၂၀၂၄ ဇူလိုင် ၂၁
ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ အပိုင်း(၂) တိုက်ပွဲများနဲ့ပတ်သက်ပြီး UWSA နဲ့ SSPP/SSA အဖွဲ့တို့ ပါဝင်လာတာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး ပြောဆိုဝေဖန်နေ ကြတာတွေ့ရပါတယ်။
'ဝ'တပ်ဖွဲ့တွေ တန့်ယန်းကို အလုံးအရင်းနဲ့ ဝင်လာတာဟာ စစ်တိုက်စရာမလိုဘဲ နယ်မြေသိမ်းပိုက် ရယူသွားတာဖြစ်ကြောင်း၊ ၁၀၂၇ ပထမတိုက်ပွဲမှာလည်း 'ဝ'က တပ်မတော်နဲ့ပူးပေါင်းပြီး နယ်မြေထိန်းပေးမလိုနဲ့ ဟိုပန်ကိုရယူသွားတာ တွေ့ရမှာဖြစ်ကြောင်း၊ တပ်မတော်က 'ဝ'နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကို တွေ့ရှိပြီးနောက် သူ့နယ်မြေကို ဗုံးကြဲတိုက်ခိုက်မှာစိုးလို့ ၁၀၂၇ တစ်ကျော့ ပြန်တိုက်ပွဲဟာ သူနဲ့မဆိုင်ဘူးဆိုပြီး ပြသခြင်းပင်ဖြစ်ကြောင်း စသဖြင့် အမျိုးမျိုးဝေဖန်ပြောဆိုနေကြ တာကို တွေ့ရမှာဖြစ်ပါတယ်။ UWSA ကတော့ တန့်ယန်းမြို့ရဲ့ အန္တရာယ်ကို တပ်မတော်နဲ့ညှိနှိုင်းပြီး ကာကွယ်သွားဖို့ဖြစ်တယ်လို့ We Chat မှာ ထုတ်ပြန်ထားတာ တွေ့ရှိရပြီး တန့်ယန်းမြို့မှာရှိတဲ့ ပြည်သူတွေကို စိုးရိမ်စရာမလိုကြောင်း၊ စစ်ဘေးရှောင်စရာမလိုကြောင်း ပြောကြားခဲ့တာ တွေ့ရှိရပါတယ်။
အလားတူ SSPP အဖွဲ့ကလည်း တပ်အင်အားအလုံးအရင်းနဲ့ မိုင်းရယ်ကိုဝင်ရောက် နေရာယူလာတာကို တွေ့ရပါတယ်။ SSPP ကတော့ မိုင်းရယ်ဒေသသည် ရှမ်းလူမျိုးများနေထိုင်ကြပြီး သူတို့၏ ဒေသဖြစ်ကြောင်း၊ ဒေသခံပြည်သူတွေက သူတို့ကိုကာကွယ်ပေးဖို့တောင်းဆိုလို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ SSPP ထိုသို့ပါဝင်လာတာ နဲ့ ပတ်သက်ပြီး SSPP ဟာ 'ဝ'ရဲ့ နောက်မြီးဆွဲဖြစ်ပြီး 'ဝ'ပါလာလို့ 'ဝ'လမ်းကြောင်းအတိုင်း လိုက်လုပ်ခြင်းသာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြတာ တွေ့ရပါတယ်။
၁၀၂၇ အပိုင်း(၂) စစ်ဆင်ရေးဟာ ကိုးကန့် (MNDAA)နဲ့ တအာန်းပလောင် (TNLA)တို့ရဲ့ နယ်မြေချဲ့ထွင်လိုတဲ့ လောဘကြောင့်လို့ ဆိုရပါလိမ့်မယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ခြင်းကို တရုတ်နိုင်ငံရဲ့ ကျားဖျန့်နှိမ် နင်းရေးအတွက် အကူအညီပေးသယောင် ကြေညာခဲ့ပြီး သွေးတိုးစမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ရာကနေ အားသာလာတဲ့အခါမှာ စစ်အာဏာရှင်ပပျောက်ရေး အကြောင်းပြ လာတာကို တွေ့ရမှာဖြစ်ပါတယ်။ NUG နဲ့ ချိတ်ဆက်ပြီး PDF အင်အား အများအပြားပါဝင်လာတဲ့အခါမှာ ဒရုန်းနည်းပညာနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်ဆည်းပေးပြီး ဗမာ PDF တွေကိုရှေ့ကထား တိုက်ခိုက်ခဲ့တာပဲဖြစ် ပါတယ်။ ဒရုန်းတပ်ဖွဲ့နဲ့ပတ်သက်ပြီး ဖုန်တာရွှင်ရဲ့ ညီဝမ်းကွဲ အမေရိကန်က IT နည်းပညာဘွဲ့ရလာတဲ့သူကို တာဝန်ခံစေခဲ့ပြီး သူ့ရဲ့ ဒရုန်းတပ်ဖွဲ့မှာ IT နည်းပညာတတ်ကျွမ်းတဲ့ သူ့ရဲ့မိတ်ဆွေ ထိုင်ဝမ်နိုင်ငံသားတွေ၊ ယူနန်ပြည်နယ်က KMT အကြွင်းအကျန် မျိုးဆက်တွေ၊ တရုတ်စစ်မှုထမ်းဟောင်းတွေကို အခကြေးငွေပေး ဖွဲ့စည်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ် ဆင်ရေးစတင်ခဲ့ရခြင်းဟာ နောက်ခံသမိုင်းကြောင်း အရကြည့်ရင် တရုတ်လူမျိုးတို့ရဲ့ သဘာဝဖြစ်တဲ့ ကလဲ့စားချေစိတ်က အဓိကဖြစ်ပါလိမ့်မယ်။ ထို ၁၀၂၇ စစ်ဆင်ရေးကို အဓိက ဦးဆောင်ခဲ့တာက MNDAA လို့ဆိုနိုင်ပါတယ်။ ဖခင်ဖြစ်သူ ဖုန်ကြားရှင်ကို အရှက်တကွဲ အကျိုး နဲဖြစ်အောင် တိုက်ခိုက်မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်အရ သားဖြစ်သူ ဖုန်တာရွှင်က လက်စားချေလိုခြင်းနဲ့ သူတို့ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ အထူးဒေသ(၁) ကို ပြန်လည်ရရှိရေးက အဓိကဖြစ်ပါတယ်။ ဖခင်ဖြစ်သူကိုယ်တိုင်ရဲ့အမှားနဲ့ ဖခင်ဖြစ်သူအနေနဲ့ မြန်မာ ပြည်ရဲ့ အကျိုးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဒေသကိုအပိုင်စားရထားသလို လုပ်ချင်ရာလုပ်ခဲ့ ကြတဲ့အတွက် ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေအပေါ် ဖုန်တာရွှင်နဲ့ MNDAA က တပ်မတော်နဲ့ ဗမာလူမျိုးတွေကို အငြိုးထားနေကြတာ သူတို့ရဲ့လုပ်ဆောင် ပြောဆိုချက်တွေအရသိသာပါတယ်။ ဖုန်တာရွှင်က သူ့ရဲ့မယားကြီး ယူနန်ပြည်နယ်သူနဲ့ရတဲ့သားဖြစ်သူ ဝင်းနိုင်ကို MNDAA ရဲ့ ဒုဦးစီးချုပ်ခန့်အပ်ခဲ့သလို MNDAA ရဲ့ ဌာနအလိုက် အကြီးအကဲတွေဟာလည်း ဖုန်ကြားရှင်ရဲ့ ညီတွေကမွေးထားတဲ့ ဖုန်တာရွှင်ရဲ့ ညီဝမ်းကွဲတွေ၊ ဆွေမျိုးတွေ သာဖြစ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကက ဖုန်ကြားရှင်တို့ အုပ်စုရဲ့ သဘာဝက မြန်မာပြည်အဝန်း အဝိုင်းမှာနေထိုင်ပြီး သီးခြားနယ်မြေအဖြစ် ရပ်တည်လိုခြင်းသာ ဖြစ်ပါတယ်။ ဒါကိုသားဖြစ်သူ ဖုန်တာရွှင်က အမွေဆက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအကျိုး ထက် ကိုယ်ကျိုးကိုသာကြည့်ကြတဲ့ လူစားမျိုးတွေလို့ ဆိုရမှာဖြစ်ပါတယ်။ ယခု ၁၀၂၇ အပိုင်း(၂) တိုက်ပွဲတွေ ဟာ ဘာမှ ဖက်ဒရယ်ပြည်ထောင်စုအတွက်၊ စစ်အာဏာ ရှင်အမြစ်ပြတ်ရေးအတွက် တိုက်နေကြတာမဟုတ်ပါ။ လက်နက်အားကိုးနဲ့ နယ်မြေချဲ့ထွင်ခြင်း သက်သက်သာဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ ကိုးကန့်လူမျိုး အမည်ခံထားပေမယ့် ဖုန်ကြားရှင်ကိုယ်တိုင်ကပင် သူဟာ တရုတ်နွယ်ဖွား ဟန်မျိုးနွယ်စုဖြစ်တယ်လို့ ကိုယ်တိုင်ပြောဆိုဝန်ခံထားတာ သိကြမှာပါ။ ၁၉၈၉ ခုနှစ်မှာ အ ထူးဒေသ(၁) အဖြစ်၊ ဖြစ်တည်လာပြီးနောက် အဖွဲ့အ တွင်းမှာပင် ဖုန်နဲ့ရန် ပြဿနာဖြစ်ပွားခဲ့ကြပြီး အချင်းချင်းအာဏာလု တိုက်ခိုက်ခဲ့ကြပါသေးတယ်။ ကိုးကန့်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဖုန်ကြား ရှင်အုပ်စုနဲ့ ရန်မိုး လျှံ အုပ်စုတို့ပဲဖြစ်ပါတယ်။ ထိုစဉ်က ဖြစ်ပွားခဲ့တဲ့ ပြဿနာကို တပ်မတော်က ဝင်ရောက်ဖျန်ဖြေပေးခဲ့တဲ့အတွက် အကျယ်အကျယ် မဖြစ်ပွားခဲ့ပေမယ့် ယခုချိန်ထိ သူတို့အချင်းချင်း မကျေလည်ကြသေးပါ။ ရန်အုပ်စုက လက်နက်နဲ့အာဏာကို စွန့်လွှတ်ပြီး မြန်မာပြည်တွင်းမှာ အေးချမ်း စွာ နေထိုင်ခဲ့ကြတဲ့အတွက် ဖုန်အုပ်စုက အထူး(၁) နယ်မြေ လောက်ကိုင်ဒေသမှာ တစ်ဦးတည်း အာဏာရှိလာခဲ့တာ ဖြစ်ပါတယ်။
တအာန်း ပလောင် (TNLA)ရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် လက်ရှိဦးဆောင်နေတဲ့ တာ ဘန်းကျော်ဟာ စစ်ကိုင်း၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်က ပြည်ထောင်စုအတွက် မွေးထုတ်ပေးခဲ့တဲ့ ဖွံ့ဖြိုးရေးဆင်းတစ်ယောက်ပါ။ ဒေသဖွံ့ဖြိုးရေး၊ ပလောင်ပြည်သူတွေရဲ့ ဘဝမြင်မာ့တိုးတက်ရေး၊ ပညာတတ်ရေး၊ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာစေရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ဘဲ လက်နက်ကိုင်လမ်းစဉ်နောက် လိုက်ခဲ့သူပဲဖြစ်ပါတယ်။ တပ်မတော်အစိုးရ လက်ထက်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရယူရာမှာ ပါဝင်ခဲ့တဲ့ ဦးအိုက်မုန်းရဲ့ ရှမ်းမြောက် အထူးဒေသ (၅)၊ PSLA ပလောင်ငြိမ်းချမ်းရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ဦးအိုက်မုန်းရဲ့ PSLA အဖွဲ့ လက်နက်စွန့်တဲ့အခါ မှာ တာဘုန်းကျော်အနေနဲ့ ပါဝင်ခဲ့ခြင်းမရှိဘဲ အင်အားအနည်းငယ်နဲ့ KIA ဆီမှာ သွားရောက်ခိုလှုံခဲ့ပြီး KIA က ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် အင်အားအတန်အသင့် ဖြစ်လာခဲ့ တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကိုးကန့် MNDAA ၊ AA တို့နှင့် ပူးပေါင်းခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအချိန်း အပြောင်းကာလမှာ PDF တွေရဲ့ ပူးပေါင်းမှုရလာပြီး အင်အားများလာတဲ့အတွက် နယ်မြေချဲ့ထွင် သိမ်းပိုက်မှုတွေ ပြုလုပ်လာခဲ့တာပဲ ဖြစ်ပါတယ်။
MNDAA နဲ့ TNLA တို့ရဲ့ စစ်ရေးအရ နယ်မြေချဲ့ထွင်သိမ်းပိုက်မှုတွေ၊ နယ်မြေအတွင်းဆောင်ရွက်မှုတွေကိုကြည့်ရင် ပြည်ထောင်စုမြန်မာနိုင်ငံထဲက ခွဲမထွက်ဘဲ အထူးဒေသအဖြစ် နေထိုင်လိုတယ်ဆိုပေမယ့် ပြည်ထောင်စုအမည်ခံ သီးခြားရပ်တည်လိုတဲ့ သဘောထားကိုတွေ့ရမှာ ဖြစ်ပါတယ်။ အထူး သဖြင့် ဗမာမုန်းတီးရေးနဲ့ သူတို့နယ်မြေအတွင်း ဗမာမလာရဆိုတဲ့ သဘောထားတွေဟာ ပြည်ထောင်စု အတွက် အန္တရာယ်လို့ဆိုရ မှာဖြစ်ပါတယ်။ ကိုးကန့်အမည်ခံထားတဲ့ ဖုန်တာရွှင်အပါ အဝင် MNDAA ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံသားတွေပဲဖြစ်ကြပါတယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်နိုင်ငံရဲ့ဥပဒေ ကလွတ်ကင်းရာ၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အဝန်းအဝိုင်းအမည်ခံပြီး တရုတ်နိုင်ငံရဲ့အထောက်အပံ့နဲ့ သီးခြားနယ်မြေတစ်ခုအဖြစ် နှစ်ဖက်ခွနေထိုင်နိုင်ရန် လက်နက်အားကိုးနဲ့ ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ ထိုလုပ်ရပ်တွေကို မြန်မာနိုင်ငံအ တွင်းမှာနေထိုင်ကြတဲ့ ကိုးကန့်လူမျိုးတွေ၊ နိုင်ငံသားတရုတ်လူမျိုးတွေကလည်း မကြိုက် ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် သူတို့ရဲ့ဒဏ်ကိုခံရပြီး ဗမာလူမျိုးတို့ရဲ့မုန်းတီးမှုနဲ့ လူမျိုးရေးပြဿနာတွေ မဖြစ်လိုတဲ့သူတွေပဲ ဖြစ်ကြပါတယ်။
AA နဲ့ TNLA တို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ မျိုးရင်းပြည်ထောင်စုတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ MNDAA ရဲ့ ရပ်တည်ချက်အတိုင်း တရုတ်နိုင်ငံကို ကျောထောက်နောက်ခံပြုပြီး MNDAA လို နယ်မြေရယူဖို့ ဆောင်ရွက်နေတာကို အထင်အရှားတွေရမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေအပေါ် ပြည်သူ့ အစိုးရ၊ ပြည်သူထောက်ခံတဲ့ နိုင်ငံရေးအင်အားစုလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ NUG နဲ့ NLD လိုလားတဲ့ နိုင်ငံရေးသမားတွေ၊ မြို့ပြကာကွယ်ရေးအမည်ခံထားတဲ့ ဗမာအပါအဝင် တိုင်းရင်း သား PDF တွေက ဝိုင်းဝန်းထောက်ခံပံ့ပိုးပေးနေတာတွေ၊ ပါဝင်ကူညီတိုက်ခိုက်ပေးနေကြတာတွေဟာ ပြည်ထောင်စု အစိတ်စိတ်အမြွှာမြွှာ ကွဲသွားဖို့ပဲ ဖြစ်ပါလိမ့်မယ်။ စစ်အာဏာရှင်စနစ် အပြုတ်တိုက်ပြီးမှ ပြန်လည်ပြုပြင် ဖွဲ့စည်းမယ်ဆိုရင်လည်း တိုင်းပြည်က ပြာပုံသာကျန်ပါလိမ့်မယ်။ ဒုတိယ ကမ္ဘာစစ်အ တွင်းက စစ်ဒဏ်နှစ်ခါခံခဲ့ရတဲ့ မြန်မာပြည်ဟာ ခုချိန်ထိပင် နာလန်မထူနိုင်သေးတာ သတိထားဖို့ လိုပါလိမ့်မယ်။ ပြာပုံကျန်ပြီး ပြန်ဖွဲ့စည်းတဲ့အခါမှာလည်း တရုတ်အလိုကျ အုပ်စုနယ်မြေဟာ ပြည်ထောင်စုမြန်မာ နိုင်ငံရဲ့ တစ်ဝက်မက ပါသွားပါလိမ့်မယ်။ PDF တွေက ပြည်ထောင်စုတပ်မတော် ဖြစ်မ လာဘဲ အင်အားချည့်နဲ့တဲ့ သူပုန်တွေသာ ဖြစ်သွားပါလိမ့်မယ်။ ခင်ဗျားတို့ကူညီပေးခဲ့တဲ့ တရုတ်နောက်ခံသူတွေကို ခင်ဗျားတို့ ခက်ခက်ခဲခဲ ပြန်တိုက်နေရမှာ သေချာတယ်။ ဒါတွေကို ပြန်လည် ဆင်ခြင်မြင်စေချင်ပါတယ်။ အခုချိန်ဟာ အတော်ယိုယွင်းနေတယ်လို့ဆိုနိုင်ပေမယ့် မလွန်သေးတဲ့အခြေအနေပါ။
ရှမ်းမြောက်အထူးဒေသ(၂)၊ UWSA 'ဝ' တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် တပ်မတော်နဲ့ငြိမ်းချမ်းရေး ရယူခဲ့ချိန်မှစပြီး တပ်မတော်နဲ့ ပွတ်တိုက်မှု၊ နာကြည်းမှု မရှိခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးမထားတာကလွဲလို့ စစ်ရေးလှုပ်ရှားမှု၊ လက်နက်ကိုင် နယ်မြေချဲ့ထွင်မှုတွေမရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပါတယ်။ 'ဝ'လူမျိုးဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုတိုင်း ရင်းသား လူမျိုးတစ်မျိုးဖြစ်ပါတယ်။ ကိုလိုနီခေတ်က မြေပုံရေးဆွဲရာမှာ Wa land ဟူ၍ သီးခြားရှိပြီးသား ဖြစ်ပါတယ်။ သူ့နယ်မြေ၊ သူ့ဒေသနဲ့ သူ့လူမျိုးတွေအတွက် ရည်မှန်းချက်ရှိရှိနဲ့ နယ်မြေလိုချင်တာမှန်ပေမယ့် လက်နက်ကိုင်တိုက်ခိုက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ထိုင်းနယ်စပ်ဒေသ တစ်ခုမှာ ပြည်ပအကူအညီနဲ့ မြန်မာတပ်စခန်းတွေ တိုက်ခိုက်ခံခဲ့ ရတဲ့အချိန်တုန်းက 'ဝ'တပ်ဖွဲ့ဟာ မြန်မာ့တပ်မတော်နဲ့ အတူ ပြည်ပအန္တရာယ်ကို အတူတကွ တွန်းလှန်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး သူတို့လက်မခံနိုင်တဲ့ အခြေအနေ တချို့အတွက် ညှိနှိုင်းနေရတဲ့ အခြေအနေမှာရှိပေမယ့် ကြီးမားတဲ့ပြဿနာမရှိတဲ့ အခြေအနေလို့ဆိုနိုင်ပါတယ်။ လူမှုအသိုင်း အဝိုင်းကြားမှာ 'ဝ'နဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့ တချို့အချက်အလက်တွေဟာ ထင်ကြေးတွေလို့ ဆိုရမှာသာဖြစ်ပါတယ်။ ထို့အတူ TNLA ဟာလည်း တပ်မတော်နဲ့ နိုင်ငံရေးဆွေးနွေးခဲ့သလို ကြီးမားတဲ့ ပြဿနာမရှိတဲ့အဖွဲ့အစည်းတစ်ခုလို့ ဆိုရပါမယ်။ အခုအခါမှာ တပ်မတော်က သူတို့နယ်မြေကို ထိပါး တာမရှိဘဲ လက်ရှိ သူတို့နယ်မြေတွေကို ထိပါးနေပြီး သူတို့ ရှမ်းလူ မျိုးတွေကို အနိုင်ကျင့်နေတာက TNLA ဖြစ်နေတဲ့အတွက် ပါဝင်လာခြင်းဖြစ်တယ်လို့မြင်ပါတယ်။ SSPP နဲ့ TNLA တို့ပွတ်တိုက်မှုကို 'ဝ'အထူးဒေသပန်ဆန်းမှာပြေလည်အောင်ညှိနှိုင်းခဲ့ပြီးပြီဆိုပေမယ့် သူတို့နယ်မြေထဲ ကျူးကျော်လာရင်၊ သူတို့ လူမျိုးကို ထိလာရင် SSPP အနေနဲ့ ငြိမ်ခံနေလိမ့်မယ်မထင်ပါ။
ဘယ်လိုပဲပြောပြော။ ရှမ်းမြောက်ဒေသ၊ ရခိုင် ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ပြဿနာတွေဟာ စစ်အာဏာ ရှင်အမြစ်ပြတ်ရေးမဟုတ်ပါ။ လက်နက်အားကိုးနဲ့ ပွဲလန့်တုန်း ဖျာခင်းနေတဲ့ နယ်မြေချဲ့ထွင်မှုများ၊ သီး ခြားနယ်မြေရရှိလိုမှုများသာ ဖြစ်ပါတယ်။ ဒါတွေကို တိုင်းရင်းသားပြည်သူတွေ မြင်ကြဖို့ လိုပါတယ်။ ထိုနယ်မြေတွေကို လက်နက်ကိုင် အာဏာ တည်ဆောက်လိုတဲ့ ထိုသူတွေ ရရှိသွားပါက ထိုဒေသတွေ မှာနေထိုင်တဲ့ ပြည်သူတွေရဲ့ဘဝဟာ တွေးရဲစရာမရှိပါ။ သေချာပေါက်ပြောလိုတာက ခင်ဗျားတို့အ လိုရှိတဲ့ ဒီမိုကရေစီမပြောနဲ့၊ ယခင်တပ်မတော်အစိုးရက စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ ဒီမိုကရေစီအဆင့်ပင် ရမှာမဟုတ်ပါ။ Warlord တွေရဲ့ အလိုကျသာနေရမယ့် ဘဝဆိုတာ မမေ့စေလိုပါ။ ထိုသို့မဖြစ်စေလိုရင်တော့ ဒီအချိန်မှာ တပ်မတော်ကို ဝိုင်းကူဖို့လိုပါလိမ့်မယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် လိုချင်တယ်ဆိုရင်တော့ လက်နက်ကိုင် တိုက်ပွဲတွေ ဆိတ်သုဉ်းမှသာ ဖြစ်ပါလိမ့်မယ်။ ( ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )