၂၀၂၄ ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုမြန်မာနိုင်ငံကြီးကို မည်သို့မည်ပုံ တည်ဆောက်လိုကြပါသလဲဟု မေးကြပါလျှင် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုဟူ၍ လူတိုင်းလူတိုင်း၊ တိုင်းရင်းသားတိုင်း တိုင်းရင်းသားတိုင်းဖြေဆိုကြမှာ အမှန်ပင်ဖြစ်ပါလိမ့်မည်။ သို့သော် ဘယ်လို ပုံစံမျိုးဖြင့် ဖက်ဒရယ်ပုံစံကို တည်ဆောက်ကြမလဲဟုမေးလျှင် သူတစ်လူငါတစ်မင်း အယူအဆအမျိုးမျိုးကိုတွေ့ရပါလိမ့်မည်။ လက်ရှိဖြစ်နေသည့် ပြဿနာအတော် များများသည် ထိုသူတစ်လူငါတစ်မင်း အယူအဆများအပေါ် အခြေခံလျက်ရှိသည်ဆိုတာလည်း ငြင်းမရနိုင်သည့် အခြေအနေမှန်တစ်ခုပဲ ဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုအတွင်း တန်းတူအခွင့်အရေး ဆိုတာကလည်း အတော်ပြဿနာများ၊ အတော်အငြင်းအခုံများသည့် Issue တစ်ခုဖြစ်နေတာလည်း သတိထားမိကြပါလိမ့်မည်။ တန်းတူအခွင့်အရေး အမြင်ကလည်း တစ်ဦးနှင့်တစ်ဦး မတူကြသည်ကိုလည်း တွေ့ရမှာဖြစ်ပါသည်။ တိုင်းရင်းသား အားလုံးတန်းတူအခွင့်အရေးရှိရမည်ဟူ၍ ဆိုနေကြသည်မှာလည်း မှားယွင်းသည့်အမြင်ဟု ဆို၍ကလည်းမရ။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတစ်ဦးချင်းဆီ၏ အခွင့်အရေးသည် တိုင်းရင်းသားတွေ မရလို့လား၊ မပါလို့လား၊ ဘာအခွင့်အရေးတွေ ထပ်ယူချင်နေရတာ လဲဟု မြင်နေသည့်အမြင်ကလည်း အပြစ်ဆို၍မရပြန်။ တန်းတူအခွင့်အရေးဟု ကြွေးကြော်နေကြသည့် ကိုယ့် အမည်ဖြင့် ဒေသရရှိထားသည့်သူများက ထိုဒေသအတွင်းမှာရှိသည့် လူမျိုးစုငယ်လေးတွေ အပေါ်မှာရော တန်းတူဆက်ဆံရဲ့လားဆိုသည့် အမြင်ကလည်း ရှိနေပြန်သေးသည်။
လူမျိုးစုအလိုက်၊ လူမျိုးစုအလိုက် အမည်ခွဲခြားသတ်မှတ် နေရာပေးထားခြင်း၊ အကျိုးအမြတ်ခွဲဝေခြင်းများအတွက် အမှန်တကယ်ရော တန်းတူအခွင့်အရေးရရှိနိုင်ပါ့မလား။ ဥပမာအားဖြင့် ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်ဆိုသည့် တိုင်းရင်းသားလူမျိုးအမည်ပေါ်မှာ အခြေခံပြီး အခွင့်အရေးတန်း တူဆိုလျှင် လူဦးရေနည်းသူနှင့် များသူမည်သူက အခွင့်အရေးပိုရမည်နည်း။ လူတစ်ဦးချင်းဆီအတွက် တစ်ယောက်တစ်ကျပ်ဆိုလျှင် လူဦးရေများသည့်ဗမာက ပိုရမှာဖြစ်ပြီး လူမျိုးအမည်အလိုက် တစ်ကျပ်ပေးလျှင် လူဦးရေနည်းသည့် ကရင်က ပိုရမှာ မဟုတ်ပါလား။ ပြည်ထောင်စုအတွင်းမှာ အတူတကွ နေထိုင်ကြသည့်အတွက် အသီးအပွင့်ကို တန်းတူမျှခံစားဖို့ မသင့်ဘူးလား။ ဥပမာအားဖြင့် သယံဇာတပေါများသည့် ကချင်ပြည်နယ်နှင့် သယံဇာတနည်းပါးသည့် ချင်းပြည်နယ်ကို ယှဉ်ကြည့်ပါ။ ကချင်ပြည်နယ်မှာ ထွက်သည့် ကျောက်စိမ်းက ချင်းနှင့်ရော မဆိုင်တော့ဘူးလား။ သီးခြားနိုင်ငံဆိုရင်ထားပါ။ ပြည်ထောင်စုအတွင်းမှာဆိုလျှင်တော့ မဆိုင်ဟူ၍ ပြောမရပါ။
ထိုအယူအဆအမျိုးမျိုး၊ အမြင်အမျိုးမျိုးဖြင့် မြန်မာနိုင်ငံကို တည်ဆောက်လိုခဲ့ကြသည်မှာ ယခုမှ မဟုတ်ပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရမီ အချိန်က တည်းကဟုပင် ဆိုရပါမည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှာ ပင်လုံညီလာခံကျင်းပခဲ့ကြတာ မြန်မာပြည်အတွင်း နေထိုင်ကြသည့် တိုင်း ရင်းသားတိုင်းသိကြပါ သည်။ သို့သော် ပင်လုံညီလာခံ၏ ဆွေးနွေးချက်နှင့် အနှစ်သာရကိုတော့ ဂဃနဏ မသိကြပါ။ ပင်လုံညီလာခံ၏ အဓိကအနှစ်သာရသည် အတူပူးပေါင်းပြီး လွတ်လပ်ရေးရယူဖို့သာဖြစ်ပါသည်။ ပင်လုံစာချုပ်တွင် လွတ်လပ်ရေးရပြီးလျှင် ပြည်ထောင်စုကို မည်သို့ဖွဲ့စည်းမည်၊ မည်သို့အာဏာပေးမည်၊ မည်သို့အာဏာခွဲဝေမည်ဆိုတာတွေ မပါပါ။ ပင်လုံညီလာခံအပြီး လွတ်လပ်ရေးရ ယူဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့်အခါမှသာ နယ်မြေခွဲဝေမှု၊ အာဏာခွဲဝေမှု၊ ပြည်နယ်ခွဲထွက်မှုတွေ ပါလာခြင်းသာ ဖြစ်ပါသည်။ ထိုစဉ်က ကောင်းပြီ ကောင်းလျက်နှင့် နောက်ပိုင်းမှာ ကရင်လူမျိုးများအတွက် သီးခြားနယ်မြေ မပြတ်မသားဖြစ်ခဲ့ရခြင်း၊ စော်ဘွားအာ ဏာစွန့်ရမည့် အချိန်မှာ မကျေမချမ်းဖြစ်လာခဲ့ခြင်းများကစပြီး လက်ရှိအချိန်ထိ ပြဿနာများ တဖြည်းဖြည်းနှင့် ကူးစက်ကြီးထွားလာခဲ့ခြင်းသာ ဖြစ်ပါသည်။
လွတ်လပ်ရေးရစဉ်အချိန်က လူမျိုးစုအရေး၊ ပြည်နယ်အရေးအနေဖြင့် ကရင်အရေးသာရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်များအဖြစ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်သာ ရှိခဲ့ပါသည်။ ချင်းကပြည်နယ် မယူချင် သည့်အတွက် ချင်းဝိသေသတိုင်းဟူ၍သာ သတ်မှတ်ပါ သည်။ နောက်ပိုင်းတွင် မွန်နှင့် ရခိုင်တို့ကလည်း သီးခြားပြည်နယ် ရယူလိုသည့်အတွက် တော်လှန်ရေးကောင်စီ အစိုးရက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ထပ်တိုးဖွဲ့စည်းပေးခဲ့တာပဲ ဖြစ်ပါသည်။ ပြည်နယ်အားဖြင့် ထိုသို့သတ်မှတ်ပေးခဲ့သော်လည်း ထိုပြည်နယ် ဒေသအသီးသီးမှာ နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးစုငယ်လေး များကို လူတန်းစားတန်းတူအဖြစ် သတ်မှတ်ပေးခဲ့ပြီး တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံကို စတင်တည်ထောင်ပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် တပ်မတော် အစိုးရလက်ထက်မှာ တိုးတက်လာသည့် တိုင်းရင်းသားများအနေဖြင့် ထိုက်သင့်သည့် အခွင့်အရေးများရရှိစေရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုဖွဲ့စည်းပုံကို မထိခိုက်စေဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခြောက်ခု ထပ်မံဖွဲ့စည်း ပေးခဲ့တာတွေ့ရမှာဖြစ်ပါသည်။
၁၉၆၂ ခုနှစ်မှာ ပြည်နယ်ခွဲထွက်ခွင့်ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်က အာဏာသိမ်း ယူခဲ့ပါသည်။ ထိုစဉ်က ရှမ်းစော်ဘွားအုပ်စု၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုအတွင်းက အမှန်တကယ်ခွဲ ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည်နယ်ခွဲထွက်ခွင့်ဆိုသည့်အသံ ပျောက်သွားခဲ့ပါသည်။ ပြည်ထောင်စုပြိုကွဲရေးအတွက် တရားခံဖြစ်မှာ သေချာသည့်အတွက် ပြည်နယ်ခွဲထွက်ခွင့်အစား တိုင်းရင်းသားတန်းတူအခွင့်အရေး အကြောင်းပြပြီး ရှစ်ပြည်နယ်မူ ပေါ်ထွက်လာခဲ့ခြင်းပဲဖြစ်ပါသည်။ ထိုအချိန်ကစပြီး လက်နက်ကိုင်တိုင်းရင်းသားများအနေ ဖြင့် ပြည်နယ်ခွဲထွက်ခွင့်အစား ဖက်ဒရယ်ပြည်ထောင်စု အသံထွက်လာခဲ့ခြင်းဖြစ်ပါသည်။
၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA က သီးခြားတန်းတူနိုင်ငံအဖြစ် အသိအမှတ်ပြုပြီး မကျူးကျော်ရေးစာချုပ် ချုပ်ဆိုမည်ဆိုသည်အထိ တောင်းဆိုလာခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ ရှစ်ပြည်နယ်မူသည် ညောင်ရွှေစော်ဘွားနှင့် ကျိုင်းတုံစော်ဘွား အုပ်စုတို့၏ မူဝါဒဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ၏ လက်နက်ကိုင် လမ်းစဉ်ကိုစခဲ့တာလည်း ကျိုင်းတုံဒေသကပင် ဖြစ်ပါသည်။ ထို ရှစ်ပြည်နယ်မူကို ရှမ်းမူဟူ၍ မြန်မာ့နိုင်ငံရေးသမားတိုင်း သိကြပါသည်။ ပြည်ထောင်စုအတွက် အလုပ်မဖြစ်သည့်အတွက် ထောက်ခံသည့်သူ အတော် နည်းခဲ့သည်ဟု ဆိုနိုင်ပါသည်။
ထို ရှစ်ပြည်နယ်အခြေခံဥပဒေမူဟာ အတန်ကြာ ပျောက်ဆုံးငြိမ်သက်နေရာမှ ယခုအချိန်အခါမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပြန်တာ တွေ့ရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ခိုက်လာသည့် အချိန်၊ NUG နှင့် NLD လိုလားသည့် နိုင်ငံရေးအုပ်စုများ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပျက်စီးသွားပြီး အသစ်ပြန်လည်ရေးဆွဲမည်ဆိုသည့်အချိန်မှာ ပေါ်ထွက်လာခဲ့ ခြင်းဖြစ်ပါသည်။ ယခုအခါမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပျက်စီးသွားပြီ။ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရမည်ဆိုသည့် NUG အုပ်စု၏ အသံအရ ထွက်ပေါ်လာခြင်းဖြစ်ပြီး NUG ကိုယ်တိုင်ပင် လက်ခံရမလား၊ ငြင်းပယ်ရမလားမသိသည့် အခြေအနေဟု ဆိုရပေလိမ့် မည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ မပေါ်ပေါက်သေးမီ စစ်အစိုးရကာလမှာ NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ပူးပေါင်းပြီး UNA ဆိုသည့် နိုင်ငံရေးအုပ်စု တစ်ခုထူထောင်ပြီး စစ်အစိုးရကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ခဲ့တာ ရှိခဲ့ဖူးပါသည်။ NLD အပြင် အဓိက ပါဝင်သည့် တိုင်းရင်းသားပါတီများက ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD နှင့် ဦးစောမြအောင်ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ပဲ ဖြစ်ပါသည်။ ထိုအချိန်ကပင် အမျိုးသားညီလာခံကို တိုက်ခိုက်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်အခြေခံဥပဒေ အသက်ဝင်ကျင့်သုံးလာချိန်မှာ ခေတ္တငြိမ်သက်နေခဲ့ပြီး ယခုအခါမှာ ပြန်လည်ပေါ် ထွက်လာခဲ့ခြင်းဖြစ်ပါ သည်။
ထို UNA တစ်ဖြစ်လည်း ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ (PRCF , People's Representative Committee for Federal) က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှာ အတည်ပြု ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရပါသည်။ ထို PRCF မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကရင်အ မျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်စီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ(DNDP)၊ မြိုအမျိုးသားဒီမိုကရေစီပါတီ(MNDP)၊ ကယန်းအမျိုး သားပါတီ(KNP)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP) နှင့် မွန်ရေးရာအဖွဲ့ (MAA) တို့ပါဝင်ခဲ့တာတွေ့ရပါသည်။
တိုင်းရင်းသားပါတီများ၏ လိုလားချက်ဖြစ်သည့်အတွက် မျက်ကွယ်ပြု၍မရသော်လည်း ထိုရေးဆွဲ ထုတ်ပြန်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်တွေ့ကျင့်သုံးရာတွင် ခိုင်မာသည့် ပြည်ထောင်စုအဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ အတော်ပင်ခက်ခဲလိမ့်မည်ဟုမြင် ပါသည်။ အတည်ပြုထုတ် ပြန်ထားသည် ဆိုသော်ငြား ထိုဥပဒေအတွင်းမှာပင် ကွက်လပ်များ ချန်ထားသည်ကို လည်းတွေ့ရပါသည်။ ပြည်ထောင်စုအမည်ကိုတောင် ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိဘဲ '_ _ _ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု' ဟူ၍ ဆိုထားသည်ကိုတွေ့ရသည်။ ဖက်ဒရယ်ပဲကျင့်သုံးကျင့်သုံး၊ တစ်ပြည်ထောင်စနစ်ပဲကျင့်ကျင့်၊ နိုင်ငံတိုင်းတွင် သူ့ဝိသေသအပေါ်အခြေခံသည့် အမည်ဆိုတာ ရှိစမြဲဖြစ်ပါ သည်။ ဥပမာ - တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဘရာဇီး၊ မက္ကဆီကို စသဖြင့်တွေ့ရမှာ ဖြစ်ပေသည်။ မြန်မာဆိုသည့်အမည်ကို အတော်ပင် မုန်းနေသလားမသိ ဟူ၍ဆိုရပေမည်။ ပြည်ထောင်စုဖွဲ့စည်း တည်ဆောက်ပုံနှင့်ပတ်သက်၍ ပြည်နယ်ရှစ်ခု ဖော်ပြထားပြီး '(၉) _ _ _ ပြည်နယ်'ဟူ၍ ပါရှိနေသည့် အတွက် နောက်ထပ်ပြည်နယ်တွေ ဖွဲ့ချင်ဖွဲ့ဆိုသည့်သဘော တွေ့ရပါသည်။ ဖယ်ဒရယ်လွှတ်တော်က သတ်မှတ်နိုင်ကြောင်းလည်း အာဏာပေးထားသည့်အတွက် ခိုင်မာသည့် ဥပဒေဟု ဆို၍ရမည်မဟုတ်ပါ။ လူမျိုး၁၃၅ မျိုး၊ ၁၃၅ ပြည်နယ်ဖြစ်သွားနိုင်သည့်အလား အလာရှိပါသည်။
အခြေခံဥပဒေမှာ ပြည်နယ်အတွင်းမှာရှိသည့် သယံဇာတများနှင့်ပတ်သက်ပြီး ပြည်နယ်ကသာ စီမံခန့် ခွဲခွင့်နှင့် အကျိုးကို ထိုပြည်နယ်ကသာခံစားခွင့်ရှိကြောင်းရေးဆွဲထားတာ တွေ့ရပါသည်။ ပြည်ထောင်စု ဘတ်ဂျက်အတွက် တစ်ပြားမှပင် ထည့်သွင်းမှာမဟုတ် သည့်အတွက် ပြည်နယ်များအလိုက် ဆင်းရဲချမ်းသာမှု၊ဖွံ့ဖြိုးတိုးတက်မှုကွာဟသွားမှာ သေချာသလောက်ရှိပါသည်။ ပြည်ထောင်စုအတွင်း အေးအတူပူအမျှ ခံစား၊ စံစားနိုင်သည့် စနစ်ဟူ၍ ဆိုနိုင်လိမ့်မည်မဟုတ်ပါ။
ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ကို သီးခြားစီဖွဲ့စည်းရမည်။ ပြည်နယ်လုံခြုံရေး တပ်ဖွဲ့ စည်းခွင့်ရှိသည်။ ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များအားလုံး အရပ်သားအစိုးရ၏ ကွပ်ကဲမှုနှင့် စီမံခန့်ခွဲမှုအောက် တွင်ရှိသည်ဟု ရေးဆွဲထားသည်ကို တွေ့ရပါသည်။ ဖက်ဒရယ်တပ်မတော်နှင့် ပတ်သက်ပြီး မည်သို့ဖွဲ့စည်းမည်ကို အတိအကျ ဖော်ပြထားခြင်းမရှိဘဲ အဓိကတာဝန်အနေဖြင့် ပြည်ပရန် ကာကွယ်ရေးဖြစ်သည်ဟု ဆိုထားသည်ကိုလည်း တွေ့ရပါသည်။ 'ဖက်ဒရယ်တပ်မတော် စစ်ဦးစီးများအဖွဲ့ကို ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဖွဲ့စည်းထားရှိရမည်။ စစ်ဦးစီးအဖွဲ့များကို ပြည်နယ်အသီးသီးမှစေလွှတ်သော စစ်ဦးစီးများ ဖြင့် ဖွဲ့စည်းရမည်။ စစ်ဦးစီးများ ထဲမှတစ်ဦးကို စစ်ဦးစီးချုပ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ်က ခန့်အပ်ရမည်'ဟူ၍ ဆိုထားသည်။ ကြည့်ရသည်မှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေပြောခဲ့သည့် အလှည့်ကျကာကွယ်ရေးဦးစီးချုပ် ပုံသဏ္ဌာန်ကိုမှီပြီး ယူထားပုံရပါသည်။ လက်တွေ့မကျ စိတ်ကူးယဉ်ဆန်ဆန် ရေးဆွဲထားသည့်အတွက် တကယ်ကျင့်သုံးလျှင် ပြန်ကုစားလို့ မရနိုင်သည့် အခြေအနေမျိုးတွေ ကြုံတွေ့လာနိုင်မှာ အမှန်ဖြစ်ပေသည်။ ထို့အပြင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေ၏အခြေခံမူမှာပင် 'ပြည်ထောင်စုအတွင်းက ခွဲမထွက်စေရ' ဆိုသည့်မူ ထည့်သွင်းရေးဆွဲထားခြင်း မရှိသည့် အတွက် ခိုင်မာသည့်ပြည်ထောင်စု ဖြစ်လာမှာမဟုတ်ဘဲ ပြည် ထောင်စုပြိုကွဲမည့် ပထမအဆင့် ဥပဒေဟူ၍သာ ဆိုချင်ပါသည်။ ( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )