စစ်ရှုူံးခဲ့ရသော ရခိုင်ပြည်သူလူထု

၂၀၂၅၊ ဇန်နဝါရီ ၂

    အခုဆိုရင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်ကနေ နိုင်ငံရေးစကားဝိုင်းအတွက် ဖိတ်ခေါ်ဆွေးနွေးဖို့ ကြေညာချက်တစ်စောင် ထွက်ပေါ်လာပါတယ်။ တိုက်ပွဲတွေ အတိုင်းအတာတစ်ခုထိ တိုက်ပြီးရင် ဒါမျိုး ကြေညာချက်ထွက်ကို ထွက်လာလိမ့်မယ်ဆိုတာ ခန့်မှန်း သိရှိထားပြီးသားပါ။ ရခိုင်ပြည်နယ် တိုက်ပွဲစဉ်တွေဟာ စောစောကတည်းက အကျိုးမရှိတဲ့ အချည်းနှီးသက်သက် ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်တော့ ရခိုင်ရဲ့ ပထဝီနိုင်ငံရေး ပေးထားချက်အနေအထားတွေက စောစောကတည်းက သီးခြားလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေနဲ့ ရပ်တည်ဖို့ အင်မတန် ခက်ခဲပါတယ်။ ဘာကြောင့်လဲ ပြောရရင်တော့ ပထမအချက်ဟာ ရခိုင်လူဦးရေပါ။ ရခိုင်လူဦးရေ အားလုံးပေါင်းလို့ ၁၀ သန်း မပြည့်ပါဘူး။ ဘေးနားကပ်လျက်က ဘင်္ဂလားဒေ့ရှ်ကတော့ မြန်မာနိုင်ငံထက် သုံးဆများပါတယ်။ သန်း ၁၅၀ ကျော် ရှိပါတယ်။
    နောက်တစ်ချက်က ရခိုင်သည် ကုန်းမြေသယံဇာတ အလွန်နည်းပါးပါတယ်။ သီးနှံတောင် ကောင်းကောင်း မဖြစ်ထွန်းနိုင်တဲ့ မြေအနေအထားပါ။ ရေလုပ်ငန်းကိုသာ အများစုက အဓိကထားပြီး လုပ်ကိုင်ကြရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အဓိက အကျိုးစီးပွားက ပင်လယ်ပြင်ပါ။ ပင်လယ်ပြင်ကသာ လျှင် သဘာဝသယံဇာတနဲ့ အဓိကအကျိုးစီးပွားများ တည်ရှိရာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ကမ်းလွန်ဒေသသည် အနောက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ကျားချောင်းသလို ချောင်းနေသော နေရာပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေပေါက်ကွဲမှု၊ စားနပ်ရိက္ခာရှားပါးမှု၊ သယံဇာတရှားပါးမှုတွေကြောင့် ပင်လယ်ပြင်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အနာဂတ်နဲ့ ထွက်ပေါက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘင်္ဂလားဒေ့ရှ်ဟာ စောစောကတည်းက ရေတပ်အင်အားကို တည်ဆောက်ပြီး မြန်မာ့ပင်လယ်ပြင်ကို ခြိမ်းခြောက်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီခြိမ်း‌ခြောက်မှုတွေကို ကာကွယ်နိုင်ဖို့ AA မှာ ခိုင်မာတောင့်တင်းတဲ့ ရေတပ်တစ်ခုအပြင် လုံလောက်တဲ့ ရေကြောင်းစွမ်းအား မရှိပါဘူး။ ရေကြောင်းစွမ်းအားဆိုတာကတော့ အများကြီးကျယ်ပြန့်ပါတယ်။ အတိုချုံ့ပြီးပြောရရင်တော့ ပင်လယ်ရေကြောင်းကရနိုင်တဲ့ အကျိုးစီးပွားအားလုံးကို ရာနှုန်းပြည့် အသုံးချနိုင်စွမ်းနဲ့ အဲဒီအကျိုးစီးပွားတွေကို ကာကွယ်နိုင်စွမ်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါဟာ ရေကြောင်းနဲ့ဆိုင်တဲ့ အခန်းကဏ္ဍပါ။ အခြားသော နယ်ပယ်၊ အခြားသော အခန်းကဏ္ဍတွေမှာလည်း AA သည် ရခိုင်နိုင်ငံတော်သစ်အတွက် အသင့်ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် AA ဟာ လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်အဖြစ် ခွဲထွက်ရေးထက် နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဆွေးနွေးဖို့ကို ကြေညာတာပဲ ဖြစ်ပါတယ်။ ဒါဆို အဓိက သုံးသပ်ချင်တဲ့ နေရာရောက်ပါပြီ။
    AA ဟာ ရခိုင်ပြည်နယ်ကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် မစွမ်းဆောင်နိုင်ဘူး။ ပြည်ထောင်စုအောက်မှာပဲ နေပြီးတော့ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တည်ရှိနေမှာဆိုရင် ဒီစစ်ဟာ စောစောကတည်းက တိုက်စရာ မလိုပါဘူး။ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို နိုင်ငံတော်အစိုးရက စောစောကတည်းက ပေးပါ့မယ်လို့ ကြေညာထားပြီးသားကို အဲ့ဒါလေးရဖို့ သူ့မှာ ရခိုင်လူထုရဲ့ အသက်တွေ၊ ဘဝတွေနဲ့ရင်း၊ အပင်ပန်းခံပြီး တိုက်ယူရတာ အတော်ကို သနားစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက် AA ခေါင်းဆောင်များအနေနဲ့ စောစောကတည်းက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေ ရခိုင်ပြည်နယ်တိုးတက်ဖို့ စိတ်ကြိုက်စီမံခန့်ခွဲနိုင်ပါတယ်။ တစ်ခုရှိတာက ရွေးကောက်ခံဆိုရင်တော့ အစိုးရသက်တမ်းတစ်ခုပဲ အုပ်ချုပ်လို့ရမယ်။ အဲဒီတော့ လက်ရှိ ရခိုင်တိုက်ပွဲစဉ်တွေအပြီး ရခိုင်ပြည်နယ်ရဲ့ အရှုံးအမြတ်ကို တွက်ချက်ကြည့် ရမယ်ဆိုရင် -
    ရွေးကောက်ခံ ရခိုင်ပြည်နယ်အစိုးရက အုပ်ချုပ်တာနဲ့ AA က စီမံအုပ်ချုပ်တာနဲ့ပဲ ကွာသွားမယ်။ ကျန်တာကတော့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမှာ အတူတူပဲ။ ဘဏ္ဍာ‌ငွေ ခွဲဝေတာက အစပေါ့။ ပိုရနိုင်တာကတော့ နိုင်ငံခြားစီမံကိန်းတွေမှာ တိုက်ခိုက်စကားပြောဆိုပြီး ခွဲဝေမယ်ဆိုရင်တော့ ဝေစုနည်းနည်း ပိုရနိုင်တယ်။ ဒီဝေစုဟာလည်း ရခိုင်ပြည်နယ် တကယ်တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ရဲ့ လားဆိုတာကို နောက်ပိုင်းမှာ ထပ်သုံးသပ်ပေးပါ့မယ်။ အဲဒီတော့ စီမံအုပ်ချုပ်တဲ့သူပဲ ကွာသွားမယ်၊ ကျန်တာ အတူတူပဲ။ အကျိုးလည်းမရှိဘူး။ အကျိုးလည်း မယုတ်ဘူး။
    နောက်ထပ် ထည့်သွင်းစဉ်းစားရမှာက ဘင်္ဂါလီအရေးကိစ္စပါ။ ဘင်္ဂါလီအရေးကိစ္စသည် အစိုးရ အဆက်ဆက် ကိုင်တွယ်ဖြေရှင်းရာမှာ အခက်ခဲဆုံး ကိစ္စရပ်တွေထဲက တစ်ခုဖြစ်ပဲ ဖြစ်ပါတယ်။ ရခိုင်ဒေသကို AA က တာဝန်ယူ စီမံအုပ်ချုပ်တော့မယ်ဆိုရင် ဒီအရေးကိစ္စကို AA ကပဲ ဆက်လက်တာ ဝန်ယူ ကိုင်တွယ်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ၊ မွတ်ဆလင်နိုင်ငံ အသိုင်းအဝိုင်းရဲ့ဖိအားနဲ့ ရခိုင်လူထုရဲ့ အကျိုးစီးပွားကြားမှာ AA ဟာ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပြီးတော့ အပေါင်းလက္ခဏာပြအောင် ဆောင်ရွက်နိုင်ရင်လည်း ရခိုင်လူထုကိုယ်စားပြု AA က ဖြေရှင်းခဲ့တာဖြစ်ပြီး အနုတ်လက္ခဏာပြအောင် မှားယွင်းဆောင်ရွက်မိရင်လည်း ရခိုင်လူထု ကိုယ်စားပြု AA ကသာ ပြုလုပ်ခဲ့တာကြောင့် နိုင်ငံတော်အစိုးရဟာ တာဝန်ယူစရာအကြောင်း မရှိပါဘူး။ ဒီကိစ္စမှာတော့ AA နဲ့ ၎င်းတို့ကို ထောက်ခံတဲ့ ရခိုင်လူထုရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတိုင်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ သေချာတာကတော့ ဘင်္ဂါလီအရှုပ်ထုပ်ကို နိုင်ငံတော်အစိုးရဟာ AA အပေါ်ကို တင်ပေးလိုက်နိုင်တာမို့ AA အတွက်ရော၊ ရခိုင်လူထုအတွက်ရော အကျိုးမရှိဘူးလို့ဘဲ သုံးသပ်မိပါတယ်။
    ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အပိုင်းမှာလည်း AA ဟာ အပြည့်အ၀ တာဝန်ယူရမှာဖြစ်ပါတယ်။ ရခိုင်ဒေသမှာ တပ်မတော် မရှိတော့တဲ့အတွက် နိုင်ငံတော်ဟာ ရခိုင်ပြည်နယ်ရဲ့ ကုန်းမြေဒေသတွေအတွက် ကာကွယ်ရေးဝန်ဆောင်မှုပေးစရာ မလိုတော့သလို ကာကွယ်ရေး ဘတ်ဂျက်ကိုလည်း သုံးစရာ မလိုတော့ပါဘူး။ ဒါကြောင့် AA သည် ရခိုင်ပြည်နယ်ရဲ့ ကုန်းမြေဒေသတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ့်အား ကိုယ်ကိုး လုံးပန်းရတော့မှာပဲ ဖြစ်ပါတယ်။ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းစေဖို့၊ အနောက်ဘက်က 'ဘ'နိုင်ငံရဲ့ ရန်စမှုကို ကာကွယ်နိုင်ဖို့၊ ဒေသတွင်း အခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA လို အဖွဲ့တွေကို ထိန်းချုပ်ထားနိုင်ဖို့ စတဲ့လိုအပ်ချက်တွေအတွက် လုံလောက်တဲ့တပ်ဖွဲ့ဖြစ်အောင်ပေးရမယ့် ကာကွယ်ရေးဝန်ဆောင်မှုကလည်း AA အတွက် စိန်ခေါ်မှုတစ်ရပ်မို့ ဒီနေရာမှာ အကျိုးမရှိဘူးလို့ဘဲ သုံးသပ်မိပါတယ်။
    AA ရဲ့ထုတ်ပြန်ကြေညာချက်တွေနဲ့ ၎င်းကို အားပေးထောက်ခံ‌သော သတင်းမီဒီယာတွေမှာ AA တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖော်ပြနေပေမယ့်လည်း စစ်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ မြို့နယ်တွေကို ပြန်လည်ထူထောင်‌ရေး ဆောင်ရွက်မယ်ဆိုရင် စစ်မဖြစ်ခင် ရခိုင်ဒေသရဲ့ ပကတိအခြေအနေအတိုင်း ပြန်ရောက်ဖို့တောင် လက်ရှိ AA ခေါင်းဆောင်တွေတစ်သက် ပြန်ဖြစ်နိုင်ပါ့မလားဆိုတာကို မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒါကြောင့် နယ်မြေတွေတော့ ရလိုက်ပေမယ့်လည်း မြို့ပျက်ကြီးပဲ ဖြစ်နေတာကြောင့် တကယ်တမ်းဆုံးရှုံးနစ်နာတာသည် ရခိုင်လူထုပဲဖြစ်လို့ ရခိုင်လူထုအတွက်တော့ အကျိုးမရှိဘူးလို့ဘဲ ပြောရမှာပါပဲ။ စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးလိုက်ရတာတွေအပြင် ပေးလိုက်ရတဲ့ လူငယ်တွေရဲ့ အသက်တွေနဲ့ HR တွေ၊ ကျဆင်းသွားတဲ့ စီးပွားရေး၊ ပညာရေးနှင့် လူမှုဘဝတွေ အားလုံးဟာလည်း ရခိုင်လူထုရဲ့ အကြီးမား ဆုံးဆုံးရှုံးမှုတွေပဲ ဖြစ်ပါတယ်။ 
    ဒါကြောင့် (သုံးသပ်ချက် အပိုဒ် ၁ ပါ) နိုင်ငံတော်ဘဏ္ဍာထဲက ရခိုင်ပြည်နယ်အစိုးရအတွက် ဘတ်ဂျက်ခွဲတမ်းအပြင် နိုင်ငံခြား စီမံကိန်းတွေကနေ တိုက်ရိုက်အချိုးကျ ဝင်ငွေရရှိဦးတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဆုံးရှုံးမှုတွေအတွက် ပြန်လည်ထူထောင်ရေးတွေ၊ ကာကွယ်ရေး အသုံးစရိတ်တွေအတွက် ကာမိရုံတောင် ရှိနိုင်မယ်မထင်ပါဘူး။ ဒါကြောင့် ဒါဟာလည်း ရခိုင်လူထုအတွက် ပိုမိုထူးခြားပြီး အကျိုးရှိသွားမှာမျိုး မဟုတ်ဘဲ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရက သနားလို့ ပေးထားတာမျိုးပဲ ဖြစ်နေမှာပါ။ ဒါကြောင့် ရခိုင်လူထုအတွက်လည်း အမှန်တကယ်အကျိုးမရှိပါဘူး။
    ဒီအခြင်းအရာတွေကို ပြန်လည်သုံးသပ်ကြည့်ရင် စစ်ပွဲကာလ ကြာရင်ကြာသလောက် ထိခိုက်နစ်နာမှာသည် ရခိုင်လူထုသာ ဖြစ်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းအရ အဖြေရှာဖို့ ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဝဏ် လွှာသည် ရခိုင်ပြည်နယ်အတွက် အမှန်တကယ် အကျိုးရှိတဲ့ တိုက်တွန်းချက်တစ်ခုသာ ဖြစ်တယ်ဆိုတာကို သိရှိနိုင်ပါတယ်။ 
    နိုင်ငံတော်အစိုးရဟာ ပိုနေမြဲ ကျားနေမြဲသာဖြစ်ပြီး ထိခိုက် ဆုံးရှုံးခဲ့ရတာသည် ရခိုင်ပြည်သူလူထုသာ ဖြစ်တဲ့အတွက် ရခိုင်ပဋိပက္ခကြောင့် ဆုံးရှုံးနစ်နာခဲ့ရသော ရခိုင်ပြည်သူလူထုဟု သုံးသပ်တင် ပြချင်ပါတော့တယ်။ မောင်ကောင်း (ဧရာမြေ)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 388

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42922

© 2022 - 2025 News. All Rights Reserved.