၂၀၂၅ ဇန်နဝါရီ ၃၀
တော်လှန်အဆိုတော်ကြီးနှင့် တော်လှန်သရုပ်ဆောင် အဆိုတော်မလေးတို့ မိသားစုလိုက်ကြီး တတိယနိုင်ငံ ရောက်သွားကြောင်း မျက်ရည်လေး တစမ်းစမ်းနဲ့ အသိပေးလာတော့လည်း ထူးမြတ်တစ်ယောက် ဝမ်းနည်းမိသေးသည်။ အေးလေ ကိုယ့်ရေ၊ ကိုယ့်မြေကို ခွဲရတော့လည်း ဝမ်းနည်းရှာကြပေလိမ့်မည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ သွားလေ့သွားထရှိသည့် တတိယနိုင်ငံဆိုတာကြီးကို ထူးမြတ်တို့ သေချာမသိသော်လည်း အားလုံးက တတိယနိုင်ငံကို ရောက်ရင် မျက်ရည်လေးတွေကျပြ၊ ဝမ်းနည်းပြဆိုတော့ တတိယနိုင်ငံဆိုတာကြီးက မြန်မာနိုင်ငံလောက် ပျော်စရာမကောင်းတာ သေချာသည်။ ဟိုနေ့ကလည်း ပရိသတ်ကြီးကို မျက်ရည်လေး တစမ်းစမ်းနဲ့ ကျွန်မတို့ကလေးတွေ ရှေ့ရေးကြောင့် တတိယနိုင်ငံကို သွားရတာပါလို့ပြောတော့ မဆီမဆိုင် မိဖုရားကြီး စုဖုရားလတ်တောင် သတိရမိသေးသည်။ ရွှေနန်းတော်ကနေ ဗီရိုလှည်းလေးနဲ့ ဂေါဝိန်ဆိပ်ကိုဆင်း ဘုန်းကြီးကျောင်း ရှေ့ ရောက်တော့ "တပည့်တော်မတို့ သွားရပါတော့မယ် ဘုရား"၊ "တပည့်တော်မတို့ သွားရ ပါတော့မယ်ဘုရား"ဆိုပြီး ငိုပြောပြောတဲ့ ဇာတ်ဝင်ခန်းရောက်ရင် အလိုလိုငိုမိသည်။ ခုလည်း ကျွန်တော် ကျွန်မတို့ တတိယနိုင်ငံ ရောက်နေပါပြီလို့ ဆို့နစ်ကြေကွဲ အသံတုန်တုန်နဲ့ပြောရင် ထူးမြတ်တို့လည်း နှလုံးသားနုတော့ မျက်ရည်လေးဝဲမိသည်။
ထူးမြတ်တို့ကတော့ တတိယနိုင်ငံ မပြောနှင့် ဒုတိယနိုင်ငံ ဆိုတာတောင် သေချာမသိသေးဘဲ မူလပထမ မြန်မာနိုင်ငံမှာပဲ ပျော်နေကြသည်။ ကိုယ့်မြေကိုယ့် ရေလောက်တော့ ဘယ်ပျော်စရာ ကောင်းမှာလဲဟု တွေးမိသည်။ ဒါကြောင့်လည်း တတိယနိုင်ငံကြီးကနေ မျက်ရည်စတွေနဲ့ နှုတ်ဆက်တာ ဖြစ်နိုင်သည်။ ဒါနဲ့များ ဘာကြောင့် သွားနေကြသလဲဆိုတာ စဉ်းစားလို့မရပေ။ ဒီလောက် ဒုက္ခအရောက်ခံပြီး တတိယနိုင်ငံသွားကြတာကို တချို့ကလည်း ဝိုင်းဆဲကြသေးသည်။ ရေနစ်သူကို ဝါးကူထိုးဆိုသလို မသွားချင် သွားချင်နဲ့ သွားရသူတွေကို တတိယနိုင်ငံသွားတာ ကောင်း သလား၊ တော်လှန်ရေး ကြီးကို စွန့်ခွာတာလားဟု အပြစ်တင်ကြသေးသည်။ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေနေတဲ့ တတိယနိုင်ငံဆိုတာက သိရသလောက်တော့ ထူးမြတ်တို့နိုင်ငံလောက် ထမင်း သုံးနပ် ယပ်ခတ်စားလို့ မရတာ သေချာသည်။ တချို့ကလည်း ခက်ခက်ခဲခဲ ဆူရှီလိပ်ရ၊ တချို့ကလည်း အိမ်အကူလုပ်ရ၊ တချို့ကလည်း မြန်မာပြည်မှာ စင်ပေါ်မှာနေပြီး "မင်္ဂလာပါ ပရိသတ်ကြီး"လို့ အော်လို့ရသော်လည်း တတိယနိုင်ငံရောက်ပါက "မင်္ဂလာပါ မှာထားတဲ့ ပစ္စည်းတွေရောက်ပါပြီခင်ဗျာ" ဆိုပြီး တိုက်အောက်ကနေ ဖုန်းဆက်ပြောရသည့် ဒယ်လီပစ္စည်းပို့နေရသည်ဟု သိရသည်။ တချို့ကလည်း တတိယနိုင်ငံကြီးမှာ စတိုးဆိုင်လေးဖွင့် ဝမ်းရေး ရုန်းကန်နေရသေးသည်။ မိသားစုလိုက်ကြီး သွားကြတာဆိုတော့ ရှာဖွေစားသောက်ရတာ အင်မတန် ခက်ခဲနိုင်သည်။ ဒါကြောင့် ထူးမြတ်ကတော့ အပြစ်မတင်ရက်ပေ။
တချို့ကလည်း တတိယနိုင်ငံ သွားတာကို မုတ္တမဘက် သွားတယ်ထင်ပြီး ငါးပိငါးခြောက်တွေမှာ ကြသေးသည်။ တချို့ကလည်း ထွက်ပြေးတာလားဟု အပြစ်တင်ကြသေးသည်။ တချို့ကလည်း တတိယနိုင်ငံဆိုတာ သာသာယာယာ နေရတာဟု ဆိုကြပြန်သည်။ ထူးမြတ်တို့ကတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ဆိုတော့ တတိယနိုင်ငံအကြောင်း နားစွန်နားဖျားသာ ကြားဖူးသည်။ ဟိုမှာက ခိုလှုံခွင့် အပြင် ဒေါ်လာတွေလည်း လည်ရင်လည်သလို ရသည်ဟုဆိုသည်။ လုပ်စားတတ်ရင် သုံး၊ လေးနှစ်အတွင်း ဒေါ်လာသန်းချီတန် အိမ်တောင် ဝယ်လို့ရသည်ဟု ပြောကြသည်။ ဒီလိုဆိုပြန်တော့လည်း တတိယနိုင်ငံ ဆိုတာကြီးက ပျော်စရာကောင်းမှာ သေချာသည်။ ဒါကြောင့်လည်း အဆိုတော်ကြီးက တတိယနိုင်ငံ မသွားခင် သီချင်းလေးနဲ့ အရိပ်အမြွက် နှုတ်ဆက်သွားတာ ဖြစ်နိုင်သည်။
တချို့ကလည်း တော်လှန်ရေးကာလတစ်လျှောက်လုံး တောထဲမှာ တူတူနေပြီး တာဇံပုံစံ တော်လှန်တာမျိုးကို မြင်ချင်ကြသည်။ တချို့ကလည်း တောထဲမှာ ကလေးတွေကို ထားခဲ့ကြတယ်ဆို ပြီး အပြစ်မြင်ကြသေးသည်။ ထူးမြတ်ကတော့ အပြစ်မမြင်ချေ။ ဆိုလို့ကောင်းလို့ အုပ်စုလိုက်ကြီး လိုက်ဆိုကြသည့် သီချင်းစာသားလေးမှာ အဆိုတော်ကြီးက တစ်ခါတည်းနှုတ်ဆက်ပြီးသားဖြစ်သည်။ တချို့တွေက ပိန်းလွန်းတာကြောင့် နားမလည်ကြတာဖြစ်သည်။
ဘာတဲ့ သီချင်းစားသားလေးက -
"အေးစက် တိတ်ဆိတ်လွန်းတဲ့
အမှောင်ညများ ဆုံးရင်
စိုးထိတ်မှုတို့ လွှမ်းတဲ့
အမှောင်ညများ ဆုံးရင်
ကြောက်ရွံ့မှုတို့ လွှမ်းတဲ့
အမှောင်ညများ ဆုံးရင်
တစ်ခုခုတော့ ရှိနေမယ် ငါတို့ရှေ့မှာ
ဘဝတို့ လှဖို့ အချိန်တန်ပြီ
တို့ဘဝတို့ လှဖို့ အချိန်တန်ပြီ"
သီချင်းစာသားကို သေချာလေ့လာတတ်သော ထူးမြတ်ကတော့ အကင်းပါးလှသည်။ တစ်ခုခုတော့ရှိနေမယ်တို့၊ ရှေ့မှာဆိုကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ ထင်မိသေးသည်။ နောက်ပြီး တို့ဘဝတို့ လှဖို့ အချိန်တန် ပြီလို့ ဆိုလိုက်ကတည်းက အဆိုတော်ကြီးတို့ မိသားစု ဘဝလှတော့မယ်ဟု တထစ်ချ တွေးမိသေးသည်။ တချို့ကလည်း ဘုမသိဘမသိနဲ့ လိုက်ဆိုကြသေးသည်။ စာ သားမှာက တည်းက တို့ဘဝတို့ လှဖို့ အချိန်တန်တာဖြစ်ပြီး အားလုံးဘဝတို့ လှဖို့ အချိန်တန်ပြီလို့ ထည့်ဆိုထားတာမှ မဟုတ်ချေ။ ဒါကြောင့်လည်း ဘဝလှဖို့၊ ကလေးတွေ အနာဂတ်လှဖို့ တတိယနိုင်ငံအရောက်သွားကာ "ရှေ့ကို ရှေ့ကို လှမ်းချီတက်စို့ဟေ့"ဆိုပြီး ထည့်ဆိုသွားတာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တော်လှန်အဆို တော်ကြီးတို့ မိသားစုကတော့ တတိယနိုင်ငံမှာ သာသာယာယာ စိုစိုပြည်ပြည် နေလို့ရတော့မယ်ဆိုတော့ ဝမ်းသာမိသေးသည်။
ပထမနိုင်ငံလည်း ပြန်လာလို့မရ၊ တတိယနိုင်ငံလည်း သွားလာလို့မရ ဒုတိယနိုင်ငံမှာ တိုင်ပတ်နေကြ သူတွေကတော့ တတိယနိုင်ငံ ရောက်သွားကြသူတွေကို မနာလိုတာ ဖြစ်နိုင်သည်။ ခုဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေအားလုံး 'လမ်းအားလုံး တတိယနိုင်ငံဆီသို့' ချီတက်နေကြ ပြီဖြစ်သည်။ တတိယနိုင်ငံကြီးမှာလည်း သမ္မတအသစ်ကြီး တက်လာပြီးနောက် တစ်ကွက်ပြီး တစ်ကွက်ပြနေတော့ တတိယနိုင်ငံအတွက် ဒီမိုကရေစီအရေး စိတ်ပူကြသဖြင့် ရောက်ရှိရာ နိုင်ငံကြီး ဒီမိုကရေစီ မဆိတ်သုဉ်းရေး ခေါင်းဆောင်ကြီးတွေ စီမံဆောင်ရွက်ပေးနိုင်မှာ ဖြစ်သည်။ လောလောဆယ်မှာ တတိယနိုင်ငံက ပြည်သူတွေအတွက် အားကိုးအားထားပြုစရာ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ရှိနေပြီဖြစ်သည်။ ဒါကြောင့် ခေါင်းဆောင်ကြီးတွေ ပထမမြန်မာ နိုင်ငံတော်ကြီးကို စိတ်မပူကြဘဲ တတိယနိုင်ငံတော်ကြီး ဒီမိုကရေစီ ရှင်သန်ထွန်းကားရေး အာရုံစိုက်လုပ်ဆောင်စေလိုသည်။ နောင်များ ခေါင်းဆောင်ကြီးတွေ လမ်းအားလုံး ဘယ်ဆီသို့၊ ညာဆီသို့ဆိုတာမျိုးတွေ၊ အိမ်ပြန် မယ့်လှိုင်းတို့၊ တစ်လှိုင်းပြီး တစ်လှိုင်းတို့ဆိုတာမျိုး ဟစ်ကြွေးရင်ဖြင့် တတိယနိုင်ငံကို ထူးမြတ်တို့ကိုပါ ခေါ်စေချင်သည်။
တတိယနိုင်ငံကြီးမှာ အတူတူ ဒုက္ခခံကာ တော်လှန်ချင်သလို ထူးမြတ်တို့ဘဝလည်း လှဖို့အချိန် တန်ချင်လှပြီ ဖြစ်သည်။
( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )