၂၀၂၅ မတ် ၈
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ဟာ သီပေါမင်းမှာ အဆုံးသတ်သွားပါတယ်။ သီပေါမင်းဟာ မြန်မာတို့ရဲ့ နောက်ဆုံးမင်းလည်း ဖြစ်ပါတယ်။ မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ရဲ့ ရတနာပုံခေတ်ကို ကုန်းဘောင်ခေတ်နှောင်းပိုင်းလို့ ဆိုကြပါတယ်။ ကုန်းဘောင်ခေတ်နှောင်းက အကြောင်းအရာတွေကို ရှာရှာဖွေဖွေ ဖော်ထုတ်တင်ပြ လေ့ရှိသူကတော့ ဆရာမောင်သန်းဆွေ (ထားဝယ်) ဖြစ်ပါတယ်။ ဆရာ့ရဲ့ 'ကုန်းဘောင်ရှင်းတမ်း' စာအုပ်ဟာ သမိုင်းပညာကို စိတ်ဝင်စားသူတိုင်း အာရုံစိုက်ခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။ ရှေးက ပညာရှင်များရဲ့ အမှားတချို့ကို ထောက်ပြပြုပြင်ပေးခဲ့တာ တွေ့ရပါတယ်။ ၂၀၀၃ ဒီဇင်ဘာမှာ ရာပြည့်စာအုပ်တိုက်က ထုတ်ဝေခဲ့တဲ့ 'ရှေ့တော်ဝင်မှတ်တမ်းများ' စာအုပ်မှာလည်း တချို့သော အချက်အလက် အမှားများကို ထောက်ပြပြု ပြင်ပေးထားပါတယ်။ 'စိန်ခြူးကြာညောင်' သီချင်းစာသားက အစ အမှန်ပြင်ပေးထားတာ တွေ့ရပါတယ်။ ဒီစာအုပ်မှာ သီပေါမင်းရဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်ရဲ့ နောက်ဆုံး နေ့များကို မှတ်တမ်း တင်ထားတာ ဖတ်မှတ်ခဲ့ရပါတယ်။
စုဖုရားလတ်ကို 'အရှင်နန်းမတော်ဘုရား'လို့လည်း ရည်ညွှန်း သုံးနှုန်းထားပါတယ်။ 'အရှင်နန်းမတော် ဘုရားဟူသည်မှာ မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းတရား၏ မိဖုရားခေါင်ကြီး(အများက စုဖုရားလတ်ဟုခေါ်သည်)ကို ဆိုလိုသည်။ ထီးသုံးနန်းသုံး ရှေးထုံးအစဉ်အလာ ခေါ်ဝေါ် သုံးနှုန်းမှုများမှာ အလွန်ပင်ယဉ် ကျေး၏။ ဘုရင်မင်းမြတ်တို့၏ မိဖုရားခေါင်ကြီးကို 'အရှင်နန်းမတော်ဘုရား' သို့မဟုတ် 'နန်းမတော်ဘုရား'ဟု ခေါ်ကြရသည်။ ယခုအခါ သမိုင်းကြောင်းနှင့်ပတ်သက်၍ ရေးသားကြရာ၌ မြန်မာတို့၏ နောက်ဆုံး မိဖုရားခေါင်ကြီးကို 'စုဖုရားလတ်'ဟုသာ တွင်တွင် ရေးသားနေကြသည်။ စုဖုရားလတ်ဟူသည်မှာ သူ၏ ငယ်နာမည်ဖြစ်၍ ထီးသုံးနန်းသုံးအရ မခေါ်သင့်ပါ'လို့ ဆရာမောင်သန်း ဆွေ(ထားဝယ်)က နိဒါန်းမှာ သတိပေး ရှင်းလင်းထားပါ တယ်။
သို့သော် 'နန်းမတော်ဘုရား'လို့သုံးလျှင် ထီးသုံးနန်းသုံး မရှိတော့သော ဒီနေ့ခေတ်တွင် စုဖုရားလတ်မှန်း ဘယ်သူကမှ သိတော့မည် မဟုတ်ပါ။ လူတိုင်းနားလည်အောင် စုဖုရားလတ်လို့သာ ရေးရတော့မှာ ဖြစ်ပါတယ်။ အရှင်နန်းမတော်ဘုရားဆိုတဲ့ ထီးသုံးနန်းသုံးကြီးက ရင့်သီး စီးပိုးလွန်းလှပါတယ်။ ကိုးကွယ်ရာဗုဒ္ဓဘာသာ ဝေါဟာရများနဲ့လည်း ရောထွေးနေပါတယ်။ စုဖုရားလတ်ကို 'တင်ပါ ဘုရား' စသည်ဖြင့် ပြောဆိုကြတဲ့ ထီးနန်းသုံးဟာလည်း သာသနာတော်သုံး စကားလုံးတွေဖြစ်လို့ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဘုန်းကံကြီး၍ မင်းမိဖုရားဖြစ်ကြသော်လည်း သာသနာတော်ရဲ့ မြင့်မြတ်စင်ကြယ်မှုမျိုး မင်းမိဖုရားတို့မှာ မရှိကြပါ။ သာသနာတော်သုံး 'ဘုရား'ဆိုတဲ့ အတုမဲ့ စကားလုံးကို ယူသုံးမိတဲ့အတွက် မြန်မာတို့ နန်းသက်အကြွေ စောရော့သလား (ဝါ) ခိုက်လေသလားလို့ တွေးမြင်မိပါတယ်။
စုဖုရားလတ်ဟာ သီပေါမင်း ရတနာဂီရိ (အိန္ဒိယ)တွင် နတ်ရွာစံပြီးတဲ့နောက် မြန်မာပြည်သို့ ၁၉၁၉ ခုနှစ်မှာ ပြန်ရောက်လာပြီး ရန်ကုန်မြို့ ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ်ချင်းလမ်း) အိမ်နံပါတ် (၂၄) အိမ်တော်မှာ ဗြိတိသျှအစိုးရက နေရာချပေးတဲ့အတိုင်း သက်ဆုံးတိုင် နေသွားခဲ့ပါတယ်။ 'အရှင်နန်းမတော်ဘုရား မြန်မာပြည် ပြန်ရောက်သည်မှစ၍ စံတော်မူသော အိမ်တော်ကို သံဆူးကြိုးများ ကာထားသည်။ ပုလိပ်အစောင့် အကြပ်များလည်း ချထားသည်။ အိမ်တော်အဝင်အထွက်ကို စစ်ဆေးပြီးမှ ဝင်ထွက်ခွင့်ရှိသည်။ မန္တလေးသို့ လုံးဝသွားခွင့်မပြု၊ မည်သည့်နေရာကိုမှ လွတ်လပ်စွာ သွားခွင့်မရခဲ့ပေ'လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မန္တလေးက ဆွေတော်မျိုးတော်များ၊ အလွှာအသီးသီးမှ မြန်မာများနဲ့ နိုင်ငံခြားသား အချို့ဟာ နန်းကျမိဖုရားခေါင်ကြီးရှေ့တော်သို့ လာရောက်ခစား (တွေ့ဆုံ) ကြတယ်လို့ ဆိုပါတယ်။ ဗန္ဓုလဂျာနယ်သတင်းထောက် ရှေ့တော်ဝင်ခြင်းဆိုတဲ့အခန်းမှာ စံအိမ်တော်ကို 'အိမ်တော်မှာ လွန်စွာ ညံ့ဖျင်းသေးသိမ်သည်ဟု ဆိုသင့်လေသည်။
သို့ရာတွင် ရွှေချထားသော ရှေးဟောင်း အသုံးအဆောင်တို့ကို မြင်တွေ့ရသည်}လို့ သရုပ် ဖော်ထားပါတယ်။
'ဧည့်ခန်းတွင် ကတ္တီပါနေရပါးနှင့် သီးသန့်ခင်းထားသော နေရာတစ်ခုကို မြင်ရခြင်းဖြင့် ၎င်းနေရာသည် အရှင်မိဖုရားခေါင်ကြီး စံတော်မူသောနေရာဖြစ်ကြောင်း၊ အပေါ်ခန်းများလည်း သပ်ရပ်ခမ်းနား ခြင်းမရှိပေ။ အချို့တံခါးများမှာ ကျိုးပဲ့နေရုံမက နံရံများတွင် ရောင်စုံစက္ကူများ ကပ်လျက်ရှိနေသဖြင့် အလှူမဏ္ဍပ်နှင့် တူနေလေသည်။' (စာ-၁၉)
အိမ်တော်လှေကားဦးမှာ နေ့ရောညပါ ပုလိပ် တစ်ယောက် အမြဲစောင့်နေရပြီး ရာဇဝတ်ဝန်ကလေး (ယခုတေ် ရဲမှူးအဆင့်) ဦးအုန်းခိုင်ဆိုသူလည်း အပါးတော်မှာ စောင့်ရှောက်နေရပါတယ်။ ဒီလို အစောင့်ချထားခြင်းဟာ မိဖုရားခေါင်ကြီးရဲ့ အသက်အိုးအိမ်စည်း စိမ်လုံခြုံမှုအတွက် မဟုတ်ပါ။ အကျယ်ချုပ်သဘောထား ခြင်းမျှသာလို့ ဆရာမောင်သန်းဆွေ(ထားဝယ်)က ရှင်းပြ ထားပါတယ်။
နန်းကျ မိဖုရားခေါင်ကြီး စုဖုရားလတ်မှာ အစေအပါး ၃၈ ယောက်ရှိပြီး အများက ကုလားတွေ၊ မြန်မာ နည်းနည်းပဲပါတယ်လို့ ဆိုပါတယ်။ ဒီအစေအပါးတွေရဲ့ လစာရိက္ခာကို ဗြိတိသျှအစိုးရက မပေးပါ။ စုဖုရားလတ်ရဲ့ လစာရိက္ခာတော်မှ ခွဲဝေပေးရခြင်း ဖြစ်ပါတယ်။ စုဖုရားလတ်ရဲ့ လစာမှာ တစ်လ ၂၅၀၀ ဖြစ်ပါတယ်။ ဗန္ဓုလသတင်းထောက်က 'ရိက္ခာတော်ဆက်သသည်မှာ အလွန်နည်းပါး လှပါတယ်ဘုရား'လို့ လျှောက်တော့ 'စုဖုရားမသိ၊ သူတို့ပေးချင်သလောက်ပဲ'၊ 'စုဖုရား ဘာမှ မပြောလို' လို့ မိဖုရားခေါင်ကြီးက ဖြေပါတယ်။ သူ့ကိုယ်သူ 'စုဖုရား'လို့ နာမ်စားသုံးထားပါတယ်။ မိဖုရားခေါင်ကြီးဟာ အကျယ်ချုပ်သဘောနေရပေမယ့် အလှူရေစက် လက်နဲ့မကွာ ရှိနေတာကို လေးစားဖွယ် တွေ့မြင်ရပါ တယ်။
'မြတောင် ဘုန်းကြီးပျံအတွက် ငွေတစ်ထောင် လှူတုန်းက တရုတ်သူဌေးဇနီးသည် တစ်ယောက်ဆီမှာ ချေးပြီး လှူလိုက်ရတယ်။ အခုထိ ဆပ်လို့ မပြေသေးပါဘူးတဲ့။'
မိဖုရားခေါင်ကြီးက ဗန္ဓုလဂျာနယ် သတင်းထောက်ကို ထူးဆန်းတဲ့ မေးခွန်းတစ်ခု မေးပါတယ်။
'စုဖုရားကို တိုင်းသူပြည်သားများက မင်းသားတွေ သတ်ပစ်တယ်လို့ အယူရှိနေကြတယ်ဆို။ ဟုတ်သလား'
ဗန္ဓုလသတင်းထောက်က ဟုတ်မှန်ကြောင်း လျှောက်တဲ့အခါ ...
'တိုင်းသူပြည်သားတို့ ထင်မြင်ချက် မှားပေတယ်။ စုဖုရားဟာ မင်းသားတွေကိုမသတ်၊ ရွှေနန်းတက်စဉ်က စုဖုရားအသက်(၁၉)နှစ်မျှသာ ရှိသေးလို့ ကလေးစိတ်ပင် မကုန်သေးပါဘူးကွယ်' (စာ-၂၃)
ဒီကိစ္စ(မင်းသားများကို သတ်ခြင်း)ကို ဆရာလွန်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)နှင့်အဖွဲ့ ရှေ့တော်မှောက် ဝင်ရောက်စဉ် ထပ်မံ ဖြေရှင်းခဲ့ပါသေးတယ်။
'အရှင်မိဖုရားခေါင်ကြီး အမိန့်တော်ဖြင့် မင်းတုန်းမင်းတရားကြီး၏ မိဖုရား၊ သားတော်၊ သမီး တော်၊ မြေးတော်များနှင့် အပေါင်းပါ ၈၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဆိုသည်မှာ မှန်ပါသလားဘုရား'
ဆရာလွန်းနှင့်အဖွဲ့က အရဲစွန့်ပြီးမေးလျှောက် ကြည့်တဲ့အခါ ...'ဆရာလွန်းတို့ပြောလည်း ပြောစရာပါပဲ။ သည်သတင်းတွေက ဝါဒဖြန့်ကောင်းလို့ ပျံ့နှံ့နေပေတာကိုး၊ မောင်တော်ဘုရားနှင့် စုဖုရားတို့အပေါ် ပုစွန်ခေါင်းချေးပုံဆိုသလို လာပြီးပုံချနေကြတယ်။ အဲဒီအချိန်တုန်းက စုဖုရားက သက်တော် (၁၉) နှစ်၊ မောင်တော်ဘုရားက သက်တော်(၂၀) ကလေးအရွယ်ပဲရှိသေးတယ်။ နန်းတက်ကြဆိုလို့သာ မယ်တော်ဆင်ဖြူရှင်ဘုရားနဲ့ ဝန်ကြီးတွေ စီမံတဲ့အတိုင်း ပလ္လင်ပေါ် ထိုင်တော်မူကြရတာ၊ တိုင်းပြည် အုပ်ချုပ်ဖို့လည်း ဘာမှနားမလည်တော်မူကြပါဘူး။ နန်းတက်ပြီး ခြောက်လလောက်ကြာမှ မယ်တော် လောင်းရှည်ဘုရား သတင်းပေးတော်မူလို့ ဦးဆောင်တဲ့ လက်သုံးတော်ကြီးများ လုပ်တာလို့ ပြောတာပဲ။ ဦးကောင်း မသိဘဲ နေပါ့မလား'လို့ စုဖုရားလတ်က ထပ်မံ ဖြေရှင်းပါတယ်။ (စာ-၉၃-ရှု)
ဗြိတိသျှအစိုးရက ပေးတဲ့ စံအိမ်တော်ကြီး စုတ်ချာလှပေမယ့် ...
'ဒီစံအိမ်တော်ပေါ်ကနေ ရွှေတိဂုံစေတီတော်ကို အတိုင်းသား ဖူးမြင်ရတာတစ်ခုတော့ နှစ်ခြိုက်လှပေတယ်။ နေ့စဉ်နေ့တိုင်း ဖူးရတာပါကွယ်။ ကုလားအစေအပါးတွေနဲ့ တစ်နေ့တစ်နေ့ သံဃာတော်တွေအတွက် ဆွမ်းကွမ်းကိစ္စ စီမံပေးရတာနဲ့ အချိန်တွေ ကုန်မှန်းမသိကုန်လို့ အဓိဋ္ဌာန်ပုတီးတစ်ပတ် ပြည့်မီအောင် မနည်းစိပ် နေရတယ်ကွယ်။} စုဖုရားလတ်ဟာ မန္တလေးမြို့ မြတောင်ကျောင်းတိုက်ကြီးရဲ့ ဒါယိကာမကြီးလည်း ဖြစ်ပါတယ်။ မဒရပ်မှ ရန်ကုန်သို့ ပြန်ရောက်လာပြီးတဲ့နောက် တတိယ မြတောင်ဆရာတော်ဘုရားကြီးနဲ့ ဆရာဒကာ ပြန်ဆက်မိကြပါတယ်။
'ဆရာတော်ဘုရားကြီးသည် ကျောင်းတိုက်မှ ရဟန်းသံဃာများကို မိဖုရားခေါင်ကြီး နေထိုင်ရာ ရန်ကုန်မြို့သို့ အလှည့်ကျစေလွှတ်သည်။ လောကီလောကုတ္တရာရေးတို့တွင် မညှိုးငယ်ရအောင် စီစဉ်ပေးတော်မူခြင်းဖြစ်သည်။ ကိုယ်တော်တိုင်လည်း အခါမလပ် ကြွရောက်တော်မူ၍ အဆုံးအမ ပေးတော်မူသည်။' (စာ-၇၂)
တတိယမြောက် မြတောင်ဆရာတော်ကြီး ရန်ကုန်မြို့သို့ ကြွလာသည့်အခါတွင် အလွန်ထက်သန်သော စေတနာ၊ သဒ္ဓါတရားဖြင့် ကြည်ညိုစွာပြုစုခဲ့ကြောင်းကိုလည်း ကျွန်တော် ကြုံတွေ့ခဲ့ရပါသည်။ ဆရာတော်ဘုရားကြီး ကြွလာသည့်အခါ ဆွမ်းပွဲပြင်ရန်အတွက် ပန်းကန်လုံး၊ ပန်းကန်ပြား၊ ဆွမ်းအုပ်၊ ဇွန်း စသည့်အရာများကို ရိုးကုမ္ပဏီတိုက်မှ အသစ်ဝယ်ယူလေ့ရှိပါသည်။ နောက်တစ်ခေါက် ကြွလာသည့် အခါတွင် ယခင်အခေါက် ကြွလာခဲ့စဉ်က သုံးခဲ့သော ပန်းကန်ခွက်ယောက်များကို မသုံးတော့ဘဲ အားလုံး အသစ် ထပ်မံဝယ်ယူ၍ သုံးသည်ကို တွေ့ရပါသည်။' (စာ-၇၇)
နန်းကျမိဖုရားခေါင်ကြီးထံမှောက် ရှေ့တော် ဝင်ခစားခဲ့တဲ့ ဦးဘသော်က မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပါတယ်။ 'မိဖုရားကြီးသည် နေ့စဉ်သံဃာတော် ၁၅ ပါးကို ဆွမ်းလောင်းပါသည်။ ဆွမ်းလောင်းသည့် နေရာတွင် တစ်ဇွန်းစ၊ နှစ်ဇွန်းစ လောင်းလေ့မရှိပါ။ ဆွမ်းဟင်းနှင့် ဆွမ်းတို့ကို တစ်ပါးလျှင် သပိတ် တစ်လုံးအပြည့် လောင်းလှူပါသည်။ ဆွမ်း၊ ဆွမ်းဟင်းချက်ရန် ဈေးဝယ်ရသော ကုလားစားဖိုသည်မှာ နေ့စဉ် အလုပ်များရပါသည်။ နေ့စဉ်နှင့်အမျှ အမိန့်တော်ခံ၍ ဈေးဝယ်ရပါသည်' (စာ- ၇၇)
'မိဖုရားခေါင်ကြီးသည် စာပေကဗျာတို့ကို လေးစားရာ၌ လည်းကောင်း၊ ရတနာသုံးပါး ကြည်ညိုရာ၌လည်းကောင်း သူမတူအောင် စံထားထိုက်ပေသည်'လို့ ဦးဘသော်က မှတ်တမ်းတင်ထားပါတယ်။
'သူ၏ တိုက်နန်းတော်၌ စတုဓမ္မသာရ ကိုးခန်းပျို့ကို နေ့တစ်ချက် တီးချိန်၌ အချိန်မှန်မှန် နေ့စဉ် ဖတ်ကြားစေသည်။ ထိုသို့ ဖတ်ကြားရာ၌ မန္တလေးမှ ရဟန်းငယ်တစ်ပါးပင့်လျက် အမြဲတမ်းဖတ်ကြားရပါသည်။ ထိုရဟန်းငယ် ပြန်ကြွသွားသောအခါ စာတော်ဖတ် တစ်ယောက်ကို ထပ်မံရွေးချယ်ပါလေတော့သည်။ 'မိဖုရားခေါင်ကြီးသည် ထိုစတုဓမ္မသာရ ကိုးခန်းပျို့ကို နန်းတွင်းမှာ နေစဉ်ကတည်းက ပျို့ကိုးခန်းလုံး အလွတ်ရခဲ့ကြောင်း သိရပါသည်။ တစ်ပိုဒ်လုံး အဖတ်မှားသွားလျှင် မိဖုရားခေါင်ကြီးသည် ချက်ချင်း ပြင်ဆင်ထောက်ပေးနိုင်သူ ဖြစ်ပါသည်။ ထို့ကြောင့် မိဖုရားကြီး၏ အပါးတော်တွင် စာဖတ်ရသည်မှာ အလွန်သတိထားရပါသည်။' (စာ-၈၅)
စုဖုရားလတ်ရဲ့ စာပေနှင့် ဘာသာရေးအခြေခံတို့ကို ခန့်မှန်းကြည့်နိုင်လောက်ပါပြီ။ စုဖုရားလတ်ဆိုရင် လင်ကိုနိုင်တဲ့ မိဖုရား၊ ရက်စက်တဲ့ မိဖုရားလို့ အများက ရှုမြင်ခဲ့ကြပေမယ့် တကယ်တမ်း ကျတော့ စုဖုရားလတ်ဟာ သီပေါမင်းကို အင်မတန်အလေးအမြတ်ထားပါ တယ်။
'သီပေါမြို့ကို သီပေါဟုမခေါ်ဘဲ မင်္ဂလာမြို့ဟု ခေါ်လေ့ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ မောင်တော်သီပေါမင်းတရားအမည်နှင့် အသံတူနံတူဖြစ် နေသောကြောင့်ဟု သိရပါသည်။ တစ်ဖန် ဖိနပ်ကိုလည်း မည်သည့်အခါကမှ စီးလေ့မရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူ့မောင် တော်ဘုရား၏ နေ့နံဖြစ်သောကြောင့် ...' (စာ-၈၈)
သီပေါမင်းသည် စနေသား၊ ဖိနပ်သည် စနေနံဖြစ်သောကြောင့် စုဖုရားလတ် ဖိနပ်မစီးလို့ ဆိုပါတယ်။ လင်နိုင် မိဖုရားအဖြစ် သတင်းကြီးသော စုဖုရားလတ်သည် လင်ကို ဤမျှအထိ တန်ဖိုး ထားချစ်မြတ်နိုးပါတယ်။
'ကျွန်တော်မျိုး သိလိုတာကို လျှောက်တင်ချင် လို့ပါဘုရား။ အခု အရှင်နန်းမတော်ဘုရား အဖြူရောင်ဖြင့်သာ ဆင်မြန်းထားခြင်းမှာ နတ်ရွာစံ မင်းတရားကြီးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပါလားဘုရား။ ကျွန်တော်မျိုးတို့ အနောက်တိုင်းသားများအတွက်အနက် ရောင်ဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆောင်သလို အရှေ့တိုင်းသားများအတွက်လည်း အဖြူရောင်ဟာဝမ်းနည်းခြင်း အထိမ်းအမှတ်ဆောင်တယ်လို့ ကြားဖူးပါတယ် ဘုရား၊ အင်္ဂလန်က ဝိတိုရိယ ဘုရင်မကြီးဟာ သူ့ရဲ့ မြောက်သားတော် အလယ်ဘတ်မင်းသားကြီး မရှိသည် မှစပြီး အနက်ရောင်သာ ဝတ်ဆင်ခဲ့ပါတယ် ဘုရား'
အင်္ဂလိပ်လူမျိုး နိုဝယ်ဝှိုက်ကင်း ရှေ့တော်မှောက် ဝင်ရောက်ခစားစဉ် မေးလျှောက်ခဲ့ခြင်းဖြစ်ပါ တယ်။
'ဝိတိုရိယလည်း သူ့အကြောင်းနဲ့သူ ဖြစ်မှာပါ။ စုဖုရားကတော့ မောင်တော်ဘုရား နတ်ရွာလားကတည်းက အဖြူရောင်ဆင်မြန်းခဲ့တာ မောင်တော်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ရယ်လို့ မဟုတ်ပါဘူး။ နောင်တ သံဝေဂရတဲ့ သဘောပါ။ စုဖုရားတို့ သာကီဝင် မဟာမျိုးမဟာနွယ်များ လွန်တော်မူကြတဲ့အခါ မသာအခမ်းအနားမှာ ဆွေတော်မျိုးတော်များဟာ အဖြူရောင် ဆင်မြန်းပြီး အသုဘ ပို့ဆောင်လေ့ရှိတယ်။ သဘောကတော့ ဘဝတစ်ပါးပြောင်းသွားသူအတွက် ကျန်ရစ်သူများက သံဝေဂတရားနဲ့ ဖြူစင် သန့်ရှင်းစွာသော အဝတ်အထည်များ ဝတ်ဆင်၍ နောက်ဆုံး ဂါရဝပြုခြင်းပါ။ ဒီအပြုအမူ အစဉ်အလာဟာ ဘယ်ကစသလဲသိလား'
'မသိကြောင်းပါဘုရား'
'မယ်တော်မာယာဟာ ကပ္ပိလဝတ်ပြည်က ဒေဝဒဟပြည်အသွား လမ်းခုလတ်မှာပဲ အလောင်း တော်မြတ် သားရတနာကို ဖွားမြင်တော်မူပြီး ခုနစ်ရက်အကြာ နတ်ရွာစံတော်မူတယ်။ အဲဒီအခါမှာ ကပ္ပိလဝတ်ပြည့် ရှင် သုဒ္ဓေါဒနမင်းကြီးရဲ့ ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း တို့ဟာ အလောင်းလုကြတယ်။ သုဒ္ဓေါဒနမင်းကြီးကလည်း သူ့မိဖုရားကို သူ့တိုင်းပြည် ကပ္ပိလဝတ်ကို ပြန်သယ်မယ်ပေါ့။ သုပ္ပဗုဒ္ဓမင်းကလည်း သူ့အစ်မတော် သူ့တိုင်းပြည်အလာမှာ ဒီလိုဖြစ်သွားရှာတော့ သူ့တိုင်းပြည်ကိုပဲ ဆောင်ယူမယ်တဲ့။ သာကီဝင် ဆွေတော်မျိုးတော်များဟာ ဘွဲ့ဖြူဝတ်လဲတော်များ ဝတ်ဆင်ပြီး အလောင်းရထား ကို စန္ဒာယမြားကြိုးနဲ့ နှစ်ဖက်ဆွဲ၍ သူ့ဘက်ကိုယ့် ဘက်လုကြဆိုပဲ။ အဲဒီထုံးကို နှလုံးမူပြီး သာကီဝင်မျိုး နွယ်တွေရဲ့ မသာတော်ကို စန္ဒာယမြားကြိုးနဲ့ ဆွဲချပြီး ဆောင်တဲ့ဓလေ့၊ ဘွဲ့ဖြူဝတ်လဲတော်များ ဝတ်ဆင်ပြီး ပို့ဆောင်တဲ့ ဓလေ့အစဉ်အလာဖြစ်လာခဲ့တယ်လို့ အဆိုရှိ ခဲ့တယ်ကွဲ့' (စာ-၁၁၄)
စုဖုရားလတ်ရဲ့ ယဉ်ကျေးမှုဓာတ်ခံဟာအလွန်ပင် ကြည်လင် အားကောင်းလှပါတယ်။ ဓမ္မသုတ နဲ့လည်း ပြည့်စုံပါပေတယ်။ အကျင့်နဲ့အသိကို ထိန်းညှိထားတဲ့ နန်းကျမိဖုရားကြီးဟာ ရာဇဣန္ဒြေထက် ဓမ္မဣန္ဒြေနဲ့ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းလို့ နေပါတော့တယ်။
မြန်မာ့ဆိုင်းပညာရှင် ရွာစားကြီး စိန်ဗေဒါရှေ့ တော်မှောက် ဝင်စဉ်မှာလည်း သီပေါမင်းရဲ့ သာသနာပြု မှတ်တမ်းတွေကို လွမ်းဆွတ်သတိရနေပုံပါပဲ။
'အမောင်တို့ မန္တလေးမှာ မောင်တော် ရွှေနန်းရှင်ဘုရား တည်ထားတော်မူတဲ့ မာရ်အောင်ရတနာစေတီ တော်ဘုရားပွဲ နှစ်စဉ်ကျင်းပဖြစ်ကြရဲ့လားကွဲ့'
'ကျင်းပမြဲပါ ဘုရား၊ ဘုရား ကျွန်တော်မျိုးရဲ့ ဆိုင်းအဖွဲ့လည်း ပါဝင်ကုသိုလ်ယူမြဲပါဘုရား'
'သာဓု ...သာဓု...သာဓု ဘုရားဒါယကာ မောင်တော် ရွှေနန်းရှင်ဘုရားကတော့ နတ်ရွာစံတော်မူ ခဲ့ပြီကွဲ့။ ရဟန်းသံဃာတော်များ မရှိတဲ့အရပ်မှာ နတ်ရွာစံရတာမို့ သရဏဂုံ မတင်လိုက်ရဘူး။ သဘောမတူဘဲနဲ့ ဂူတော်သွင်းလိုက်ရတာကိုတော့ ဝမ်းနည်းလို့မဆုံးအောင် ခံစားရတယ် ရွာစားရဲ့ တရားနဲ့ပဲ အမြဲရှုပါတယ်။ ရွာစားရယ်'ဆိုတဲ့ စကားနဲ့ စုဖုရားလတ်ရဲ့ ဓမ္မနှလုံးသားကို မြင်ခဲ့ရပြီ ဖြစ်ပါတယ်။
စုဖုရားလတ်ဟာ ရွှေနန်းတော်ကြီးမှာ စံပျော်ခဲ့ရသမျှ နှစ်ကာလများကို တသပြီး ညှိုးငယ်အား လျော့နေခြင်းမရှိ၊ ပစ္စုပ္ပန်တည့်တည့်ကြည့်ပြီး ဘဝရဲ့နောက်ဆုံး အချိန်များကို အကောင်းဆုံး အသုံးချသွားခဲ့ပါတယ်။
'တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူကို ရိုသေလေးစား မေတ္တာထားသူရှိသလို မုန်းမာန်ဖျက်ပွား အငြှိုးထားကြသူလည်း ရှိတယ်ကွဲ့။ ဒါတွေက ကိုယ်လိုတာ ပြည့်မပြည့်အပေါ် မူတည်ပြီး ဖြစ်တတ်ကြ တာကလား၊ အုပ်ချုပ်သူဘက်ကလည်း ရာဇမာန်ပွား မာနထောင်လွှားမှုရှိ တတ်တယ်။ မာနဆိုတာမျိုးက ထွန်တုံးကို မျိုထားတဲ့ မြွေလို မညွတ်ကိုင်းနိုင်တော့ဘူးလေ။ စုဖုရားကတော့ မင်းအဖြစ်နဲ့ ပြုမိခဲ့သမျှ အကုသိုလ်တရားတွေကို ဆေး ပစ်နိုင်ဖို့အတွက် ကောင်းမှုကုသိုလ်တွေကိုသာ ခုနေခါ လုပ်နေပါတယ်။ သလေးနှံ အဆန်မရှိခင် ထောင်သတဲ့။ အဆန်ပြည့်ရင်တော့ အောက်ကို ညွှတ်တယ်မဟုတ်လား'
ဇာတ်သဘင်၊ ရုပ်ရှင်၊ ရာဇဝင်စာမျက်နှာများ ပေါ်က ခပ်စွာစွာ စုဖုရားလတ်နဲ့မတူ၊ အဖြူရောင် နန်းကျမိဖုရားကြီးရဲ့ တရားသံဝေဂကို ရှာဖွေဖော်ထုတ်ပေးတဲ့ ဆရာမောင်သန်းဆွေ(ထားဝယ်)ကို ကျေးဇူးတင်ရပါတယ်။ မိဖုရားခေါင်ကြီး စုဖုရားလတ်ဟာ ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ရင်း နတ်ရွာစံ ကံကုန်သွားရှာပါတယ်။ ဖြစ်လေရာဘဝမှာ (သူ့ကျွန်ဘဝသို့ မကျရောက်ဘဲ) အမျိုး၊ ဘာသာ၊ သာသနာအကျိုး သည်ပိုး ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )