တအန်း(ပလောင်)နယ်မြေက မူးယစ်ဆေးဝါးရဲ့ သားကောင်များ

၂၀၂၄ ၊ မတ် ၂၄

    ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့မှာ ၂၀၂၄ ဖေဖော်ဝါရီ ၂ ရက်က (၆၃) နှစ်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်အလံတွေ လွှင့်ထူခဲ့တာကို တအန်း (ပလောင်)တပ်ဖွဲ့ (TNLA)က တားဆီးခဲ့တယ်လို့ ကြားသိရပါတယ်။ ကွတ်ခိုင်မြို့ နေအိမ်အချို့မှ လွှင့်ထူထားတဲ့ ကချင်အလံတွေကို ဖြုတ်ချခြင်း၊ အလံတိုင်တွေကို ရိုက်ချိုးဖျက်ဆီးခြင်းတွေ ပြုလုပ်ကာ ကချင်အမျိုးသားအလံ လွှင့်ထူခွင့်ကို TNLAက ပိတ်ပင်ခဲ့တယ်လို့ ကြားသိခဲ့ရပါတယ်။ ကချင် (TNLA)နဲ့ တအန်း(ပလောင်)(TNLA)တို့ဟာ ရှမ်းမြောက် နိုင်ငံရေးမဟာမိတ် ခုနစ်ဖွဲ့မှာပါဝင်နေပေမယ့် နယ်မြေ ချဲ့ထွင်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အုပ်ချုပ်ရေးသြဇာ ထူထောင်ခြင်းစတဲ့ ကိစ္စတွေမှာ ပွတ်တိုက်မှုတွေ ရှိနေခဲ့ပြီဖြစ်ပါတယ်။
    ၂၀၁၇ မတ်လက ဒီပါစိုးစာပေက ဖြန့်ချိခဲ့တဲ့ ဆရာမိုင်းအိုက်ကော်ရဲ့ 'တအန်း(ပလောင်) လူမျိုးသမိုင်း' စာအုပ်မှာလည်း ကေအိုင်အေအပါအဝင် အခြားလက်နက်ကိုင်တပ်ဖွဲ့များကြားက ပဋိပက္ခတွေကို ဖော်ပြထားပါတယ်။ ကွတ်ခိုင်မြို့နယ်ဟာ တအန်းလူမျိုး အများဆုံး နေထိုင်ရာဒေ သဖြစ်ပေမယ့် ကေအိုင်အေတပ်မဟာ(၄)နဲ့ ပြည်သူ့စစ်အဖွဲ့များ လွှမ်းမိုးရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
    'လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက တအန်းကျေးရွာများကို အတင်းအဓမ္မလူသစ်စုဆောင်း ရသည့်နေရာဟု မှတ်ယူနေကြသည်ကို တွေ့ရသည်။ အထူးသဖြင့် KIA တပ်ဖွဲ့၊ တပ်မဟာ(၄) အားလုံး နှင့် တပ်မဟာ (၃)မှ ယခင်တပ်ရင်း ၁၂ ထဲတွင် တအန်းလူမျိုးများ ရာခိုင်နှုန်း ၃၀ နှင့် ရာခိုင်နှုန်း ၄၀ ပါဝင်ပြီး ရှမ်းတပ်ဖွဲ့ထဲတွင်လည်း ထိုနှုန်းအတိုင်း တွေ့ရသည်။ အထူးသဖြင့် ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ် ကားလမ်းအရှေ့ခြမ်းဒေသရှိ တအန်းလူမျိုးတို့၏ လယ်ယာမြေကို လက်နက်အားကိုး၍ အတင်းအဓမ္မသိမ်းယူပြီး မိမိပိုင်လယ်ယာမြေကို သီးစားခပြန်လည်ငှားရမ်း လုပ်ကိုင်စား သောက်နေရသည့် တအန်းလူမျိုးတို့ဘဝမှာ တကယ့်ကို ရင်နာဖွယ်ဖြစ်သည်။ ဤဒေသမှာ မြန်မာနိုင်ငံတွင် ဘိန်း စိုက်ပျိုးထုတ်လုပ်မှု ဤဒေသမှာ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသတစ်ခု ဖြစ်ပြီး ဘိန်း ဖြူနှင့် ယာမချက်လုပ်သည့် ဗဟိုအချက်အချာဒေသလည်း ဖြစ်နေသောကြောင့် မည်သည့် လက်နက်ကိုင် အဖွဲ့မဆို မူးယစ်ဆေးဝါးလုပ်ငန်းနှင့် မကင်းကြောင်း တွေ့ရသည်။' (စာ-၃၀၂)
    'တချို့ဒေသတွင်မူ လက်နက်ကိုင်အဖွဲ့အစည်းများသည် တအန်းလူထုကို ဘိန်းစိုက်ခိုင်းပြီး ဘိန်းခွန်လည်း ကောက်ခံနေသည့်အပြင် ၎င်းတို့အဖွဲ့အစည်းမှလွဲ၍ အခြားမည်သူတစ်ဦးတစ် ယောက်ထံကိုမျှ ရောင်းချခွင့်မပေးဘဲ လက်နက်ကိုင်အဖွဲ့အစည်းများက ကာလပေါက်ဈေးထက် အဆမတန် နှိမ်ချဝယ်ယူကာ ခေါင်းပုံဖြတ်၍ မူးယစ်ဆေးဝါးလုပ်ငန်းတစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားကြပြန်သည်။' (စာ-၃၀၅)
    'ကိုးကန့် အုပ်ချုပ်ခွင့်ဒေသတွင် တအန်းလူမျိုးက ဒုတိယလူဦးရေ အများဆုံးဖြစ်သော်လည်း အနှိမ်ခံ ဘဝ၌ပင်ရှိနေသေးသည်။ ...ကိုးကန့်ဒေသရှိ တအန်းလူမျိုးတို့သည် မူးယစ်ဆေးဝါးဒဏ်နှင့် လယ်ယာခြံမြေ အသိမ်းဆည်းခံရသည့်ဒဏ်တို့ကြောင့် ငတ်မွတ်ပြီး လောက်ကိုင်ဈေး၊ ကုန်းကြမ်း ဈေးနှင့် ချင်းရွှေဟော်ဈေးတို့မှာ ပုပ်သိုးသော သစ်သီးများနှင့် စွန့်ပစ်အစားအသောက်များကို လိုက်လံ ကောက်စားရ၊ တောင်းစားရ သည့်ဘ၀ ရောက်နေရကြောင်း သိရှိရသည်။ စာသင်ကျောင်းမရှိ၊ ဆေးပေးခန်းမရှိ၊ ထိုကျောင်း၊ ထိုဆေးခန်းများအစား မူးယစ်ဆေးဝါးများသာ ဖြန့်ဝေပေးခံနေရသည်။ ထိုဒေသတွင် မူးယစ်ဆေးဝါးများ ပေါများပြီး လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားနိုင်သဖြင့် လူငယ်လူရွယ်များအပြင် လူကြီးမိန်းမနှင့် ရဟန်း၊ ကိုရင်များပါမကျန် သုံးစွဲနေကြကြောင်း တွေ့မြင်နေရသည်။' (စာ-၃၀၅)
    ရှမ်းမြောက်က ကိုးကန့်နှင့် ပလောင်ဒေသမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အခြေအနေတွေကို ဆရာမိုင်းအိုက်ကော်က ဝန်ခံတင်ပြထားတာ ဖြစ်ပါတယ်။ ဘိန်းနှင့် မူးယစ်ဆေးဝါး အကြောင်းပြောလျှင် 'ခွန်ဆာ'ဆိုတဲ့ နာမည်ဟာ အလိုအလျောက် ပါလာတတ် စမြဲဖြစ်ပါတယ်။ ၁၉၉၂-၉၃ မှာ ခွန်ဆာရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရှမ်းမြောက်ဒေသသို့ ထိုးဖောက်ဝင် ရောက်လာပါတယ်။
    'ကျန်တီဟက်(တရုတ်)၊ စိုင်းကန်ရွက်၊ စိုင်းကန်နု၊ ဦးဥတ္တမနှင့် စိုင်းရီတို့ ဦးဆောင်သော MTA (ရှမ်း ပြည်တပ်မတော်)တပ်ဖွဲ့သည် မြောက်ပိုင်းဒေသ၊ လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ မူးဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်း ထိုးဖောက်ဝင်ရောက်ရခြင်းသည် ဘိန်းအကြီးအကျယ်ထွက်သော ဤဒေသကို စိုးမိုးရန်နှင့် ယခင်က ကျန်ရစ်နေသော စိုင်းလိတ်အဖွဲ့မှ စိုင်းငိုဟန်ထွန်းတို့အဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားရန်ဖြစ်သည်။' (စာ-၃၀၇)
    '၂၀၀၉ ခုနှစ်မှစတင်၍ KIO/KIA, RCSS/ SSA နှင့် SSPP/SSA တပ်ဖွဲ့တို့သည် အစိုးရက နယ်ခြား စောင့်တပ်နှင့်ဌာနေပြည်သူ စစ်တပ်ဖွဲ့သို့ အသွင်ပြောင်းရန် ဖိအားပေးနေချိန်တွင် အစိုးရနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ တအန်းလက်နက်ကိုင် အဖွဲ့အစည်းမရှိတော့သည့် တအန်းဒေသသို့ အပြိုင်အဆိုင်ဝင် လာကြသည်။ ထို့ကြောင့် တအန်းဒေသသည် KIO/KIA, SSPP/SSA, RCSS/SSA တပ်ဖွဲ့များ အပြင် စစ်အစိုးရ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသော နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်စသည့် မြို့နယ်များမှ ပြည်သူ့စစ်အဖွဲ့များကလည်း တအန်းဒေသသို့ သူ့ထက်ငါဦးအောင် အပြိုင်အဆိုင် ဝင်ရောက်ရန် ကြိုးပမ်းလာကြသည်။ ၎င်းင်းပြည်သူ့စစ်အဖွဲ့များသည် မူးယစ် ဆေးဝါးလုပ်ငန်းကို လိုင်စင်ရနေသကဲ့သို့ လုပ်ကိုင် ဆောင်ရွက်နေသော အဖွဲ့များဖြစ်သည်။' (စာ-၃၁၀)
    တအန်းဒေသတစ်ခုလုံးဟာ လက်နက်ကိုင် ပေါင်းစုံတို့ရဲ့ ခြယ်လှယ်ရာဒေသ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာဒေသ၊ လူကုန်ကူးမှုတို့၏ ကျက်စားရာဒေသဖြစ်ခဲ့ရပြီး အဘက်ဘက်မှ ဆုတ်ယုတ်လာခဲ့တယ် လို့ဆိုပါတယ်။ တအန်း(ပလောင်)တို့ အားထားရာ လက်ဖက်ဈေးကွက်လည်း ပျက်ခဲ့ရတယ်။ ပျက်ရတဲ့အကြောင်းက တရုတ်ဘက်က အခွန်ရှောင်လက်ဖက်ခြောက်တွေ ဒလဟော လှိမ့်ဝင်လာလို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တအန်း(ပလောင်)တို့ဟာ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာ နိမ့်ကျနေခဲ့တယ်လို့ သုံးသပ်ထားပါ တယ်။
    'တအန်းသံဃာတော်များအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာအရ တအန်းကျေးရွာများအား စာ သင်ကျောင်းဖွင့်လှစ်နိုင်ခွင့်ကို နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ထားဆီးခံနေရသဖြင့် စာသင်ကျောင်းမရှိသေးသော ကျေးရွာများမှာ ရှမ်းပြည်(မြောက်ပိုင်း)ဒေသ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ မိုင်းကိုင်မြို့ နယ်၊ စိုင်းရှူးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်ထဲတွင် အများဆုံးဖြစ်ပြီး အခြားမြို့နယ်များအပါအဝင် အိမ်ခြေ ၅၀ မှ ၈၀၀ ကျော်အထိရှိသော တအန်းကျေးရွာ ပေါင်း ၄၀၆ ရွာရှိကြောင်း သိရသည်။'
    'ထိုကျေးရွာများထဲမှ မိုင်းကိုင်မြို့နယ်၊ လားရှိုးမြို့နယ်(မိုင်းယော်ဒေသ)၊ မိုင်းရယ်မြို့နယ်၊ တန့် ယန်းမြို့နယ်၊ ကျောက်မဲမြို့နယ်(မိုင်းလုံဒေသနှင့် မိုင်းငေ့ါ ဒေသ)ထဲတွင် ကျေးရွာပေါင်း ၄၃ ရွာတွင် တအန်းသံဃာ တော်များအဖွဲ့(ဗဟို)၊ တအန်းကျောင်းသားလူငယ်များ အဖွဲ့(TSYU)နှင့်  တအန်းအမျိုး သမီးများအဖွဲ့(TWO) တို့ပူးပေါင်းပြီး ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ကွတ်ခိုင်မြို့နယ်ထဲ၌ ကိုယ့်အားကိုယ်ကိုး ကျောင်း ၁၆ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။' (စာ-၃၀၃)
    ဒါပေမဲ့ ဒီလိုစာသင်ကျောင်းတွေ ဖွင့်လှစ် တာကို အားမပေးတဲ့အပြင် သေဒဏ်ပေးတဲ့အထိ ခြိမ်း ခြောက်နှောင့်ယှက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရှိလာ တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့တွေကတော့ KIO/KIA နဲ့ RCSS/SSA တို့ဖြစ်ပါတယ်တဲ့။
    'ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာနှင့် နမ့်ဆိုင်ကျေးရွာတို့ ပူးပေါင်း၍ ၎င်းတို့၏ ကျေးရွာနှစ်ရွာ အကြားရှိ နောင်ကောင်အရပ်၌ ကိုယ့်အားကိုယ်ကိုး အခြေခံမူလတန်းကျောင်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်း ရမလားဆိုပြီး KIO/KIA တပ်ဖွဲ့မှ ကာလိုင်-နာချဲမ်တိုက်နယ်မှ ဦးအဆိုင်မချန့်နှင့် ဦးခမ်းယုံတို့ ဦးဆောင် သော လက်နက်ကိုင်အဖွဲ့တို့က တားကွန်းအီညီကယ်ကို နမ့်ဆိုင်ရွာထဲ၌လည်းကောင်း၊ တာ့ကွန်းဆာ အလွန်းနှင့် ၎င်း၏သားမိုင်းအညီဆာတို့ကို တောင်ယာထဲ၌လည်းကောင်း၊ တားကွန်းထဒ်ကို ပန်လောရွာ ဘုန်းကြီးကျောင်း ဝင်း၌လည်း ကောင်း ပစ်သတ်ခဲ့သည်။'
    'မန်တုန်မြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု မန်ဆွန်(ကလိုင်းလုံး)ကျေးရွာမှ မူလတန်းပြ ဆရာတစ်ဦးကို ထောက်လှမ်းရေးဟုဆိုကာ KIA တပ်ဖွဲ့၊ တပ်ရင်း(၈)မှ ဗိုလ်ကြီးဇော်လွမ်၏ အမိန့်ဖြင့် နောင်ချိုကျေး ရွာသား ဦးမာထွန်းဆိုသူက ဦးဆောင်ပြီးလာရောက် ဖမ်းဆီးကာ သတ်ပစ်ခဲ့သည်။'
    '၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၂ ရက်တွင်တစ်ကြိမ် မိုင်းကိုင်မြို့နယ်အတွင်းရှိ နမော့ပိန်ရွာ၊ နမ့်စင်ရွာ၊ လွယ်ခွမ်ရွာနှင့် နောင်စံဟူရွာတို့ကို ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်းဖွင့်လှစ်သည့်ကိစ္စနှင့် ပတ်သက်၍ RCSS/SSA တပ်ဖွဲ့တပ်ရင်း ၃၇၁၊ နယ်မြေ(၉)မှ ဟိုမုန်(စဝ်ဟန်စမ်)ဆိုသူက ဦးဆောင်ပြီးလာရောက် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။} (စာ-၃၀၃)
    ကချင်(ကေအိုင်အေ)ဟာ အကြမ်းဖက် နှိပ်စက်လူသတ်တဲ့နေရာမှာ ဘုန်းကြီးတောင်မရှောင်ပါဘူး။ စာသင်ကျောင်းဖွင့်လှစ်နိုင်ရန် ဦးဆောင်ကြိုးပမ်းခဲ့သူ ပန်လောကျောင်းထိုင် ဘုန်းကြီး ဦးကေလာဟာ ပြေးနိုင်လို့ လွတ်ခဲ့ပြီး လားရှိုးအထိ တိမ်းရှောင်သွားခဲ့ရတယ် ဆိုပါတယ်။
    '၂၀၁၃ ခုနှစ်အတွင်းတွင် KIA တပ်ဖွဲ့၊ တပ်ရင်း(၈)မှ ဗိုလ်ကြီးဇော်လွမ်၏ တပည့်ဖြစ်သူ ကိုမာဂမ် (ခ) ဆိုင်အောင်ဆိုသူ ဦးဆောင်ပြီး မန်တုန်မြို့နယ်၊ ပြင်လုံကျေးရွာအနီး နောဂျားတောင်ပေါ်ရှိ စေတီတော်၏ ထီးတော်ကို ရိုက်ချိုးဖျက်ဆီးခြင်းနှင့် ဦးအောင်ဆာဦး ဆောင် သောအဖွဲ့က ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာရပ်မိရပ်ဖများကို မတရားကြိုးတုပ်ရိုက်နှက် ခြင်းတို့ တွေ့ရသေးသည်။ အိုက်စံမောက်ဆိုင်နှင့် အိုက်ငိုတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ပစ်သည်။ ဆရာမောင်ရီ (၄၇)နှစ်အား ခိုဝိန်းဒေသသို့ ဖမ်းဆီးခေါ် ဆောင်သတ်ပစ်ကြောင်း သိရသည်။'
    'အဆိုးဆုံး၊ အညစ်ပတ်ဆုံးနှင့် အညှာတာ အကင်းမဲ့ဆုံး အခြေအနေမှာ တချို့လက်နက်ကိုင် အဖွဲ့အစည်းသည် လူသစ်စုဆောင်းသည့်နေရာတွင် တအန်း လူမျိုးအပေါ်၌ ငွေရပေါက်တစ်ခုအဖြစ် မှတ်ယူပြီး လူအစား ငွေကြေးကို မတန်တဆ ပေးခိုင်းခြင်းပင်ဖြစ်သည်။ မကြာခဏ လူသစ် ကောက်သဖြင့် လူသစ်ထပ်မပေးနိုင် လျှင်သော်လည်းကောင်း၊ ပေးစရာမရှိလျှင်သော်လည်းကောင်း၊ လူစားရှာထည့်လျှင်သော် လည်းကောင်း၊ လူ တစ်ယောက်အတွက် သိန်း ၂၀ မှ ၃၀ အထိ ပေးနေ ရကြောင်း မကြာခဏတွေ့မြင်နေရသည်။ လူစားနှင့် ငွေအပြင် ပုံမှန်လစဉ်ဆက်ကြေးနှင့် ဆန်တို့ကို လည်း ပေးနေရသေးသည်။ တအန်းမဟုတ်သော ကျေးရွာအချို့ သည် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့ထဲတွင် အားလုံးတာဝန်ထမ်းနေရသည်ဟု အကြောင်းပြုပြီး ပတ်ဝန်းကျင် ရှိ တအန်းကျေးရွာများက ၎င်းင်းတို့၏ မိသားစုစားသုံးရန် တစ်ရွာလုံးကို လစဉ်ပုံမှန်ဆန်များ ထောက်ပံ့ပေးနေရသည်လည်း ရှိသည်။' (စာ-၃၀၄)
    ကေအိုင်အေ(ကချင်)လိုပဲ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေဟာလည်း တအန်း(ပလောင်)တို့ကို ရက်ရက်စက်စက် အနိုင်ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
    'မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့မဆို တအန်းလူမျိုးအပေါ် သတ်ဖြတ်ခြင်းထက် ဆိုးသည့် အပြု အမူများ များစွာကျူးလွန်ခဲ့သည်။ ယခုထက်ထိလည်း ကျူးလွန်နေမြဲ၊ ကျူးလွန်နေဆဲဖြစ်သည်။ ရှမ်းလက်နက် ကိုင်အဖွဲ့တိုင်းသည် ၎င်းင်းတို့အုပ်ချုပ်သော တအန်းကျေး ရွာတွေမှာ ငွေကောက်သည်၊ လူကောက်သည်။ လူအစား အကြိမ်ကြိမ်ငွေညှစ်သည်။ ဆန်၊ ဆား၊ ပဲပုပ်၊ ဟင်း ချိုမှုန့်ကောက်သည်။ အသားလိုလျှင် နီးစပ်ရာတွေ့သည့် ကျွဲနွားများကို ပစ်သတ်စားသည်။ ရွာသားများ ကင်းစောင့်ပေးရသည်။ ထမင်းဟင်းချက်ပေးရသည်။ ရေခပ်ပေးရသည်။ ခရီးထွက်လျှင် ပစ္စည်းများ သယ်ပိုးခိုင်းသည်။}
    'ဤသည်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့အတွက် တအန်းလူမျိုးတို့က ပုံမှန်လုပ်ပေးနေရသော အလုပ်ဖြစ်သည်။ အဆိုးဆုံးက ဖဲရှုံးလျှင်သော်လည်းကောင်း၊ မယားငယ်ကို ပေးစရာငွေပြတ်လျှင် သော်လည်းကောင်း၊ ငွေရှင်လက်ဖက်ပင်ပိုင်ရှင်တို့ထံ ရသည့်နည်းဖြင့် ယူတတ်ခြင်းသည် တအန်းလူ မျိုးကို ၎င်းတို့၏ ငွေအိတ်ကဲ့သို့ မှတ်ယူခဲ့ကြသည်။ တအန်းလူမျိုးအပေါ် ကမ်းကုန်အောင် အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးခဲ့ကြသည်။ သို့သော် ထိုတအန်းကျေးရွာများအတွက် စာသင်ကျောင်းများဖွင့် လှစ်ခွင့်မပြု၊ ဆေးခန်းများ ဖွင့်လှစ်ခွင့်မပြု။' (စာ-၃၀၉)
    ရှမ်းလက်နက်ကိုင်အဖွဲ့တို့၏ ဗိုလ်ကျစိုးမိုးမှု၊ ရက်စက်ဖိနှိပ်မှုတို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ (တောင်ပိုင်း)နဲ့ (အရှေ့ပိုင်း)ဒေသတစ်ခုလုံးမှာ ဆိုးဆိုး ရွားရွား ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)က အချို့မြို့နယ်တွေမှာ သန်းခေါင်စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်တဲ့အခါ တအန်း (ပလောင်)တွေကို ရှမ်းလူမျိုးအဖြစ် ဖော်ပြခြင်းခံရတယ်လို့ ဆိုပါတယ်။ ရွေးကောက် ပွဲဝင်ဖို့ ကြိုးစားခဲ့တာကိုလည်း RCSS/SSA  က မကျေနပ်ခဲ့ပါတဲ့။ 
    'မိုင်းကိုင်မြို့ပေါ်တွင် တအန်း(ပလောင်) အမျိုးသားပါတီ(TNP) ဆိုင်းဘုတ်တင်ခြင်းကို မကြိုက်မနှစ်သက်သဖြင့် RCSS/SSA အရာရှိများက မကြာခဏ လာရောက်၍ ဆိုင်းဘုတ်ဖြုတ်ပေးရန် ခြိမ်း ခြောက်ခဲ့သည်။' (စာ-၃၁၁)
    တအန်းလူမျိုးတို့ရဲ့ ကျောင်းပညာသင်ကြားခွင့်ကိုလည်း ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က ဟန့်တား ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ]ရှမ်းစစ်သားရှေ့တွင် အထူးသဖြင့် ရှမ်းစစ်တပ်အရာရှိ၏ ရှေ့တန်း တအန်းဘာသာ စကားကို ပြောဆိုဆက်ဆံခွင့် ပိတ်ပင်ခြင်း၊ ကျေးရွာ အစည်းအဝေးပြုလုပ်ပါက တအန်းဘာသာစကားကို ပြောဆိုအသုံးပြုခွင့်မပေးဘဲ ရှမ်းဘာသာစကားကိုသာ ပြောဆိုအသုံးပြု စေခြင်းနှင့် အမှုအခင်းဖြစ်ပါက ရှမ်း ဘာသာ စကားပြောဆိုတတ်သူကိုသာ အမှုကိုနိုင်စေခြင်း စသည့်နည်းဖြင့် ရှမ်းအမျိုးသားတို့၏ လူမျိုးကြီးဝါဒကို အကောင်အထည်ဖော်လာခဲ့သည်။' (စာ-၃၀၀)
    ရှမ်း၊ ကချင်နှင့် အခြားသော လက်နက်ကိုင် တပ်ဖွဲ့များရဲ့ အနိုင်ကျင့်နှိပ်စက်တာကို မခံနိုင် တော့တဲ့အဆုံး၊ အစိုးရကိုလည်း အားကိုး၍ မရတော့တဲ့အဆုံးမှာ (၂၀၀၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက် အထိ ပြုလုပ်သော PSCF တပ်ဦး၏ တတိယအကြိမ် ညီလာခံတွင် တအန်းအမျိုးသား လွတ်မြောက်ရေးတပ် မတော်(TNLA)ကို ဖွဲ့စည်းတည်ထောင်လိုက်သည်။ TNLA သည် တအန်းအမျိုး သားတို့၏ ဘဝကို အချိန်မီ ကယ်တင်နိုင်ရန် ကြိုးပမ်းသောအားဖြင့် ၂၀၁၁ ခုနှစ် အကုန်တွင် တအန်းဒေသကို စတင်ဝင်ရောက်ခဲ့ရသည်'လို့ ဖော်ပြထားပါတယ်။ (စာ-၃၁၂-ရှု)
    တအန်းတပ်ဖွဲ့(TNLA)ကို AIA (ကချင်)က လေ့ကျင့်မွေးထုတ်ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိ နေပေမယ့် TNLA ပေါ်ပေါက်လှုပ်ရှားမှုတွေအကြောင်း ရေးသားရာမှာ ကချင်(KIA)အကြောင်းတစ်လုံး တစ်ပါဒမျှ လုံးထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပါ။ တအန်း (ပလောင်) တို့အပေါ် ကချင်တပ်ဖွဲ့တွေ နှိပ်စက်သတ်ဖြတ်ခဲ့တာတွေကို စိတ်နာနေပုံပါပဲ။ တအန်းတပ်ဖွဲ့ဟာ သူကိုယ်တိုင် အင်အားကြီးထွား လာတာနဲ့ ရှမ်းနဲ့ ကချင် တပ်ဖွဲ့တွေလိုပဲ လူထုအပေါ် အနိုင်ကျင့်နှိပ်စက်တာတွေ လုပ်လာတဲ့သတင်းတွေ စဉ်ဆက်မပြတ်  ပေါ်ထွက်လာခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင် ရေးအပြီး TNLA ရဲ့ အောင်ပွဲများကို သတင်းမီဒီယာများက မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြခဲ့သလို TNLA ရဲ့ ပြန်ပေးဆွဲ၊ ငွေညှစ်၊ နှိပ်စက်အနိုင် ကျင့်ပုံများကို ဘီဘီစီလို သတင်းဌာနကြီးက ပေါ်လွင်အောင် ဖော်ပြခဲ့ပါတယ်။
    ကျောင်းဆရာမလုပ်ခဲ့ဖူးတဲ့ ဒေါ်ခင်မြင့်ဌေးကို TNLA က ပြန်ပေးဆွဲသွားပြီး ရိုက်နှက်နှိပ်စက်ကာ သိန်း ၅၀၀ တောင်းခဲ့တဲ့အကြောင်း၊ နောက်ဆုံး သိန်း ၃၀၀ နဲ့ရွေးယူခဲ့ရကြောင်း အဲဒီသိန်း ၃၀၀ ဆိုတာလည်း အိမ်ပေါင်ပြီး ပေးခဲ့ရတာဖြစ်ကြောင်း၊ မိုးကုတ်မြို့က နာမည်ကြီးစံပြ (SP မုန့်တိုက်၊ ရန်ကုန်မှာလည်း နာမည်ကြီး မုန့်တိုက်)ပိုင်ရှင် ဦးကျော်ဝင်းကိုလည်း TNLA ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်းတွေကို ဘီဘီစီက ဒေါ်ခင်မြင့်ဌေးကို အင်တာဗျူးလုပ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ အခြားသော သတင်းတစ်ပုဒ်မှာတော့ တအန်းနယ်မြေမှာ ရှမ်းစကား၊ မြန်မာစကား ပြောသူတွေကို တုတ်ကျိုး တဲ့အထိ ရိုက်နှက်အပြစ်ပေးကြောင်းတွေ ဖော်ပြထားတာ တွေ့ရပါတယ်။ ရှမ်း၊ ကချင်နဲ့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေကိုပဲ TNLA ဟာ လက်နက်အားကိုးနဲ့ လူထုကို အနိုင်ကျင့်နှိပ်စက် နေပြီလား၊ 'မည်သည့်လက် နက်ကိုင်အဖွဲ့မဆို မူးယစ်ဆေးဝါး လုပ်ငန်းနဲ့မကင်း'လို့ မိုင်းအိုက်ကော်က ရေးသားထားရာ TNLA ရော ထိုနည်းလမ်းကောင်းပဲလားလို့ မေးစရာဖြစ်လာပါတယ်။ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံများ၊ ပြဿနာများ ချုပ်ငြိမ်းသွားဖို့ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြည်နယ်များကို အာမခံပေး နိုင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာအောင် တိုင်းရင်းသားအားလုံးက ကြိုးစားလုပ် ဆောင်ဖို့ တာဝန်ရှိတယ်လို့ 'တအန်း(ပလောင်)လူမျိုးသမိုင်း' စာအုပ်ပြုစုသူ ဆရာမိုင်းအောက် ကော်က ဆိုပါတယ်။
( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 982

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42770

© 2022 - 2025 News. All Rights Reserved.