၂၀၂၅ မတ် ၁၄
မိမိတို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကိုကြည့်ရင် အဓိကအားဖြင့် အုပ်စုနှစ်စု တွေ့ရမှာ ဖြစ်ပါတယ်။ တစ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်ဖိုးထားပြီး မပျက်စီးအောင် ကာကွယ်နေတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။ ချမှတ်အတည်ပြုထားတဲ့မူအရ ဖြစ်သင့်ဖြစ် ထိုက်တဲ့ အပြောင်း အလဲကို လက်ခံပြီး ဒီမိုကရေစီကို ဖက်ဒရယ်နဲ့ အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်မှန်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ နောက်တစ်စုကတော့ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲလိုတဲ့ အုပ်စုပဲဖြစ်ပါတယ်။ အဲဒီအုပ်စုကို အခြေခံဥပဒေ ပျက်စီးစေ ချင်ကြလို့သာ အုပ်စုတစ်စုအနေနဲ့ ပြောတာဖြစ်ပေမယ့် အမှန်က အသွင်အမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ လိုလားချက် အမျိုးမျိုးရှိကြတဲ့ အုပ်စုကွဲတွေသာ ဖြစ်ကြပါတယ်။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်စီးလိုတဲ့ အုပ်စုကိုကြည့်ရင် လက်ဝဲလက်ယာ နိုင်ငံရေးသမား တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေး အကြောင်းပြ လုပ်စားနေကြတဲ့ ခါတော်မီလက်နက်ကိုင် အဖွဲ့တွေပဲ ဖြစ်ကြပါတယ်။ လက်ဝဲနိုင်ငံရေးသမားတွေ ဆိုတာက လတ်တလောမှာ အနည်းငယ် ပြန်ခေါင်းထောင်လာတဲ့ ဗကပအကြွင်းအကျန် အုပ်စုပဲဖြစ်ပါတယ်။ သူတို့ရဲ့လိုလားချက်က အခြေခံဥပဒေ ဘာကြီးပဲ ဖြစ်နေနေ၊ ဘယ်လောက်ပဲ ကောင်းကောင်း လက်ဝဲအယူအဆ ကလွဲလို့ လက်ခံကြမယ့်သူတွေ မဟုတ်ကြပါဘူး။ အခုချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဘာညာသာ ပြောနေကြတာ။ သူတို့သာ အင်အားကောင်းပြီး အာဏာရကြည့်။ ပထမဆုံးလုပ်မှာက ဒီမိုကရေစီစနစ်ကို ဖျက်ပစ်မှာ အသေအချာပဲ။ နာမည်တပ် မပြောချင်ပေမယ့် Freelance Reporter သက်ထွေးနိုင်နဲ့ ဗျူးထားတဲ့ ဗကပအဟောင်းတွေရဲ့ အင်တာ ဗျူးတွေကို ကြည့်ရင် တွေ့ရလိမ့်မယ်။ အထူးသဖြင့် လတ်တလောကာလမှာ သူတို့ရဲ့ရန်သူဟာ တပ်မတော်ပဲ။ ဖြစ်လည်းဖြစ်သင့်ပါတယ်။ ကိုယ်တိုင်က တိုင်းပြည်နဲ့ ဒီမိုကရေစီရဲ့အန္တရာယ်ဆိုတာကို ဖုံးကွယ်ထားပြီး ဒီအန္တရာယ်တွေ တိုင်းပြည်ကို ပေးနေတဲ့ သူတို့ကို တပ်မတော်က ချေမှုန်းခဲ့တော့ မုန်းမှာပေါ့။ ပြည်သူတွေကို ခေတ်အဆက်ဆက်က တပ်မတော်မုန်းတီးရေး ဝါဒမှိုင်း တိုက်ပေးခဲ့တာ ဒီအုပ်စုပဲ ဖြစ်ပါတယ်။ တပ်မတော်သာ ကျရှုံးသွားခဲ့ရင် သူတို့ရဲ့ဦးတည်ရန်သူဟာ ကျိန်းသေပေါက် ပြောလို့ရတာက ဒီမိုကရေစီအုပ်စုတွေပဲ ဖြစ်ပါလိမ့်မယ်။
နောက်ထပ် နိုင်ငံရေးသမားတွေကတော့ လက်ယာနိုင်ငံရေးသမားတွေပဲ ဖြစ်ကြပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားကြသူတွေလို့ သူတို့ကိုယ် သူတို့ခံယူထားကြသူတွေပဲ ဖြစ်ပါတယ်။ အမှန်တကယ် လစ်ဘရယ် ဒီမိုကရေစီကိုအခြေခံပြီး လူ့အခွင့် အရေးကို စံတစ်ခုအဖြစ် တန်ဖိုးထားကြသလားဆိုရင်တော့လည်း အတော်လေး ပြောရခက်ပါတယ်။ ဒီအဖွဲ့က လူအတော်များများဟာ NLD က ဆင်းသက်လာပြီး NLD နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ NLD ကို မဏ္ဍိုင်ထားပြီး ဝန်ရံနေကြသူတွေလည်း ဖြစ်ကြပါတယ်။ ငါနဲ့မတူ ငါ့ရန်သူစိတ် ထားနေကြတာတွေ များနေကြတဲ့အတွက် လစ်ဘရယ် ဒီမိုကရေစီစံနဲ့ လူ့အခွင့်အရေးဆိုတာ စကား အရာသာ ရှိကြသူတွေပဲ ဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာလည်း အရောင်အသွေး မျိုးစုံနဲ့ ရောနှောနေကြ တာပဲ ဖြစ်ပါတယ်။ စတင် စုစည်းဖြစ်ခဲ့ကြတာက ၁၉၈၈ ခုနှစ် အရေးအခင်း ကလို့ ဆိုနိုင်ပါတယ်။ လက်ယာအသွင်ယူ ဗကပတွေ၊ ပုဂ္ဂိုလ်ရေးအရ ဗိုလ်ချုပ်ကြီးနေဝင်းကို မုန်းတီးသူတွေ၊ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ထဲက ထုယ်ပယ်ခံရသူတွေ၊ ဆိုရှယ်လစ်ပြုတ်တွေနဲ့ ဒီမိုကရေစီ လိုလားသူတွေ ဆုံမှတ်အဖြစ် စုစည်းသွားခဲ့ကြတာပဲဖြစ်ပါတယ်။
ဒီအုပ်စုဟာ တစ်ပါတီစနစ်ကို မစခင်ကတည်းက တွန်းလှန်ခဲ့ကြရာက စခဲ့ကြသလို ဆိုရှယ်လစ်စနစ် အောင်မြင်မှု မရတဲ့အချိန်၊ ပြည်သူ့ထောက်ခံမှုကျပြီး နိမ့်ကျချိန်မှာ ဝိုင်းတွယ်ခဲ့ကြရာက ပူးပေါင်း သွားခဲ့ကြတာ ပဲဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ ဆိုရှယ်လစ်အစိုးရနဲ့ စနစ်ပြုတ်ကျပြီးနောက်မှာ တပ်မတော်ကို ရန်သူသဖွယ် ဆက်ဆံခဲ့ကြတာပဲ ဖြစ်ပါတယ်။ အကြောင်းရင်းက မင်းသားမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့ သဘောပါပဲ။ ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ဆိုရှယ်လစ်အစိုးရက တပ် မတော်ကို အာဏာလွှဲပေးသွားတာနဲ့ ပတ်သက်လို့ ဒီဘက်အိတ်ကပ်ထဲက ဟိုဘက်အိတ်ကပ်ကို ပြောင်းထည့်တာ ဆိုတဲ့အပြောနဲ့ တပ်မတော်ကို တောက်လျှောက်တိုက် ခိုက်လာခဲ့ကြတာပဲ ဖြစ်ပါ တယ်။ တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူလိုက်တဲ့အချိန်မှာ လူငယ်အတော်များများ နယ်စပ်အသီးသီးကို ထွက်ခွာသွားကြပြီး တပ်မတော်ကို နည်းမျိုးစုံနဲ့ တိုက် ခိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်ဖို့ ABSDF ပေါ်လာပြီး နိုင်ငံရေးအရ တိုက်ခိုက်ဖို့ အဝေးရောက် NLD နဲ့ NCGUB အစိုးရဆိုတာ ဖွဲ့စည်းလှုပ်ရှားခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။
အရေးအခင်းကာလမှာ BBC,VOA တို့ရဲ့ ထိုးနှက်မှုအရ ပြည်သူတွေပါလာပြီး ဆိုရှယ်လစ်အစိုး ရပြုတ်ကျတဲ့အထိ ဖြစ်စေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံကိုယူပြီး ပြည်ပထွက်ခွာသွား သူတွေထဲက ပညာတတ်လူငယ်တွေကို အနောက်အုပ်စုက သတင်းပညာသင်ပေးခဲ့ပြီး သတင်းဌာ နကြီးတွေကိုပါ ငွေကြေးအထောက်အပံ့နဲ့ ထူထောင်ပေးခဲ့ကြပါတယ်။ တပ်မတော် အစိုးရလက်ထက် တစ်လျှောက်လုံး တပ်မတော်မုန်းတီး ရေးဝါဒစွဲကိုင်ပြီး ဝါဒဖြန့်ခဲ့ကြတာ အခုချိန်မှာ ပြည်သူတွေရဲ့ အမြင် ဘယ်လို ဖြစ်နေသလဲဆိုတာ သတိထား ကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ လက်ဝဲအုပ်စုက စခဲ့တဲ့ တပ်မတော်မုန်းတီးရေးဝါဒဟာ လက်ယာအုပ်စုနဲ့ပေါင်း လိုက်တဲ့အခါမှာ 'တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့် ကျင်ရေး' ဖြစ်လာခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ပြည်တွင်းက တပ်မတော်ပြုတ်ကျရေးနဲ့ အနောက်အုပ်စုက China Containment policy အရ ဖြစ်ပေါ်လာတဲ့ ဝါဒဖြန့်မူဝါဒပဲ ဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ ဒီသတင်းဌာနတွေအနေနဲ့ တိုင်းပြည်အတွက် မကြည့်ကြတော့ဘဲ ဘက်အနေနဲ့ တပ်မတော် မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးသာ အဓိကအဖြစ် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ နဝတ/နယက အစိုးရလက်ထက်မှာ အနောက်အုပ်စုက မွေးမြူမြေတောင်မြှောက်ပေးခဲ့တဲ့ RFA၊ မဇ္ဈိမ၊ ဧရာဝတီ အစရှိ တဲ့ မီဒီယာတွေကိုကြည့်။ အခုကာလမှာဘာတွေကို ဘယ်လိုထုတ်လွှင့်နေကြသလဲဆိုတာ တွေ့ရလိမ့်မယ်။ သူတို့အတွက် တိုင်းပြည်က အရေးမကြီးဘူး။ ချပေးထားတဲ့မူက အရေးကြီးတယ်။ ဒါမှ ငွေရမှာ ကိုး။ အခုလည်း နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရုရှားနဲ့ ဘီလာရုစ်သွားတဲ့ ချစ်ကြည်ရေးခရီးစဉ်ကို ဘယ်လို ထုတ်လွှင့်ကြသလဲ။ ဒီခရီးစဉ်မှာ တိုင်းပြည်အနာဂတ်အတွက် အကျိုးအမြတ်တွေ အများကြီးရှိလာမှာ အထင်အရှားတွေ့ရတယ်။ ဒါကို အပြုသဘောမမြင်ဘဲ အပျက် သဘောနဲ့ သေးသိမ်အောင် လုပ်ဆောင်ကြတာ တိုင်းပြည်အပေါ်ထားတဲ့ သူတို့ရဲ့သဘောထားပဲ ဖြစ်ပါတယ်။
နောက်ထပ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုတဲ့အဖွဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပဲ ဖြစ်ပါတယ်။ သူတို့က ဒီအခြေခံဥပဒေကို ဖျက်ချင်ကြတာက ခုမှမဟုတ်ပါဘူး။ စကတည်းက ဖျက်ချင်နေကြတာပါ။ သူတို့ရဲ့အဓိက လိုအပ်ချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည် ထောင်စု မဟုတ်ပါဘူး။ ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ ဘယ်လိုပဲ ရေးဆွဲထားထား၊ ဖက်ဒရယ်စနစ်အတွက် သီအိုရီက ဘယ်လိုပဲဆိုဆို၊ ဂရုမစိုက် ပါဘူး။ ကိုယ်တိုင်အုပ်စိုးလို့ရမယ့် လက်နက်ကိုင်ဒေသတစ်ခု ရရှိရေးသာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ သူတို့လိုချင်တာက ဒါပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီမညီ စဉ်းစားတာမျိုး မရှိခဲ့ဘဲ လက်နက်နဲ့အာဏာ တည်ဆောက်လိုတာက အဓိကပါ။ ခေတ်စနစ်ပြောင်းလာပြီး အတန်အသင့် ဗဟုသုတရှိလာ တဲ့အခါမှာ တိုင်းရင်းသား တန်းတူညီမျှရေးတို့၊ ဘာတို့ကို အကြောင်းပြလာတာပဲ ဖြစ်ပါတယ်။ ဒါတွေက သမိုင်းမှတ်တမ်းတွေ ပြန်ကြည့်ရင် ရှင်းပါတယ်။ 'ဝ'လက်နက် ကိုင်အဖွဲ့ခေါင်းဆောင်တို့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တို့ ဘာလို့ ဗကပနဲ့ ပေါင်းခဲ့ကြတာလဲ၊ ဘာလို့ ဗကပနဲ့ခွာပြဲခဲ့ပြီး တပ်မတော်နဲ့ ပေါင်းခဲ့ကြတာလဲ၊ အခြေခံဥပဒေပေါ်လာလို့ အခြေခံဥပဒေအတိုင်း ရပ်တည်ရတော့မယ့်အချိန်မှာ ဘာလို့တပ်ကို အနာရှာ နေရတာလဲ၊ အခုကာလမှာ စစ်အာဏာရှင် တော်လှန်ရေးလုပ်နေတယ်ပြောပြီး တိုင်းပြည် သယံဇာတတွေကို ကိုယ်ရကိုယ်ယူ လုပ်ချင်ရာလုပ်နေကြတာ ဘာအတွက်လဲ။ မိုးကုတ်မှာ ကျောက်ကွက်ကောင်း တယ်ဆိုပြီး ကျောက်သမားတွေ စိတ်ဝင်စားကြတဲ့ ဂေါက်ကွင်းလို နေရာမျိုးကို နိုင်ငံတော်က စနစ်တကျ ထိန်းသိမ်းထားခဲ့တာ အခုဘယ်လိုဖြစ်နေပြီလဲ။ မြန်မာပြည်မြောက်ဖျား ကစပြီး တောင်ဘက်စွန်းအထိ နေရာစုံမှာရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုကြည့်ပါ။ သူတို့ ပြောပြောနေတဲ့ လူမျိုးရေးတန်းတူဆိုတဲ့ ကြွေးကြော်သံနဲ့ သူတို့လုပ်နေတဲ့လုပ်ရပ်က ကိုက်ညီ၊ မကိုက်ညီ ချိန်ဆကြည့်ရင် သူတို့ရဲ့ရပ်တည်ချက်တွေကို တွေ့ရပါလိမ့်မယ်။ သူတို့ကို ပြန်ဝေဖန်တဲ့၊ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေကို ထောက်ပြတဲ့ သူတို့လူမျိုး အချင်းချင်းကိုတောင် သူတို့ ဘယ်လို လုပ်ကြသလဲ။ သမိုင်းမှတ်တမ်းတွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေ အများကြီးပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပျက်လိုတဲ့ ဒီတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်အတွက် အမှန်တကယ်အကျိုး ရှိရဲ့လားဆိုတာ ချိန်ဆကြဖို့လိုပါတယ်။ တကယ်ပဲ သူတို့ပြောနေတဲ့ တော်လှန်ရေးအောင်မြင်သွားရင် တိုင်းပြည်က တကယ်ပဲ ကောင်းသွားမှာလား၊ တကယ်ပဲ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာမှာလား။ ဘယ်အချက်အလက် တွေအပေါ်မှာ အခြေခံပြီး ပြောနေကြတာလဲ။ လက်တွေ့ကျကျ ဖြစ်လာနိုင်တာတွေကို လက်ရှိဖြစ်ပျက် နေတဲ့ အခြေခံအချက်အလက်တွေအပေါ် အခြေခံပြီး တွက်ဆကြဖို့ လိုပါတယ်။ ပထမဆုံး စဉ်းစားရမှာက တိုင်းပြည်ကို ဘယ်သူအုပ်ချုပ်မှာလဲ။ အဲဒီလိုအုပ်ချုပ်ရင် တိုင်းရင်းသားတွေက လက်ခံကြမှာ လား။ သူ့ဒေသသူအုပ်ချုပ်၊ ဆွေးနွေးပြီးမှ ပြည်ထောင်စု ဖွဲ့မယ်ဆိုရင်ရော အဆင်ပြေသွားမှာလား။ ပြည် ထောင်စုအာဏာကို ဘယ်လိုတည်အောင်လုပ်မှာလဲ။ ဗဟိုနဲ့ ပြည်နယ်အာဏာခွဲဝေမှု ဘယ်လိုသွားကြ မှာလဲ။ သဘောရော တူထားကြပြီလား။ ပြည်ထောင်စုအစိုးရအဖြစ် NUG က တာဝန်ယူမယ်ဆိုရင် တိုင်းရင်းသားတွေက လက်ခံကြမှာလား။ နိုင်အောင်ထိန်းနိုင်တဲ့ သြဇာ NUG မှာရှိလား။ နယ်မြေခွဲဝေမှုကို ဘယ်လိုမူနဲ့သွားမှာလဲ။ သဘောရော တူကြပြီလား။ သိမ်းထားနိုင်တဲ့နေရာ ကိုယ့်နေရာအဖြစ် သတ်မှတ်မှာလား။ တပ်မတော်ကို ဘယ်မူနဲ့ ဘယ်လိုဖွဲ့စည်းမှာလဲ။ တိုင်းရင်းသားတပ်မတော်ဆိုတာတွေကို လက်ခံမှာလား။ လက်ခံရင်ဖက် ဒရယ်နဲ့ညီရဲ့လား။ လက်မခံရင် ဘာလုပ်မလဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် လက်ရှိ NUG အောက်မှာရှိတဲ့ PDF တွေ၊ သီးခြားရပ်တည်နေတဲ့ PDF တွေအပေါ်မှာ NUG က သြဇာရှိရဲ့လား။ မကြာသေးခင်ကပင် NUG အောက်က PDF က NUG အောက်မှာ မနေဘဲ ခွဲထွက်သွားတာ ဘာမှမလုပ်နိုင်ဘဲ လက်ခံနေရတာ တွေ့ရတဲ့အတွက် NUG က ဖွဲ့စည်းမယ့် အနာဂတ် တပ်မတော်ဆိုတာ အတော်ရင်လေးစရာ ကောင်းပါလိမ့်မယ်။ နေရာစုံမှာ PDF တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပေါင်းတာရော၊ မပေါင်းတာတွေပါ အကုန်နီးပါး ပြည်သူတွေဆီက ဂိတ်ဖွင့်၊ ဆက်ကြေးကောက် ငွေရှာနေကြတာ ဖြစ်တဲ့အတွက် တပ်မတော်ဖွဲ့ရင် ဘယ်လိုထိန်းမလဲ။ ဒါ တွေဟာ တော်လှန်ရေး အောင်မြင်သွားတယ်ဆိုရင်ကြုံ လာရမယ့် အနိမ့်ဆုံး ပြဿနာတွေပါ။
ဒီ့ထက်မက ကြုံလာနိုင်စရာ ရှိပါတယ်။ တခြားနိုင်ငံတွေမှာ တော်လှန်ရေးလုပ်ပြီး အေးဆေးပဲဆိုတာမျိုးနဲ့ တွက်လို့မရဘူး။ သူတို့မှာက တော်လှန်တဲ့အဖွဲ့နဲ့ ခုခံတဲ့အဖွဲ့ နှစ်ဖွဲ့ထဲရှိလို့ ရှင်းတယ်။ ဒီမှာ သမနပေါင်းစုံ၊ သူတလူငါတမင်း အဖွဲ့ပေါင်းစုံရှိတာ စဉ်းစားကြဖို့လိုတယ်။ သေချာ ပေါက် ပြောနိုင်တာက ပြဿနာပေါင်းစုံက တော်လှန်ရေးပြီးမှ လာမှာ။ အင်အားကြီးသူ စားစတမ်းဖြစ်သွားမှာ သေချာတယ်။ သူ့ဒေသနဲ့သူ၊ သူ့အစုအဖွဲ့နဲ့သူ၊ နိုင်ငံငယ်လေးတွေလည်း ပေါ်လာကောင်း ပေါ်လာနိုင် တယ်။ ဒါကိုမြင်တတ်ဖို့ လိုပါတယ်။ ဒါတွေ မဖြစ်ဖို့ ကြိုတင် ပြင်ဆင်ထားဖို့ လိုပါမယ်။
လက်ရှိခိုင်မာတဲ့ တပ်မတော်ရှိရဲ့သားနဲ့ ကိုယ့်လိုဘမပြည့်တာနဲ့ အပြစ်ပုံချပြီး ထင်ရာစိုင်းနေတာက မဖြစ်သင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီလိုကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေကို မဖြစ်စေလိုလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတိကြီးကြီးနဲ့ ကိုင်တွယ်နေတာပဲဖြစ်ပါ တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပျက်စီးသွားရင် ဖြစ်လာမယ့်ပြဿနာတွေ တိုင်းပြည်မှာ မကြုံတွေ့ရအောင် ယခုချိန်ထိ ကာကွယ်စောင့်ရှောက်နေသလို ရထားပြီးသားစနစ် ပိုမို ခိုင်မာလာအောင်၊ ပြင်သင့်တာပြင်နိုင်အောင် စီစဉ်ဆောင်ရွက်နေတာကိုလည်း သတိထားသင့် ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည် အသက်သွင်းပေးနိုင်ဖို့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ တစ်ပိုင်းကလည်း မပြေလည်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အ တွေကို အခြေခံဥပဒေဘောင်ထဲမှာ ပါဝင်လာစေဖို့ စိတ်ရှည်ရှည်နဲ့ ဆွဲခေါ်နေတာ တွေ့ရမှာဖြစ်ပါတယ်။
လူမျိုးစုများတဲ့ မိမိတို့နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေခိုင်မာဖို့၊ တည်မြဲဖို့လိုပါတယ်။ မခိုင်မာခဲ့လို့၊ လက်မခံဘဲ တိုက်ခိုက်သူတွေများလို့ ပျက်သွားခဲ့ကြတာတွေကို သင်ခန်းစာယူဖို့ လိုပါတယ်။ အငြင်းအခုံများတဲ့ တိုင်းပြည်၊ လိုလားချက်များ၊ အယူအဆများတဲ့ အခြေအနေမှာ ပြန်ဆွဲရတာ အတော်ခက်ပါတယ်။ အားလုံး ကြိုက်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဆွဲရတာခက်သလို ထိန်းရတာလည်း အလွန်ခက်ပါတယ်။ အခုပဲကြည့်ပါ။ ရထားတဲ့ စနစ်တစ်ခုကို ပိုကောင်းအောင် ဘယ်လို ညီညီညွတ်ညွတ်ပြင်မလဲမစဉ်းစားကြဘဲ ဖျက်ဖို့ချည်းပဲစဉ်း စားနေကြတာက သိပ်မနိပ်ဘူး။ နောက် တစ်ချက်က ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးတာ ဘယ်လိုနည်းနဲ့ပဲ ကြည့်ကြည့် စစ်တပ်က အုပ်ချုပ်လို့မရတာ အရှင်းကြီး။ နောက်တစ်ခါ အရေးပေါ်ကာလ မကြုံတွေ့ရအောင်၊ မဖြစ်အောင် ဘယ်လို ဝိုင်းဝန်းစောင့်ရှောက်ကြမယ်ဆိုတာ Stakeholders တွေ စဉ်းစားကြရမှာ မဟုတ်ဘူးလား။ ကိုယ့်လိုဘနဲ့ တပ်မတော်ကို အပြစ်ပုံချပြီး ပြည် သူ့သားကောင်းရတနာ လူငယ်လေးတွေကို အကျင့်ဖျက်နေကြတာ၊ ဘဝဖျက်နေကြတာ၊ သေတွင်းထဲ တွန်းပို့နေ ကြတာတွေဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )