တရုတ်-မြန်မာ ပေါက်ဖော်ဆက်ဆံရေးရဲ့ အပေးအယူ အပူအအေး

၂၀၂၄ ဇန်နဝါရီ ၃၀

    ခေတ်ပြိုင်သမိုင်းရဲ့ အချိုးအကွေ့တစ်ခုမှာ 'တရုတ်-မြတ်မာ ဆက်ဆံရေး'ဟာ အရေးကြီးတဲ့ အနေအထားတစ်ခုကို ရောက်နေတာ ဂရုပြုမိကြပါလိမ့်မယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ 'ပေါက်ဖော်ဆက်ဆံရေး'ဆိုတဲ့ ဝိသေသလက္ခဏာရှိနေတာလည်း သတိပြုကြရမှာပါ။ တရုတ်-မြန်မာ ပေါက်ဖော်ဆက်ဆံရေး ထူထောင်လာခဲ့တာ ယခုနှစ် ၂၀၂၄ ခုနှစ်မှာ နှစ်ပေါင်း '၇၀'တိုင်ခဲ့ပါပြီ။ ခက်ခဲကြမ်းတမ်းတဲ့ သမိုင်းခေတ်တွေကို ဖြတ်သန်းပြီးတော့မှ ပေါက်ဖော်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြတာပါ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉၄၉ အောက်တိုဘာ ၅ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့ပါတယ်။ မြန်မာဟာ ကူမင်တန်(ချန်ကေရှိတ် တရုတ်ဖြူ) နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီး တရုတ်ပြည်ကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ဥက္ကဋ္ဌမော်စီတုန်းဦးဆောင်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ကို အသိအမှတ်ပြုရာမှာ မြန်မာဟာ ကွန်မြူနစ်မဟုတ်သော ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။
    ဒါပေမဲ့ အဲဒီတုန်းက တရုတ်ကွန်မြူနစ်များဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ကမ္ဘာ့တော်လှန်ရေး ကြွေးကြော်နေချိန်ဖြစ်ရာ မြန်မာရဲ့ ကြားနေရေး နိုင်ငံရေး ပေါ်လစီကို ဝေဖန်ထိုးနှက်ခဲ့ပါတယ်။ မြန်မာအစိုးရကို 'နယ်ချဲ့လက်ပါးစေ'လို့ တရုတ်ကွန်မြူနစ်ခေါင်းဆောင် လျူရှောက်ချီက ကင်ပွန်းတပ်ခဲ့ပါတယ်။ (အဲဒီလျူရှောက်ချီဟာ ကွန်မြူနစ်ပါတီမှာ သက်ဆိုးမရှည်လိုက်ပါဘူး။ ဓနရှင်ပေါက်စ ပညာတတ် ဉာဉ်ရှိတယ်ဆိုပြီး ဖြုတ်ထုတ်ရှင်းလင်းခြင်း ခံသွားရပါတယ်။) ၁၉၄၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ ပေကျင်းက ဦးစီးကျင်းပတဲ့ အာရှနှင့် သြစတြေးလျနိုင်ငံများရဲ့ ကမ္ဘာ့အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကွန်ဖရင့်မှာ လျူရှောက်ချီက မြန်မာပြည်ရှိ နယ်ချဲ့နှင့် နယ်ချဲ့လက်ပါးစေများကို တိုက်ခိုက်လျက်ရှိတဲ့ ဗကပကို ထောက်ခံကြဖို့ တိုက်တွန်းခဲ့တာပါ။
    တကယ်တော့ ဗကပဆိုတာ မြန်မာနိုင်ငံပြည်တွင်းစစ်ကို စတင်မီးမွှေးခဲ့တဲ့ အင်အားစုကြီးတစ်ခု ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် ပြည်တွင်းစစ်ကို မွေးဖွားပေးခဲ့တာ ဗကပနှင့် ကေအင်ဒီ အို(ကရင်)တို့ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုဟာ လွတ်လပ်ရေးရဲ့ အသီးအပွင့် ငြိမ်းချမ်းရေးအရသာကို မခံစားရဘဲ ပြည်တွင်းစစ်ကြီးကို မျက်မှောက်ပြုလိုက်ရတာဖြစ်ပါတယ်။ ပြီးတော့ တရုတ်ကွန်မြူနစ်တွေကို တိုက်ထုတ် လိုက်လို့ ထွက်ပြေးလာတဲ့ ကူမင်တန်တရုတ်ဖြူတွေဟာ ရှမ်းပြည်နယ်ထဲ ဝင်ရောက်လာပါတယ်။ တရုတ်ကွန်မြူ နစ်တွေက KMT ကိုလိုက်တိုက်ရင်း ရှမ်းအရှေ့မြောက်ဒေသထဲ ဝင်ရောက်လာတာတွေဟာလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။
    မြန်မာပြည်လွတ်လပ်ရေးရချိန်မှာ ဖဆပလ အစိုးရဟာ ကူမင်တန်တရုတ်နဲ့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပေမယ့် ကွန်မြူနစ်တွေအောင်ပွဲခံပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်လိုက်တာနဲ့ ၁၉၄၉ ဒီဇင်ဘာ ၁၈ မှာ ကူမင်တန်နဲ့ သံတမန်ဆိုင်ရာ အသိအမှတ်ပြုမှုကို ရုပ်သိမ်းခဲ့ပါတယ်။ ဥက္ကဋ္ဌမော် ဦးဆောင်တည်ထောင်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ကို အာရှနိုင်ငံတွေထဲမှာ မြန်မာက ပထမဆုံးအသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံချင်းဆက်ဆံရေးက နောက်ရောက်နေပြီး ပါတီချင်းဆက်ဆံရေးကသာ ရှေ့ရောက်နေပုံရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ အဖိနှိပ်ခံတွေဘက်က ရပ်တည်ကြောင်း ဘယ်လိုပင် ပြောနေပေမယ့် တရုတ်လူမျိုးကြီးဝါဒရှိနေတာ အထင်အရှားပဲလို့ လေ့လာသူများက သုံးသပ်ခဲ့ပါတယ်။
    မြန်မာက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်ပေမယ့် သံအမတ်ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲက လက်ခံရယူခြင်းမပြုဘဲ လက်ထောက်တစ်ယောက်က လက်ခံမည်ပြုရာ မြန်မာသံအမတ်ကြီး ဦးမြင့်သိန်းက ငြင်းပယ်ခဲ့ပါတယ်။ မြန်မာသံအမတ်ကြီးက ဇာတိပုညဂုဏ်မာနကို ပြတဲ့အနေနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံချင်းဆက်ဆံရာမှာ သံအမှတ်ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲအောက်နိမ့်ကျတဲ့ မည်သူ့ကိုမျှ မပေးနိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ သံအမတ်ခန့်အပ်လွှာကို မော်စီတုန်းကိုယ်တိုင် လက်မခံရင် ရန်ကုန်ပြန်လာခဲ့ပါလို့ မြန်မာအစိုးရက ညွှန်ကြားလေတော့မှ ဥက္ကဋ္ဌကြီးမော်စီတုန်းကိုယ်တိုင် လက်ခံခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးအစပိုင်းမှာ အဖုအထစ်တွေရှိခဲ့ပေမယ့် ၁၉၅၄ ခုနှစ်သို့ ရောက်တဲ့အခါ 'ပေါက်ဖော်'ဆိုတဲ့ စကားလုံးကို မြန်မာဘက်က (ဝန်ကြီးချုပ်ဦးနုက) တီထွင်သုံးနှုန်းပြီး တရုတ်-မြန်မာဆက်ဆံရေးကို မြှင့်တင်လိုက်ပါတယ်။
    ဒီအကြောင်းတွေကို တရုတ်ရေးရာ ကျွမ်းကျင်သူ ဆရာမောင်အောင်မျိုးက 'in the Name of Pauk Phaw' (Myanmar's China Policy Since 1948' အမည်နဲ့ စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ ဒီစာအုပ်ကို ဆရာ စိန်ဝင်းစိန်က 'ပေါက်ဖော်တဲ့လား ...၁၉၄၈ မှစတင်သည့် မြန်မာပြည်၏ တရုတ်ပေါ်လစီ'အမည်နဲ့ ဘာသာပြန်ခဲ့ပြီး ၂၀၁၅ ဇွန်မှာ ပန်းဆက်လမ်းစာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဆရာ မောင်အောင်မျိုးဟာ 'မန္တလေးတက္ကသိုလ်မှ BA ဘွဲ့နှင့် ဂျပန်ပြည် နိုင်ငံတကာတက္ကသိုလ်မှ MA ဘွဲ့ကို နိုင်ငံတကာ ဆက်ဆံရေး ဖြင့်လည်းကောင်း၊ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ Ph.D ဘွဲ့ကို နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး တို့ဖြင့်လည်းကောင်း ရရှိခဲ့သည်။ နန်ယန်နည်းပညာ တက္ကသိုလ် ကာကွယ်ရေးနှင့်မဟာ ဗျူဟာလေ့လာရေး အင်စတီကျုနှင့် စင်ကာပူအမျိုးသား တက္ကသိုလ်အာရှ သုတေသန အင်စတီကျုတို့တွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ့နိုင်ငံရေးနှင့် နိုင်ငံခြားဆက်ဆံရေးအပြင် ဒေသရေးရာ၊ လုံခြုံရေး၊ မဟာဗျူဟာနှင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးတို့ကို သုတေသနပြုခဲ့သည်။ ဂျပန်ပြည် နိုင်ငံတကာ တက္ကသိုလ်တွင် အရှေ့တောင်အာရှနိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ကို ပို့ချလျက်ရှိသည်'လို့ ဖော်ပြထားပါတယ်။ (ဆရာမောင် အောင်မျိုးဟာ 'တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အကြောင်း တစေ့တစောင်း'စာအုပ်ကို မြန်မာဘာသာဖြင့် ရေးသားခဲ့ပြီး ၂၀၀၇၊ ဖေဖော်ဝါရီလက ပြည့် စုံစာအုပ်တိုက်က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။)
    ဆရာမောင်အောင်မျိုးရဲ့ 'ပေါက်ဖော်'စာအုပ်ကို ဟောင်ကောင်စီးတီးတက္ကသိုလ်ရဲ့ Ph.D  ကျောင်းသားတစ်ဦးဖြစ်သူ ရစ်ကီဝိုင်ခေးယွယ် (Ricky Wai-Kay Yre)u Journal of Comparative Asian Development, 2014  အတွဲ ၁၃၊ အမှတ် (၂) မှာ ဝေဖန်သုံးသပ်ထားတာကိုလည်း ဘာသာပြန်ဆို ဖော်ပြထားပါတယ်။
    'မောင်အောင်မျိုး၏ လေ့လာချက်အရ ၁၉၅၀-၂၀၁၀ အတွင်း ပေါက်ဖော်အသုံးအနှုန်းကို တရုတ်ဘက်မှ ကိုးကြိမ်နှင့် မြန်မာဘက်မှ လေးကြိမ် အသုံးပြုသည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာဘက်မှ ညီအစ်ကို အသုံးအနှုန်းကို နှစ်ကြိမ်သုံးစွဲသည်။ ဤအသုံးအနှုန်းကို တရုတ်ဘက်မှ တစ်ကြိမ်တစ်ခါမျှ မသုံးစွဲပါ။ တရုတ်နှင့် မြန်မာအကြား ဆွေမျိုးရင်းချာ ဆက်ဆံရေးပုံစံကို စုစုပေါင်း ၁၅ ကြိမ် အသုံးပြုခဲ့ခြင်းဖြစ်၏။ ပေါက်ဖော်အသုံးအနှုန်းသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သံတမန်ဆက်ဆံရေးတွင် အထူးနေရာတစ်ခု ရရှိထားသလိုပါ။ ဤကိစ္စနှင့်စပ်လျဉ်း၍ ပေါက်ဖော်အသုံးအနှုန်း ကို သံတမန်လက်နက်တစ်ခုအဖြစ် ဘယ်သူတွေ သုံးခဲ့သလဲ၊ ဘယ်တုန်းက သုံးခဲ့သလဲ၊ ဘာကြောင့် သုံးခဲ့သလိုဆိုသည်များကို ဆက်စက်ကြည့်ဖို့ လိုပေ၏။' (စာ-ဋ)
    တရုတ်နှင့်မြန်မာကြားက အဖုအထစ်တွေကို ဖြေရှင်းရာမှာ 'ပေါက်ဖော်'ဆိုတဲ့ စကားလုံးဟာလည်း အကြောင်းတစ်ခုအနေနဲ့ ပါဝင်လာခဲ့တယ်လို့ဆိုပါတယ်။ ၁၉၅၄ ဇွန်လမှာ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းရန် ကုန်ရောက်လာပြီး ဒီဇင်ဘာမှာ ဦးနုပေကျင်းသို့အလည် အပတ်သွားခဲ့ပါတယ်။ '၁၉၅၄ ဒီဇင်ဘာ ၁၂ တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အစိုးရတစ်ခုချင်းဆီသည် မိမိတိုင်းပြည်တွင် နေထိုင်လျက်ရှိသည့် အခြားတိုင်းပြည်မှ လူမျိုးများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ရန် သဘောတူကြသည်ဟု ဖော်ပြပါရှိ၏။ ဤသံတမန်ရေးရာ အောင်မြင်မှုနှင့်အတူ အပြန်အလှန် နားလည်မှုအပေါ် အခြေခံသည့် တရုတ်- မြန်မာဆက်ဆံရေးကို ဦးနုက ဂရုတစိုက်ပျိုးထောင်ပါ သည်။' (စာ-၈)
    'နှစ်နိုင်ငံဆက်ဆံရေးကို ဖော်ပြရန် မြန်မာအစိုးရက 'ပေါက်ဖော်' အသုံးအနှုန်းကို တီထွင်လိုက်သည်မှာ ဤကာလအတွင်းမှာပါ။ ၁၉၅၅   အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းတွင် ကျင်းပသည့် အာရှ-အာဖရိက ကွန်ဖရင့်သို့ တရုတ်ကို ဦးနုခေါ်သွင်းလာခြင်းဖြင့် မြန်မာ့စိတ်ကောင်းကို ပြသခဲ့၏။ နိုင်ငံတချို့ ကန့်ကွက်နေသည့်ကြားမှ ဦးနုက ဘန်ဒေါင်းညီလာခံသို့ တရုတ်အား မဖိတ်ကြားလျှင် မိမိအနေဖြင့် ညီလာခံတက်ရောက် မည်မဟုတ်ကြောင်း လူသိရှင်ကြား ကြေညာသဖြင့် နောက်ဆုံးတွင် တရုတ်အား ညီလာခံသို့ ဖိတ်ကြားလိုက်ပါသည်။ ၁၉၅၄ တွင် တရုတ်နှင့် အိန္ဒိယအကြား ချုပ်ဆိုသည့် ပန်ရှီးစာချုပ်ပါ မူငါးရပ်ကို ဘန်ဒေါင်းညီလာခံတွင် ထည့်သွင်းသည်။ ဤမူများတွင် တစ်ဦး၏ ပိုင်နက်သိက္ခာနှင့် အချုပ်အခြာအာဏာကို တစ်ဦးက လေးစားရန်၊ တစ်ဦးကိုတစ်ဦး (တစ်နိုင်ငံနှင့်တစ်နိုင်ငံ) မကျူးကျော်ရန်၊ ပြည်တွင်းရေးကို မစွက်ဖက်ရန်၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးပြုရန်နှင့် ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရန်တို့ ပါဝင်၏။ ကွန်ဖရင့်အပြီးတွင် ချူအင်လိုင်း ရန်ကုန်သို့လာ ရောက်ပြီး ဦးနုနှင့်အတူ မြန်မာအတာသဘင်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့၏။ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူငါးရပ်အပေါ် အခြေခံထားသည့် ဘန်ဒေါင်းစိတ်ဓာတ်သည် တရုတ်-မြန်မာ ဆက်ဆံရေး အသစ်၏ သင်္ကေတအဖြစ်စတင်ပြီး ပေါက်ဖော်ဆက်ဆံရေး အယူအဆသည် ရလဒ်တစ်ခုအဖြစ် အားကောင်းမောင်းသန်ဖြစ်လာခဲ့။' (စာ-ဃ)
    မြန်မာဘက်က ရိုးဖြောင့်မှန်ကန်မှုကို ကြည့်မည်ဆိုလျှင် 'တရုတ်တစ်ပြည်တည်း' ပေါ်လစီ (ထိုင်ဝမ်သည် တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းဖြစ်သည်)ဆိုတာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်တဲ့ ၁၉၄၉ ကစပြီး ယနေ့အချိန်အထိ အသိအမှတ်ပြုထောက် ခံခဲ့တာက သက်သေခံနေပါတယ်။ ကူမင်တန် ပြဿနာကြောင့် တရုတ်-မြန်မာနယ်စပ်မှာ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားခဲ့ပေမယ့် ၁၉၆၀ ဇန်နဝါရီလ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ နှစ်နိုင်ငံ နယ်နိမိတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
    'တရုတ်သည် ဘန်ဒေါင်းစိတ်ဓာတ်ကို လိုက်နာကြောင်း အာရှအိမ်နီးချင်းများအား ပြသလိုခြင်းပါ။ တောင်းဆိုချက်တချို့ကို တရုတ်က ကြည်ကြည်ဖြူဖြူ စွန့်လွှတ်လိုက်ခြင်းကြောင့် မြန်မာ့ပြည်တွင်းရေးတွင် တရုတ်ဝင်ရောက်စွက်ဖက်ခြင်းအတွက် ဝေဖန်မှုကိုလမ်း လွှဲပစ် လိုက်၏။ အပြီးသတ် သဘောတူညီမှုတွင် ဗိုလ်နေဝင်းတောင်းဆိုမှု အများစုကို တရုတ်က လိုက်လျောခဲ့၏။ မည်သို့ဆိုစေကာမူ နယ်နိမိတ်စာချုပ်နှင့် မကျူးကျော် ရေးစာချုပ်တို့ကို ချုပ်ဆိုလိုက်ခြင်းမှာ ပေါက်ဖော်ဆက်ဆံရေး၏ အောင်မြင်မှုဖြစ်သည်ဟု ချူအင်လိုင်းကဆိုပြီး ဗိုလ်ချုပ်ကြီးနေဝင်းကလည်း ချူအင်လိုင်းထက် ပိုကွန့်ကာ 'ညီအစ်ကိုဆက်ဆံရေး'ဟု ဆိုတုံလေ၏။' (စာ-င)
    (ဗိုလ်ချုပ်ကြီးနေဝင်းက ညီအစ်ကို ဆက်ဆံရေးလို့ သုံးနှုန်းပြီးနောက် နှစ်ပေါင်း ၄၀ ကျော်ခန့် အကြာ ၂၀၀၄ ခုနှစ်မှာ ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ထပ်မံသုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က ညီအစ်ကို ဆက်ဆံရေးဆိုတဲ့ စကားလုံးကို ယနေ့တိုင် အောင် တစ်ကြိမ်တစ်ခါမှ အသုံးမပြုခဲ့ပါ။)
    ပေါက်ဖော်ဆိုတာ တစ်အူတုံဆင်း ညီအစ်ကိုရင်းလို့ အဓိပ္ပာယ်မဖော်ဆောင်နိုင်ပေမယ့် ဆွေမျိုး သားချင်းဆိုတဲ့ လေးနက်တဲ့ ရည်ညွှန်းချက်ရှိပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးမှာ အရေးပါတဲ့ အသုံးအနှုန်းဖြစ်တဲ့ ပေါက်ဖော်ဆိုတာ 'နှုတ်ဖျားမှလာသည့် နိုင်ငံရေးစကား လုံးသက် သက်လား'လို့ ရစ်ကီဝိုင်ခေးယွယ်က သုံးသပ်ထားပါတယ်။ ရစ်ကီဟာ အင်္ဂလန်နိုင်ငံ ရှက်ဖီးတက္ကသိုလ်က BA ဘွဲ့ကို Accounting and Financial Management ဖြင့်လည်းကောင်း၊ ဟောင်ကောင်တရုတ်တက္ကသိုလ်မှ Msc ဘွဲ့ကို Global Political Economy ဖြင့်လည်း ကောင်း ရရှိခဲ့ပြီး ပေါက်ဖော်ဝေဖန်ချက်ရေးချိန်မှာ ဟောင်ကောင်စီးတီး တက္ကသိုလ်ရဲ့ Ph.D ကျောင်းသား တစ်ယောက် ဖြစ်ပါတယ်။
    ပေါက်ဖော်ဆိုတဲ့ စကားလုံးကို 'နှစ်နိုင်ငံ၏ ဗျူဟာမြောက် ယဉ်ကျေးမှုမှတစ်ဆင့် စစ်ဆေးကြည့်နိုင်သည့်ကိစ္စပါ။ ပေါက်ဖော် အသုံးအနှုန်းသည် ညီရင်းအစ်ကိုသဘောထားပေါ်တွင် အမြဲတမ်း အခြေခံခဲ့သည့် လောကအမြင်ရှိသော တရုတ်နှင့်မစိမ်းပါ။ ညီရင်းအစ်ကို ဖြစ်မှုမှာ မိသားစုဆက်ဆံရေး တစ်ခုမျှမဟုတ်၊ ကမ္ဘာကြီး တစ်ခုလုံး(ထျန်ရှား)ကို လွှမ်းခြုံသွားအောင် ဖြန့်ကြက်နိုင်သည့် ကွန်ဖြူးရှပ်အယူအဆတစ်ခု ဖြစ်သည်။ ကွန်ဖြူးရှပ်ဝါဒ ဆက်စပ်မှုသည် တရုတ်နှင့် သီးသန့်သက်ဆိုင်သည် မဟုတ်ပါ။ အရှေ့အာရှတွင် ကိုရီးယားနှင့် ဂျပန်ယဉ်ကျေးမှုများကို ကွန်ဖြူးရှပ်ဝါဒက နက်ရှိုင်းစွာ လွှမ်းမိုးထားသည်။' (စာ-ဖ)
    'မြန်မာသည် ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုဖြစ်သော်လည်း ယင်း၏ ဗျူဟာမြောက် ယဉ်ကျေးမှုသည် ဗဟိုနှင့် လက်အောက်ခံတို့အကြား ဆက်ဆံရေးအပေါ်တွင် အမြဲတမ်း အခြေခံခဲ့၏။ တရုတ်နှင့်မြန်မာ၏ ဗျူဟာမြောက် ယဉ်ကျေးမှုများကို ထည့်သွင်းစဉ်းစားလျှင် ပေါက်ဖော်သည် နှုတ်ဖျားမှလာသည့် နိုင်ငံရေးစကားလုံးထက် အဓိပ္ပာယ်ပိုရှိပါသည်။ ပေါက်ဖောက်ဆက်ဆံရေးမှ ညီအစ်ကိုဆက်ဆံရေးအဆင့်ကို မြှင့်တင်ရန် မြန်မာပြည် ကြိုးပမ်းခဲ့သည့် နှစ်ကြိမ်တွင် ဆက်ဆံရေး ဖာထေးလိုသည်ထက် (သို့မဟုတ်) အကူအညီ ရယူလိုသည်ထက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ရှိ ပါလိမ့်မည်။ ညီအစ်ကို အသုံးအနှုန်းကို သုံးစွဲလိုက်ခြင်းတွင် ညီငယ်ကို စောင့်ရှောက်ဖို့ ဝတ္တရားရှိ သည်ဟု တရုတ်ခံစားရ အောင် မြန်မာကြိုးပမ်းလိုက်ခြင်း ဖြစ်သည်မှာ အရှင်းကြီးပါ။ သို့သော် တရုတ်က ညီအစ်ကို ဆက်ဆံရေးကို ဘယ်တုန်းကမျှ မတုံ့ပြန်ခဲ့။ အစည်းအဝေးတွင်လည်း ကောင်း၊ မီဒီယာတွင်လည်းကောင်း ညီအစ်ကို ဆက်ဆံရေးကို မဖော်ပြခဲ့။ ထို့ကြောင့် တရုတ်သည် ပေါက်ဖော် ဆက်ဆံရေးကို လက်ခံယုံကြည်လိုသော်လည်း ကွန်ဖြူးရှပ်သဘောထားအမြင်အရ ညီရင်းအစ်ကိုလို တာဝန်ရှိသည်ဟု မှတ်ယူဖို့တော့ ဘယ် တုန်းကမှ လိုလိုလားလားမရှိခဲ့။' (စာ-ဗ)
    'ပေါက်ဖော်အသုံးအနှုန်းကို မြန်မာက စထွင်သောကြောင့် မြန်မာက တရုတ်ထက်ပိုမို အသုံးပြုလိမ့်မည်ဟု မထင်ပါနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းထိ လေးကြိမ်အသုံးပြုခဲ့သည်။ (ထိုကာလအတွင်း တရုတ်က နှစ်ကြိမ်သာ အသုံးပြုသည်။) ထိုနောက် ဆယ်နှစ်ခြားပြီးမှ ၂၀၀၁ တွင် တရုတ်သမ္မတ ကျန်ဇီမင်းက ပေါက်ဖော်အသုံးအနှုန်းကို အသုံးပြုပြန်၏။ ထောင်စုနှစ်သစ်အတွင်း တရုတ်က ခုနစ်ကြိမ် အသုံးပြုပြီး မြန်မာက နှစ်ကြိမ်သာ အသုံးပြုသည်။ နှစ်နိုင်ငံ သံတမန်ဆက် ဆံရေးသမိုင်းတွင် တရုတ်သည် ညီအစ်ကို အသုံးအနှုန်းကို လုံးဝအသုံးမပြုခဲ့'လို့ ဆိုပါတယ်။
    တရုတ်ဘက်က ပေါက်ဖော်အသုံးအနှုန်းကို ပိုသုံးလာရခြင်းဟာ မြန်မာဆီက ကျောက်ဖြူရေ နက်ဆိပ်ကမ်း အပါအဝင် အခြားသော လိုချင်စရာတွေ ရှိနေလို့ ပါပဲ။
    'တရုတ်၏ ရေနံတင်သွင်းမှု ၈၃ ရာခိုင်နှုန်းကို အမေရိကန်စစ်စခန်းများ တည်ရှိရာ မလက္ကာရေလက်ကြားမှတစ်ဆင့် သယ်ဆောင်ရသည်ဖြစ်ရာ ပိတ်ဆို့ခံရမှု၊ ခြိမ်းခြောက်မှု ရှိနေသဖြင့် မြန်မာမှတစ်ဆင့် တင်သွင်းရန် လမ်းကြောင်းသစ်ရှာရတော့၏။ မြန်မာနိုင်ငံ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်း ကိုဖြတ်၍ ကွမ်ရှီသို့ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း တည်ဆောက်ခြင်းဖြင့် ဖြေရှင်းရတော့အံ့။ ပိုက်လိုင်းမှာ အစိုးရဆန့်ကျင်ရေး သူပုန်သူကန်များရှိနေသည့် ရှမ်းပြည်နယ်၊ မူဆယ်ကို ဖြတ်သွားရလိမ့်မည်။ ၂၀၀၈ တွင် အစိုးရဆန့်ကျင်သူများနှင့် တရုတ်အစည်းအဝေးများ ပြုလုပ်သည်မှာ ပိုက်လိုင်း ဖြတ်သန်းမှု လုံခြုံရေးအတွက်ပါ' (စာ-ဏ)
    ပေါက်ဖော်ဆိုတဲ့ စကားတီထွင်အသုံးပြုလာတာ နှစ်ပေါင်း ၅၀ ခန့်ရောက်တဲ့အချိန် ၂၀၀၄ ခု မတ်လ ၂၅ ရက်မှာ တရုတ်ဒုတိယဝန်ကြီးချုပ် ဝူးယီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံစဉ် 'နှစ်ပေါင်း ၁၅၀ ခန့် ရှည်ကြာခဲ့ပြီဖြစ်သည့် အစဉ်အလာ ပေါက်ဖော်ဆက် ဆံရေးသည် ဆက်လက်ဖွံ့ဖြိုးနေကြောင်း' ပြောကြားခဲ့ပါတယ်။ ဝူးယီက နှစ်ပေါင်း ၁၅၀ လို့ ပိုပိုသာသာ လွဲလွဲမှားမှား ပြောကြားသွားတာ ဖြစ်ပါတယ်။(စာ-၁၈၁-ရှု)
    တရုတ်-မြန်မာ ဆက်ဆံရေးရဲ့ အချိုးအကွေ့တိုင်းမှာ ပေါက်ဖော်ဆိုတဲ့ သံတမန်ဆက်ဆံရေး စကား လုံးကို အားပြုသုံးနှုန်းခဲ့ကြတာ တွေ့ရပါတယ်။ သို့သော် တရုတ်-မြန်မာ ဆက်ဆံရေးဟာ အစဉ် ချောမွေ့ခဲ့သည်တော့ မဟုတ်။ ၁၉၆၇ ခုနှစ် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများကြောင့် နှစ်နိုင်ငံ သံတမန်ပြတ်တောက်သွားတာ သုံးနှစ်ကြာခဲ့ပါတယ်။ ၁၉၇၀ ရောက်မှ သံတမန်များ အပြန်အလှန် ခန့်အပ်ဆက်ဆံခဲ့ကြတာပါ။ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းအကြောင်းကို ဆရာ မောင်အောင်မျိုးက အတော်ပြည့်စုံအောင် ရေးသားဖော် ပြခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၈ ကစပြီး ဗကပကို တရုတ်က အလုံးအရင်းနဲ့ အားပေးအားမြှောက်ပြုခဲ့တာ တွေကိုလည်း ခိုင်ခိုင်မာမာ ဖော်ထုတ်တင်ပြသွားခဲ့ပါ တယ်။ တရုတ်-မြန်မာ ဆက်ဆံရေးရဲ့ သော့ချက်တစ်ခု ကတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။
    'နယ်စပ်ဒေသကို မတည်မငြိမ် ဖြစ်စေနိုင်သည့် အခြားအရေးကြီးပြဿနာများမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊ လူကုန်ကူးခြင်း၊ ကျန်းမာရေးပြဿနာများနှင့် လောင်းကစားမှု တို့ဖြစ်ကြ၏။ တရုတ်တွင် ရောင်းချသည့် ဟီးရိုးအင်း ၉၅ ရာခိုင်နှုန်းသည် ဤဒေသမှလာသည်ဟု ဆိုကြသည်။ အချို့သော အပစ်အခတ် ရပ်စဲရေးအုပ်စုများမှာ မူးယစ်ဆေးဝါး လုပ်ငန်းနှင့် ပတ်သက်နေကြသဖြင့် မကောင်းသတင်းကျော်စောလှ၏။ ၂၀၀၆ ဖေဖော်ဝါရီ ၁၄ တွင် တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းအား နယ်စပ်ရှိ မူးယစ်ဆေးဝါး ပြဿနာကို ပြင်းထန်စွာ ကိုင်တွယ်အရေးယူပေးရန် မေတ္တာရပ်ခံသည်။ မြန်မာအစိုးရက မိမိတို့ တိုင်းပြည်အနေဖြင့် စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွင် အသုံးပြုသည့် ရှေ့ပြေးဓာတုပစ္စည်းများကို မထုတ်လုပ်ကြောင်း၊ ဤကိစ္စများအားလုံး၏ နောက်ကွယ်တွင် အပစ်အခတ်ရပ်စဲရေး အုပ်စုတချို့ရှိနေကြောင်း ပြန်လည်ပြောဆို၏။' (စာ-၂၁၅)
    ဆရာမောင်အောင်မျိုးက တရုတ်-မြန်မာ ဆက်ဆံရေးဟာ သာတူညီမျှဆက်ဆံရေးမဟုတ်ဘူးလို့ ဆိုပါတယ်။
    'တရုတ်-မြန်မာဆက်ဆံရေးတွင် နှစ်နိုင်ငံ ပါဝါချင်းကွာဟသဖြင့် အချိုးမညီမှု အမြဲတမ်းရှိနေ လိမ့်မည်။ ၁၉၄၈-၁၉၆၇ အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးကို 'စံကျအောင်ပြုလုပ်ထားသည့် အချိုး မညီမှု'ဟု ဆိုနိုင်သည်။ ယင်းနောက်တွင် ဆယ်စုနှစ်တစ်ခုလောက် ရှည်ကြာသည့် 'အပြင်းအ ထန်ဆန့်ကျင်သော အချိုးမညီမှု'ကာလတစ်ခုရှိသည်။ ထို့နောက် ၁၉၇၉-၁၉၈၈ ခုနှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် 'စံကျအောင်ပြုလုပ်ထားသည့် အချိုးမညီမှု'နောက်တစ်ခုသို့ ရွေ့သွား၏။ ၁၉၈၈ မှ ၂၀၀၀ ဝန်းကျင်လောက်အထိ နှစ်နိုင်ငံဆက် ဆံရေးကို ]မှီခိုအားထားရသော အချိုးမညီမှု}အဖြစ်ဖော် ပြနိုင်သည်။ ၂၀၀၀ ပြည့်လွန်နှစ်များ၏ စောစောပိုင်းမှ စ၍ နှစ်နိုင်ငံဆက်ဆံရေးသည် 'စံကျအောင်ပြု လုပ်ထားသည့် အချိုးမညီမှု'ကို ပြန်လည်တည်ဆောက်မည့်အနေအထားရှိလာခဲ့သည်။ အနှစ်သာရ အားဖြင့် မြန်မာသည် အချိုးမညီမှုကို ကျော်လွှားလွန်မြောက်ရန် အစဉ်တစိုက် ကြိုးစားခဲ့ပါသည်' (စာ-၂၈၃)
    ဒီစာအုပ်ကို ဝေဖန်သုံးသပ်သူ ရစ်ကီဝိုင်ခေး ယွယ်ကတော့ ...'တရုတ်ပညာရှင် ကွမ်ယျုံ (၇၂၅-၆၄၅ ဘီစီ)က သင့်တင့်လျောက်ပတ်မှု၊ တရားနည်းလမ်း ကျမှု၊ ဂုဏ်သိက္ခာနှင့် ရှက်စိတ်တို့သည် တိုင်းပြည်တစ်ခု၏ အခြေခံဒေါက်တိုင်ကြီးလေးခုဖြစ်ပြီး ယင်းတို့မရှိလျှင် တိုင်းပြည်ကွဲသွားလိမ့်မည်ဟု ပြောခဲ့ဖူးသည်'ဆိုတဲ့ ကောက်နုတ်ချက်စကားနဲ့ တရုတ်ကို သတိပေးထားတာ ဖတ်မှတ်ခဲ့ရပါတယ်။    
။                ( မြတ်ဘုန်းသစ် )
( TREND News ဂျာနယ်အတွဲ(၃) ၊ အမှတ် (၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 464

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42886

© 2022 - 2025 News. All Rights Reserved.