တရားသောစစ် အောင်ရမည်

၂၀၂၄ ဩဂုတ် ၁၁

    မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေး အန္တရာယ်ကို ထိပါးလာနေတာ အထင်းသားတွေ့နေရတယ်။ လက်ရှိ ရှမ်းမြောက်ဒေသမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေဟာ ဘာမှ စစ်အာဏာရှင်တော်လှန်ရေး မဟုတ်ဘူး။ ပြည်တွင်းမှာဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို အခြေခံရာကနေ ဖျာခင်းတဲ့ပြဿနာ။ ဒါကို မြန်မာတွေ နားလည်ဖို့သင့်တယ်။ ဒီလိုပြောတာ။ အကြောင်းမဲ့၊ အထောက်အထားမဲ့၊ အဆင်ခြင်မဲ့ပြောနေ တာမဟုတ်ဘူး။ ယခုအချိန်မှာ ပြည်သူတွေ ညီညွတ်ဖို့ လိုပါတယ်။ ယခုဖြစ်ပျက်နေတာတွေကိုကြည့်ရင် နွားကွဲလို့ ကျားဆွဲတာထက် ပိုနေတာကို တွေ့ရလိမ့်မယ်။ 
    ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ ၂၀၁၇ ရဲ့အစကိုကြည့်ရင် တရုတ်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်ပြီး ကိုယ့်အကျိုးကိုရယူလိုတဲ့ သူခိုးဓားရိုးကမ်းတဲ့ လုပ်ရပ်ကို ထင်ရှားစွာ တွေ့ရမှာအမှန်ပဲ။ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ (MNDAA,TNLA,AA) ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှာ ကြေညာ ခဲ့တဲ့ ကြေညာချက်ကို ပြန်ကြည့်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ ကျားဖျန့် နှိမ်နင်းရေးကို ကူညီဖို့ဆိုတာ ကိုတွေ့ရမယ်။ တရုတ်ရဲ့လိုလားချက်နဲ့ နဂိုအခံနာကြည်းချက်ပေါင်းပြီး တိုက်ပွဲတွေ စတင်ခဲ့တာပဲ ဖြစ်တယ်။ ဒီအချိန်မှာ နိုင်ငံရေးအပြောင်းအလဲအရ ပြည်တွင်းက ဗမာလူငယ်အတော်များများ လက်နက်စွဲကိုင် တော်လှန်ရေးဆောင်ရွက်ဖို့ လက်နက်ကိုင်အဖွဲ့ အတော်များများနဲ့ ပူးပေါင်းသွားခဲ့ ကြပြီး ဖြစ်နေပြီ။
    နေရာစုံမှာ တိုက်ပွဲတွေ၊ မိုင်းထောင်ဗုံးခွဲတာတွေ လုပ်နေကြပြီဖြစ်တဲ့အတွက် တပ်မတော်သားတွေ အနေနဲ့ ဒေသလုံခြုံရေး၊ စစ်ရေးတာဝန်တွေနဲ့ မအားမ လပ် ဖိစီးနေတာတွေ့ရမယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်အကောင် အထည်ဖော်ခဲ့တာပဲ ဖြစ်တယ်။ နဂိုရှိပြီးသား အင်အားနဲ့ ပြည်တွင်းမှာရှိတဲ့ ဗမာ PDF တွေ၊ မောင်ဆောင်းခရဲ့ BPLA တွေကို အင်အားစုစည်းခဲ့တာကို တွေ့ရတယ်။ ၁၉၈၈ ခုနှစ် မိုင်းယန်းတိုက်ပွဲအပြီးမှာ ဗကပ တပ်မရှိတော့ဘူးဆိုပေမယ့် တရုတ်က ဗကပတွေကို ကူမင်းမှာ နိုင်ငံရေးပင်စင်ပေး ထောက်ပံ့ထားခဲ့တာတွေ ရှိခဲ့တယ်။ ဗကပတွေဟာ အငြိမ်မနေဘဲ နှစ်အပိုင်းအခြားအလိုက် နိုင်ငံရေးသုံးသပ်ချက်တွေလုပ်၊ ပြည်တွင်းအမာခံတွေမွေးပြီး အခွင့်ရတာနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။ ၁၉၉၆ ခုနှစ် အရေးအခင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတာ ထင်ရှားတယ်။ ၂၀၂၁ ခုနှစ်မှာတော့ နဂိုရှိပြီး သားဆဲလ်တွေကို အခြေခံပြီး အင်အားစုဆောင်းခဲ့ကြတာ ယခု အခါ KNU တပ်မဟာ(၅) နယ်မြေမှာပင် သောင်းချီရှိတာ တွေ့ရတယ်။ စုဆောင်းခံရတဲ့ ကလေးတွေအနေနဲ့ သူတို့ကို ခေါင်းဆောင်နေတဲ့အဖွဲ့ ဟာ ကွန်မြူနစ်တွေဆိုတာ သိချင်မှသိလိမ့်မယ်။ ဘာပဲပြောပြော ၁၀၂၇ မှာ BPLA တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်ဆိုတာကို ကြေညာထားတာ တွေ့ရတယ်။


    အဲ့ဒီ ၁၀၂၇ ရဲ့ အဓိကလက်နက်ဟာ Drone နည်းပညာနဲ့ လူအင်အားကို လှိုင်းလုံးလို အသုံးချခဲ့ခြင်း ပဲဖြစ်ပါတယ်။ လူအင်အားသောင်းချီကို လက်နက်ခဲယမ်း ဘယ်လိုတပ်ဆင်မလဲ။ ရှော့ခ်တိုက်ဒုံးနဲ့ ဒရုန်းဗုံးသီးတွေ၊ ကျည်ဆန်တွေကို ပေါက်ပေါက်ဆုတ် ကျဲသလို ကျဲနိုင်တာ၊ ပစ်ခတ်ခဲ့တာတွေကို ဘယ်လို စုဆောင်းထားနိုင်မလဲ။ တချို့လက်နက်တွေ၊ ခဲယမ်းတွေဟာ 'ဝ'ဆီက ရတာဖြစ်သလို လက်နက်ခဲယမ်းအားလုံးရဲ့ သုံးပုံနှစ်ပုံဟာ 'ဝ'နဲ့ မိုင်းလားက လာတာမဟုတ်ဘူး။ ၁၀၂၇ မှာ အသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ တရုတ်လက်နက်နဲ့ တရုတ်နည်းပညာတွေပဲ ဖြစ်ပါတယ်။ ဒရုန်းစစ် ဆင်ရေး နည်းပညာကို အလကားနေရင်း၊ သာမန်လေ့ လာရင်းနဲ့ တိတိကျကျ ထိထိရောက်ရောက် ပစ်နိုင်ဖို့ဆိုတာ လွယ်မယ်ထင်လို့လား။ နည်းပညာကျွမ်းကျင်တဲ့ ပညာရှင်တွေကို တိုက်ပွဲမှာပါဝင်ဖို့ အကူအညီမပေးရင်တောင် အနိမ့်ဆုံး နည်းပညာသင်တန်း မပေးဘဲနဲ့မနေ ဘူးဆိုတာ ရှင်းတယ်။
    ထိုအခြေအနေတွေနဲ့ တိုက်ပွဲဆင်နွှဲခဲ့ကြပြီး အတန်အသင့် နယ်မြေသိမ်းပိုက်စိုးမိုးပြီးချိန်မှာ တရုတ်စပွန်ဆာနဲ့ အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့ကြတယ်။ တရုတ်နိုင်ငံ ဟိုင်ဂင်မှာ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပေမယ့် လိုလားတဲ့ ငြိမ်းချမ်းရေး အပြည့်မရခဲ့ဘူး။ အပစ်ရပ်ထားတဲ့ပုံစံကလည်း ရောက်တဲ့နေရာမှာ ရပ်ထားရတဲ့ပုံစံဆိုတော့ အလိုလိုနေရင်း သူတို့ကို နေရာပေးထားသလို ဖြစ်စေခဲ့တယ်။ ရှမ်းမြောက်ဒေသမှာ ခေတ္တခဏတိုက်ပွဲတွေရပ်စဲခဲ့တယ်ဆိုပေမယ့် ထိုအင်အားအစုအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆင်နွှဲခဲ့တာတွေ့ရမယ်။ သိပ်အဓိပ္ပာယ်မရှိတဲ့ ငြိမ်းချမ်းရေး ဇာတ်လမ်းလို့ဆို ရမယ်။ ရှမ်းမြောက်မှာ MNDAA နဲ့ TNLA တို့နေရာရ ခဲ့ပြီး ရခိုင်ပြည်နယ်မှာ AA တို့ နေရာမရသေးလို့ဆိုတာ ရှင်းတယ်။ ဒါ့အပြင် အဲ့ဒီဆွေးနွေးပွဲတွေမှာ ဘာတွေဆွေးနွေးခဲ့ကြသလဲ။ ထာဝရငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုအတွင်းမှာ ပြည်သူတွေအလိုကျ ဒီမိုကရေစီစနစ်နဲ့ အတူယှဉ်တွဲနေထိုင်နိုင်မယ့် အရေးကိုသူတို့တွေ လုံးဝမစဉ်းစားခဲ့ကြတာတော့ ထင်ရှားတယ်။  
    တရုတ်က နယ်စပ်ကုန်သွယ်ရေးပြန်စဖို့နဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းမှာရှိတဲ့ သူ့တပည့်တွေကို အခွန်အချိုးအစားတစ်ခု တရားဝင်ပေးဖို့ ဖိအားပေးလာတာ သတိထားမိတယ်။ ဒါဟာ ဘာကိုချဉ်းကပ်ပြီး ဘယ်လိုအဓိပ္ပာယ် သက်ရောက်စေပါသလဲ။ အပစ်အခတ်ရပ်စဲရေးအရ တရားမဝင်ပေမယ့် နယ်မြေအပိုင်စားပေးထားရသလို ဖြစ်နေချိန်မှာ အခွန်ပါ တရားဝင်ပေး လိုက်ရရင် ထိုဒေသတွေဟာ MNDAA နဲ TNLA တို့ရဲ့ Defacto ဒေသတွေအဖြစ် ရောက်ရှိသွားမှာ သေချာတယ်။ ဒါကြောင့်လည်း တပ်မတော်နဲ့ နစကအစိုးရက တရုတ်ခင်းတဲ့ ဒီလမ်းကြောင်းကို မလိုက်ခဲ့တာဘဲ ဖြစ်တယ်။ ဒေသတစ်ခုကို လက်နက်ကိုင် သိမ်းပိုက်နိုင်လို့ပေးလိုက်ရတာမျိုးဟာ ထိုဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကို မျက်ကွယ်ပြုရာရောက်စေမှာဖြစ်တယ်။ အခြေခံဥပဒေထက် ကျော်လွန်စွာ ဒေသတစ်ခုပေးဖို့ တပ်မတော်နဲ့ နစကမှာအာဏာမရှိဘူး။ သို့သော် ထိုဒေသတွေကို အခြေခံဥပဒေအတိုင်း ပြန်ဖြစ်စေဖို့ကတော့ တပ်မတော်နဲ့နစကမှာ တာဝန်ရှိတယ်။ ညှိနှိုင်းဆွေးနွေးပွဲကတစ်ဆင့် သဘောတူချင်တူ၊ မတူရင် တစ်ချိန်ချိန်မှာ ပြန်တိုက်ယူရမှာသေချာတယ်။ အဲ့ဒီအတွက် တရုတ်ချိုးတဲ့ ဖဲနောက် မလိုက်တာ မှန်တယ်လို့မြင်တယ်။ 
    တရုတ်နိုင်ငံရဲ့ လတ်တလောအခြေအနေကို ကြည့်ရင် သူနဲ့ဆက်စပ်နေတဲ့ နိုင်ငံငယ်လေးတွေကို နိုင်လိုမင်းထက် လုပ်နေတာ သတိထားမိတယ်။ ရှီကျင့်ဖျင်ရဲ့ အမျိုးသားရေးအမြင်နဲ့ အာဏာတည်ဆောက်မှုက သူ့ရှေ့က ခေါင်းဆောင်တွေထက် ပိုမိုထက်မြက်သလို ပိုမိုသဘောထားတင်းမာသူအဖြစ် ရှုမြင်ရတယ်။ ဟူကျင်တောင်လိုလူမျိုးကိုပင် ကွန်ကရက်က ဆွဲထုတ်သွားစေခဲ့တာကိုကြည့်ရင် သူ့နောက်မလိုက်လို့ကတော့ ဘယ်သူ့မျက်နှာမှထောက်မယ့် သူမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်အတွင်းမှာ ရှိတဲ့ ထိုင်ဝမ်နဲ့ဖိလစ်ပိုင်။ အဲ့ဒီနိုင်ငံလေးတွေဟာ အမေရိကန်နဲ့ပတ်သက်တဲ့ နိုင်ငံငယ်လေးတွေဖြစ်ကြပြီး ရုရှား၊ ယူကရိန်း အရေးအခင်းကတစ်ဆင့် တတိယကမ္ဘာစစ် ဖြစ်ပွားလာလို့ စစ်မီးကူးစက်လာရင် တရုတ်အနေနဲ့ ထိုနိုင်ငံလေးတွေကို လက်ဦး မှုရယူ သိမ်းပိုက်ဖို့ ရည်မှန်း ထားပုံရတယ်။ ထိုင်ဝမ်ကတော့ စစ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သိပ်ကြာမယ်မထင်ဘူး။ ရုရှားအားသာလာပြီး ယူကရိန်းနဲ့ နေတိုးအုပ်စု အားနည်းလာတဲ့အချိန်ကို တစ်ချက် ကြည့်ရလိမ့်မယ်။ ဘယ်လိုပဲပြင်ဆင်ပြင်ဆင် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ စိုးမိုးနိုင်ဖို့ အတော်ခက်ခဲမယ့် အခြေအနေမှာရှိတယ်။  သူ့နိုင်ငံအတွင်းမှာ စစ်အဖြစ်မခံဘဲ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ကမ္ဘောဒီး ယားနိုင်ငံတွေမှာသာ စစ်ခင်းမယ့်သဘောတွေ့ရတယ်။ အားကောင်းလာတာနဲ့အမျှ စစ်မဖြစ်လည်း လွှမ်းမိုးမှု၊ စိုးမိုးမှု ရအောင် ပြင်ဆင်နေတဲ့သဘောပဲ။ ဒါက တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်း။
    အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ တရုတ်အတွက် တစ်ခုတည်းသော ပင်လယ်ထွက်ပေါက်ဖြစ်သလို အနီးဆုံးဝင်ပေါက်လည်း ဖြစ်တယ်။ မြန်မာနိုင်ငံသာ စိတ်မချရရင် သူ့ရဲ့ လုံခြုံရေးနဲ့ အကျိုးစီး ပွားကို အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တဲ့အတွက် Proxy မွေးပြီး ကြားခံနယ်မြေ တည်ဆောက်ထားခဲ့တာ ဗကပ အင်အားကောင်းစဉ်အချိန်ကတည်းကပဲ မဟုတ်လား။ စီးပွားရေးအရလည်း ခေတ်အဆက်ဆက် ရင်းနှီးမြှုပ်နှံခဲ့တာ အတော်များတယ်။ ခေတ်အဆက်ဆက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကြွေးကြော်ခဲ့ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဆက်ဆံရေးပြောင်းသွားမှာ၊ အနောက်ဘက်ကို ယိမ်းသွားမှာ အသေကြောက်တဲ့သဘောရှိတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအပေါ်မှာ အမျိုးသားရေး အမြင်ကြီးမားပြီး အနောက်အုပ်စုရဲ့ ဗိုလ်ကျစိုးမိုးမှုကို လက်မခံတဲ့ တပ်မတော်နဲ့ တပ်မတော်နောက်ခံ အစိုးရတွေကို ထောက်ခံအားပေးခဲ့တာပဲ ဖြစ်တယ်။ ဆက်ဆံရေးအဆင်ပြေနေချိန်မှာ သူမွေးထားတဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဟာ ငြိမ်နေလေ့ရှိပြီး သူ့စိတ်ထဲ မှာ တစ်ခုခုဖြစ်ရင်၊ အဆင်မပြေရင် ထိုအုပ်စုတွေ ပြဿနာထရှာတတ်တာ မြန်မာနိုင်ငံရဲ့ သဘာ၀လိုဖြစ်နေတာ တွေ့ရလိမ့်မယ်။ 
    ၂၀၁၁ ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ ရွေးကောက်ခံအစိုးရပေါ်လာတဲ့အချိန်မှာ တရုတ် နိုင်ငံကလည်း ရှီကျင့်ဖျင် အာဏာရလာတာတွေ့ရမယ်။  ဟူကျင်တောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ အခင်းအကျင်းဟာ ဦးသိန်းစိန်နဲ့ ရှီကျင့်ဖျင် အခင်းအကျင်းဖြစ်လာတယ်။  ဒီဘက်က ကမ္ဘာ့နိုင်ငံရေးမှာ ဝိုင်းပယ်ခံထားခဲ့ ရတာတွေ ပြေလည်စေဖို့ ကြိုးစားလာခဲ့သလို ဟိုဘက်ကလည်း သူ့ကိုလက်မလွှတ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာတာ တွေ့ရမယ်။ အဲ့ဒီမှာအကျိုးစီးပွား စငြိလာတဲ့ သဘောဖြစ်လာပြီ။ မြစ်ဆုံရေအားလျှပ်စစ် ဆိုင်းငံ့ထားခဲ့တဲ့ကိစ္စနဲ့ အိုဘားမား မြန်မာနိုင်ငံကို လာစေခဲ့တဲ့အထိ ဖြစ်လာခဲ့ တာတွေဟာ ရှီကျင့်ဖျင်အတွက် အတော်စပ်ဖျင်းဖျင်း ခံရလိမ့်မယ်လိုထင်တယ်။ အတော်အခံရ ခက်တဲ့သဘောမှာ ရှိလိမ့်မယ်။ ရှီကျင့်ဖျင်က မူဝါဒအဖြစ် မြစ်ဆုံရေအားလျှပ်စစ်ကိစ္စ ပြန်မစမချင်း မြန်မာနိုင်ငံမှာ ဘယ်ရေအားလျှပ်စစ်မှ မလုပ်ရဘူးဆိုပြီး ယခုချိန်ထိ ကိုင်စွဲထားတဲ့အဖြေဟာ ယခုချိန်ထိ မြန်မာနိုင်ငံနဲ့ အစိုးရအပေါ်မှာ အခဲမကျေဘူးဆိုတာ ရှင်းတယ်။ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ရဲ့လုပ်ရပ်က တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ချမှတ်ထားတဲ့မူဝါဒတွေ၊ ဆက်ဆံရေးတွေကို ချိုးဖောက်တာ၊ ဘက်ပြောင်းတာမျိုးမဟုတ်ဘဲ ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တယ်စွာပါဝင်လာ နိုင်အောင် ကြိုးစားရုံသက်သက်ပဲ ဖြစ်တယ်။ ယခုချိန်အထိလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံနေဆဲပဲဖြစ်တယ်။ ကျန်ဆက်ဆံရေးကတော့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လုပ်သင့်တာ လုပ်ဖို့ပဲ မဟုတ်လား။ ယခုချိန်ထိ တပ်မတော်နဲ့ အမျိုးသားရေးအားသန်တဲ့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ အနောက်အုပ်စုဘက်ကို မယိမ်းသေးတာ တရုတ်အနေနဲ့ ကျေးဇူးတင်သင့်တယ်။ နောင်တစ်ချိန် အတင်းအကျပ် နိုင်လိုမင်းထက်လုပ်လာရင်တော့ ယိမ်းသင့်ရင် ယိမ်းသွားရမှာပဲဖြစ်တဲ့အတွက်  တွန်း မပို့သင့်ဘူးလို့ မြင်တယ်။ 
    ယခုဖြစ်ပွားနေတဲ့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးရဲ့ အဖြေကရှင်းတယ်။ တပ်မတော်ဘက်က ဟိုင်ဂင်သဘောတူညီချက်ကို ဘာမှမချိုးဖောက်ခဲ့ဘူး။ သတ်မှတ်ထားတဲ့ နယ်မြေထက် တဖြည်းဖြည်းချင်း ကျော်လာတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို နယ်မကျော်အောင် သတိပေးတားမြစ်တာပဲရှိတယ်။ ၁၀၂၇ ဒုတိယပိုင်း ကြွေးကြော်ပြီး တိုက်စစ်ဆင်လာတဲ့အချိန်မှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ ပုံစံပြောင်းကြွေး ကြော်လာတာက စစ်အာဏာရှင် အမြစ်ဖြုတ်ရေးဆိုတာတွေ့ရတယ်။ ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ နယ်မြေကျော် တိုက်စစ်ဆင်လာတဲ့အခါ ကျားဖျန့်လည်း အကြောင်းပြလို့ မရတော့သလို သူတို့နယ်မြေ သူတို့ပြန် တိုက်ယူတယ်လို့လည်း ကြွေးကြော်လို့မရဘူး။ ဒါကြောင့်လည်း BPLA နဲ့ PDF ကို ရှေ့တန်းတင်လာတာပဲ ဖြစ်တယ်။ NUG ကလည်း ရှမ်းမန်းစစ်ဆင်ရေးဆိုပြီး ကြွေးကြော်လာတာ တွေ့ရမယ်။ တိုက်ပွဲဧရိယာ ဘောင်ကျယ်ပြီး သုံးခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာလည်း ပေါချင်းသောချင်း။ ဘယ်ကရပါသလဲ။ အချိန်တိုကာလအတွင်းမှာ အဲ့ဒီလောက်ထိ လူအင်အား၊ လက်နက်အင်အား စုဆောင်းထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တိုက်ပွဲသဘာ၀ နားလည်သူဆို ပိုရှင်းလိမ့်မယ်။ တိုက်ပွဲကာလမှာ MNDAA ကထုတ်ပြန်တဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်မယ်ဆိုတဲ့ ကြေညာချက်က ဘာသဘောလဲ။ တိုက်ပွဲအတွင်းမှာ တရုတ်တပ်မတော်သာ သီးသန့်သုံးတဲ့ Sniper သေနတ်ကို MNDAA တို့ အသုံးပြုတိုက်ခိုက်နိုင်ခဲ့တာ ဘာကြောင့်လဲ။ အထိအခိုက် အကျအဆုံးများလာပြီး တပ်ပြန်တည်ဆောက်ဖို့၊ လက်နက်ခဲယမ်း လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ လိုလာတဲ့အချိန်မှာ ဟိုင်ဂင် ဆွေးနွေးပွဲလုပ်ဖို့ တရုတ်က စီစဉ်တာဘာအတွက်လဲ။ ဟိုင်ဂင်မှာ ကျိန်းသေပေါက် ၁၀၂၇ ပထမ စစ်ဆင်ရေး တုန်းကလို ရောက်တဲ့နေရာရပ် ဆိုတဲ့ပုံစံနဲ့ နယ်မြေ သိမ်းမှာကလွဲလို့ ဘာမှမရှိဘူး။ ရှမ်းမြောက်မှာရပ်ပြီး BPLA နဲ့ PDF က မန်းမှာ သူတို့နဲမဆိုင်ဘူးဆိုပြီး AA လို လုပ်ဦးမှာပဲ။ နားလှည့်ပါး ရိုက်မယ့်သဘော။ ဒါကြောင့်လည်း နစကဥက္ကဋ္ဌနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်မခံခဲ့ တာ။ 
    ယခုဖြစ်ပွားနေတဲ့ ရှမ်းပြည်(မြောက်ပိုင်း)နဲ့ မန္တလေးတိုင်းအတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ မရိုးစင်းပါ။ သူ့လိုဘနဲ့ သူပါ။ တရုတ်ရဲ့လိုလားချက်၊ MNDAA နဲ့ TNLA ရဲ့လိုလားချက်၊ BPLA နဲ့ PDF တို့ရဲ့ လိုလားချက်တွေဟာ မတူညီကြပါ။ သို့သော် နယ်မြေရယူရေးနဲ့ တပ်မတော်ချည့်နဲ့ရေး ရည်ရွယ်ချက်တွေကတော့ တူကြပါလိမ့်မယ်။ ဒီနေရာမှာ စိုးရိမ်စရာကောင်းတာက တရုတ်ရဲ့လိုလား ချက်ပါ။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း အခြေအနေတွေ၊ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေဟာ Proxy War သက်သက်မဟုတ်တော့ဘဲ သူ့ရဲ့အမာခံအင်အားတွေ နယ်မြေသိမ်း ပိုက်ရရှိရေးနဲ့ သူ့အတွက် Buffer Zone ပိုမိုရရှိရေးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ သူယုံကြည်ပြီး သူခိုင်းလို့ရတဲ့သူတွေကို  သူ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပင်လယ်ထွက်ပေါက်၊ ဝင်ပေါက် မဟာဗျူဟာ အရေးကြီးဒေသကို စိုးမိုးထားနိုင်ရေး ရည်ရွယ်ချက်အရ ဆောင်ရွက်နေ တယ်ဆိုတာ  လွဲစရာမရှိဘူး။ ဒါဟာ ပြည်တွင်းလောက်ကောင်တွေကို လက်နက်တပ်ဆင်အသုံးချတဲ့ ခေတ်သစ် ကိုလိုနီ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ယခုတပ်မတော်က ခုခံတိုက်ခိုက်နေတဲ့ စစ်ပွဲဟာ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မိမိတို့နိုင်ငံအတွက် အသက်စွန့်တိုက်နေရတဲ့ တရားသောစစ်ပါ။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မိမိတို့ အချုပ်အခြာအာဏာ မဆုံးရှုံးစေဖို့ တရားသောစစ် ဆင်နွှဲနေရတဲ့ ဒီအချိန် ဒီကာလမှာ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာနဲ့ ပါဝင်တွန်းလှန် ဖို့လိုပါတယ်။ အချုပ်အခြာအာဏာ ဆုံးရှုံးသွားချိန်ကျမှ ငိုကြွေးနေလို့ကတော့ ဘာမှထူးခြားလာမှာ မဟုတ်ပါ။  
( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 467

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.