၂၀၂၅ ၊ ဧပြီ ၂၅
၂၀၂၅ ခု ဇန်နဝါရီ ၂-၈ ထုတ် TREND ဂျာနယ် အတွဲ-၃၊ အမှတ်-၅၀ မှာ 'ကုသိုလ်စစ်ပွဲရဲ့ ရလဒ်နှင့် ဘိလပ်သားစစ်တမ်း'ဆိုတဲ့ ဆောင်းပါးကို ကျွန်တော် ရေးခဲ့ပါတယ်။ ဆရာဇော်ဂျီရဲ့ 'သူတို့ညီနောင်နှင့် ကျွန်တော်'ဆိုတဲ့ လူပြောများတဲ့ အက်ဆေးအပေါ် ကျွန်တော့်အမြင်ကို တင်ပြခဲ့တာပါ။ တစ်ဆက်တည်းမှာ ဆရာဇော်ဂျီရဲ့ 'ကောက်ရိုးသင်္ခါရ သံသင်္ခါရ'အက်ဆေးနဲ့ ပတ်သက်လို့လည်း သုံးသပ်ချက်ရေးခဲ့ပါတယ်။ ဒီအကြောင်းတွေ ဘာ့ကြောင့် ပြန်ပြောနေရသလဲဆိုတော့ ဆရာဇော်ဂျီရဲ့ 'သူတို့ညီနောင် (ကံရာဇာကြီး ကံရာဇာငယ်)'အပေါ် ရှုမြင်ပုံနဲ့ လုံးလုံးခြားနားတဲ့ သုံးသပ်ချက်တစ်ခုကို တွေ့ ခဲ့ရလို့ပါပဲ။ သူတို့ညီနောင်နဲ့ ဆက်စပ်ပြီး ခြားနားတဲ့ ရှုထောင့်တစ်ခုကနေ သုံးသပ်တင်ပြခဲ့သူ ကတော့ တစ်ခေတ်မှာ တစ်ယောက် ထွန်းတောက်ခဲ့သူ ဂျာနယ်ကျော် ဦးချစ်မောင် ဖြစ်ပါတယ်။
ဂျပန်ခေတ်မှာ ဂျာနယ်ထုတ်ဝေတဲ့ အလုပ်တွေ ရပ်နားထားစဉ် ဦးချစ်မောင်ဟာ စာဖတ်ခြင်း၊ ဖတ်မှတ်ခဲ့သမျှ သိသင့်သိထိုက်သည်တို့ကို မိတ်ဆွေများနဲ့ မိသားစုကို ပြန်ပြောပြခြင်းနဲ့ နေ့စဉ်မှတ် တမ်းရေးခြင်း ဆိုတဲ့အလုပ်တွေ လုပ်ခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နေ့စဉ်မှတ်တမ်းက စာအုပ်ထုတ်ဖို့ ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ပေမယ့် သိမှတ်သင့်တာတွေပါနေလို့တည်း ဖြတ်သင့်တာတွေ တည်းဖြတ်ပြီး ပုံနှိပ်ခဲ့ပါတယ်။ ၂၀၁၃ သြဂုတ်လမှာ သီဟရတနာစာပေက ဒသမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ ဆရာမကြီးဂျာနယ်ကျော်မမလေးရဲ့ 'သူလို လူ' စာအုပ်မှာ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ နေ့စဉ်မှတ်တမ်း (၁၃၀၅ ခု တန်ဆောင်မုန်းလဆုတ် ၁၂ ရက်မှ ၁၃၀၆ ခု ဝါခေါင်လဆုတ် ၁၄ ရက်အ ထိ)ကို ပူးတွဲပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ ဂျာနယ်ကျော် ဦးချစ်မောင်ဟာ နေ့စဉ်မှတ်တမ်းကိုဖြစ်က တတ်ဆန်းမရေး၊ ခေါင်းကြီးတစ်ပုဒ် သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ရေးသလို အချက်အလက် ခိုင်ခိုင်မာမာနဲ့ စနစ်တကျ ရေးပါတယ်။
ဂျပန်ခေတ် ဒေါက်တာဘမော်ရဲ့ ညွန့်ပေါင်း အစိုးရမှာ မျိုးချစ်သခင်တွေ ခေါင်းပေါင်းစ တလူ လူနဲ့ ပါဝင်လာတာ တွေ့ရတော့ ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ မေးခွန်းထုတ်လိုက်ပါတယ်။
'အဖြေကား မဝေးပါလေ၊ လျောက်လျားအတိုင်း မီးစင်ကြည့်၍ ကခြင်းဖြစ်ရာ နိုင်ငံရေးရာတွင် အပြစ်မကင်းသာ၊ လူတစ်ယောက်အနေဖြင့်သာ မျက်နှာပြောင်ရာ ကျသည်။ ဤတွင် သူတို့လည်း မမှား၊ ကျွန်ုပ်လည်း မမှား၊ မမှားရာချင်းတူလျှင် သူတို့က အာဏာ အသင့်အတင့် လက်ကိုင်ရရှိ လုပ်ကိုင်နိုင်၍ အာဏာအပြည့်ရမှ တကယ်လုပ်မည်ဟု ကျွန်ုပ်က ဘေးကကြည့်ပြီး စိတ်မောနေရုံရှိလေသည်။ သူတို့မှာ ကံရာဇာငယ်၏ ပရိယာယ်ကို သုံးလျက် ကျွန်ုပ်မှာ ကံရာဇာကြီး၏ ပရိယာယ်ကိုပင် အာရုံငြိတွယ်နေလေသည်။' (သူလိုသူ၊ စာ-၄၀၂)
အဲဒီမှာ ကံရာဇာကြီး ကံရာဇငယ်ကိုအကြောင်းပြုပြီး ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နိုင်ငံရေးပရိယာယ် သုံးသပ်ချက်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီနေရာမှာ ကံရာဇာကြီးနှင့် ကံရာဇာငယ် (သူတို့ညီနောင်)အကြောင်း သိဖို့လိုလာပါပြီ။ ၂၀၁၃ ဇန်နဝါရီလထုတ် 'ဇော်ဂျီလက်ရွေးစင်' စာအုပ်ကြီးထဲက ကောက်နုတ်ဖော် ပြပေးလိုပါတယ်။
'တကောင်းပြည်တွင် အဘိရာဇာမင်း ကံကုန်သောအခါ သားတော် ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် တကောင်းပြည် ထီးနန်းအတွက် လက်ရုံးစစ်ထိုးရန် ပြင်ကြသည်ဟု ဆိုပါသည်။ ထိုအခါ အမတ်ပညာရှိ တို့က အရှင့်သားတို့သည် လက်ရုံးစစ်ကို မထိုးကြပါကုန်လင့်၊ 'ကုသိုလ်စစ်'ကိုသာ ထိုး ကြပါလေဟု နားတော် လျှောက်ကြလေသည်။ ကုသိုလ်စစ်ဆိုသည်ကား အဘယ်နည်းဟု ညီနောင် နှစ်ပါးကမေးကြရာ အလှူမဏ္ဍပ်နှစ်ဆောင်ကို တစ်ယောက်တစ်ဆောင်စီ ညတွင်းချင်းပြီးအောင် ဆောက်ကြပါ။ အရင်ပြီးအောင် ဆောက်နိုင်သူသည် တကောင်းပြည် ထီးနန်းကို ဆက်ခံထိုက်သူ မည် ပါသည်။ ထိုသို့ ပြုခြင်းသည် ကုသိုလ်စစ်ထိုးခြင်း ဖြစ်ပါသည်ဟု လျှောက်ကြလေသည်။' (ဇော်ဂျီ၊ စာ-၆၅)
ညီနောင်နှစ်ပါးလည်း ကောင်းပြီဟုဝန်ခံ၍ အလှူမဏ္ဍပ် ဆောက်ကြလေသည်။ နောင်တော် ကံရာဇာကြီးသည် မိမိအလှူမဏ္ဍပ်ကို သစ်ကြီးဝါးကြီးဖြင့် ဆောက်သည်။ ညီတော်ကံရာဇာငယ်သည် မိမိအလှူမဏ္ဍပ်ကို သစ်ငယ်ဝါးငယ်ဖြင့် ဆောက်၍ ဖျင်ဖြူပတ်ခြင်း၊ ထုံးဖွေးဖွေး သုတ်ခြင်းကို ပြုလေသည်။ နံနက်မိုး သောက်လတ်သော် ကံရာဇာကြီး၏ အလှူမဏ္ဍပ်သည် အပြီးသို့ မရောက်ချေ။ ကံရာဇာငယ်၏ အလှူမဏ္ဍပ်သာလျှင် အပြီးသို့ ရောက်လေသည်။' (စာ-၆၅)
ညီတော်အနိုင်ရသွားပြီဖြစ်လို့ ကတိအတိုင်း ညီတော်ကို ထီးနန်းအပ်ပြီးနောက် နောင်တော် ထွက်ခွာ သွားရတယ်။ ဆရာဇော်ဂျီက ...ညီတော်ဟာ ဉာဏ်ကောင်းတယ်၊ မဖြစ်ဖြစ်အောင် လုပ်တတ်တယ်လို့ ချီး ကျူးတဲ့အတွေး၊ ဒါပေမဲ့ သံသယအတွေး ဆက်ဝင်လာပုံက ...ညီတော်ဟာ နောင်တော်ရဲ့ အရိုက်အရာကို လုယူဖို့ ကြိုတင်ပြင်ဆင်ပြီးသား၊ လက်နက်လူသူစုဆောင်း ပြီးသား၊ ဒါ့ကြောင့် ထီးနန်း အတွက် စိန်ခေါ်ရဲတာပဲလို့ ရှုမြင်သုံးသပ်ပါတယ်။
'ကံရာဇာကြီးသည် စိတ်ကူးယဉ်မဏ္ဍပ်ဖြစ်က တတ်ဆန်းမဏ္ဍပ်ကို အဘယ့်ကြောင့် ကန့်ကွက်ခြင်းမပြု ဘဲနေပါသနည်း။ ကိုရွှေဝန်(ပညာရှိအမတ်များ)တို့သည် ထိုမဏ္ဍပ်ကို အဘယ့်ကြောင့် ပယ်ချ ခြင်းမပြုဘဲ နေကြပါသနည်း'လို့ ဆရာဇော်ဂျီက မေးထွန်းထုတ်လိုက်ပြီး ကံရာဇာကြီးနဲ့ ပညာရှိအမတ်များကို ရိုးလွန်း၊ အလွန်းတယ်လို့ အပြစ်တင်ထားပါတယ်။
ကိုရွှေဝန်(ပညာရှိအမတ်ကြီးများ)ကို ရိုးအ,တယ်လို့ မဆိုနိုင်ပါ။ မအလို့လည်း ပညာရှိအမတ်ကြီးတွေ ဖြစ်လာခဲ့ပြီး ညီတော် နောင်တော်တို့ရဲ့ သွေးသံရဲရဲ နန်းလုပွဲကို တားမြစ်နိုင်ခဲ့တယ် မဟုတ်ပါလား။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ကုသိုလ်စစ်ထိုးကြပါလို့ တရားသဖြင့်အကြံပေး တင်ပြခဲ့လေရာ ညီတော်နောင်တော် နှစ်ပါးလုံးက လက်ခံပြီး အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ဒါပေမဲ့ အလှူမဏ္ဍပ်ကို ညတွင်းချင်းပြီးအောင် ဆောက်ပါဆိုတဲ့ အကြံပေးချက်ဟာ အစကတည်းက ဖြစ်ကတတ်ဆန်းမဏ္ဍပ်ဆီသို့သာ ဦးတည်နေကြောင်း ဘုရင်လုပ်ချင် တဲ့ ညီတော်နောင်တော် နှစ်ယောက်လုံး သိထားပြီး ဖြစ်နိုင်ပါတယ်။ (ပြိုင်ပွဲစည်းကမ်းကို နှစ်ယောက်လုံး နားလည်လက်ခံပြီးမှ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်သတ် အနိုင်ကျင့် အကျပ်ကိုင်ပြီး ယှဉ်ပြိုင်ခိုင်းတာမဟုတ်ပါ။)
'ထိုသို့ တပြီကား ကံရာဇာ၏ သစ်ငယ်ဆောက်၊ ဝါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ် မဏ္ဍပ်ကို ကန့်ကွက်ခြင်း၊ ပယ်ချခြင်း၊ တိုက်ဖျက်ခြင်းမပြုဘဲ နေခဲ့ကြသည်မှာ မည်သည့်အကြောင်း ကြောင့်ပေနည်း။ မည်သည့် အကြောင်းကြောင့်မျှ မဟုတ်နိုင်၊ ကံရာဇာငယ်သည် ကံရာဇာကြီးအား လည်းကောင်း၊ ကိုရွှေဝန်တို့အားလည်းကောင်း၊ တကောင်းပြည်သူလူထုအားလည်းကောင်း တစ်နည်း နည်းဖြင့် ခြိမ်းခြောက်နေသောကြောင့်သာလျှင် ဖြစ်နိုင်သည်။' (ဇော်ဂျီ၊ စာ-၆၈)
ဘယ်လိုခြိမ်းခြောက်နေသလဲဆိုတော့ 'လက်နက်နှင့် တပည့်လက်သားတို့ကိုမူကား မဏ္ဍပ်အတွင်း၌ လည်းကောင်း၊ မဏ္ဍပ်အပြင်၌ လည်းကောင်း၊ မြေပေါ်၌ လည်းကောင်း၊ မြေအောက်၌လည်းကောင်း၊ ပေါ်ပေါ် တင်တင်တချို့၊ ပုန်းလျှိုးကွယ်လျှိုးတချို့ နေရာချထားပြီး ဖြစ်မည်မှာ သေချာပါသည်' တဲ့။ 'သေချာပါသည်'လို့ တပ်အပ်ကြီး စွပ်စွဲလိုက်တာကတော့ သမာဓိအားနည်းပါး သွားရာ ရောက်ပါတယ်။ အမှန်စင်စစ်တော့ သူတို့ ညီနောင်နှစ်ဦးလုံးမှာ လက်နက်လူသူ အင်အားကိုယ်စီရှိခဲ့ ပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရုံးစစ်ထိုးဖို့ စစ်ပြင်နေခဲ့ကြတယ် မဟုတ်ပါလား။
စစ်ဖြစ်ရင် တိုင်းပြည်ပျက်မယ်၊ ပြည်သူနာမယ် ဆိုတာသိတဲ့ ပညာရှိအမတ်ကြီးများ (ဆရာ ဇော်ဂျီကကို ရွှေဝန်တို့ရယ်လို့ ခပ်ငေါ့ငေါ့ ရေးပါတယ်)က လက်ရုံးစစ် မထိုးဘဲ ကုသိုလ်စစ်ထိုးကြဖို့ (အလှူမဏ္ဍပ်ကြီးအပြိုင် ဆောက်ကြဖို့)အကြံပေးတိုက်တွန်းခဲ့တာ ပညာရှိပီသလို့ ချီးကျူးဖို့ကောင်းပါ တယ်။ ညီနောင်နှစ်ပါးတွင် တစ်ပါးပါးကသာ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့ပါလျှင် ကုသိုလ်စစ်ထိုးဖို့ အကြံ ပေးရဲမည်မဟုတ်ပါ။ ဒီနေရာမှာ သတိပြုရမှာက လက်နက်လူသူအင်အားဆိုတာ ညီနောင်နှစ်ပါးလုံးဆီမှာ ရှိနေတယ်ဆိုတာပါပဲ။ နှစ်ယောက်လုံးမှာ ခြိမ်းခြောက်နိုင်တဲ့ အင်အားတွေ ပိုင်ဆိုင်ထားကြပါတယ်။ ညီနောင်နှစ်ပါးရဲ့ မူရင်းဇာတ်ကြောင်းကို ကြည့်မယ်ဆိုရင်လည်း ကံရာဇာငယ်ရဲ့ ငြိမ်းခြောက်တဲ့ လက္ခဏာကို မတွေ့ရပါ။ ကံရာဇာကြီးက သူ့အရှုံးကို ကျေကျေနပ်နပ် လက်ခံပြီး ငြိမ်းချမ်းစွာ လမ်း ခွဲသွားတာ တွေ့ရပါတယ်။
'ထိုအခါ မိုးသောက်၍ ညီတော်ဆောက်လုပ်သော မဏ္ဍပ်ဖွေးဖွေး ပြီးလေသည်ကို နောင် တော်မြင်လျှင် နောင်တော် ကံရာဇာကြီးသည် မိမိအလုံးအရင်းကိုယူ၍ ဧရာဝတီမြစ်ကို စုန်ခဲ့ပြီးလျှင် သလ္လာဝတီမြစ်ကို ဆန်ခဲ့၍ ကလေးတောင်ညိုကို ရာဇဂြိုဟ်သမုတ်၍ ခြောက်လဗိုလ်ဝင်ခံတော်မူ၏။' (၁၉၉၂ ထုတ်၊ မှန်နန်းရာဇဝင်တော်ကြီး၊ ပ-တွဲ၊ စာ-၁၅၄)
ဒါကြောင့် ညီနောင်နှစ်ပါးရဲ့ ကုသိုလ်စစ်ထိုးပွဲရဲ့ ရလဒ်အဖြေကို အမတ်ပညာရှိများနှင့် တကောင်းပြည်သူတို့က ကန့်ကွက်ပယ်ဖျက်ရှုတ်ချခြင်းမပြုဘဲ ကျေနပ်ကြည်ဖြူစွာ လက်ခံလိုက်ခြင်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ညီနောင်(ကံရာဇာကြီးနှင့် ကံရာဇာငယ်) အပေါ် ဆရာဇော်ဂျီရဲ့ သုံးသပ်ချက်ကို တင်ပြခဲ့ပြီးနောက် ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ရှုမြင်ပုံကိုလည်း ဆက်လက် တင်ပြပါတယ်။ ဆရာကြီးနှင့် ဆရာ လေး အတွေးအမြင် အယူအဆ ဘယ်လိုကွာဟနေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ သူတို့ညီနောင်မှာ မဏ္ဍပ်နှစ်ဆောင် အပြိုင်ဆောက်တယ်လို့ ဆိုထားပြီး ဆရာဂျာနယ်ကျော်ရဲ့ စာမှာတော့ ဘုရားနှစ်ဆူ အပြိုင်တည်တယ် လို့ရေးပါတယ်။ (ရှေးလူကြီးများရဲ့ ဆိုစကားမှာလည်း မဏ္ဍပ်နှင့် ဘုရားရယ်လို့ မူကွဲရှိနေတာ တွေ့ရပါတယ်။)
'ကံရာဇာငယ်သည် ဘုရင်ရွေးကောက်ပွဲ ဘုရားကို ဖြစ်ကတတ်ဆန်း အထည်များဖြင့် ဖြစ်ရုံမျှလောက် ရှေးရှုကာ အပြီးတည်ပြ သူဖြစ်၏။ ကံရာဇာကြီးကား အခါကိုမချင့်၊ အခွင့်ကို နားမလည်၍ ဘုရားပီသအောင် သစ်ကြီးဝါးကြီးများဖြင့် လုံးပန်းဆောက်လုပ်သောကြောင့် မင်းအဖြစ်မှ လွဲခဲ့သူ ဖြစ်လေသည်။' (သူလိုလူ၊ စာ-၄၀၂)
'နိုင်ငံတော် ထူထောင်မှုအတွက် အာဏာအလုံအလောက်ရရန် အားထုတ်ရာတွင် ကံရာဇာငယ်၏ 'အနိုင်' ပရိယာယ်သည် အကောင်းဆုံးလည်းဖြစ်၏။ အထက်မြတ်ဆုံးလည်း ဖြစ်လေသည်။ သို့ဖြစ်ရာ အာဏာလုံးပန်းမှုတွင် ကံရာဇာငယ်ကဲ့သို့ မရှက်မကြောက် လုပ်ခြင်းကို ရှုတ် ချဖွယ်ရာ မရှိပေ။' (စာ-၄၀၃)
ဆရာဇော်ဂျီက ကံရာဇာငယ်ကို ရှုတ်ချခဲ့သလောက် ဂျာနယ်ကျော်ဦးချစ်မောင်က ကံရာဇာ ငယ်ကို ချီးကျူးထားပါတယ်။ ဆရာနှစ်ယောက် ရှုမြင်သုံးသပ်ပုံချင်း မတူဘူးဆိုတာ ထင်ရှားပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်က ညီနောင်နှစ်ပါးလုံးအပေါ်မှာ မျှမျှတတ သုံးသပ်ပြီး အခြေ အနေအပေါ်မှာ လိမ္မာပါးနပ်စွာ လုပ်ဆောင်တတ်စေချင်ပုံ ရပါတယ်။
'သို့သော် နိုင်ငံတော်ကို အရှည်တည်တံ့ ထွန်းကားအောင် ပျိုးထောင်ရာတွင်ကား 'အခိုင်' ကိုသာ ရှေးရှုရမည်ဖြစ်၏။ ကံရာဇာကြီးကဲ့သို့သာ လုပ်လေရာ၏။ ကံရာဇာငယ်ကဲ့သို့ တစ်နေရာတွင် လုပ်အံ့၊ ထိုနေရာသည် နောင်သောအခါ လစ်လပ်ချွတ်ယွင်း နစ်နာခြင်း ရှိလေရာ၏။ ဤသဘော တရားနှစ်ရပ်ကို အချုပ်အမြွက်မျှသာ ပြလိုက်၏။ အစဉ်ထာဝရအားဖြင့် ကံရာဇာကြီး၏ 'အခိုင်' အပြုအမူကို အတုယူ လုပ်ဆောင်အပ်၏။ အကျဉ်းအကျပ်ကျလာလျှင် သို့မဟုတ် အကြောင်းတစ်စုံ တစ်ရာ ပေါ်ပေါက်လာလျှင် ကံရာဇာငယ်၏ 'အနိုင်' ပရိယာယ်မျိုးကို နိုင်ငံတော်အတွက် မရှက်မ ကြောက် သုံးရာ၏။' (စာ-၄၀၃)
ဂျာနယ်ကျော်ဦးချစ်မောင်က ညီနောင်နှစ်ပါး လုံးကို မပစ်ပယ်ပါ။ ညီနောင်နှစ်ပါးဆီက 'အနိုင် နှင့်အခိုင်' စံနမူနာကို ယူပြီး သူ့နေရာနှင့်သူ ကျင့်သုံးတတ်အောင် တိုက်တွန်းထားတာ တွေ့ရပါတယ်။
'မြန်မာနိုင်ငံတော်၏ ရာဇဝင်အစတွင် ကံရာဇာကြီး ကံရာဇာငယ် မင်းအဖြစ် ယှဉ်ပြိုင်ရွေး ကောက်ပွဲသည် အလွန်အရေးကြီးခဲ့၏။ ယခု လွတ်လပ်သောနိုင်ငံ တော်ကြီးအဖြစ် ပြန်၍ ပထမအခြေ ပျိုးရာတွင် ကံရာဇာကြီး၏စနစ်ကို လိုက်နေသလော၊ ကံရာဇာငယ်၏ ပရိယာယ်ကို လိုက်နေသလော၊ စောကြောဖွယ်ဖြစ်လာ၏။ ကံရာဇာကြီး၏ စနစ်တစ်ခုတည်းဖြင့်သော်လည်းကောင်း၊ ကံရာဇာငယ်၏ ပရိယာယ်တစ်ခုတည်းဖြင့်သော်လည်းကောင်း နိုင်ငံတော်သစ်ကို အခြေပျိုးခြင်းငှာ မဖြစ်စကောင်း၊ အကြောင်းအားလျော်စွာ နှစ်ဖြာသောပရိယာယ်တို့ကို သုံးကြမှ အရှည်ကောင်းမည်ဖြစ်၏။ အနိုင်လည်း ကြံရာ၏။ အခိုင်လည်း လုပ်ရာ၏။ အာဏာရအောင်လည်း ကြိုးပမ်းရာ၏။ ရသောအားဖြင့် အနိုင်လုပ်နိုင် အောင်လည်း ဆောင်ရွက်ရာ၏။ အနိုင်လုပ်ခြင်းသည် အခိုင်လုပ်ခြင်း၏ ပထမစခန်းမျှသာဖြစ်၍ အလိုအလျောက် ဆုံးနေသော လမ်းတစ်လမ်းမဟုတ်ကြောင်း မပြတ်သတိရကြရာ၏။
စစ်ကာလအတွင်းဖြစ်၍ စစ်နိုင်မှုအတွက် လုံးပန်းသမျှတွင် 'အနိုင်'ပရိယာယ်ဖြင့် စေစားလျက် လွတ်လပ်သော နိုင်ငံတော်အဖြစ် အဓွန့်ရှည်စွာ တည်တံ့အောင် အခြေစိုက်လေသမျှတွင် 'အခိုင်' စနစ်ကို လိုက်နာရာ၏။ လက်ရှိအစိုးရအဖွဲ့တွင် ကံရာဇာငယ်များလည်း ပါလေရာ၏။ ကံရာဇာကြီးများလည်း ပါတန်ရာ၏။ အခါအခွင့်ကိုကြည့်၍ လုပ်ကိုင်သွားကြမှာ နိုင်ငံတော် အကျိုးပွားစည်းမည်မှန်၏။ ရာဇဝင်ပဝေအစဉ်အခြေပြဖြစ်သော ကံရာဇာညီနောင်၏ သင်ခန်းစာသည် ယခု ကျွန်တော်တို့ မျက် မှောက်နိုင်ငံတော်ကြီးအတွက် အကျိုးရှိစေရာ၏' (စာ-၄၀၄)
'အနိုင်'နှင့် 'အခိုင်' ပရိယာယ်များအကြောင်းရေးရာတွင် ဆက်လက်ဖော်ပြဖွယ်အကြောင်းများ ပေါ် ထွက်လာ၏။ နိုင်ငံရေးသမားများ (အာဏာရရန် လုံးပန်းဆဲဖြစ်သောသူများ)မှာ 'အခိုင်' လုပ်ရ မည်ဟု ဟန်ပြ ဆွဲဆောင်၍ 'အနိုင်'ကိုသာ လုံးပန်းကြရာ၏။ အခိုင်ဖြင့် ဟန်ပြပြီး အနိုင်မလုပ်ဘဲ အခိုင်ကိုပင် ကြိုးပမ်းက အနိုင်မရဘဲ လိမ့်လဲတတ်ကြ၏။ အစိုးရ (အာဏာလက်ကိုင် ရရှိအုပ်ချုပ်သူများ) မှာ အနိုင်ပရိယာယ်ကိုလိုသောအခါ၌သာ လိုသလောက်ထက် မပိုစေဘဲ သုံးလျက် 'အခိုင်'ကိုသာ အားခဲလုံးပန်းကြရာ၏။ 'အနိုင်' ပရိယာယ်ဖြင့် နိုင်ငံရေးသမားများ အစိုးရဖြစ်လာလျှင် 'အခိုင်'ကို ပြောင်းလဲရှေးရှုးဖို့ အလွန်အရေးကြီး၏။ အစိုးရဖြစ်သည့် တိုင်အောင် 'အနိုင်' ပရိယာယ်တွင်သာ ငြိတွယ်နေက နိုင်ငံနစ်နာတတ်၏။
'အင်္ဂလိပ်ဘာသာတွင် နိုင်ငံရေးသမားကို Politician (ပေါ်လတစ်ရှင်း)ဟူ၍ ခေါ်လျက် အုပ်ချုပ်သူ အစိုးရကို စတိတ်မင်း Statesman ဟုခေါ်၏။ Politician ကား 'အနိုင်'လုံးပန်းရေးသမား၊ Statesman ကား အခိုင်လုံးပန်းရေးသမားဟူ၍ တစ်နည်းမှတ်သားနိုင်ကြ၏။ အနိုင်ကား အနိုင်ရရန် ရည်ရွယ်သည့် ပရိယာယ် တစ်ခုမျှသာဖြစ်၏။ 'အခိုင်'ကား အနိုင်ရပြီးသူတိုင်း မမေ့မလျော့ မပေါ့မတန် မနှေးကန်ဘဲ အမှန်ပြုသင့်သည့် 'အလုပ်အစစ်' ဖြစ်သင့်၏။ အနိုင်ရလျက် အနိုင်ရခိုက် အခိုင်မလုပ်က အနိုင်ရ ကျိုးမနပ်၊ ကာလအဓွန့်မရှည်ကြာ လျင်မြန်စွာ ရွေ့လျောရာ၏။ အနိုင်ရခိုက် အခိုင်လုပ်က လုပ်သ လောက် အကျိုးဖြစ်ထွန်းလေရာ၏။ ဥဒါန်းတွင် ရစ်လေရာ၏။} (သူလိုလူ၊ စာ-၄၀၄)
မြန်မာအစ တကောင်းကလို့ ဆိုပါတယ်။ တကောင်းရာဇဝင်ထဲက ကံရာဇာကြီးနှင့် ကံရာဇာ ငယ်တို့အပေါ် ဆရာဇော်ဂျီနှင့် ဆရာဂျာနယ်ကျော်ဦးချစ် မောင်တို့ ရှုမြင်သုံးသပ်ပုံချင်း မတူညီတာ တွေ့ရပါလိမ့်မယ်။ ဂျာနယ်ကျော် ဦးချစ်မောင်က သတင်းစာဆရာ ဂျာနယ်လစ်ပီပီ နိုင်ငသံရေးအမြင် ကြည်လင်စွာဖြင့် 'အနိုင်'နှင့် 'အခိုင်'ကို ပိုင်ပိုင်နိုင်နိုင် သုံးသပ်သွားတယ်လို့ ဆိုချင်ပါတယ်။ ။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )