ဇိမ်ခံတော်လှန် မဟာသင်တန်းကြီး မကြာမီ ဖွင့်ပါတော့မည်

၂၀၂၄ မေ ၂၄

    "ဆြာကြီးထူးမြတ် တော်လှန်ရေးခေါင်းဆောင် ဖြစ်သင်တန်း"ဆိုပြီး သင်တန်းဖွင့်တော့မည်။ ခုခေတ်က နိုင်ငံခြားသွားချင်တဲ့သူတွေက ခပ်များများဆိုတော့ ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ ဂျပန်စကားပြောသင်တန်း၊ ကိုရီးယားစကားပြော သင်တန်း၊ ထိုင်းစကားပြော၊ တရုတ်စကားပြော ပြောချင်ရာပြော သင်တန်းတွေက မှိုလိုပေါက်လာသည်။ ထိုသင်တန်းတွေထဲ ဂျပန်စကား ပြောသင်တန်းတို့၊ ကိုရီးယားစကားပြောသင်တန်းတို့က အလုပ်ဖြစ်သည်။ မြန်မာပြည်ကလူတွေကလည်း အာရှ ထိပ်သီးဂျပန်နိုင်ငံကို သွားရရေးကို အထူးကြိုးပမ်းကြသလို၊ ကိုရီးယားကလည်း လူငယ်တွေ မျက်စိကျသော နိုင်ငံဖြစ်သည်။ ဘာသာစကားသင်တန်းတွေကြောင့် ထူးမြတ်တို့တစ်တွေ တစ်ခါတလေ ဖေ့စ်ဘုတ်သုံးရတာ အူကြောင်ကြောင်ဖြစ်တတ်သည်။ အရင်က ဖေ့စ်ဘုတ်မိတ် ဆွေတွေရဲ့ အကောင့်နာမည်တွေက ကိုရီးယားလိုလို၊ ဂျပန်နာမည်တွေလိုလို ချိန်းကြတော့ နိုင်ငံခြား သားတွေနဲ့ ဘယ်တုန်းက ဖရန့်ဖြစ်သလဲဆိုပြီး ပြန်စစ်နေရတာ ကြောင့်ဖြစ်သည်။ ခုခေတ်ကလည်း နိုင်ငံခြားဆိုတာက အရင်လို အောက်လမ်းတွေ၊ ဘာတွေနဲ့ သွားစရာမလိုတော့ဘဲ အစိုးရချင်း ချိတ်ဆက်ပြီး လုပ်သားတွေစေလွှတ်နေတော့ ခေါင်းမော့ရင်ကော့ပြီး သွားလို့ရသည်။
    ဆြာကြီးထူးမြတ်ကတော့ နိုင်ငံခြားကို လွယ်လွယ်သွားချင်သူတွေ၊ အခွန်ရှောင်ချင်သူတွေအ တွက် တော်လှန်ရေးခေါင်းဆောင်ဖြစ် သင်တန်းကို ရည်ရွယ်ဖွင့်ရတာဖြစ်သည်။ နိုင်ငံခြားသွားရတာချင်းအတူတူ  အရှေ့တောင်အာရှ၊ အာရှနိုင်ငံကြီးတွေထက် အမေရိကားတို့၊ သြဇီတို့ကို သွားစေ ချင်တာဖြစ်သည်။ ဒီတော့ သင်တန်းမဖွင့်ခင် အမြည်းသဘောသင်တန်းကို စေတနာနဲ့ ပို့ချပေးမည် ဖြစ်သည်။ ပြည်ပကို တရားဝင်သွား အလုပ်လုပ်ဖို့က မလွယ်ကူချေ။ နိုင်ငံကူးလက်မှတ် လျှောက်တာကအစ သင်တန်းတက်စာမေးပွဲဖြေ၊ အလုပ်ခေါ်စာစောင့်ရတဲ့ အဆင့်တွေများသည်။ ဆြာကြီး ထူးမြတ်ကတော့ ဗီဇာမလို၊ အလုပ်ခေါ်စာမလိုသည့် နိုင်ငံခြားသွားနည်းကို ပို့ချမှာဖြစ်သည်။ ဒီလို သွားနိုင်ဖို့ ဆိုတာကလည်း ရိုးရိုးတော်လှန်ရေးတပ်သား အဆင့်ဖြင့်မရပေ။ ဒါကြောင့် ဆြာကြီး ထူးမြတ်က ထူးရှယ်တော်လှန်ရေးခေါင်းဆောင်ဖြစ် သင်တန်းကို ပို့ချသွားမှာဖြစ်သည်။ ဒါကလည်း ရှေးကတော်လှန်ရေးခေါင်းဆောင်ကြီး တွေ သမားစဉ်အတိုင်း လိုက်ယုံဖြင့်မရနိုင်ချေ။ သမားစဉ်အတိုင်း 'တို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့' ဆိုတာမျိုးလောက် '၇၂ နာရီတောင့်ခံတို့'၊ 'နှစ်ကုန်ရင် တော်လှန်ရေးအောင်ပြီ' ဆိုတာမျိုးလောက်နဲ့ အခုအခြေအနေမှာ အမေရိကားမပြောနှင့် ဒလဘက်ခြမ်းတောင် ရောက်ဖို့မလွယ်ချေ။
    ခုခေတ်တော်လှန်ရေးက ဗိုလ်ချုပ်တို့ခေတ်က ဂျပန်၊ အင်္ဂလိပ်ကို တော်လှန်သလို မဟုတ်ချေ။ ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ်ကတော့ ဂျပန်ကိုလူခွဲပြီး စစ်ပညာသွားသင်ရတာ ဖြစ်သည်။ ခုလို ပေါ်ပေါ်တင်တင် ဖေ့စ်ဘုတ်ပေါ်တင်ပြီး သွားလို့မရတာကြောင့် ရုပ်ဖျက်ပြီးသွား ရသလို၊ ဂျပန်မှာ စစ်ပညာ သင်တော့လည်း သွားတွေမ ကျွတ်ထွက်ရုံတမယ် ပါးရိုက်ခံရသေးသည်။ အခုခေတ် တော်လှန်ရေးကတော့ လုံးဝအဆင့်မြင့်လှသည်။ နိုင်ငံခြားကို တော်လှန်ရေးခရီးထွက်တာ မိသားစုလိုက်ကြီး ထွက်တာဖြစ်သည်။ ကိုယ်က အရင်ရောက်အောင်သွား၊ ဟိုရောက်တော့မှ မိသားစုလိုက်ကြီးခေါ်ထုတ် မိသားစုနဲ့ ဥမကွဲသိုက်မပျက် တော်လှန်ရတာ ဖြစ်သည်။ ဗိုလ်ချုပ်တို့များ ခေတ်ဟောင်း တော်လှန် ရေးကြီးအတိုင်းသွားခဲ့တာကြောင့် ဂျပန်ဟိုင်နန်ကျွန်းမှာ အိမ်မဝယ်ခဲ့ရသလို၊ ဗိုလ်ချုပ်ကတော်နဲ့ သားသမီးတွေကိုလည်း ခေါ်သွားလို့မရတော့ နယ်ချဲ့ဖက်ဆစ်တော်လှန်ရေးကြီးက အသက်၊ သွေး၊ ချွေး တွေ အများကြီးပေးဆပ်ခဲ့ရသည်။ အခုခေတ် များကြတော့ စစ်ပညာသင်ဖို့ အမေရိကားတို့၊ သြဇီတို့ကို အရင်ရောက်အောင်သွားပြီး ဟိုရောက်တာနဲ့ သားသမီး၊ မြေးမြစ်တွေအထိ ခေါ်ပြီး နိုင်ငံခြားကျောင်း တွေကို ထောက်ပံ့ကြေးတွေနဲ့ထားပြီး အဲယားကွန်းခန်းထဲကနေ ချွေးမထွက်၊ အလှမပျက် တော်လှန်လို့ ရသည်။
    ဒါကြောင့် ပြည်ပကိုလွယ်လွယ်ကူကူ မိသားစုလိုက်ကြီးသွားပြီး တော်လှန်လို့ရအောင် ခေါင်းဆောင်ဖြစ် သင်တန်းကို ပို့ချမှာဖြစ်သည်။ ပထမဆုံး အစိုးရကိုက လော်တုတ်ကာ တောထဲပြေးပြီး ဆံပင်ရှည်ထားရမှာဖြစ်သည်။ တောထဲဆိုတာကလည်း မြန်မာပြည်ကတောပဲ ဖြစ်ဖြစ်၊ ယိုး ဒယားနိုင်ငံက တောပဲဖြစ်ဖြစ် ရိုက်ကွင်းက တောဖြစ်နေဖို့လိုသည်။ ဘယ်သူကမှ အရေးတယူ လိုက်မေးမှာမဟုတ်သဖြင့် ကိုယ့်အိမ်နောက်ဖေးက အပင် အောက်ကိုလည်း တောအဖြစ် အသုံးပြုနိုင်သည်။ ဆံပင် အရှည်ကတော့ မဖြစ်မနေ ထားရမည်ဖြစ်သည်။ ဒါကလည်း တော်လှန်ရေးကို နေ့မအား၊ ညမနား လုပ်နေသယောင် ဆံပင်တောင်မညှပ်နိုင်သည့်ပုံစံ ဖမ်းရတာဖြစ်သည်။ မုတ်ဆိတ်၊ နှုတ်ခမ်း မွးဆိုတာကလည်း ထားဖို့ လိုသည်။ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ထူလပျစ်ကြီးဆိုရင် ပိုကောင်းသည်။ ကြည့်စမ်းငါတို့ တော်လှန်ရေးသမားကြီး တွေများ မုတ်ဆိတ်မွေးရိတ်ချိန်တောင် မရဘူးဆိုပြီး ကိုယ်ကို ခေါ်ချင်တဲ့ နိုင်ငံကလူတွေကလည်းသနား၊ နီပေါပရိသတ်ကလည်း သနားစိတ်ဝင်လာမည်ဖြစ်သည်။
    ဒုတိယအဆင့်ကတော့ ပြောက်ကျားယူနီ ဖောင်းလေးတွေ ဝယ်ထားဖို့လိုသည်။ ပြောက်ကျား ယူနီဖောင်းလေးဝတ်ပြီး တောထဲမှာ လမ်းသလားတဲ့ ဓာတ်ပုံလေးနှစ်ပုံ၊ သုံးပုံလောက် ရိုက်ထားရုံဖြင့် တစ်သက်လုံး သုံးလို့ရသည်။ ထူးမြတ်တို့ နောင်တော်ကြီး နိုင်မြင်းဆိုရင် တောထဲက ယူနီဖောင်းလေးနဲ့ လမ်းသလားနေတဲ့ ပုံဆိုရင် လူကြိုက်များလှသည်။ ဒါတင်မကသေး ခေါင်းဆောင်ကြီး နိုင်မြင်းက တောထဲမှာ ဟင်းသီးဟင်းရွက်တွေ လှီးချွတ်ပြတဲ့ပုံက ခေါင်းဆောင်ကြီးတွေ မျက်ရည်ချူလို့ ကောင်းသည့် ပုံဖြစ်သည်။ နောက်ပြီး ကိုနိုင်မြင်းကြီး တောထဲမှာ ထမင်းဖြူလေးကို ဆီဆမ်းဆားဖြူးစားနေ ရသည့် မြင်ကွင်းကလည်း ရင်နင့်စရာကောင်းလှသည်။ ဒီတော့ တော်လှန်ရေးခေါင်းဆောင်ဖြစ်ဖို့ အမေရိကားတို့၊ ဘာတို့သွားရဖို့ ဆိုတာကလည်း ခုလိုနည်းတွေ သုံးရမှာ ဖြစ်သည်။ တောထဲ ရောက်တုန်းရောက်ခိုက်ဖြစ်ဖြစ်၊ တောအတုရိုက်ကွင်း ဖန်တီးတာပဲဖြစ်ဖြစ် ဓာတ်ပုံသုံး၊ လေးပုံလောက် ရိုက်ထားရုံဖြင့် သမိုင်းဝင်ပုံ ဖြစ်နိုင်သည်။သမိုင်းကျော်ပြီး အင်းစိန်ရောက်သွားရင်တော့ ဆြာကြီး ထူးမြတ်လည်း မကယ်နိုင်ချေ။ ဒါကတော့ Óဏ်ကိုလွှာ သုံးရမှာ ဖြစ်သည်။
    နိုင်ငံခြားသွားပြီး ဇိမ်ခံတော်လှန်ဖို့ဆိုတာက လွယ်လွယ်နဲ့ မရချေ။ ကိုယ်ကလည်း ကြိုးစားမှဖြစ်သည်။ တောထဲမှာနေရင်း ခရီးစရိတ်နဲ့ လတ်တလောသုံးဖို့စွဲဖို့ ဆိုတာကလည်း မခက်ချေ။ သီချင်း ဆိုတတ်သူတွေကလည်း တော်လှန်ရှိုးပွဲလုပ်ပြီး အွန်လိုင်းက လက်မှတ် ရောင်းငွေရှာလို့ရသည်။ နောက်ပြီး တော်လှန်ရေးခေါင်း ဆောင်ကြီး ဘယ်သူဘယ်ဝါကစီစဉ်တဲ့ပွဲဆိုပြီး လက်မှတ် ရောင်းစားလို့ ရသေးသည်။ ကိုယ်က ရုပ်ရှင်၊ ဗီဒီယိုရိုက် တတ်ရင်လည်း ခေတ်သစ်တော်လှန်ရေးကားတွေကို ရိုက်ပြီး နိုင်ငံတကာမှာ ပတ်ပြလို့ရသေးသည်။ ရိုက်ချင် တာရိုက်ပြီး မှတ်တမ်းရုပ်ရှင်ဆိုပြီး ပြလို့ရသေးသည်။ ဘာပဲဖြစ်ဖြစ် ဝင်ငွေရဖို့ အရေးကြီးသည်။ ကိုယ့်လက်ထဲ ငွေရှိတော့လည်း အရင်ခေါင်းဆောင်ကြီး တွေလို အမေရိကားမှာ ဆူရှီလိပ်စရာမလို၊ ငါးကြော်ရောင်းစရာမလိုဘဲ အရင်းအနှီးလေးနဲ့ စီးပွားရေး လေးတွေလုပ်ပြီး အေးအေးလူလူ ထိုင်တော်လှန်လို့ရသည်။ နိုင်ငံခြားရောက်ဖို့ ကလည်း ပူစရာမလိုချေ။ ယိုးဒယားမှာ အခြေချပြီး အမေရိကားကိုသွားဖို့ တန်းစီနေသူတွေ အများကြီးရှိသည်။ ဆြာကြီး ထူးမြတ် နမူနာသင်တန်းပို့ချသလို ဆံပင်ရှည်၊ မုတ်ဆိတ်တွေ အရင်ထားကြဖို့လိုသည်။ ကျန်တာတွေ ကတော့ သင်တန်းတက်မှ ပို့ချဖို့ ဆရာစားချန်ထားတာဖြစ် သည်။ ခေါင်းဆောင်ဖြစ်လိုသူတွေ စိတ်ထဲထားရမှာက "မပြီးသေးဘူး ငါတို့အမေရိကားသွားဖို့ ကျန်သေးတယ်"ဟု စွဲမြဲထားရမည်ဖြစ်သည်။    ။ ( ထူးမြတ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 346

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.