၂၀၂၄ နိုဝင်ဘာ ၂၂
တန်ဆောင်တိုင်ပွဲတော်
ကြည်နူးစရာအကြောင်းလေးက စပြောချင်မိသည်။ သည်ရက်ပိုင်း ခရီးအတန်အသင့် သွားဖြစ်ခဲ့ရာကို ပြောလိုခြင်း ဖြစ်ပါသည်။ တန်ဆောင်မုန်းလ၏ ကောင်းကင်ယံတွင် ကြက်တစ်ဝပ်စာမျှ မြူတိမ်များမရှိချိန် သာယာနေသော လရောင်အောက် ခရီးသွားရခြင်း၏ စိတ်ချမ်းမြေ့ဖွယ်ရာများကို ဖောက်သည်ချပါရစေပါ ခင်ဗျ။
၂၀၂၄ နိုဝင်ဘာ ၁၄ ရက် နေဝင်ချုပ်စမှစပြီး နေပြည်တော်ရှိ မာရဝိဇယဘုရားကို ဦးစွာသွားဖြစ်သည်။ ဘယ်သူထင်မလဲဗျာ။ လူတန်းရှည် လူအုပ်ကြီး ကြက်ပျံမကျ စည်ကားနေသည်ကို မြင်လိုက်ရချိန် ဟုတ်ရောဟုတ်ရဲ့လားဟုပင် အတွေးပေါက်မိသွားသည်။ အဘယ့်ကြောင့် ထိုသို့အတွေးပေါက် ရသနည်းဟုဆိုလျှင် အပြစ်အမြဲတမ်းပြောဆိုနေသည့် ပြည်ပရောက် သတင်းမီဒီယာများကို ဟိုတို့ဒီထိ ဖတ်ကြည့် ထားမိသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ သူတို့အဆိုအရ လူအများကြောက်ရွံ့ကာမသွားရဲ၊ မလာရဲကြောင်း အဝေးရောက်သူများက ထင်ရာကလော်နေကြသောကြောင့် ဖြစ်၏။ သူငယ်ချင်း မိတ်ဆွေများနှင့် ပျော်ပျော်ပါးပါး မာရဝိဇယဘုရားဖူးရခြင်းကလည်း မင်္ဂလာများစွာထဲမှ မင်္ဂလာတစ်ပါးဟု ဆိုရမည်ဖြစ်သည်။
ကျွန်တော့်မိတ်ဆွေများထဲတွင် ဘောလုံးအကန်ကောင်းသူများ၊ လောင်းကစား ဝါသနာပါသူများလည်းပါရှိရာ ဘုရားလမ်းတစ်လျှောက် ဘောလုံးကန်လိုသူအတွက်လည်း ဘောလုံးကန်စရာရှိသည်။ မြားပစ်၊ သားရေကွင်းပစ် လောင်းကစားဆန်သည့် နေရာများလည်း များစွာရှိသည်။ သူငယ်ချင်းမိတ်ဆွေများမှ "ကိုရွှေထီး ဟိုမှာ ဘောလုံးကန်တာရယ်၊ မြားပစ်တာရယ်မှာ အမြင့်ဆုံးဆုက ဂစ်တာတွေ ရနိုင်တယ် စိတ်ဝင်စားလား"ဟု သူတို့ စိတ်ဝင်စားကြောင်း အဖော်နှူးသည့်သဘောဖြင့် မေးလေသည်။ အိပ်ကပ်ထဲမှ ငွေစကြေးစအချို့ကို စမ်းကြည့်ပြီး "အိမ်မှာ ဂစ်တာတစ်လက်ရှိရင် လုံလောက်ပါပြီ၊ နောက်ထပ် မလိုချင်တော့ပါဘူး"ဟု အလိမ္မာသုံးကာ ဖြေလိုက်သည်။ လူအများ စည်ကားသလောက် ထိုကဲ့သို့ လောင်းကစားဆန်သည့် အရာများရှိနေခြင်းကို စိတ်ထဲတွင် ဘဝင်မကျ သလိုခံစားမိ၏။ ပင်လယ်ဓားပြ စီးသည့်နေရာ၊ ချားရဟတ်စီးသည့်နေရာ ကလေးများအတွက် ပျော့ပျော့အိအိ ကစားကွင်းများ၊ အခမဲ့ကြည့်ခွင့်ပွဲများ၊ ဆပ်ကပ်ပြပွဲများကို မြင်ရချိန်တွင်တော့ ထို လောင်းကစားဆန်သည့် အရာများကို ဘဝင်မကျမဖြစ် မိတော့ပေ။ လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လားဗျာ။ ပွဲကြည့်ချင်သူ ကြည့်မည်။ ဆပ်ကပ်ပွဲကြည့်ချင်သူ ကြည့်မည်။ ချားရဟတ် စီးချင်သူ စီးမည်။ ပင်လယ်ဓားပြ စီးချင်သူစီးမည်။ လောင်းကစားဆန်သည့်နေရာကို ငမ်းသူငမ်း၊ ကစားသူ ကစားဖြစ်မည်။ ဒါသည်ပင်လျှင် ပွဲတော်၏ အနှစ်သာရ မဟုတ်လားဟုတွေးမိကာ တစ်မျှော်တစ်ခေါ် လူပင်လယ်ကြီးထဲ လမ်းလျှောက်ရခြင်းကို ကြည်နူးမိသွား၏။ သည်ကဲ့သို့ ပွဲတော်များ မရောက်ဖြစ် ခဲ့သည်မှာ ကြာနေသောကြောင့်ပို၍ စိတ်ရောကိုယ်ရော လန်းဆန်းကြည်နူးမိခြင်း ဖြစ်နိုင်ပါသည်။ အမှန်တကယ် ညောင်းညာနေသည့်စိတ်များ ပေါ့ပါး လန်းဆန်းသွားသည်ဟု ဆိုနိုင်ပါသည်။
ပျော်တတ်သူတွေအတွက် ပျော်စရာ
ပျော်တတ်သူများအတွက် ပျော်စရာဟုဆိုခဲ့မိရာ ငယ်ဘဝက ရန်ကုန်တွင်နေစဉ် အဖြစ်အပျက်တစ်ခုကို သတိရသွားသည်။ ထိုစဉ်က ဘားလမ်းနှင့် ဘဏ်လမ်းတွင် ဖြစ်သည်။ သင်္ကြန်ကာလဖြစ်ပြီး ငွေစကြေးစလည်း အတော်အသင့်ပင် မတတ်နိုင်သောကြောင့် အများသူငါကဲ့သို့ သင်္ကြန်ကို ကားဖြင့် မလည်ပတ်နိုင်ပေ။ မလည်ပတ်နိုင်လည်း ဘာများထူးစရာရှိလဲဗျာ။ ပျော်တတ်ဖို့ အဓိက မဟုတ်လား။ ရေပုံးကြီး လမ်းဘေးမှာချပြီး မမောတမ်း မပမ်းတမ်း လာသမျှလူရေပက်ပြီး ပျော်ပျော်နေလိုက်တာ စိတ်ချမ်းသာစရာ မကောင်းပေဘူးလား။ထိုကဲ့သို့ ရေကစားနေစဉ် ဘဏ်လမ်း မြဝတီဘဏ်ဘက်မှ ဟိုင်းလတ်ကားတစ်စီး ရေပက်ခံထွက်လာ၏။ ကျွန်တော်တို့ကလည်း လာသမျှလူနှင့် ကားများကို ရေပက်နေချိန် ဖြစ်ရာ ထိုကားကိုလည်း ရေပက်ကြ၏။ ထိုအချိန် ကားပေါ်မှ ကားဆရာ ဆင်းလာပြီး ကျွန်တော့်ကို စကားဆင်းပြောသည်။ သူပြောသည့် စကားက "မင်းက ဘယ်တွေ လျှောက်သွားနေလဲ၊ မင်းအမျိုးသမီးက စိတ်မချလို့ ကားပေါ်မှာ မင်းကိုလိုက်ရှာနေတာ"ဟုဆိုသဖြင့် စိတ်ထဲတွင် 'ယင်မ'ပင်မသန်းဖူးသေးသည့် ကျွန်တော့်ကို မည်သည့်မိန်းမက ရှာမည်နည်းဟု လန့်သွားသည်။ "ကျွန်တော် မိန်းမ မယူဖူးသေးဘူးလေ"ဆိုရာ ထိုကားဆရာက "သူနဲ့သာ ရှင်းကွာ"ဟုဆိုပြီး ကားပေါ်ကတစ်ယောက်ကို ခေါ်ထုတ်လာလေသည်။ အဲသည်အခါကျမှ ကြောက်လန့် နေသည့် စိတ်များပြေလျော့သွားကာ အူနှိပ်၍ရယ်ရတော့သည်။ သူခေါ်လာသည့်သူက အသက် (၈၀) ဝန်း ကျင်ခန့်ရှိသည့် သွားတစ်ချောင်းမှမပါတော့သည့် အဘွားတစ်ယောက် ဖြစ်နေလေသည်။ ထိုအဘွား သည် အသက်သာ(၈၀)ကျော် ဖြစ်နေသော်လည်း လူငယ်များနှင့် သင်္ကြန်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းသည့် စိတ်ဓာတ်ကို လေးစားသောကြောင့် ကျွန်တော်လည်း "အဘွားတို့ နောက်တာ ကျွန်တော်ဖြင့် ခေါင်းပါ ကြီးသွားတယ်ဗျ" ဟုဆိုရာ အဘွားလည်း ဟက်ဟက်ပက်ပက် ရယ်လေသည်။ ရေစက်ရှိ၍ ဆုံကြသည် မဟုတ်လား။ ထိုကြောင့် အဘွားလည်း ပျော်သည်။ ကျွန်တော်တို့လည်း ပျော်သည်။ သို့နှင့် အဘွားကို လက်အုပ်ချီ၍ ထိုင်ကန်တော့ လိုက်မိသည်။ အဘွားက "ငါ့မြေး အဘွားတို့နောက်တာ စိတ် မရှိနဲ့နော်"ဟုပင် ပြောသွားပြီး ဆုတောင်းမေတ္တာစကားများစွာ ဆိုသွားသည်။
ငယ်ငယ်က ကိုယ်တွေ့ပျော်ခဲ့ရသည့်အကြောင်း ရောက်သွားရာ တန်ဆောင်တိုင်မှာ ပျော်ခဲ့ရသည့်များကိုလည်း ဖောက်သည်ချပါရစေ။ ကျွန်တော်တို့ မာရဝိဇယ ဘုရားဖူးအပြီး အောင်ပန်း၊ ကလောသို့ ရောက်ဖြစ်သည်။မာရဝိဇယဘုရားမှာ လူစည်ကားသည်ဟု မျက်မြင်ဒိဋ္ဌ တွေ့ပြီး အောင်ပန်း၊ ကလော လူမှရှိပါ့မလားဟု အတွေးပေါ်မိသည်။ 'အောင်မင်း'ဟု တရပြီး မာရဝိဇယကဲ့သို့ ထိုနည်းနှင်နှင်ဟုသာ ဆိုရမည်ဖြစ်သည်။ အောင်ပန်း၊ ကလော ဟိုတယ်၊ တည်းခိုခန်းမှန်သမျှ လုံး၀ အပြည့်။ထိုအရပ်ဒေသတွင်လားဆိုတော့ သည့်ထက်တောာင်ပိုသည်ဟု ဆိုရမည်ဖြစ်သည်။ တောင်ကြီးလည်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်နှင့်အတူ လူအပြည့်ဖြစ်၏။ပုဂံတွင်လည်း လူအပြည့်၊ ပျော်ရွှင်စွာ ခရီးသွားလာနေကြ သည်။
ကိုယ်တွေ့တစ်ခု ပြောပါရစေ။ နိုဝင်ဘာ ၁၇ ညနေ ၆ နာရီခန့်က ကလောတွင် ဖြစ်သည်။ ညစာ ထမင်းစားရန် ထမင်းဆိုင်သို့အသွား လူပင်လယ်ပွဲတော် ကြီးထဲရောက်သွားပြီး ကားကရှေ့လည်း မောင်းမရ၊ နောက်လည်းဆုတ်မရ၊ တစ်နာရီကျော်ကြာ ထိုင်ပြီးရယ် နေလိုက်တော့သည်။ ဟုတ်သည်၊ ရှေ့တိုးမရ၊ နောက်ဆုတ်မရသည့် အခြေအနေကို စိတ်ညစ်နေမည့်အစား ရယ်နေခြင်းက ကောင်းမည် မဟုတ်လား။ ထိုကဲ့သို့ ရွှေ့ မရသည့်အချိန် ယာဉ်ကြောများသည်လည်း နှစ်ထပ်၊ သုံးထပ်ဖြစ်နေသော ကြောင့်ကိုး။ ပွဲတော်ရက်က သည်အတိုင်းပဲ ဖြစ်သည်ဟု ဒေသခံများကတော့ ပြောလေသည်။ ကား ပေါ်မှာ ရယ်နေပေမယ့် ကွမ်းယာက စားချင်လာ၏။ ကွမ်းယာဆိုင်လည်း ကျွန်တော့်အနေဖြင့် သိမှ မသိဘဲဗျာ။ သို့နှင့် ကားဘေးတွင်ရောက်လာသည့် ဆိုင်ကယ်ဆရာသမားတစ်ဦးကို "အစ်ကိုကွမ်းယာ လေး တစ်ယာလောက် မပါဘူးလား"ဟု အကူအညီတောင်း မိ၏။ သူပြောမှ ရှင်းသွားသည်။ "ငါလည်း ကွမ်းဝါးချင်နေတာ ဆိုင်ကယ်တစ်ခါရပ်ရင် သုံးထောင်နဲ့ သုံးခါရှိပြီ။ ကိုးထောင်သာ ကုန်သွားတယ် ဒီနားက ထွက်မရဘူး။ ကောက်ညှင်းကျည်တောက်ပါတယ် စားမလား"ဟု ရိုးသားသည့် ရှမ်းကြီးမှ အသံဝဲ၀ဲဖြင့် ပြောရာ ငိုအားထက် ရယ်အားသန်ဖြစ်ပြီး ကောက်ညှင်းကျည်တောက် မစား ပါရစေနှင့်ဟု ပြန်ပြောဖြစ်သည်။
ထိုနေရာတွင် ဆိုင်ကယ်တစ်စီးရပ်လျှင် သုံးထောင်ဟုဆိုရာ ကျွန်တော့်တစ်သက်နှင့် တစ်ကိုယ် မကြားဖူးသည့် ဈေးနှုန်းဖြစ်နေလေသည်။ ဒါတင်ဘယ်ကမလဲဟု ဆိုရမည့်အတိုင်း ဖြစ်နေလေသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲ သွားကြသည့် မိတ်ဆွေတချို့ထံမှ သိရသည်။ ကားတစ်စီးရပ်လျှင် သုံး သောင်းတဲ့ခင်ဗျ။ ဘာပြောလို့ပြောရမည်ကို မသိတော့ဟုပင် ဆိုရမည်ဖြစ်သည်။ ပွဲတော်ရက်ဆိုသည်မှာ သည်အတိုင်းပင်ဖြစ် သည်ဟု အတွေးပေါ်မိသောကြောင့် သည်အရာသည်လည်း မင်္ဂလာ ရှိသည့်အထဲ ပါမည်ဟုတွေးကာ ပျော်ပျော်နေလိုက်မိသည်။
ရှမ်းပြည်က ချစ်စရာ
ရှမ်းပြည်က ချစ်စရာဆိုသည့် အကြောင်းအရာ မြန်မာနိုင်ငံသားတိုင်း ယဉ်ပါးနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ရှမ်းပြည်က တေးရေးတေးဆိုသမား ပုဂ္ဂိုလ်ကြီးများ၏ ကျေးဇူးကြောင့်ဟု ဆိုချင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ၁၃၅ မျိုးသော တိုင်းရင်းသား အနုပညာသမားများစွာထဲတွင် ရှမ်းပြည်နယ်က ဂီတစာဆိုနှင့် အဆိုတော်များက ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်ကို အခြားသော ဒေသကလူများ စိတ်ဝင်စား လေးစားအားကျစေရန် ရေးဖွဲ့ကြသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ရှမ်းပြည်နယ်က အနုပညာသမားကြီးများ အကြောင်းပြောရမည်ဆိုလျှင် ကျမ်းတစ်စောင်ဖွဲ့၍ ရပါသည်။ ရှမ်းပြည်နယ်ကို ချစ်စရာကောင်းအောင် ဖွဲ့နွဲ့ထားခဲ့မှုများကို သတိထားမိလျှင် ရှမ်းပြည်နယ်က အနုပညာရှင်ကြီးများကို ဦးညွှတ်မိပါ၏။ ရှမ်းသီချင်းများစွာနှင့် ကျွန်တော်တို့သည် ရင်းနှီးမိကြသည်။ ရှမ်းပဲပုပ်မြည်း စမ်းစားလိုသည်။ တို့ဟူးနွေး စားကြည့်ချင်မိ၏။ ချယ်ရီပန်းများနှင့် အေးချမ်းသည့် ရှမ်းတောင်တန်းကြီးများကို ခံစားလိုကြသည်။ မြေနီလမ်းများပေါ် ခြေဗလာဖြင့် လျှောက်လှမ်း ချင်စိတ်လည်း ပေါ်မိ၏။ သည်အရာများက ရှမ်းအနုပညာရှင်ဂုရုတို့၏ ချစ်စရာကောင်းအောင် ဖွဲ့နွဲ့ခဲ့ခြင်းကြောင့် ကျွန်တော်တို့ မြေလတ်သားများက ရှမ်းပြည်ကို တခုတ်တရ သွားလာချင်သည့် ဆန္ဒဖြစ်ပေါ်ရခြင်းဟု ဆိုနိုင်မလားပင်။ အောင်ပန်း၊ ကလော ရှမ်းပြည်ခရီးသွားရသည်ကို မက်မက်သက်သက် ဂုဏ်ယူကြရသည်။ သည်ခရီးစဉ် ထောပတ်သီးဝယ်သည့် အကြောင်းလည်း ပြောချင်ပါသည်။ အမှန်တကယ်တော့ ထောပတ်သီးရောင်းသူများ အလွန်များသည်။ ထောပတ်သီးရာသီ ဖြစ်ခြင်း ကြောင့်ပေ။ ထောပတ်သီးမဝယ်ခင် လိမ္မော်သီးရောင်းသည့် အန်တီကြီးက ကျွန်တော်တို့ကို လိမ္မော်သီးများ တစ်လုံးပြီးတစ်လုံးခွဲ၍ အမြည်းကျွေး၏။ သူပဲ ကံဆိုးသည်လား၊ ကိုယ်ပဲကံဆိုးသည်လား မသိ၊ သူကျွေးသမျှ လိမ္မော်သီးတိုင်းက နဖူးကြောရှုံ့အောင် ချဉ်နေလေသည်။ ကျွန်တော်တို့လည်း ဟန်မဆောင်တတ် ချဉ်လျှင်ချဉ်သည်ဟု ဆိုမိသည်။ အစမ်းကျွေးသည်ကိုပင် ငါးလုံး ခန့်ရှိမည်ထင်၏။ သို့နှင့် စားရသည့်သူမှာ အားနာလာသည်။ စားထားသည့် လိမ္မော်သီးများအတွက် ကျသင့်သည်ကို ပေးပါမည်ဟုပြောရာ ထိုအဒေါ်ကကျသင့်သည်ကို မယူချင်။ ဈေးအတွင်းရှိသည့် လိမ္မော်သီး သေတ္တာထဲက အကောင်းဆုံးများ ရှိသေးကြောင်းလိုက်ပြကာ အစမ်းထပ်ကျွေး၏။ သည်လိမ္မော်သီးများက ချိုလိုက်သည် မှာဖြစ်ခြင်းဟု အဒေါ်ကြီးကို ပြောလိုက်ရာ တစ်သေတ္တာကို တစ်သိန်းတစ်သောင်းခွဲဟု ဆိုလေသည်။ ရှစ်သောင်း ဆိုလျှင်ယူမည်ဟု ဈေးဆစ်မိ၏။ အဒေါ်ကြီး ကျွန်တော့ကို စကားမပြောတော့သည့်အပြင် မျက်နှာပင်လွှဲသွား၏။ ကျွန်တော်၏ဆရာသမားက တစ်သိန်းထားဗျာဟုဆိုချိန်မှ ယူသွားပါဟု ဆိုလေသည်။ ထိုအချိန်မှ သူ၏မျက်နှာက အပြုံးကို ပြန်တွေ့ရမိသည်။ ကျွန်တော်ကလည်း "အဒေါ်ရာ လိမ္မော်သီးဝယ်တော့ ထောပတ်သီးနှစ်လုံး လောက်များ လက်ဆောင် မပေးချင်ဘူးလား"ဟု ပြောကြည့်ရာ "တို့က လမ်းဘေးဈေးသည်ပါဟယ်။ အမြတ်အများကြီး မတင်ပါဘူး"ဟု တုံ့ပြန်လေသည်။ ကျွန်တော်လည်း အဒေါ်ကြီးကို စနောက်ချင်သဖြင့် "ကျွန်တော့်တစ်သက်မှာ လမ်းလယ်ကောင် ဈေးသည်မမြင်ဖူးပါဘူး၊ လမ်းဘေးမှာပဲရောင်း တာ မဟုတ်လား"ဟု ပြောလိုက်ရာ ဟက်ဟက်ပက်ပက်ရယ်ပြီး ကျွန်တော်တောင်းသည့် ထောပတ်သီးနှစ်လုံးထပ်ပိုကာ သုံးလုံးလက်ဆောင်ပေး လေတော့သည်။ ဒါသည် ရှမ်းပြည်က ချစ်စရာများ ထဲက ချစ်စရာတစ်ခု မဟုတ်လားဗျာ။ ပြန်ခါနီး ထောပတ်သီး ဝယ်ကြချိန် ဈေးများ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်မေးဖြစ်၏။ကလောဈေးနေ့ ဖြစ်သောကြောင့် စည်ကားချက်ကလည်း အံ့မခန်း ဖြစ်၏။ ခရီးသွားလာ သူများ အလွန်များသောကြောင့်လည်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ ထောပတ်သီးများက ငါးကြင်းဖန်ခွက်ခန့် မရှိတရှိကို တစ်လုံးငါးရာဟုဆိုရာ လေးရာရနိုင်လား ဈေးဆစ်မိသည်။ နှစ်ခါ မပြောရ၊ 'ယူသွား'ဟုဆိုရာ ထောပတ်သီး အကြောင်းနားမလည်သဖြင့် စေတနာနှင့် ကြိုက်ရာထည့် ပေးပါဟု ပြောရလေသည်။ ထိုအချိန်မှ သူတို့၏စေတနာကို တကယ်မြင်ရသည်။ အလုံးကြီး အလုံးကောင်းများကို သေချာရွေးချယ်ပြီး အိမ်ရောက်၍ နှစ်ရက်၊ သုံးရက်မှ စားလို့ရမည့်အကြောင်း ထားသိုနည်းပါပြောကာ ထည့်ပေးလိုက်၏။ စဉ်းစားမိသည်။ ရှမ်းပြည်နယ်ကချစ် စရာများတွင် ဤကဲ့သို့ ရှမ်းအဘွားကပါ ချစ်စရာပါလားဟု ကြည်နူးမိသည်။ (ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )