ဆဲရေးခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်...

၂၀၂၄ ဒီဇင်ဘာ ၂၁

    ရော့ခ်ကာအဆိုတော်ကြီး ကိုလေးဖြူတစ်ယောက် ဆောင်ရန်ရှောင်ရန်တွေ သဘော ပေါက်သွားချေသည်။ ဟိုတလောက ရှိုးပွဲဆိုတုန်းက သူ့ခမျာ ဘီစီလည်း မသိဘူး၊ A to Z လည်း မသိဘူးဟု ပြောမိလေရာ ရဲရဲတောက် အသိုင်းအဝိုင်းက ဝိုင်းကလော်တုတ် ကြလေသည်။ ရော့ခ်ကာကြီးတွေ ဆိုတာက ထူးမြတ်တို့ ငယ်ငယ်ကတည်းက ခုချိန်ထိ နာမည်ရနေဆဲ၊ ပရိသတ်အခိုင်အမာရှိနေဆဲ ဖြစ်သည်။ ထူးမြတ်တို့ ငယ်ငယ်က ကက်ဆက်တို့၊ တီဗွီတို့ဆိုတာက လူတိုင်းဝယ်နိုင်တာ မဟုတ်ချေ။ ဒီတော့ လက်ဖက်ရည်ဆိုင်တွေကို အားကိုးရသည်။ လက်ဖက်ရည်ဆိုင်တွေကိုသွား လက်ဖက်ရည် လေးသောက်ပြီး ဆိုင်ရှင်ဖွင့်ပေးသည့် သီချင်းတွေကို နားထောင်ရသည်။ ထိုခေတ်က ထွက်သမျှ နာမည်ကြီး အဆိုတော်၏ တိတ်ခွေကို အချိန်နဲ့တစ်ပြေးညီ ဖွင့်ပေးသည့်ဆိုင်က လူငယ်ထု၏ အားပေးမှုကို အထူးရသည်။ နောက် လူပျိုပေါက်ဖြစ်လာတော့ ကိုယ်ပိုင်အခွေလေးတွေ ဝယ်ပြီး လက်ဖက်ရည်ဆိုင်ကို ယူသွားပြီး ဖွင့်ခိုင်းရသည်။ မြန်မာပြည်မှာ ရော့ခ်ဂီတဘုရင်ဆိုလျှင် ကိုညီထွဋ်၊ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီးတို့ လောက်ပဲ ထူးမြတ်တို့ အသက်အရွယ်အရ ကောင်းကောင်း သိမီသည်။ အင်ပါယာတို့၊  အိုင်းရင်းခရော့တို့လို တီးဝိုင်းကြီးတွေက ရော့ခ်ဂီတကို နှစ်သက်သော လူငယ်ထု၏ မီးရှူးတန်ဆောင်ကြီးများ ဖြစ်တော့သည်။ သည်လိုဆိုတော့ ထိုအဆိုတော်ကြီးတွေ ခုချိန်ထိ စင်ပေါ်တက် ချောင်းဆိုးရင်တောင် လက်ခုပ်တီး အားပေးမည့်သူက ဒုနဲ့ဒေးပင် ဖြစ်သည်။
    ဒီဘက်ခေတ်ကတော့  ဂီတလောကတိုးတက် သွားတာလား၊ ဆုတ်ယုတ်တာလားတော့ မပြောတတ်ဘဲ အရင်ကလို ဂီတတူရိယာတွေမလို ကွန်ပျူတာလေးတစ်လုံးရှိပြီး အသံကောင်းရင် Tiktok ပေါ်မှာ သီချင်းတစ်ပုဒ်က ပေါက်ဖို့လွယ်သည်။ ဒါကြောင့်လည်း အဆိုတော်တွေ မှိုလိုပေါက်လာကြသည်။ အရင်ကတော့ တေးသီချင်း Album တစ်ခွေ၊ နှစ်ခွေထုတ်တာတောင် လူတွေနားမယဉ်သေးရင် အဆိုတော်ဟု ပြောဖို့ခက်သည်။ စကားမစပ် ကိုဗဒင်ကြီးကတော့ တစ်ခွေတည်းနဲ့ တိုင်းသိပြည်သိ ပေါက်ခဲ့တာ အမှတ်တရပင် ဖြစ်သည်။ ဒီဘက်ခေတ်ကတော့ ကိုယ်ပိုင်သီချင်း မရှိလည်း ကိစ္စမရှိ၊ သူများသီချင်းယူဆိုပြီး အဆိုတော်ဖြစ်ကာ အလှူပွဲ၊ ဇာတ်ပွဲတွေမှာ အဆိုတော် ဖြစ်လာကြလေသည်။ မည်သို့ပင်ဆိုစေ အနုပညာ ဝါသနာထုံသူတွေအတွက် ထမင်းစားလက်မှတ်လေးတွေ အလွယ်တကူရသော နည်းပညာခေတ်ကြီးဆိုတော့လည်း မုဒိတာပွားရလေသည်။ အနုပညာရှင် အားလုံးကိုတော့ လေးစားမိပါသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ထိခိုက်ခံစားရသည်။ ထူးမြတ်တို့နိုင်ငံလို ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေ ပိုမိုထိခိုက်ရသည်။ အားပေးသူပရိသတ်ကို အားထားရသော အနုပညာထုတ်လုပ်သော အသိုင်းအဝိုင်းလည်း လုပ်ငန်းတွေ ရပ်တန့်သွားရတော့သည်။
    ယနေ့ကာလမှတော့ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်ကို အစိုးရက ပြန်အားပေးလာသလို ပြည်သူများကလည်း ဖျော်ဖြေရေးနယ်ပယ်ကို အာရုံပြန်စိုက်လာတာကြောင့် လုပ်ငန်းတွေ ပြန်စလာသည်။ ရုပ်ရှင်ရိုက်ကွင်းတွေ ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့ လုပ်ငန်းစိပ်လာသည်။ ကိုဗစ်ကာလမတိုင်မီ ရုံမတင်လိုက်ရသော ဇာတ်ကားတွေလည်း ပိတ်ကားထက် ရောက်လာသည်။ သဘင်လောကသားတွေလည်း အရင်လို ပွဲလမ်းသဘင်တွေဆီ ရောက်လာကြ သည်။ အဆိုတော်ကြီးတွေလည်း ပရိသတ်နှင့် ပြန်လည်ထိတွေ့လာသည်။ သို့သော် အရင်လို အခမဲ့ ရှိုးပွဲတွေ၊ လက်မှတ်ခနည်းနည်းနှင့် Public ရှိုးပွဲတွေတော့ မရှိတာကြောင့် ထူးမြတ်တို့လို ဝင်ငွေနည်း လူတန်းစားတွေကတော့ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ယနေ့ခေတ်ကတော့ ဘားဆိုင်ကြီးတွေမှာ တစ်ဝိုင်းကို သိန်းဆယ်ချီပေးမှ ကြည့်ရသည့် ရှိုးပွဲတွေက ခေတ်ထလာသည်။ မည်သို့ပင်ဆိုစေ အနုပညာရှင်နှင့် ပရိသတ်ပြန်လည်ဆုံခွင့်ရတာ ကတော့ ပျော်စရာပင်ဖြစ်သည်။
    ပြောချင်တာက ခုရက်ပိုင်း ဖေ့စ်ဘုတ်ပေါ်မှာ ရော့ခ်ဘုရင်ကြီးတစ်ပါးဖြစ်သည့် ကိုလေးဖြူ စင်ပေါ်မှာစကားပြောသည့် ရုပ်သံဖိုင် ဖြစ်သည်။ အသက်အရွယ်ရ လာသော်လည်း ချစ်သောမျက်စိဖြင့် ကြည့်တာကြောင့်  ပရိသတ်ရဲ့ အချစ်ကိုရဆဲပင် ဖြစ်သည်။ ရော့ခ်ဘုရင်ကြီးက သူ၏မိတ်ဆွေများက စင်ပေါ်တက်ရင် သီချင်းသာဆိုရန် စကားမပြောရန် မှာလိုက်ကြောင်း၊ ညီငယ်ဖြစ်သူ ကိုအငဲကတော့ စကားကြီး သုံးခွန်းပြောရန် သင်ပေးလိုက်ကြောင်း၊ ပထမစကားမှာ ဟလိုဟလို ဟူ၍ မိုက်ကရိုဖုန်းကို စမ်းရန်၊ ဒုတိယစကားမှာ မင်္ဂလာပါဟု ပရိသတ်ကို နှုတ်ဆက်ရန်၊ တတိယစကားမှာ ကျေးဇူးတင်ပါတယ်ဟု ပြောရန်ဖြစ်သည်။ ဒီစကားကြီး သုံးခွန်းပြောယုံနဲ့ပင် အောက်မှာ ဆဲမယ်သူ့ သုံးရာလောက် စောင့်နေတယ်ဆိုပြီး ရယ်ပွဲဖွဲ့ ပြောသွားသည်။ ရော့ခ်ဘုရင်ကြီးခမျာ တော်တော်လေး အဆဲခံလိုက်ရ ပုံရသည်။ စကားအရာကတော့ ပညာပါလှသည် "ဟလို၊ မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်"ဟု ပြောရင်တောင် ဆဲမယ့်လူက ရှိသေးတော့ ဆဲချင်လည်းဆဲကြ ငါတော့ လုပ်စရာရှိတာ လုပ်ရမှာပဲဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။
    ထူးမြတ်တို့ နိုင်ငံကြီးကလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပေါ်လာပြီးကတည်းက တော်တော်လေး အဆဲသန်လာကြသည်။ ပြည်တွင်းက လူတွေအတော်လေး အနေအထိုင်မတတ်တော့ အမေရိကားက တော်လှန်ရေးခေါင်းဆောင်ကြီးတွေက လှမ်းဆဲ၊ သြဇီက တော်လှန်အနုပညာ ရှင်တွေကလည်း ဖေ့စ်ဘုတ်ကနေဆဲ၊ စင်ပေါ်တက် ဂီတာလွယ်ကာ ပယ်ပယ်နယ်နယ် ဆဲရေးတိုင်းထွာကာ မြန်မာပြည်သူလူထု ယဉ်ကျေးလိမ္မာအောင် ဆုံးမပဲ့ပြင်ပေးကြသည်။ အနုပညာလုပ်တာလည်း ပြည်တွင်းမှာလုပ်ရင် အဆဲခံရသည်။ ပြည်ပမှာလုပ်ရင်တော့ တော်လှန်အနုပညာဆိုပြီး အဆဲကင်းလွတ်ခွင့် ရသည်။ ကြာတော့ မြန်မာပြည်သူတွေ၊ အနုပညာရှင်တွေ အရေထူလာကြသည်။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ ဆဲကြတော့ ဆဲဖန် များလာတော့လည်း သူ့ပါးစပ်နဲ့သူဆဲ၊ ငါလည်း ငါ့ဝမ်းရေးအတွက် ငါလုပ်စရာရှိတာ လုပ်ရမှာဆိုပြီး ဖြစ်လာကြသည်။
    မြန်မာပြည်က အနုပညာရှင်တွေလည်း အဆဲခံရတာ ကုန်သလောက် ဖြစ်နေကြပြီ ဖြစ်သည်။ ရုပ်ရှင်ရိုက်တော့လည်း ရိုက်ပြန်ပြီ၊ ပွဲတက်ပြန်တော့လည်း တက်ပြန်ပြီ၊ သီချင်းဆိုတော့လည်း ဆိုပြန်ပြီ ဆိုပြီး အဆဲခံရပြန်သည်။ ဒါကလည်း အနုပညာရှင်တွေ အထာမနပ်တာကြောင့် ဖြစ်သည်။ တစ်ခုခု လုပ်ရင် အရှေ့မှာ တော်လှန်ဆိုတာလေး ထည့်ဖို့မေ့နေတာကြောင့် ဖြစ်သည်။ ပြည်ပက လူတွေဆိုရင် တော်လှန်ရုပ်ရှင်၊ တော် လှန်မွေးနေ့၊ တော်လှန်မင်္ဂလာဆောင်၊ တော်လှန်ဈေးရောင်းပွဲ၊ တော်လှန်ရှိုးပွဲ ဆိုတာတွေလုပ်တာ တစ်ယောက်မှ အဆဲမခံရချေ။ တလောက ရေကျော်ပွဲဈေး သွားလည်တဲ့ ပြည်သူ သိန်းချီတောင် အဆဲခံလိုက်ရသေးသည်။ အမေရိကားက ပွဲဈေးကျတော့ တော်လှန်ရန်ပုံငွေ ပွဲဆိုတော့ အဆဲမခံရချေ။ ဒါကြောင့် အနုပညာရှင်ကြီးတွေ ဘာပဲလုပ်လုပ် တော်လှန်ဆိုတာလေး ထည့်လုပ်ရင်  အဆဲခံရနိုင်ခြေ မရှိပေ။ ခုနေများ အကယ်ဒမီမင်းသား ကြီး သီဟတင်စိုး မရှိတော့တာ အင်မတန်နှမြော လှသည်။ ဘာကြောင့်လဲဆိုတော့ မင်းသားကြီးက ခုခေတ်တော်လှန် အနုပညာရှင်တွေထက်စောပြီး တော်လှန်ရေးဇာတ် ကားတွေပဲ ရိုက်တာကြောင့် ဆဲစရာ အကွက်မရှိတာကြောင့် ဖြစ်သည်။ ဒါကြောင့် ရုပ်ရှင်တွေများ ရုံတင်ရင် ဇာတ်ကားနာမည်ရှေ့မှာ တော်လှန်လေးတွေ မပျက်မကွက်ထည့်ရင် အဆဲဘေးမှ ကင်းဝေးနိုင်သည်။ ဥပမာ ဖြတ်စားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနာမည်အစား တော်လှန် ဖြတ်စား၊ ရိုက်စားဆိုရင် တော်လှန်ရိုက်စား၊ လိမ်စားဆိုရင် တော်လှန်လိမ်စား၊ သူခိုးကားရိုက်ရင်တောင် တော်လှန်သူခိုး စသဖြင့်ရှေ့မှာ တော်လှန်လေးတွေ ထည့်ရင် အဆဲခံရမည် မဟုတ်တော့ချေ။               
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 374

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42974

© 2022 - 2025 News. All Rights Reserved.