ဇာတ်နိမ့်တို့၏တော်လှန်ရေး

၂၀၂၄ ဇွန် ၂၃

ကျောင်းများကို ပိတ်စေသော ကျည်ဆန်
    ကျောင်းများကိုပိတ်ရန် ကျည်ဆန်များဖြင့် ခြိမ်းခြောက်ခဲ့သည့် အဖွဲ့အစည်းသည် NUG နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများဖြစ်ကြောင်းကို နောင်တစ်ချိန် သမိုင်းတွင် ရဲဝံ့စွာ ဝန်ခံနိုင်ပါစေဟု ဦးစွာ ပြောလိုပါ၏။
    ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က ဖြစ်သည်။ ကရင်ပြည်နယ် ကြာအင်းကျေးရွာ အ.ထ.က ကျောင်းကို NUG လက်အောက်ခံ လက်နက်ကိုင်ထားသည့် PDF များက ကျည်ဆန်သုံးတောင့်နှင့် စာတစ်စောင် ပေးပို့ခဲ့သည်။ အကြောင်းအရာက ကြာအင်းကြီးကျေးရွာ အ.ထ.က ကျောင်းတွင် တာဝန်ယူ ပညာသင်ကြား ပေးနေသော ကျောင်းအုပ်၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ  ဖြူစိမ်းမဝတ်ဆင်ရန်နှင့် ကျေးရွာအဆင့် တွင် သတ်မှတ်ထားသော ကျေးရွာ ကိုယ်ထူကိုယ်ထ ကျောင်းများမှလွဲပြီး မဖွင့်ရဟု ရေးသားထားပြီး လိုက်နာခြင်းမရှိလျှင် နောင်ဖြစ်လာမည့်ကိစ္စများအား တာဝန်မယူကြောင်း ကျည်ဆန်သုံးတောင့်နှင့်အတူ အထက်ပါ ကျောင်းကို ပေးပို့လိုက်သည်။ ထိုအခါ ဘာဖြစ်သွားသနည်းဟုဆိုလျှင် ကျည်ဆန်ကို ပညာရေးမှ မလွန်ဆန်နိုင်သောကြောင့် NUG ၏လက်အောက်ခံ အကြမ်းဖက်များ၏ ဆန္ဒနှင့်အညီ ကျောင်းကို ပိတ်လိုက်ရသည်ဟု သိရသည်။ ကျည်ဆန်နှင့် ကျောင်းများကို ပိတ်နိုင်ခဲ့ သည်ကို NUG နှင့် PDF လက်နက်ကိုင်များက ဂုဏ်ယူနေပြီလားတော့ မသိပေ။ အထက်ပါဖြစ်စဉ်နှင့် သံတူကြောင်းကွဲ များစွာလည်း ရှိသေးသည်။ 'ပြောမဆုံးပေါင် တောသုံးထောင်'ဟု ဆိုရမည့် အညာကအကြောင်းအရာ ဖြစ်သည်။
    ရွှေဘိုဘက်က ဆရာတော်တစ်ပါး၏ ပညာရေးအပေါ် ဝမ်းနည်းစွာရေးထားသည့်စာဟု ဆိုရမည် ဖြစ်သည်။ ထိုဦးပဉ္ဇင်းတို့ဒေသသည် ရွှေဘိုခရိုင် ခင်ဦး မြို့နယ်ထဲက ဖြစ်သည်။ ရွာထဲတွင် မျောက်ပြဆန်တောင်း သည့်အကွက်ဟု ဆိုရမလား CDM ဆရာ ဆရာမအချို့နှင့် CDM ကျောင်း အဖွင့်ပြပြီး ကလေးအချို့ကို ပညာသင်ပေးနေလေသည်။ ထို NUG ကျောင်းကိုမထားချင်သည့် ကျောင်းသားမိဘများသည် ရင်ဖွင့်သည့် ဦးပဉ္စင်းထံသို့ ကလေးအချို့ကိုပို့ကာ အစိုးရပညာရေးကို သင်ကြားစေသည်မှာ ယခုနှစ်နှင့်ဆိုလျှင် သုံးနှစ်ပင် ရှိပြီဖြစ် သည်။ ဦးပဉ္စင်း၏ အုပ်ထိန်းမှုအောက်တွင် အေးချမ်းစွာ ပညာသင်နေကြခြင်း ဖြစ်သည်။ သည်နှစ်တွင်တော့ ယခင်နှစ်များနှင့် မတူဘဲ NUG လက်အောက်ခံ PDF လက်နက်ကိုင်များက အစိုးရကျောင်းတွင် ပညာသင် ကြားနေသော ကလေး ငယ်များကို ပြန်ခေါ်ရန် မိဘများကို အကျပ်ကိုင်လေသည်။ အာဏာသံက ပြင်းသည်ဟု ဆိုရမည် ဖြစ်သည်။ "ကလေးမိဘအားလုံး ကိုယ့်ကလေးကို ပြန်ခေါ်၊ မခေါ်ရင် မိဘတွေပါ ရွာကထွက်၊ ရွာက ထွက်ရင်လည်း ရွာပြန်ဝင်ခွင့်မရှိဘူး။ မရှိရုံတင်မဟုတ် ပိုင်ဆိုင်မှုမှန်သမျှပါ ဘယ်သူ့မှ လွှဲပြောင်းရောင်း ချခွင့်မရှိ၊ အားလုံးကို သိမ်းမယ်။ တကယ်လို့ ကလေးကိုပြန်မခေါ်၊ ရွာကလည်းမထွက်ရင် အသက်အိုးအိမ်တာဝန်မယူ"ဟု ဆိုသဖြင့် နီးရာဓားကြောက်ရသူများအဖို့ ရွေးချယ်စရာလည်း ပေးမထားသော ကြောင့် ကိုယ့်ကလေးကို ရွာပြန်ခေါ်ထားလိုက်ရလေတော့သည်။ ရွေးချယ်စရာမရှိဆိုသည်မှာ ထိုဒေသရှိ PDF က သူတို့မထင်လျှင် ခေါင်းစဉ် မျိုးစုံတပ်၍ သတ်ဖြတ်၊ ရွာတစ်ပတ် သံထမ်းပိုးတုံးတပ် ပြီး ရိုက်နှက်ပြခြင်းများလည်း ရှိနေလေတော့ ဘယ်သူက ဘာပြောရဲကြတော့မည်နည်း။ လက်နက်မရှိသူက မာန်ချပြီး ကိုယ့်ကလေးကို ပြန်ခေါ်ရုံမှတစ်ပါး အခြားမရှိ ဖြစ်ကြလေတော့သည်ဟု ဦးပဉ္စင်း တစ်ပါးက ရင်ဖွင့်ထားလေသည်။
    လွန်ခဲ့သည့် တစ်လကျော်ခန့်က ဖြစ်သည်။ ထိုရွှေဘို-ခင်ဦးဘက်က အကြောင်းအရာပင် ဖြစ်သည်။တစ်ချိန်က အုပ်ကြီးလုပ်ခဲ့သူတစ်ယောက် ခေတ်ကာလ မကောင်းသောကြောင့် ဒေသကို စွန့်ခွာခဲ့ရသူဖြစ်ပြီး သူပြောပြသည့် အကြောင်းကလည်း စိတ်မကောင်းစရာ ဖြစ်၏။ 'PDF တွက သူတို့ကျောင်းမှာပဲ ကလေးတွေကို ကျောင်းထားရမယ်ပြောတာ၊ အတန်းကြီးတဲ့ ကလေးတွေ သူတို့က မသင်နိုင်ဘူးရယ်။ အဲဒီတော့ အတန်းကြီးတဲ့ ကလေးမိဘတွေက မြို့ပေါ်ကို သွားကျောင်းထားမလို့ ကျောင်းသူ ကျောင်းသားတွေစုပြီး ကားငှားကျောင်းပို့ကြတာ အဲဒီကားကိုဖမ်းထားတယ်တဲ့"ဟု သူ၏ ဒေသကအကြောင်းကို ပြန်ပြောပြလေသည်။ သူသည်လည်း သူ၏ ဒေသနှင့် အဆက်အသွယ် အတော်ပြတ်၍နေလေရာ မြို့ကျောင်းသွားထားမည့် ကလေးများ၏ကားကို ဖမ်းဆီး သွားသည့် သတင်းကိုသာ သိရပြီး နောက်ဆက်တွဲ ဘာ ဆက်လုပ်သည်ကို ယခုအထိ မသိရသေးကြောင်း ပြော ပြရှာလေသည်။ ကျွန်တော်တို့ရွာက လူကြီးပြောသည့် စကားကိုသာ ပြန်၍သတိရမိသည်။ "ငါက သေ နတ်မကြောက်ပါဘူး၊ ကျည်ဆန်ကြောက်တာပါ"ဟုဆိုသည့်အတိုင်း ကျည်ဆန်နှင့် ခြိမ်းခြောက်နေမှတော့ အပစ်မဲ့ ပြည်သူများ လက်နက်ကိုင် PDF ကို ကြောက်ကြတာ မဆန်းဟုသာ ဆိုချင်ပါ တော့သည်။


ကိုယ်မွေးခဲ့တဲ့မျောက်
    အိမ်ဘေးနားက စစ်ရှောင်အဒေါ်ကြီးက ငို၍ ပြောသည်။ "ဒီနှစ် လယ်တွေလည်း သူတို့ရိတ် တော့မယ်တဲ့။ ကိုယ်လည်းမပြန်ရဲတော့ သူတို့လုပ်သမျှခံနေရတာ" ဟုဆိုလေသည်။ ထိုအဒေါ်ကြီးတို့ဆိုလျှင်လည်း စစ်ဘေးရှောင်လာသည်မှာ သုံးနှစ်ပင် ပြည့်တော့မည်ဖြစ် သည်။ ထိုသုံးနှစ် ပြည်တော့ မည့်အချိန်တွင် အိမ်ခြံမြေ လယ်ယာများကို သည်အတိုင်းထားခဲ့ရကာ လက်နက်ကိုင် PDF တို့က ထင်တိုင်းကြဲ လုပ်ကိုင်စားသောက်နေကြ လေသည်ဟု ဆိုလေသည်။ တစ်ချိန်ကတောင် သူကြီးဖြစ်ခဲ့ပြီး ရပ်ရွာထဲတွင် စားနိုင်သောက်နိုင်ဖြစ်ခဲ့သည့် သူမနှင့်အမျိုးတို့သာ စစ်ရှောင်ရင်း ကြုံရာ လုပ်ကိုင်စား သောက်နေရကြောင်း ပြောလေသည်။ ယခုသူတို့၏လယ်မြေများကို လုပ်ကိုင်စားသောက် နေသည့် PDF ဆိုသည့် လက်နက်ကိုင်များသည်လည်း တစ်ချိန်က သူတို့၏ သူရင်းငှားများသာဖြစ်ပြီး သူတို့၏အလုပ်သမားဖြစ်ခဲ့ ဖူးသူများ တစ်ချိန်က စကားခွန်းတုံ့ပြန်ပင်လျှင် မပြောရဲ ခဲ့သူများက လက်နက်များရရှိသွားသောအခါ သူမတို့က  ကြောက်ရသောသူများ ဖြစ်သွားကြသည်ဟု ဆိုလေ သည်။ 'ယာရှင်ကို မျောက်မောင်းဆိုသလို ဖြစ်နေပြီ'ဟုလည်း ဆိုလေသည်။ ကိုယ့်ရပ်ကိုယ့်ရွာ ကလူများကို လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်ခြင်းကိုပင် တော်လှန်ရေးဟု ခေါင်းစဉ်တပ်၍ မြို့ မေတ္တာခံယူကြသေးသည်။ ယုံလွယ်သူတို့ကလည်း ရှိသေးနေရာ PDF လက်နက်ကိုင်တို့အတွက် အနေ အစားချောင်နေသည်ဟု ဆိုလေသည်။
    ထိုအခြေအနေများနှင့်ပတ်သက်ပြီး ဦးပဉ္စင်း တစ်ပါးကလည်း မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သည့်  အညာကို ပြန်ရောက်သွားရင်းမှ ကြုံတွေ့ရသည်များကို ဖောက်သည်ချထားလေသည်။ "ဒီတစ်ခေါက် အညာရောက်တော့ ပြောသံဆိုသံတွေကြားရတယ်။ ကိုယ်မွေးခဲ့ တဲ့မျောက် ကိုယ်ပြန်ကြောက် နေရပြီဘုရား၊ သူတို့ကိုတော့ ကောင်းသည်လည်း မပြောပါဘူး၊ ဆိုးသည်လည်း မပြောပါဘူး။ ဘာ ကြောက်စရာလိုလို့လဲလို့ ပြောတော့ မကြောက်လို့ရမလားဦးပဉ္စင်းရယ်၊ သူတို့မှာ ဗြောက်တွေနဲ့တဲ့။ အခုကြောက်နေရတဲ့သူတွေကလည်း အရင်က တပည့်တော်တို့အိမ်မှာ စာရင်းငှားလုပ်နေတဲ့ အလုပ် ကြမ်းသမားတွေ"ဟု ဦးပဉ္စင်းတစ်ပါးက အညာကိုယ်တွေ့ အကြောင်း ရင်ဖွင့်လေသည်။
    ထိုဦးပဉ္စင်းက "အညာဆိုတာ အမှန်တရားတွေကို ပိတ်ပင်ခံထားရပြီး အမှားတွေကိုပဲ  အမှန် ထင်အောင် ဖွင့်ပြခံထားရတာကိုး။ အညာဆိုတဲ့အတိုင်း ညာညာနေကြတာကို အညာသားတိုင်း မသိနိုင်ကြပါဘူး၊ သိခွင့်လည်းမပေးကြပါဘူး"ဟု သူကြုံတွေ့ခဲ့ရခြင်းအပေါ် မှတ်ချက်ပြုထားလေ သည်။ ထိုဦးပဉ္စင်းရင်ဖွင့်မှ   "တပည့်တော်တို့ဘက်တွင်လည်း ကိုယ့်ဝန်ထမ်းက PDF ဖြစ်သွားသဖြင့် သူတို့ကိုကြောက်ကာ ထွက်ပြေးနေရသည့် ဆိုင်ရှင်များ၊ လုပ်ငန်းရှင်များလည်း များစွာကြုံ ခဲ့ဖူးပါ သည်ဘုရား"ဟု ပြန်လည်လျှောက်တင်လိုသည့် အတွေးပင် ပေါ်လာပါ၏။ သူငယ်ချင်း၏စကားနှင့် ပြောရလျှင် "ဇာတ်နိမ့်တို့ရဲ့ တော်လှန်ရေးပါကွာ"ဟုဆို သကဲ့သို့ ယာရှင်ကိုမျောက်မောင်း၊ ကိုယ်မွေး သည့်မျောက် ကိုယ့်ကိုပြန်ခြောက်နေခြင်း ဖြစ်သည်ဟု ဆိုချင်ပါသည်။


အံ့သြလွန်းလို့
    "စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့ လျှပ်စစ်မီး ဖြတ်တောက်ခံရ"ဆိုသည့် သတင်းကို RFA တင်ဆက်ထားသည်ကို တွေ့လိုက်ရသည်။ ထိုသတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်နှင့် ကနီမြို့ နယ်များတွင် ဇွန် ၁၄ ရက်မှစတင်၍ လျှပ်စစ်မီး လုံးဝဖြတ်တောက်လိုက်သည်ဟု ရေးသားထားလေသည်။ ရေ ဦး၊ ခင်ဦး၊ တန့်ဆည်၊ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်များတွင် မေ ၁၃ ရက်ကစတင်ပြီး လျှပ်စစ်မီးဖြတ်တောက် ထားသည်ဟုလည်း ဆိုလေသည်။ ထုံးစံအတိုင်း လျှပ် စစ်မီး ဖြတ်တောက်လိုက်သဖြင့် လျှပ်စစ်နှင့် အလုပ်လုပ်ရသည့် လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေပြီး သောက်သုံးရေအတွက်ပါ အခက်အခဲဖြစ်ပေါ်နေသည်ဟု ရေးထားလေသည်။ ထိုသတင်းကိုဖတ်အပြီး လွန်ခဲ့သည့်နှစ် လခန့်က ထိုဒေသတွင် NUG က လျှပ်စစ်မီးပေးသည် ဆိုသည့်သတင်း တွေ့လိုက်ကြရဲ့ မဟုတ်လား။ ကိုယ်ပိုင် ထရန်စဖော်မာကြီးရှေ့တွင် ဓာတ်ပုံအရိုက်ခံပြီး NUG က လျှပ်စစ်မီးများပေး နေပြီဆိုပြီး ဂုဏ်ဆာခဲ့ကြရဲ့ မဟုတ်လား။ ဘာပဲပြောပြော မြန်မာနိုင်ငံပြည်သူလူထု လျှပ်စစ်မီး ရသည်ဆိုသောအခါ မုဒိတာပွားခဲ့မိပါသည်။
    သို့နှင့် လျှပ်စစ်မီးကို NUG ကဘယ်နေရာကနေ ထုတ်လုပ်၍ ပေးသလဲဆိုသည်ကို စုံစမ်းသောအခါ လက်ရှိအစိုးရပေးနေသည့် ဓာတ်အားပေးစနစ်မှယူကာ အခြားဒေသက ထရန်စဖော်မာ အလုံးလိုက်ခိုးပြီး ခပ်တည်တည်နှင့် NUG က လျှပ်စစ်ဓာတ်အားပေးနေပြီဟု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရလေသည်။ သို့မို့ကြောင့် ယခု လျှပ်စစ်မီးဖြတ်တောက်သည်ဆိုသောအခါ အံ့သြမိ သည်ဟု ဆိုခြင်း ဖြစ်သည်။ အံ့သြရခြင်းတွင် ယခုမှ လျှပ်စစ်မီး ဖြတ်တောက်ရသလားဟုဆို၍ အံ့သြရခြင်းဖြစ်၏။ လျှပ်စစ်မီး ဖြတ်တောက်သောအခါ အပြစ်တင်နေသော ထိုဒေသသည် လျှပ်စီဓာတ်အားခရော မှန်မှန် ဆောင်ရဲ့လားဟုလည်း မေးမြန်လိုပါသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲ သည့်အချိန်က နိုင်ငံတော် ကပေး၍ သုံးခြင်းဟုပြောပြီး  ဓာတ်အားခ ဆောင်ရမည့်အချိန်တွင် တော်လှန်ရေး ခေါင်းစဉ်တပ်ပြီး ဓာတ်အားဖြတ်တောက်တော့မှ အပြစ်တင်နေကြသည်ထင်၏။ ထိုဒေသက လျှပ်စစ်ဓာတ်အားခများ မပေးဘဲ ကျန်သည့်နေရာဒေသက လျှပ်စစ်ဓာတ်အားခများ ပေးသွင်းနေသည်မှာ အချိန်ကာလ အားဖြင့် ကြာမြင့်နေပြီဟု ဆိုနိုင်ပါသည်။
    သို့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့်ဒုက္ခကို ငွေပေးသွင်းသူနှင့် ငွေမပေးသွင်းသူ အတူတူခံစားလာခဲ့ရ သည်မှာလည်း ကြာပြီဖြစ်သည်။ "ငါးကျည်းရတော့ အတူတူ၊ ငါးခူရတော့ခွဲခြားခွဲခြား"လုပ်ခြင်းမဟုတ်။ ဓာတ်အားခ မပေးခဲ့စဉ်က အသံမထွက်ခဲ့ ဘဲ၊ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှ အသံထွက်လာနေလေသည်။ ထိုနေရာရှိသူများကို တစ်ခုအကြံ ပေးလိုသည်မှာ NUG က လျှပ်စစ်မီးပေးသည်ဆိုပြီး ပြောခဲ့ဖူးသည့်အတိုင်း NUG ထံ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးရန် ပြောသင့်သည်ဟု စေတနာဖြင့် ပြောလိုပါသည်။
( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 346

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42977

© 2022 - 2025 News. All Rights Reserved.