တရုတ်-မြန်မာဆက်ဆံရေး အလေးဂရုပြုရမည့် နယ်စပ်ရေးရာ

၂၀၂၄ ဖေဖော်ဝါရီ ၅

- ဆွေမျိုးများနှင့် ဝေးချင်ဝေးပါစေ
- အိမ်နီးချင်းကောင်းနှင့် ဆုံပါရစေ။

တရုတ်စကားပုံ
    ဒီနေ့ဒီအချိန်မှာ အထက်ပါ တရုတ်စကားပုံလေးဟာ ပိုပြီးတော့တောင် အသက်ဝင်နေခဲ့ပါပြီ။ တရုတ်-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စရာတွေနဲ့ ကြုံတွေ့နေရတာ အားလုံးသိပါတယ်။ မြန်မာပြည်ရဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့)ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ယာယီအပစ်ရပ်အောင် စေ့စပ်ပေးနိုင်ခဲ့ပါပြီ။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတာ တရုတ်ရဲ့ အရေးကြီးတဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတိုင်း တရုတ်ပါဝင် ညှိနှိုင်းပေးခဲ့ရတာ အစဉ်အလာ တစ်ခုလို ဖြစ်နေပါပြီ။ နယ်စပ်ရေးရာများမှာ တရုတ်ပါဝင်ပတ်သက်ခဲ့ပုံတွေကို မျက်ခြည်မပြတ် လေ့ လာသုံးသပ်ခဲ့သူတွေထဲမှာ ဆရာမောင်မောင်စိုးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။
    ဆရာ မောင်မောင်စိုးဟာ ဗကပဟောင်းတစ် ဦးဖြစ်ခဲ့ပြီး ၂၀၁၁ မြန်မာ့နိုင်ငံရေး အချိုးအကွေ့ကာလမှာ နိုင်ငံရေးစာပေများ ရေးခဲ့သူဖြစ်ပါတယ်။ သူရဲ့ 'မြစ်ဆုံပြဿနာနှင့် မြန်မာ-တရုတ် ဆက်ဆံရေး' (၂၀၁၆)၊ မြောက်ပိုင်းစစ်ပွဲနှင့် မြန်မာပြည် ငြိမ်းချမ်းရေး(၂၀၁၇)၊ အသစ်မြင် မြန်မာပြည်ငြိမ်း ချမ်းရေး(၂၀၁၇)၊ ကျိုင်းတုံ စစ်တမ်း(၂၀၁၉)စတဲ့ စာအုပ်များဟာ ထင်ရှားပြီး အကိုးအကားပြုရတဲ့ စာများဖြစ်လာခဲ့ပါတယ်။ 'မြောက်ဦးစစ်တမ်း' စာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့သူလည်း ဖြစ်ပါတယ်။ အရှေ့မြောက်ပိုင်းမှာ ဗကပတစ်ဦးအနေနဲ့ ကျင်လည်ခဲ့ရာမှာ ကိုးကန့်၊ 'ဝ'စတဲ့ တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ဆက်ဆံခဲ့ရလေရာ အရှေ့မြောက်ပိုင်းအခြေအနေကို စာတွေ့၊ လက် တွေ့ သိမြင်သူလို့ဆိုနိုင်ပါတယ်။
    ဒီနေ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ တရုတ် ပါဝင်ပတ်သက်လာရသလို မဝေးသေးတဲ့ အတိတ်ကာလမှာတုန်းကလည်း တရုတ်ပါဝင်ခဲ့ပုံတွေနဲ့ တရုတ်ရဲ့ သဘောထားကို ဆရာမောင် မောင်စိုးရဲ့ စာအုပ်များမှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ ၂၀၁၆ ဇူလိုင်လမှာ မဟာစာပေက ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ 'မြစ်ဆုံပြဿနာနှင့် မြန်မာ-တရုတ်ဆက်ဆံရေး'မှာ ကိုးကန့် ပြဿနာကို ဒီလိုရေးခဲ့ပါတယ်။
    '၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲဖွဲ့စည်းရန် မြန်မာစစ်ခေါင်းဆောင်များက အဆိုပြု လိုက်သည်။ အင်အားသေးငယ်သော အဖွဲ့အချို့ လက်ခံခဲ့ရသော်လည်း အင်အားကြီးအဖွဲ့များ လက်မခံ ငြင်းဆန်ခဲ့ကြသည်။ လက်မခံသော အဖွဲ့ထဲတွင် ကိုးကန့်အထူးဒေသ(၁) MNDAA လည်းပါသည်။ မြန်မာစစ်အစိုးရက ၎င်းတို့အား မူးယစ်ဆေးဝါး၊ လက်နက်စက်ရုံ စသည့် ခေါင်းစဉ်အောက်တွင် အင်အားသုံး ဖယ်ရှားခဲ့သည်။ ပြင်ဆင်မှုမရှိသော ဖုန်ကြားစင်း(ဖုန်ကြားရှင်)တို့ ကိုးကန့်ဒေသမှ လျင်မြန်စွာ ထွက်ပြေးရတော့၏။ ကိုးကန့်စစ်ဆင်ရေးကို ဦးစီးသည့် ကစထမှူးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်သည်။ ဖုန်ကြားစင်းအဖွဲ့အား တိုက်ခိုက်ရန် အစိုးရတပ်မများ ကိုးကန့်ဒေသသို့ ဝင်ရောက်လာသည်။ ကိုးကန့်ဒေသခံများလည်း အိမ်များကို ပိတ်၍ စစ်ဘေးရှောင်ရန် ထွက်ပြေးကြ ရသည်။ ထိုအခါ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ မြန်မာပြည်တွင်းရှိ တရုတ်အမျိုးသားများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရက တာဝန်ယူစောင့်ရှောက်ပေးရန် ကြေ ညာချက်ထုတ်ခဲ့သည်' (စာ-၄၁)
    ကိုးကန့်တွေကို 'တရုတ်အမျိုးသားများ'လို့ ရည်ညွှန်းထားတာတွေ့ရပါတယ်။
    'အကဲခတ် အချို့ကမူ ကိုးကန့်ပြဿနာကို တရုတ်ကစသည်ဟု ဆိုကြသည်။ ၂၀၀၉ တွင် မူးယစ်နှင့်လက်နက်ကိစ္စကြောင့် ကိုးကန့်ကို အရေးယူရန် မြန်မာအစိုးရကို တောင်းဆိုခဲ့သူမှာ တရုတ်အစိုးရအရာရှိများ ဖြစ်သည်။ တောင်းဆိုခဲ့သည်မှာ တကယ့်မူးယစ်ဆေးနှင့် လက်နက် ကိစ္စကြောင့်လော သို့မဟုတ် ဖုန်ကြားစင်းတို့ ထိုစဉ်က ဂျပန်နှင့်ပူးပေါင်းလွန်းခြင်းကြောင့်လော တွက် ဆကြသည်။ ထိုစဉ်က ကိုးကန့်ဒေသတွင် ဖုန်ကြားစင်းတို့က ဂျပန်အကူအညီနှင့် ဘိန်းအစား ထိုးသီးနှံအဖြစ် ပန်းဂျုံစိုက်ပျိုးရေး ပြုလုပ်နေချိန်ဖြစ်သည်။' (စာ-၄၅)
    အဲဒီနောက် ၂၀၁၅ မှာ နောက်တစ်ကြိမ် ကိုးကန့်စစ်ပွဲဖြစ်ပွားခဲ့ပြန်ပါတယ်။
    '၂၀၁၅ ဖေဖော်ဝါရီ ၉ ရက်မှစပြီး ကိုးကန့်ဒေသတွင်း ယခင်ကိုးကန့်ဖုန်ကြားစင်း၏ MNDAA တပ်များ ပြန်လည်ဝင်ရောက်လာပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည်။ အစိုးရ စစ်တပ်မှလည်း တပ်အင်အား  အလုံးအရင်း၊ လက်နက်ကြီး လေကြောင်းပစ်ကူ အလုံးအရင်းဖြင့် ပြန်လည်ထိုး စစ်ဆင်သည်။ ၂၀၁၅ ဇွန်လတိုင် လေးလကြာသည်အထိ ပြီးပြတ်ခြင်းမရှိပေ။ ဤစစ်ပွဲက တရုတ်ပြည်အပေါ် သက်ရောက်မှုပိုကြီးသည်။ တရုတ်ပြည်တွင်းသို့ လေယာဉ်ဗုံး အမြောက်ဆန်ပိုကျသည်။ တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိလာသည်။ တရုတ်ပြည်ဘက်သို့ စစ်ဘေးဒုက္ခသည်များ အများအပြားရောက်ရှိသည်။ ကိုးကန့်ဒေသတွင်း အရပ်သားများ သေဆုံးမှု၊ ဒေသခံတို့၏ စီးပွားရေးလုပ်ငန်းများ၊ အိုးအိမ်ဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး တရုတ်ပြည်တွင် ပိုမိုဂယက်ထသည်။ အဘယ်ကြောင့်ဆိုသော် ကိုးကန့်တို့သည် မြန်မာနိုင်ငံသားများ ဖြစ်နေကြသော်လည်း လူမျိုးမှာ တရုတ်များဖြစ်နေကြ၍ ဖြစ်ပေသည်။'
    'ထို့ကြောင့် စစ်ပွဲနှင့်ကပ်လျက် လင်စန်းခရိုင်တွင်းသမာက တရုတ်ပြည်တွင်းထိပါ ပျံ့နှံ့ဂယက်ရိုက်သည်။ တရုတ်တို့အတွက် နယ်စပ်မတည်ငြိမ်မှု၏ ကြီးမားသော ရိုက်ခတ်မှုကို ခံရသည်။ တရုတ်အမျိုးသားရေးလှုံ့ဆော်မှုကို ကြုံရသကဲ့သို့ တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် ပတ်သက်ပြီး မေးခွန်းများပေါ်လာသည်။' (စာ-၄၃)
    ထုံးစံအတိုင်း နှစ်ဖက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တရုတ်က တိုက်တွန်းပါတယ်။ ဒါပေမဲ့ တရုတ်ဘက်သို့ မြန်မာစစ်တပ်မှ ပစ်ခတ်တဲ့ အမြောက်ဆန်များ ကျရောက်တာရယ်၊ ၂၀၁၅ မေ ၃၀ ရက်မှာ မြန်မာစစ်အင်အားနှစ်ရာခန့် တရုတ်နယ်မြေထဲ ဝင်ရောက်လာတယ်ဆိုပြီး ...'ကိုးကန့်နှင့် ကပ်လျက် တရုတ်နယ်မြေထဲတွင် တရုတ်ကြည်းတပ်နှင့် လေဆပ်တို့ ပူးပေါင်းစစ် ရေးလေ့ကျင့်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် အမိန့်ထုတ်လိုက်သည်'လို့ စာမျက်နှာ ၄၆ မှာ ဖော်ပြထားပါတယ်။ ကိုးကန့်အတွက် တရုတ်သမ္မတကိုယ်တိုင်ရဲ့ ရပ်တည်ချက်ဟာ ဒီလောက်ထိ ပြင်းထန်ဖို့ လိုအပ်ရဲ့ လားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ဇွန် ၁၀ ရက်မှာ ကိုးကန့်ဘက်က အပစ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။
    'ထိုနေ့မှာပင် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကိုးကန့်ပြဿနာအား အပစ်ရပ်ပြီး နိုင်ငံရေးနည်းအရ ဖြေရှင်းကြရန် တိုက်တွန်းခဲ့ပါတယ်။ ဇွန်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဌာန ဒုဝန်ဖြစ်ကြီးဖြစ်သူ ဦးသန့်ကျော်က လက်ရှိ ပြဿနာကို ဖုန်ကြားစင်းတို့က စတင်ခဲ့သည်ဖြစ်၍ ဖုန်ကြားစင်းမှ တာဝန်ယူရမည်ဖြစ်ပြီး လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။' (စာ-၄၅)
    ဝန်ကြီးဌာန အစိုးရချင်း သံတမန်လမ်းကြောင်းက တစ်ခု၊ ဒုတိယသံတမန်မှာ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် ဆွန်ကော့ရှန် (Sun Gooxiang) ဖြစ်သည်။ ဆွန်ကော့ရှန်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲများ၊ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ၏ ဆွေးနွေး ပွဲများသို့ ကြားလူအဖြစ်တက်ရောက်ကာ အခြေအနေများကို နားလည်မှု ရယူနေသည်ကို တွေ့ရသည်'
    'တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ကင်ကျိယွင်(Geng Zhiyuan)ကို တရုတ်တို့၏ တတိယ မြောက် သံတမန်အဖြစ် ယူဆရပေမည်။ ကင်ကျိယွင် သည် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး တိ ကျသော သဘောထားများ ပြောလေ့ရှိပါသည်။ ထို့ပြင်သူသည် မော်စီတုန်းခေတ် CPC (တရုတ်ကွန်မြူ နစ်ပါတီ) ဗဟိုကော်မတီခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သူ ကင်ပြောင်၏ သားဖြစ်ပြီး တရုတ်ထိပ်ပိုင်းခေါင်း ဆောင် အသိုင်းအဝိုင်းသို့ ပေါက်ရောက်သူဖြစ်သည်။ မြန်မာပြည်အရေးနှင့်ပတ်သက်ပြီး ကင်ကျိယွင်၏ ပြောကြားချက်များမှာ -
- စစ်ပွဲမှ ကျော်ကျသော အမြောက်ဆန်း ဗုံးဆန်များကြောင့် တရုတ်နိုင်ငံသားများ သေဆုံးဒဏ်ရာရခြင်းများရှိ၍ လည်းကောင်း၊ စစ်ဘေးဒုက္ခသည်များ ပြေးဝင်လာခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည်အရှေ့မြောက်ပိုင်း ပဋိပက္ခဟာ တရုတ်ကို ဂယက်ရိုက်မှုကြီးမား၊
- တရုတ်အနေဖြင့် မြန်မာ့အချုပ်အခြာအာဏာကို လေးစားပေးမယ့် မြန်မာ့ပြည်တွင်း တိုင်းရင်းသားလူမျိုးများအား စစ်ရေးအရ ဖိနှိပ်နေသည်ကို မတွေ့မြင်တို့ကြောင်း၊ အရှေ့မြောက် ပဋိပက္ခအား ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိမည်ကို မမြင်တွေ့လိုကြောင်း။
- ကိုးကန့်တွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပေမယ့် တရုတ်ဟန်လူမျိုးများဖြစ်ကြကြောင်း၊ တရုတ်တွေနဲ့ဆွေမျိုးသားချင်းများဖြစ်ကြကြောင်း မိမိဆွေမျိုးသားချင်းတွေ အတိုက်ခံနေရတဲ့အချိန်မှာ တရုတ်တို့အနေဖြင့် မိမိသားချင်းများအတွက် စိတ်ပူကြောင်း၊ တိုင်းရင်းသားဆွေးနွေး ပွဲမှာ အဓိကမပြေလည်တဲ့အချက်က အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်ချခိုင်း ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ချက်ချင်းကြီး လက်ခံရန် ခက်ခဲမည်ဖြစ်ကြောင်း ... စသည်တို့ဖြစ်ပြီး မြန်မာပြည်နှင့်ပတ်သက်သည့်၊ နယ်စပ်တိုင်းရင်းသားအရေးနှင့် ပတ်သက်သည့် တရုတ်တို့၏ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါသည်' (စာ-၅၆)
    'အထူးဂရုပြုဖို့လိုသည်မှာ ကိုးကန့်ပြဿနာဖြစ်သည်။ တရုတ်တို့အနေဖြင့် ကိုးကန့်အား မြန်မာ့အချုပ်အခြာ နယ်ပယ်အဖြစ် အသိအမှတ်ပြုသော်လည်း ကိုးကန့်တရုတ်တို့သည် သူတို့နှင့်လူမျိုးတူ ဟန်လူမျိုးများအဖြစ် သဘောထားသည်။ သူတို့နှင့် ဟန်လူမျိုးတူ ကိုးကန့်၏ ပြဿနာကို 'အမျိုးသား ရေးပြဿနာ'အဖြစ် ကြည့်မြင်သည်။ ပြည်ပရောက် တရုတ်အမျိုးသားတို့အား အကာအကွယ်ပေးသည့် ပေါ်လစီဖြင့် ကြည့်မြင်လေ့ရှိသည်။ သို့ဖြစ်ရာ ကိုးကန့်ပြဿနာသည် တရုတ်တို့အတွက် အကဲဆတ်သည့် ပြဿနာဖြစ်သည်။ မြန်မာနှင့် တရုတ်ဆက်ဆံရေးတွင်လည်း အလေးဂရုပြုရမည့် ပြဿနာဖြစ်သည်။ ကိုးကန့်ပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုသည် မြန်မာ-တရုတ်ဆက်ဆံရေးကို အကျိုးသက်ရောက်မှုရှိသည်။ အလားတူ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပြဿနာကို ဖြေရှင်းရာတွင်လည်း အရေးပါသော ဆက်ထုံးတစ်ခုဖြစ်သည်' (စာ-၁၂၁)
    ကိုးကန့်ကို တရုတ်ဟန်လူမျိုးအဖြစ် တရုတ်တို့ တန်ဖိုးထားတာ ပေါ်လွင်လှပါတယ်။ ဗကပကို လက်နက်တပ်ဆင်ပေးခဲ့စဉ်ကလည်း ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကို ဗကပအသွင် သွတ်သွင်းပေးခဲ့ပါတယ်။ ၁၉၈၉ မှာ ဗကပကို ပြိုကွဲအောင်လုပ်ခဲ့တာလည်း ကိုးကန့်တွေပါပဲ။ အဲဒီအချိန်မှာ ညီနောင်ပါတီချင်း ဆက်ဆံရေးဆိုတာ မရှိတောဘူးလို့ ဆရာမောင်မောင်စိုးက ဆိုပါတယ်။
    ၁၉၈၉ ခုနှစ် ကိုးကန့်အာဏာသိမ်းပွဲစတော့ ကိုးကန့်ဒေသ လောက်ကိုင်ဒေသတွင် စသည်။ နယ်စပ်နှင့်ကပ်လျက် တရုတ်တို့သိသည်။ သို့သော် ယခင်သူတို့ ညီနောင်ဖြစ်ခဲ့ဖူးသော ဗကပတို့အား တစ်ခွန်းမှ မဟချေ။ အာဏာသိမ်းကိုးကန့်တို့က သံလွင်မြစ်အနောက် ဘက်ကမ်းကူး၍ မြစ်အနာက်ဘက်ရှိ ဗကပတပ်များကို စည်းရုံးကာ ဗကပမြောက်ပိုင်းဗျူရိုကို အာဏာသိမ်းရန်လာတော့မှ ဗကပဗဟိုက သိတော့သည်။ တကယ်တော့ ကိုးကန့်လောက်ကိုင်မှာ အာဏာသိမ်းပြီး တစ်ပတ်ကျော်လောက်မှ ကိုးကန့်တို့ ဗကပမြောက်ပိုင်းဗျူရိုကို အာဏာလာသိမ်းခြင်းဖြစ်သည်။ ထိုရက်များအတွင်း တရုတ်ကွန်မြူနစ်များ သိသော်လည်း ဗကပတို့အား အသိပေးခြင်း မပြုခဲ့ချေ။ တရုတ်တို့သည် ယခင်သူတို့၏ ညီနောင်ဟုဆိုခဲ့သူများ၊ သူတို့အားပေးကူညီထောက်ခံခဲ့ သူများ၏ ဇာတ်သိမ်းကို လက်ပိုက်၍ စောင့်ကြည့်နေခဲ့သည်။' (စာ-၅၀)
    တရုတ်တို့ရဲ့ အတွင်းသရုပ်ကို အဲဒီလိုဖော်ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ ကိုးကန့်ပြီးလျှင် တရုတ်တို့ အဓိက အားပြုထားတာက 'ဝ'တပ်ဖွဲ့ ('ဝ' ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA) ဖြစ်ပါတယ်။
    'မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင်များ အခြေပြုလှုပ်ရှားကြရာ တရုတ်နယ်စပ်တစ်လျှောက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့ခန့် အခြေပြု လှုပ်ရှားကြသည်။ ထိုအထဲတွင် UWSA ခေါ် 'ဝ'တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် အင်အား အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံး သူပုန်တပ်ဖွဲ့သုံးခုတွင် ပါဝင်သည်ဟုဆိုသည်' (စာ-၁၁၉)
    ၂၀၁၇ ဖေဖော်ဝါရီထုတ် 'မြောက်ပိုင်းစစ်ပွဲနှင့် မြန်မာပြည်ငြိမ်းချမ်းရေး' စာအုပ်မှာတော့ 'ဝ' တပ်ဖွဲ့အကြောင်းကို ဒီလိုဖော်ပြထားပါတယ်။ 'UWSA သည် ၁၉၈၉ အပစ်ရပ်ပြီးနောက် တပ်မတော်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ် နအဖ၏ BGF ဖွဲ့စည်းရန် ဖိအားပေးခံရပြီး နောက် ယုံကြည်မှု စတင်ပျက်ပြားခဲ့သည်။ အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA အတိုင်းသွားမည်ဟုဆိုနေ ချိန်တွင် UWSA သည် NDAA မိုင်းလားအဖွဲ့နှင့်အတူ ၎င်းတို့အနေဖြင့် NCA လက်မှတ်ထိုးရန် မလိုအပ်ဟု ရပ်ခံထားရာ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိပေ' (စာ-၈၁)
    ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီး ဦးဆောင်ကျင်း ပတဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပေမယ့် အဆင်မပြေမှုတွေကြောင့် သပိတ်မှောက်ထွက်ခွာခဲ့တာလည်း 'ဝ' တပ်ဖွဲ့ပါပဲ။ ၂၀၁၅ ကိုးကန့် ပြဿနာငြိမ်းအေးသွားခဲ့တာလည်း ယာယီမျှသာ၊ ၂၀၁၆ နိုဝင်ဘာမှာ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ KIA (ကချင်)၊ TNLA (တအာန်းပလောင်)၊ MNDAA (ကိုးကန့်)နဲ့ AA (ရခိုင်)တို့နဲ့ ပြင်းထန်တဲ့ စစ်ပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။ မူဆယ်၊ ရွှေလီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ဖြစ်ပွားခဲ့တာမို့ ကုန်သွယ်ရေးနဲ့ လုံခြုံရေးအကြီး အကျယ် ထိခိုက်မှာမြင်လို့ တရုတ် က ကြားဝင်စေ့စပ် ပေးခဲ့ရပြန်ပါတယ်။ အဲဒီတုန်းက NLD အစိုးရခေတ်ဖြစ်လို့ ငြိမ်းချမ်းရေးကော်မရှင်ကို ဒေါက်တာ တင်မျိုးဝင်းဦးဆောင်ပြီး စုံစုံညီညီတက်ရောက် လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲထဲမှာမပါတဲ့ 'ဝ' တပ်ဖွဲ့၊ UWSA နဲ့ မိုင်းလား NDAA တို့နဲ့သာတွေ့ဆုံခဲ့ပြီး KIA၊ TNLA ၊ MNDAA ၊ AA တို့နဲ့ တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့တာကတော့ ပြောစရာဖြစ်ခဲ့ပါတယ်။
    'အဓိက လေးဖွဲ့နှင့် တွေ့ဆုံပွဲမဖြစ်မြောက်သဖြင့် ပွဲစီစဉ်သူ တရုတ်တို့ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပုံရ သည်။ စူပါပါဝါနိုင်ငံများနှင့် ပခုံးချင်းယှဉ်နေပြီဖြစ်သည့် တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ခွင်းမင်း(ကူမင်း) အထိလာရောက်ပြီး စီစဉ်ခဲ့သော်လည်း ဖြစ်မြောက်ခြင်း မရှိခဲ့သောကြောင့် ဆွေးနွေးဖြေရှင်းခြင်းမပြုပါက မြန်မာပြည်သည် နာလန်မထူသည့်နိုင်ငံ (ကျရှုံးနိုင်ငံ Failed State) ဖြစ်သွားနိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုခဲ့သည်ကို ကြားသိရသည်။ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လာရောက်စီစဉ်ခြင်းသည် ဤကိစ္စနှင့်ပတ်သက်၍ တရုတ်တို့ မည်မျှ အလေးထားသည်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်ကို ဂရုပြုကြရန်လိုသည်။' (စာ-၁၀၅)
    ၂၀၁၆ အရှေ့မြောက်ပိုင်းဒေသ တိုက်ပွဲများကို အလွန်ပြင်းထန်တယ်လို့ ဆိုပါတယ်။ ဒီနေ့ ၂၀၂၃-၂၄ စစ်ပွဲကြီးများကား အလွန်ပြင်းထန်တာထက်ပိုပြီး အလွန်တစ်ရာ၊ အလွန်တစ်ထောင် ပြင်းထန်တယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များရဲ့ စစ်အင်အား အတိုင်းထက်အလွန် ကြီးထွားလာအောင် ဘယ်သူက အားပေးအားမြှောက်ပြုခဲ့သလဲဆိုတာ အနီးကပ်စောင့်ကြည့်နေတဲ့ တရုတ်တွေပို သိပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဆွေမျိုးပေါက်ဖော်တွေနဲ့လည်း မဝေးချင်ပါဘူး။ အိမ်နီးချင်းကောင်းနဲ့လည်း အမြဲတမ်း ပေါင်းဖက်ဆုံတွေ့ချင်ပါတယ်။ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောခဲ့တဲ့ မြန်မာဟာ နာလန်မထူသည့်နိုင်ငံ၊ ကျရှုံးနိုင်ငံ (Failed State) ဘဝကျရောက်သွားမယ့် အလွန့်အလွန် စိုးရိမ်ဖွယ်ရာ ဘေးဆိုးကြီးကလည်း အမြန်ဆုံး လွန်မြောက်ချင်ပါတယ်။   ။

မြတ်ဘုန်းသစ်
( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ် (၃) တွင်ပါရှိသော ဆောင်းပါးအားတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 360

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42899

© 2022 - 2025 News. All Rights Reserved.