့ လူတွေချည်းပဲ။ အဲသည်တော့ မခင်လဲ့ရဲ့ ကျေးဇူးဆပ်မှုဟာ ကျုပ်တစ် ယောက်တည်းသာ ဆိုင်နေတယ်။ ဒါပေမဲ့ ဒီလိုကျေးဇူးဆပ်ပုံမျိုးကို ဘယ်နည်းနဲ့မှ ကျုပ်လက်မခံနိုင်ဘူး။' (စာ-၁၆)
ဒီလောက် ချောမောလှပပြီး ချမ်းသာကြွယ်ဝတဲ့ မိန်းမပျိုလေးကို ငြင်းပယ်လိုက်တဲ့ ဗိုလ်ကြီးကို သူ့ ရဲဘော်တွေကလည်း တအံ့တသြ ဖြစ်ကုန်ကြတယ်။ ဗိုလ်ကြီးဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် ဆွံ့အနေသူမို့ 'ဗိုလ်တေမိ'လို့ ခေါ်ကြတယ်။ အချစ်စကား မပြောတတ်ပေမယ့် စစ်သားစကားကိုတော့ သူပြောတတ်ပါလေတယ်။
'လူထုအတွက် အသက်နဲ့လဲပြီး ကာကွယ်ပေးလိုက်တဲ့အတွက် ရသင့်ရထိုက်တဲ့ ဂုဏ်ပြုချက်ကတော့ (တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သူ ဗမာ့သားကောင်း ရတနာ)ရယ်လို့ အသိအမှတ်ပြု ပါတယ်ဆိုတဲ့ ချီးကျူးသံ ကြားရရင်ပဲ ကျေနပ်လှပါပြီ။ ကျေးဇူးတော့တင်ပါ။ အဲဒီတင်တဲ့ ကျေးဇူး နောက်က ငွေတို့၊ ပစ္စည်းတို့ကိုတော့ တာဝန်သိတဲ့ စစ်သားမှန်ရင် ဘယ်စစ်သားမှ လက်မခံဘူးဆိုတာ သိစေချင်ပါတယ်။' (စာ-၁၈)
ဇာတ်ဆောင်တွေကိုယ်တိုင် ပြောတဲ့စကားလား၊ စာရေးဆရာက ဇာတ်ဆောင်ကို ပူးကပ်ပြီး ဇွတ်ဝင်ပြောတဲ့စကားလား ခွဲခြားကြည့်ချင်စရာ ဖြစ်ပေမယ့် ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆရာသာဓုက ဆက်လက်သယ်ဆောင်လာခဲ့ပါတယ်။ ဗိုလ်တေမိဟာ မခင်လဲ့ကို ငြင်းပယ်ပြီး ပြန်လွှတ်လိုက်ပေမယ့် မခင်လဲ့ကို စွဲလမ်းပြီး ကျန်ရစ်ခဲ့တယ်။ မခင်လဲ့ကလည်း ရန်ကုန်ပြန်ရောက်တော့ သူ့သူငယ်ချင်း မနုတင်ကို ဖြစ်ကြောင်း ကုန်စင်ပြောပြရင်း သတင်းစာထဲမှာပါလာတဲ့ ဗိုလ်တေမိ ဓာတ်ပုံကို ကြည့်နေမိလျက်သား။ မနုတင်က ထမင်းထုပ်ထဲမှာ စာထည့်ပြီး အဲဒီထမင်းထုပ် ဗိုလ်တေမိ လက်ထဲ အရောက်ပို့ဖို့ အကြံအဖန်လုပ်တယ်။ ကံကောင်းချင်တော့ မနုတင်ဟာ ရန်ကုန်အရှေ့ ပိုင်းရပ်ကွက်က ထမင်းထုပ်တွေကို တာဝန်ယူပို့ဆောင်ပေးသူ ဖြစ်လာတယ်။ ဗိုလ်တေမိနဲ့ တွေ့ချင်လွန်းလို့ မခင်လဲ့လည်း မနုတင်နဲ့အတူ စစ်စခန်းကို လိုက်ပါလာလေ့ရှိတယ်။ ကိုးရက် ဆက်တိုက် လိုက်လာခဲ့ပေမယ့် ဗိုလ်တေမိနဲ့ လွဲနေခဲ့တယ်။ ဗိုလ်တေမိက စစ်ရေးကိစ္စနဲ့ အလုပ်များနေတယ်လို့ ဆိုတယ်။
ဒါပေမဲ့ နောက်ဆုံးတစ်ခေါက်မှာတော့ မနုတင်နဲ့ ရင်းနှီးနေပြီဖြစ်တဲ့ ရဲဘော်ဝင်းကြိုင်က တစ်ဆင့် မခင်လဲ့ရဲ့ ထမင်းထုပ်ကို ဗိုလ်တေမိဆီ အရောက်ပို့နိုင်ခဲ့တယ်။ ဗိုလ်တေမိက ထမင်းထုပ်ကို ဖြည်စားခါနီး သူ့အနားက ရဲဘော်စားနေတာ ငဲ့ကြည့်လိုက်တော့ ရဲဘော်ရဲ့ ထမင်းထုပ်က ဟင်း မကောင်းဘူး။ ဒါနဲ့ ဆီတွေရွှဲနေတဲ့ သူ့ထမင်းထုပ်ကို ရဲဘော်စားဆိုပြီး ပေးလိုက်တယ်။ ဗိုလ်တေမိက လက်အောက်ငယ်သား ရဲဘော်တွေကို အဲဒီလိုချစ်တာ၊ ရဲဘော်ဟာ ဗိုလ်တေမိကို မလွန်ဆန်နိုင်တာနဲ့ ထမင်းထုပ်ကိုလည်း ဖြေလိုက်ရော မခင်လဲ့ရဲ့ ဖူးစာရှင်ရွေးတဲ့စာကို တွေ့ပါလေရော၊ စာထဲမှာ မခင်လဲ့ရဲ့လိပ်စာလည်း အတိအကျပါလာတယ်။
ဒီလောက် သေသေချာချာ ကြံဖန်လုပ်ဆောင်ခဲ့ကာမှ အလွဲကြီး လွဲသွားတဲ့အတွက် မနုတင်အတော် ပေါက်ကွဲနေတယ်။ မခင်လဲ့ကိုလည်း တောင်းပန်တယ်။ မခင်လဲ့ရဲ့ဖူးစာရှင် ဖြစ်သွားပြီဖြစ်တဲ့ 'ရဲဘော်လောဥ'ကို အကြောင်းတစ်ခုခုပြပြီး ငြင်းတဲ့စာရေးပို့ဖို့ မနုတင်က အကြံပေးတယ်။
'တော်တော့ မနုတင်၊ ရဲဘော်တွေရဲ့ဘဝအခြေအနေမှန်ကိုသာ ရှင်သိရင် ဒီစကားမျိုး ပြောရက်မှာ မဟုတ်ဘူး။ ရှင်ပြောသလိုလုပ်ဖို့ သိပ်မခဲယဉ်းဘူးဆိုတာ ကျွန်မ နားလည်တယ်။ သို့ပေမယ့် ဒါဟာ ရဲဘော်တွေကို မထီလေးစားနဲ့ လှောင်သရော်တဲ့ သဘောမျိုး ဖြစ်သွားမှာပဲ။ ဒီလိုတော့ ကျွန်မ ဘယ်နည်းနဲ့မှ မလုပ်ဘူး။ ရဲဘော်တွေလောက် သနားစရာ၊ ကြည်ညိုစရာ ကောင်းတာ ဗမာပြည်မှာ ရှိသေးရဲ့လားလို့ စဉ်းစားကြည့်စမ်းပါ။ သာမန်မျက်စိနဲ့ကြည့်ရင် ရဲဘော်ဆိုတဲ့ စစ်သားတွေဟာ သူလိုငါလို အစိုးရအမှုထမ်းတွေပဲလို့ ထင်စရာရှိပေမယ့် နက်နက်နဲနဲ တွေးကြည့်လိုက်ပြီဆိုမှဖြင့် တိုင်းပြည်လူထုရဲ့ အသက်စည်းစိမ်အိုးအိမ်တွေကို သူတို့ အသက်အသေခံပြီး ကာကွယ်နေတဲ့ တကယ့်ကျေးဇူးရှင် စစ်စစ်ဖြစ်တယ်ဆိုတာ တွေ့ရတယ်။'
'ခုတလော သတင်းစာတွေထဲမှာရော ရုပ်ရှင်တွေထဲမှာရော (သွေးအားနည်းနေသူ လူနာများအတွက် သွေးလှူကြပါ)ဆိုတဲ့ ကြော်ငြာတွေ အမြဲတွေ့ရတယ်နော်။ ဒါပေမဲ့ (တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူထားပါတယ်)ဆိုတဲ့ နိုင်ငံရေးသမားတွေထဲက ဘယ်နှယောက်များ သွေးလှူတယ်လို့ ကြားမိသလဲ။ ရဲဘော်တွေကတော့ ပြည်ထောင်စုသားတစ်ယောက် အသက်ရှင်ဖို့အတွက် သူ့အသက်ကို ရက်ရက်ရောရော အသေခံပြီး ကာကွယ် မယ်ဆိုတာယုံ ...'(စာ-၇၆)
မခင်လဲ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို ဗိုလ်တေမိ တန်ဖိုးထား လေးစားသွားတယ်။ မခင်လဲ့ဟာ ဖူးစာရှင်အပေါ်မှာလည်း သစ္စာခိုင်မြဲတယ်။ တကယ်တော့ မခင်လဲ့ရဲ့ ထမင်းထုပ်ကို ဗိုလ်တေမိ ရခဲ့တာ ဖြစ်ပြီး မခင်လဲ့ရဲ့ စိတ်ဓာတ်အမှန်ကို သိချင်လို့ ရဲဘော်လောဥကို အသုံးချ စမ်းသပ်ခဲ့တာ ဖြစ်ပါသတဲ့။ ဒီလိုနဲ့ ဖူးစာရှင်အစစ်ဟာ ဗိုလ်တေမိ ဖြစ်သွားတယ် ဆိုတာနဲ့ ဇာတ်ပေါင်းပေးလိုက်ပုံဟာ 'သာဓုရေးနည်း ဝတ္ထု'လို့ ဆိုနိုင်ပါတယ်။ (ဆရာသာဓုရဲ့ ဝတ္ထုရေးဟန် ဝတ္ထုဖန်တီးပုံကို 'သာဓုရေးနည်း ဝတ္ထုများ' ဆိုတဲ့ သီးခြားစာအုပ်မှာ တွေ့နိုင်ပါတယ်။)
နောက်တစ်ပုဒ် 'တာဝန်'ဆိုတဲ့ ဝတ္ထုမှာတော့ စက်မှုလက်မှု(B.E.M.E)မှ ရဲဘော်လေးတစ်ဦးနှင့် တောင်ငူမြို့မှ အရပ်သူလေးတစ်ဦးတို့ရဲ့ လွမ်းမောဖွယ်အချစ် ဇာတ်လမ်းကို ရေးဖွဲ့ထားတယ်။ ဝတ္ထု နောက်ခံကတော့ KNDO (ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ) ပုန်ကန်ထကြွပြီး တောင်ငူတစ်ခွင် စစ်ရေးပြင်နေချိန် ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဆရာသာဓုရဲ့အသံကို ဇာတ်ဆောင်တွေကတစ်ဆင့် ကြားခဲ့ရတယ်။
'စစ်သားဆိုတာ အမျိုးနဲ့ တိုင်းပြည်အတွက် အသက်လှူထားရတဲ့ လူတွေ ...' (စာ-၁၁၅)
'ကိုကိုတို့ စစ်သားအလုပ်ဟာ အင်မတန် မြင့်မြတ်တဲ့အလုပ် အရွှေရဲ့။ တိုင်းသူပြည်သားတွေ အေးအေးဆေးဆေး ရောင်းဝယ်စားနိုင်အောင် သူခိုးဓားပြဘေးက ကာကွယ်ပေးရတယ်၊ နိုင်ငံခြား ရန်သူ ပေါ်လာရင်လည်း အသက်အသေခံပြီး တိုက်ခိုက်ပေးရတယ်။ ကဲ ...ဘယ်လောက် အဖိုးတန်တဲ့ အလုပ်လဲ။ စစ်သားအလုပ်ကို တော်ရုံလူ မလုပ်နိုင်ဘူး။ အမျိုးနဲ့တိုင်းပြည်ကို တကယ်ချစ်တဲ့လူမှသာ စစ်ထဲဝင်တယ်။' (စာ-၁၁၈)
စက်မှုလက်မှုတပ်(စစ်အင်ဂျင်နီယာတပ်)က ရဲဘော်ကိုစိန်ချယ်နဲ့ တောသူမလေး အရွှေတို့ အချစ်နယ် ကျွံမိကြပြီး မကြာခင် ကိုစိန်ချယ်က ညောင်လေးပင်ကို ပြောင်းရတယ်။ သိပ်မကြာခင်မှာပင် တောင်ငူကို KNDO သိမ်းတယ်။ ကိုယ်ဝန်နဲ့ ကျန်ခဲ့တဲ့အရွှေမှာ ရဲဘော်စိန်ချယ် ပြန်လာနှိုးနဲ့ ဒုက္ခအမျိုးမျိုး ကြုံရတယ်။ ရဲဘော်ကလည်း ကျောရရုံအပျော်ကြံခဲ့တာ မဟုတ်ဘဲ လက်ထက်ယူဖို့အထိ ကြိုးစားခဲ့ပေမယ့် အချစ်ရေးထက် စစ်ရေးခက်နေချိန်မှာ နှစ်ကိုယ်တူပေါင်းစည်းရေးဟာ မနီးတဲ့ဘဝခရီး ဖြစ်နေခဲ့ပါတယ်။ အရွှေဟာ စောဘအောင်ဆိုတဲ့ ကရင်စစ်သား ကာမမုဆိုးကြီးရဲ့ သားကောင်မဖြစ်ရအောင်လည်း အန္တရာယ်တွေကြားမှာ ရှောင်တိမ်းနေရတယ်။
'KNDO ကရင်လက်တွင်းသို့ သက်ဆင်းကျ ရောက်ခဲ့ပြီဖြစ်သော တောင်ငူမြို့ရှိ ဗမာများ၏ အခြေအနေကား မည်သို့ရှိနေသနည်း။ KNDO သည်ကား သူပုန် ဖြစ်၏။ သူပုန်တို့မည်သည်၌ တိကျသော တရားဥပဒေဟူ၍မရှိ၊ တရားရုံးတော်ဆိုသည်ကား နတ္တိ၊ စိတ်နှင့် အခန့်မသင့်လျှင် 'သေဒဏ်'ဟူ၍သာ အပြစ်ပေးလေ့ရှိ၏။ ယခုသော်ကား အရွှေအပါအဝင်ဖြစ်သော ဗမာပေါင်းများစွာမှာ KNDO တို့ပြုသမျှ နုရမည့်ဘဝသို့ ရောက်နေကြလေပြီ။' (စာ-၁၄၀)
ကိုစိန်ချယ် ရန်ကုန် ပြောင်းရချိန်မှာတော့ အရွှေဟာ တောင်ငူမှာ ဘယ်လိုမှ မနေနိုင်တော့တာကြောင့် ချစ်သူရှိရာ ရန်ကုန်ကို ရည်မှန်းပြီး ခရီးကြမ်း နှင်လာခဲ့တယ်။ ဒုက္ခပင်လယ်ဝေခဲ့ရာက ပဲခူး ရွှေမော်ဓောဘုရားကြီးရဲ့ သီလရှင်ဇရပ်တစ်ခုမှာ သောင်တင်နေခဲ့တယ်။ အရွှေ့ဒုက္ခတွေကို စာနာတတ်သူတစ်ဦးက အရွှေရဲ့ အနေအထားကို စာရေးပြီး ကိုစိန်ချယ်ထံပို့ လိုက်တယ်။ ရဲဘော်စိန်ချယ်ဟာ အထက်လူကြီးရဲ့ ခွင့်ပြုချက်နဲ့ တပ်ထဲက စမ်းသပ်ယာဉ် (On Test) တစ်စီးယူပြီး ပဲခူးကိုလာခဲ့တယ်။ အရွှေကလည်း ကိုစိန်ချယ်အလာကို မစောင့်နိုင်တော့ဘဲ ပဲခူးက ထွက်လာတယ်။
ရဲဘော်စိန်ချယ်ဟာ အရွှေကို တွေ့လိုဇောနဲ့ မောင်းလာရာ ညအမှောင်ထဲ ဒယီးဒယိုင်နဲ့ လမ်းဖြတ် ကူးသူတစ်ယောက်ကို တိုက်မိခဲ့တယ်။ ပုံမှန်အတိုင်းဆို ရင်တော့ တာဝန်သိတတ်လွန်းတဲ့ ကိုစိန်ချယ်ဟာ ကားတိုက်ခံရသူကို ပွေ့ယူပြီး ဆေးရုံပို့မိမှာ ဖြစ်ပေမယ့် အရွှေ့ဆီရောက်လိုဇောနဲ့ ကားကိုဆက်မောင်းခဲ့တယ်။ ဇာတ်ပေါင်းသော်လမ်းမှာ သူ့ကားနဲ့ တိုက်မိခဲ့သူဟာ သူ တွေ့ချင်လွန်း လှတဲ့ အရွှေဖြစ်နေလေတော့တယ်။
နောက်တစ်ပုဒ်ကတော့ 'ချစ်တရားခံ'ဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ် နာဂဒေသအနီးက 'တမော' ဆိုတဲ့ လူမျိုးစုရဲ့ ဓလေ့ထုံးစံနဲ့ ဘဝပုံဟန်ကို ထဲထဲဝင်ဝင် ရေးဖွဲ့ထားတယ်။ ဒီဝတ္ထုမှာလည်း ဗိုလ်လှဟန်ဆီက .. 'စစ်သားတစ်ယောက်အနေနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရတဲ့ အလုပ်ဟာ ဘယ် လောက် မွန်မြတ်တယ်ရယ်လို့ ကျုပ်အခု နားလည်ပြီ'ဆိုတဲ့ စကားမျိုးတွေ ကြားခဲ့ရ ပါတယ်။
'တိုင်းပြည်ရေးရာကို ဟိုတုန်းက ကျုပ်ဘာမှ သိတဲ့အကောင် မဟုတ်ဘူး။ ခုတော့ စာနဲ့လက်တွေ့အလုပ်က သင်ပေးလို့ သိသင့်သလောက် သိနေပြီ။ ခုဆိုရင် သောင်းကျန်းသူတွေကြောင့် ကျုပ်တို့ ပြည်ထောင်စုရဲ့ အတွင်းရေး ရှုပ်ထွေးနေသလို ပြည်ပအရေး၊ နယ်စပ်အရေးက စိတ်မချရတာ ခင်ဗျားသိမှာပဲ။ အိန္ဒိယနယ်ဘက်က နာဂခေါင်းဆောင်တချို့က ဗမာနယ်ဘက်မှာရှိတဲ့ နာဂနယ်ကို သူတို့နဲ့ ပူးပေါင်းဖို့လာဆွယ်တဲ့ကိစ္စ တွေ၊ မူဂျာဟစ် ဆိုတဲ့ ပါကစ္စတန်နယ်စပ်က ကိစ္စတွေ၊ ကေအမ်တီ ပြဿနာတွေ ...'
'အတိုချုပ်ကတော့ ကိုယ့်ပိုင်နက်ကလူတွေ သူများဘက် ပါမသွားဖို့က ပထမ၊ နယ်ချဲ့ပယောဂ နဲ့ ကျူးကျော်မှုကို တားဆီးဖို့က ဒုတိယ၊ တတိယအချက်က သောင်းကျန်းကောင်တွေက တောင်ပေါ် သားတွေကို ခုလုံးလုပ်မယ့်ဘေးကို တားဆီးဖို့၊ အဲဒါ ကျုပ်အဖို့ အကြီးဆုံးတာဝန်တွေပဲ' (စာ-၂၉၉)
တောင်ပေါ်တိုင်းရင်းသားများရဲ့ ယုံကြည်အားကိုးမှုရအောင် တော်တည့်မှန်ကန်စွာ ဗိုလ်လှဟန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
'မခင်မြူး'ဝတ္ထုကတော့ (Raw Hide)ကို မှီငြမ်းတယ်လို့ ဝန်ခံထားတယ်။ Raw Hide က ရုပ်ရှင်လား၊ ဝတ္ထုလားတော့ မသိရပါ။ မြစ်ဝကျွန်းပေါ်မှာ KNDO ကရင်တို့ လွှမ်းမိုးထားချိန် တပ်မတော်က ပြန်လည်တိုက်ခိုက် ရှင်းလင်းခဲ့ပုံ နောက်ခံကားမှာ ဗိုလ်သာတင့် တစ်ယောက် အရပ်သားပြည်သူကို အကူအညီ အကာအကွယ်ပေးရင်း ရန်သူ့လက်တွင်း ကျရောက်သွားတယ်။ ရန်သူ့စခန်းက လွတ်မြောက်အောင် ကြိုးစားခဲ့ရပုံကို ဇာတ်လမ်းဆင် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
ဆရာသာဓုက 'စစ်သား အိတ်ဆောင်'လို့ အမည်ပေးထားတဲ့ ဝတ္ထုလတ်လေးပုဒ် စုစည်းထားတဲ့ စာအုပ်မှာ စစ်သားဘဝ၊ စစ်သားဂုဏ်ရည်ကို လေးလေးနက်နက် ရေးဖွဲ့ထားတာ တွေ့ရပါတယ်။ ကွန်မြူနစ်အနီတွေ အားကောင်းတဲ့ခေတ်၊ နိုင်ငံရေးပါတီတွေ ကိုယ့်ပါတီ အာဏာရရေးကိုသာ ကြိုးပမ်းနေတဲ့ခေတ်မှာ ဆရာသာဓုက 'စစ်သားအိတ်ဆောင်'ကို ရေးသားထုတ် ဝေနိုင်ခဲ့တာကတော့ မှတ်တမ်းတစ်ခု မှတ်တိုင်တစ်ခုလို့ ဆိုရမှာပါပဲ။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )