၂၀၂၅ ဇန်နဝါရီ ၁၁
စိတ်ကူးယဉ်အရ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တာနဲ့ လက်တွေ့ကျကျရ ရှိပြီးသားအခြေ အနေကတစ်ဆင့် ဖြစ်ချင်တာကိုဖြစ်အောင်လုပ်တာ ဘယ်ဟာက ပိုလွယ်ကူမယ်၊ ဘယ်ဟာက ပိုဖြစ်နိုင်ခြေများမယ်ထင်ပါသလဲ။ အထူးသဖြင့်နိုင်ငံရေးကိစ္စတွေမှာ စိတ်ကူးစိတ်သန်းအရ လေလုံးမိုး လုံးထွားနိုင်ပေမယ့် တကယ်အကောင်အထည် ဖော်တဲ့အခါမှာ ချော်သွားတာတွေ အများကြီး ရှိပါတယ်။ တွေ့လည်းတွေ့နေရတာပဲ မဟုတ်လား။ မြန်မာ့နိုင်ငံရေးရဲ့အစဟာ ပေးထားတဲ့ လက်တွေ့ အခြေအနေထက် နိုင်ငံရေးဦးဆောင်သူတွေရဲ့ စိတ်ကူးယဉ်ဆန်မှုက ပိုတယ်လို့မြင်တယ်။ နောင်အနာဂတ်မှာ ယခုလိုမျိုး ဆိုးကျိုးတွေမဖြစ်ဘဲ ညီညီညွတ်ညွတ်နဲ့ ကောင်းကျိုးတွေသာ ရရှိလိမ့်မယ်လို့ မှန်းထားပုံရပါတယ်။
စကတည်းက ညီညွတ်အောင်၊ အားလုံးပါဝင်နိုင်အောင် ဆွေးနွေးရမယ့်အစား ကိုယ်ဖြစ်ချင်တဲ့ အခြေအနေကို ကိုယ်ရထားတဲ့ အာဏာအပေါ် အခြေခံပြီး ဇောင်းပေးဖန်တီးခဲ့ကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့အခါမှာ သုံးလို့ရတဲ့ နိုင်ငံရေးနည်းတွေ အများကြီးရှိတဲ့အထဲက နောက်ဆုံးနည်းဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ လက်နက်ကိုင်လမ်းစဉ်ကို တန်းရွေးလိုက်တဲ့အခါမှာ တိုင်းပြည်အကျိုးနည်းရတဲ့ ဘဝကို ရောက်သွားစေခဲ့တာပဲ မဟုတ်ပါလား။ ဒီအပေါ်မှာ အခြေခံပြီးစခဲ့တဲ့ မြန်မာ့နိုင်ငံရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုအထိ ပြောင်းလဲခဲ့ရပြီ ဖြစ်ပါတယ်။ အခုချိန်ထိ အငြင်းအခုံဖြစ်ဆဲ၊ ရန်ဖြစ်ဆဲ အခြေအနေတွေအရ နောက်ထပ် ဘယ်နှခုများ ထပ်ပေါ်လာဦးမလဲမဆိုနိုင်။ ကျွန်တော့်သဘောအရဆိုရင်တော့ အသစ်ထပ်မပေါ်စေတော့ဘဲ လက်ရှိ ရထားတဲ့အပေါ်မှာ အခြေခံပြီး ဖြည်းဖြည်းချင်း ပြင်ဆင်တိုးမြှင့်သွားတာပဲ ဖြစ်စေချင်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ငွေဆောင်သဘောထား ခုနစ်ချက် ထွက်ပေါ်လာတာ သတိထားမိတယ်။ သဘောတူညီချက်အဖြစ် ထုတ်ပြန်တာမဟုတ်ဘဲ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ(ငွေဆောင်)လို့ ထုတ်ပြန်ထားတာ တွေ့ရပါ တယ်။ မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးတဲ့သူတွေ မဟုတ်ကြပေမယ့် မြန်မာ့နိုင်ငံရေမှာ ပါဝင်နေကြတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့သဘောထားကို အမြင်တစ်ခုအနေနဲ့ လက်ခံရမှာဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ကောင်းစေချင်လို့ တစ်စိတ်တစ်ပိုင်းက ဖြေရှင်းနိုင်အောင် စဉ်းစားပေးကြတာဆိုရင်တော့ ကြိုဆိုရမှာပါ။ သို့သော် ဒီအမြင်အရ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စွဲကိုင်မှုမျိုးကိုတော့ လက်ခံလို့မရပါ။ အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်ဆိုတာ ရှိစမြဲမို့ လက်တွေ့ကျကျစဉ်းစားဖို့တော့ လိုပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်ကလည်း သုံးသပ်ချက်အဖြစ်သာ အကြံပြုတဲ့သဘောလို့မြင်တယ်။
အဲဒီအမြင်ထဲမှာ အများသဘောတူ လက်ခံကြမယ့်ကိစ္စက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးပဲ ဖြစ်ပါတယ်။ သို့သော် ဘယ်လိုဘယ်ပုံ ထူထောင်ကြမလဲဆိုတာက ပြဿနာပါ။ လက်ရှိမြန်မာ့နိုင်ငံရေးကို ကိုင်တွယ်ဖြေရှင်းရမှာက အဓိကအားဖြင့် အုပ်စုကြီး သုံးစုရှိပါတယ်။ အသေးစိတ်ထပ်ခွဲရင်တော့ အများကြီးပေါ့။ နိုင်ငံရေးကို နိုင်ငံရေးသမားများကသာ ဖြေရှင်းရမယ်ဆိုတဲ့ အမြင်ရှိတဲ့ နိုင်ငံရေးသမားတွေကတော့ ဘာပြောကြမလဲမသိ။ နိုင်ငံရေးသမားအုပ်စု၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုနဲ့ တပ်မတော်တို့ပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုပြောပြော၊၊ ဘယ်လိုပဲ မောင်းထုတ်ထုတ် ဒီအခြေအနေဟာ တည်ငြိမ်ခိုင်မာတဲ့နိုင်ငံရေး စနစ်တစ်ခုမရမချင်း ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ နိုင်ငံရေးစနစ်ရပြီဆိုရင်တော့ လိုကိုမလိုတော့တဲ့အတွက် မထွက်ခိုင်းလည်း သူ့နေရာသူရောက်သွားမှာပါပဲ။
ကြုံလို့တစ်ခုမေးချင်တာက တပ်မတော်ကနိုင်ငံရေးက ထွက်ခွာပေးရမယ်။ ပါဝင်ခြင်းမရှိရ ဘူးလို့ဆိုနေကြတဲ့ NUG အပါအဝင် ပုလင်းတူဘူးဆို့ နိုင်ငံရေးသမားတွေ ဖြေပေးကြပါဦး။ လက်ရှိ အခြေအနေအရ 'တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်နက်ကိုင်လမ်းစဉ်ကို ဘယ်လိုချုပ်ငြိမ်း အောင်လုပ်မလဲ။ လက်နက်ကိုင်တွေကြီးစိုးတဲ့ တိုင်းရင်းသားဒေသတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဘယ်လိုအသက်သွင်းပေးမလဲ။ ထွန်းကားအောင် ဘယ်လိုဖန်တီးပေးမလဲ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုက ချမှတ်ထားတဲ့ စနစ်ထဲမှာပါဖို့ ဘယ်လိုစီစဉ်မလဲ။ လိုက်နာမယ်ထင်ပါသလား။ ပြည်ထောင်စုဥပဒေနဲ့ တရားစီရင်ရေးကဏ္ဍတွေကို လေးစားလိုက်နာအောင် ဘယ်လိုလုပ်မလဲ}ဖြေကြည့်ကြပါ။ ဆွေးနွေးရေးနည်းလမ်းနဲ့ အဖြေရှာမယ်လို့ အလွယ်မဖြေပါနဲ့။ အဲဒီနည်းလမ်းအပေါ်လေးစား လိုက်နာအောင် အရင်ဘာလုပ်မလဲဆိုတာသာ စဉ်းစားပါ။
အခုကာလမှာ NLD က ပေါက်ဖွားလာတဲ့ NUG နဲ့ နိုင်ငံရေးသမားတွေရဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ထောင်မယ့် အစီအမံက တော်လှန်ရေးကာလပြီးရင် ကြားကာလအုပ်ချုပ်ရေး ဆောင်ရွက်ပြီး တွေ့ဆုံဆွေးနွေးရေးကတစ်ဆင့် အခြေခံဥပဒေရေးဆွဲပြီး ဆောင်ရွက်မယ့်အခြေအနေလို့ ယူဆရတယ်။ တိတိကျကျ အခြေခံအချက်တွေ၊ အချိန်ကာလသတ်မှတ်ချက်တွေ မတွေ့ရတဲ့အတွက် ပြည်ထောင်စုအတွက် အတော်အန္တရာယ်ကြီးတဲ့ အခြေအနေတစ်ခုလို့ မြင်တယ်။ ကြားကာလကိုတောင် ဘယ်လိုပုံစံ၊ ဘယ်လိုမူနဲ့ အုပ်ချုပ်ကြမယ်ဆိုတာ မသဲကွဲဘူး။ ဥပဒေစံမရှိဘဲ၊ သဘောတူညီချက်မရှိဘဲ အုပ်ချုပ်လို့ရနိုင်ပါ့မလား။ ပြည်ထောင်စုရဲ့အုပ်ချုပ် ပုံသဘာဝက ဗဟိုချုပ်ကိုင်မှုနဲ့ ပြည်နယ်အာဏာခွဲဝေမှုက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။
လက်ရှိတော်လှန်ရေးမှာ ဦးဆောင်နေတဲ့ နိုင်ငံရေးသမားများ ကြားကာလအုပ်ချုပ်ရေးမှာ ဘယ်လို အာဏာခွဲဝေကြမှာလဲ။ အခုပဲကြည့်။ တပ်မတော် လက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တွေ ဘယ်လိုအုပ်ချုပ်နေကြသလဲ။ ကြားကာလအုပ်ချုပ်ရေးအစိုးရအနေနဲ့ ကိုင်တွယ်နိုင်မယ်ထင်ပါသလား။ KIA က ဝမ်ပေါင်နိုင်ငံ ထူထောင်ချင်တယ်။ 'ဝ' UWSA က သီးခြားပြည်နယ်။ MNDAA က အထူးဒေသ၊ TNLA က ပလောင်ဒေသ၊ AA ထွန်းမြတ်နိုင်က အနိမ့်ဆုံးအဆင့် Confederate၊ KNU က လွတ်လပ်ရေးကာလကတည်းက သီးခြားနယ်မြေလိုချင်ခဲ့တာ။ ပြီးတော့ တစ်ဖွဲ့မှ လက်နက်မစွန့်ချင်။ အခုချိန်မှာကတည်းက ကျေလည်မှုမရှိရင် ကြားကာလ အုပ်ချုပ်ရေးကစပြီး သူတစ်လူငါတစ်မင်း သူ့နယ်ကိုယ့်နယ်ဆိုပြီး အုပ်ချုပ်မှုတွေ လာပါလိမ့်မယ်။ ကြားကာလအုပ်ချုပ်ရေး မှာကတည်းက နိုင်နိုင်နင်းနင်းမရှိရင် ဖက်ဒရယ်ဆွေးနွေးပွဲတွေ အောင်မြင်လာစရာမရှိဘူးလို့ မြင်တယ်။ အိပဲ့အိပဲ့နဲ့ ကြားကာလအုပ်ချုပ်ရေးကို တစ်ဆင့်တက်လာနိုင်စရာမရှိဘဲ အချိန်ကြာလာ တာနဲ့အမျှ ပြည် ထောင်စုပျက်စီးသွားပါလိမ့်မယ်။
နိုင်ငံရေးသမားနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားနဲ့ ဆက်ဆံရေး သဘာဝကမတူပါ။ လိုအပ်ချက်ရှိနေချိန်မှာ အကြိုက်လိုက်ပေါင်းတတ်တဲ့ သဘာဝချင်းတော့ တူချင်တူ ကြပါလိမ့်မယ်။ မတိုင်ခင်မှာ ကြိုတင်ကတိကဝတ် ခိုင်ခိုင်မာမာရှိမထားရင် အနာဂတ်ကာလ အာဏာနဲ့ အကျိုးစီးပွားရလာတဲ့အခါ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ကြတာတွေကို သင်ခန်းစာအဖြစ် ယူကြဖို့လိုပါတယ်။ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက် KNU နဲ့ တချို့လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းရေးမယူခင်အချိန် KNU နယ်မြေထဲမှာ KNU ဦးဆောင်ပြီး လက်နက်ကိုင်အဖွဲ့တချို့ ပြည်ထောင်စုအရေးကွန်ဂရက်တစ်ခု ကျင်းပခဲ့ကြတယ်။ မဲသရောထ ကြေညာချက်ဆိုပြီး ကြေညာ ချက် ထွက်ခဲ့ပါသေးတယ်။ အဲဒီကြေညာချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ထောက်ခံကြောင်းကို သူ့ခြံဝင်းထဲမှာလုပ်တဲ့ NLD အထိမ်းအမှတ် အခမ်းအနားတစ်ခုမှာ တရားဝင်ပြောကြားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NCA လက်မှတ်ထိုးတဲ့အခါ အလျင်စလိုမထိုးဖို့ ပြောတာတွေအပြင် တချို့ကိစ္စတွေမှာ ကတိကဝတ်ပြုခဲ့တာတွေလည်းရှိခဲ့တာ သတိထားမိကြမှာပါ။ တကယ်တမ်း နိုင်ငံတော်အာဏာကို ရလာတဲ့အခါမှာ သူနိုင်ငံရေးလုပ်ခဲ့တဲ့အချိန်က ပြောခဲ့တာတွေ၊ ကတိပေးခဲ့တာတွေကို အကောင်အထည်ဖော်ခဲ့တာ၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် နည်းလမ်းရှာခဲ့တာတွေ မလုပ်ခဲ့တာ သတိထားမိကြမှာပါ။ သူ့ကို အပြစ်ပြောခြင်းမဟုတ်ပါ။ နိုင်ငံရေးသ မားဘဝမှာ တွေးခဲ့တာတွေဟာ အမှန်တကယ် နိုင်ငံတော်အာဏာကို ကိုင်တွယ်လာရတဲ့အခါမှာ မဖြစ်နိုင်တာ၊ မလုပ်သင့်တာတွေအဖြစ် သူမအနေနဲ့ နဖူးတွေ့ဒူးတွေ့ နားလည်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်။
ငွေဆောင်ဆွေးနွေးချက်မှာပါတဲ့ 'အဆိုပါအခြေအနေကို ရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်သူအားလုံး လက်ခံသည့် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်သော နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ် လိုအပ်သည်'ဆိုတာ ဘာကိုဆိုလိုချင်တာလဲမရှင်းပါ။ နိုင်ငံရေးအရ ဖတ်လို့ကောင်း၊ နားထောင်လို့ ကောင်းပေမယ့် ဘာကိုလိုချင်မှန်း နားမလည်ပါ။ ကျွန်တော့်အထင်ပြောရရင် သူတို့ဆိုလိုချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အခြေခံသဘောတူညီချက်၊ ဒါမှမဟုတ် ပင်လုံညီလာခံလို ကတိကဝတ် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ရမယ်။ အဲ့ဒီအတွက် ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရမယ်။ စစ်ပွဲများရောက်သည့်နေရာ ရပ်တန့်ထား ဖို့လိုမယ်။ ပြည်ပအကူအညီလိုမယ်။ အချိန်ကာလသတ်မှတ် ထားရမယ်။ ဆွေးနွေးပွဲကာလအတွင်း အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေးယန္တရားတစ်ရပ် ဖွဲ့စည်းဖို့လိုမယ် လို့ဆိုထားပါတယ်။
ဒီငွေဆောင်ဆွေးနွေးချက်နဲ့ပတ်သက်ပြီး အသံမျိုးစုံ ထွက်လာတာကို သတိထားမိတယ်။ တချို့က နစကနဲ့ပေါင်းသွားပြီး တော်လှန်ရေးချည့်နဲ့အောင် လုပ်တာဖြစ်တယ်။ တချို့က အထူးသဖြင့် လူ့ဘောင်သစ်ပါတီက နွေးနွေးထက်စံဆိုရင် ဆွေးနွေးပွဲမှာ တပ်မပါဖို့ ခါးခါးသီးသီး ငြင်းဆိုနေကြတာကိုလည်း တွေ့ရတယ်။ သွေးကြွေးမှာဆွေးနွေးစရာမလိုဘူးလို့ ဆိုတဲ့သူတွေလည်းရှိတယ်။ တချို့က အကြိုရွေးကောက်ပွဲအတွက် လိုအပ်တယ်လို့လည်း ဆိုကြတယ်။ တချို့က စစ်ရေးတွေ ပြည့်နှက်နေတဲ့အချိန်မှာ နိုင်ငံရေးလှုပ်ရှားခွင့်များများ ခွင့်ပြုသင့်တယ်။ အမြင်တွေကို တန်ဖိုးထားသင့်တယ် လို့လည်း ပြောကြတာတွေ့ရတယ်။ ဒီတုံ့ပြန်ပြောဆိုချက်တွေက သာမန်အရပ်သားတွေမဟုတ်ဘဲ နိုင်ငံရေးသမားရင့် မာကြီးတွေပါ။ ဒီလိုသုံးသပ်ချက်ထုတ်တဲ့သူတွေ၊ နိုင်ငံရေးပရောဟိတ် လုပ်နေသူတွေကို ကြည့်ပြီး မြန်မာ့နိုင်ငံရေးသမားတွေရဲ့ ရေချိန်ကို အတော်သဘော ပေါက်သွားတယ်။ ဖြစ်သင့်မဖြစ်သင့်၊ ဖြစ်နိုင်မဖြစ်နိုင်၊ ဖြစ်လာမယ့်အကျိုးဆက်တွေကို မချိန်ဆတော့ဘဲ ထင်ကြေးနဲ့ စိတ်ကူးယဉ်နေကြတာက ပိုများနေတယ်လို့ မြင် နေရတယ်။
ဒီငွေဆောင်ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် စာအတော်ရှည်သွားပါလိမ့်မယ်။ အကြမ်းဖျင်းပြောရရင် ဖြစ်နိုင်ခြေရှိမလားဆိုပြီး သွေးတိုးစမ်း ထုတ်ပြန်ချက်လို့မြင်တယ်။ ဒီဆွေးနွေးပွဲ မှာ ပါတဲ့သူတွေ အဲ့ဒီလောက်မ'အ'ကြပါဘူး။ တကယ်သာ ဒီအတိုင်း ဆွေးနွေးခံယူထားကြရင်တော့ မြအေးကလွဲလို့ ကျန်တဲ့သူတွေ အတော်တုံးကြတယ်လို့ မြင်တယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ အားလုံး သဘောတူညီချက်ရမရ သိချင်ရင် ဆွေးနွေးပွဲကာလအတွင်း အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေး ယန္တရားကို ဘယ်သူဦးဆောင်ဖွဲ့စည်းမှာလဲ။ အဖွဲ့အစည်းကို ဘယ်သူဦးဆောင်မှာလဲ ဆိုတာသာ အရင်မေးကြည့်။ အဲ့ဒီကစ မကွဲရင်ကြိုက်တာပြော။ အချိန်ကန့်သတ်ချက် (Time Frame) ထားမယ့်ကိစ္စ။ ဘယ်ပညာရှင်ကို အချိန်သတ်မှတ်ခိုင်းမှာလဲ။ အားလုံးသဘောတူတဲ့ ဘုံသဘောတူညီချက် ရဖို့လွယ်ပါ့ မလား။ Time Frame ထဲမဝင်ရင် ဘာလုပ်မှာလဲ။ ထားပါ ဒါတွေမေးနေရင် အချိန်ကုန်ပါတယ်။
အကြမ်းဖျင်းပြောရရင် ဒီဆွေးနွေးချက်ဟာ မြအေးရဲ့ ကုလားဖန်ထိုးကွက်လို့ မြင်တယ်။ သူဟာ ဘယ်လိုလူလဲ၊ ဘာအတွက်လှုပ်ရှားနေလဲဆိုတာ လူတိုင်းအသိ။ ဒီဆွေးနွေးချက်ရဲ့ အဓိကလိုလားချက်က ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ဖျက်ဆီးခြင်းပဲဖြစ်ပါတယ်။ ဒါမှသာ သူလိုချင်တာ ရမှာမ ဟုတ်လား။ ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ ဘင်္ဂါလီကိစ္စမပါပါဘူး။ ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးကာလကစပြီး ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုရေး ကြိုးစားခဲ့မှု၊ အမျိုးသားညီလာခံကျင်းပနေချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဖို့ ကြိုးစားခဲ့မှုတွေကို ကြည့်ရင် သတိထားရမယ့်ကိစ္စပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ လည်းပျက်မယ်၊ အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေးယန္တရားမှာ လူဦးရေအချိုးအစား၊ ဘာသာရေးအချိုး အစားအရ သူ့တို့လူတွေထည့်မယ်၊ ဆွေးနွေးပွဲမှာ ပါဝင်စေမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။ အဖြေကရှင်းပါတယ်နော်။ ဒီလူလိုချင်တာဒါပဲ။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းချင်တာ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )