၂၀၂၅ မတ် ၈
တိုင်းရင်းသား ချစ်ကြည်ရေးစာပေ၊ သွေးစည်းညီညွတ်ရေး စာပေတို့ကို မြန်မာ့စာပေသမိုင်း တွင် အတော်အသင့် တွေ့ရှိရသည်။ ယင်းစာပေတို့သည် ခေတ်အဆက်ဆက်၏ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်မှု၊ ရင်းနှီးမှု၊ ယဉ်ကျေးမှုချင်း ဖလှယ်မှုတို့ကို ထုတ် ဖော် ပြသလျက်ရှိကြပါသည်။
မြန်မာစာပေသမိုင်း အထောက်အထားများအရ ပုဂံခေတ်ကပင် ပြည်ထောင်စုဖွား တိုင်းရင်းသားတိ့သည် ယဉ်ကျေးမှုချင်း ဖလှယ်ကာ၊ ရင်းနှီးစွာဆက်ဆံခဲ့ကြောင်း အထင်အရှား သိနိုင်သည်။ ပုဂံခေတ်က ရေးထိုးခဲ့သော ကျောက်စာ အချို့တွင် ချင်း၊ ယော၊ ရခိုင်၊ တောင်သူ၊ ကရင်၊ မွန်၊ လဝ၊ ရှမ်း၊ ကတူး၊ ပအိုဝ်း စသော တိုင်းရင်းသားများနှင့် ပုဂံသားတို့ အဆက်အဆံ ပြုခဲ့ကြကာ ချစ်ကြည် ရင်းနှီးစွာ နေထိုင်ခဲ့ကြောင်း လေ့လာသိရှိနိုင်သည်။ ပုဂံခေတ်တွင် တိုင်းရင်းသားများ နေထိုင်ခဲ့သော အရပ်ဒေသနှင့် ပတ်သက်၍ 'ဒေါက်တာသန်းထွန်း'၏ 'ပုဂံခေတ် လူမှု ရေး' ဆောင်းပါးတွင်-
''မြန်မာနယ်တွင် ရခိုင်များလည်းရှိကြောင်း သိရ၏။ တောင်သူဟူ၍ ကရင်များလည်းရှိသည်။ လဝများလည်း ယခု ကျောက်ဆည်နယ်ရှိ သင်းတွယ်မြောင်း၏ အနောက်ဘက် သင်တောင်ခရိုင်တွင် နေကြဟန် တူပါသည်။ ရှမ်းအမျိုးသားများသည်လည်း ဗမာတို့နှင့် အရောရော နေထိုင်ကြပါသည်" ဟူ၍ ရေးသားခဲ့သည်။
အင်းဝခေတ်တွင်လည်း တိုင်းရင်းသားချစ် ကြည်ရေး စာပေများ အတော်အသင့် ပေါ်ထွက်ခဲ့သည်။ 'စာဆို ရှင်အဂ္ဂသမာဓိ'၏ 'သုဝဏ္ဏသျှံသူဌေးခန်းပျို့'တွင်-
'ကုန်သည်တစ်အုပ်၊ လယ်လုပ်မရော၊ စကြော မပြွမ်း၊ ဂျွမ်းနှင့်တောင်သူ' ဟူ၍ 'စကောကရင် (စကြော)' 'ကရင်(တောင်သူ)'တို့နှင့် ရင်းနှီးမှုကို ဖော်ထုတ်ခဲ့၏။
ထိုနည်းတူ 'ရှင်ဥတ္တမကျော်'ကလည်း ကရင် (တောင်သူ) တို့၏ ဘဝဓလေ့ကို -
'တောင်ခွင်တောင်ထု၊ ပျော်ကြောင်းလုသည်၊ တာင်သူ့ဓလေ့၊ ယာမီး ကျွေ့သား'ဟူ၍ သီကုံးခဲ့၏။
အင်းဝခေတ်တွင် တိုင်းရင်းသားပလောင်တို့နှင့် ရင်းနှီးမှုသရုပ်ကိုလည်း ရှင်ဥတ္တမကျော်၏ တောလား၌-
'မိန်တန်ဆောင်မှ၊ ပလောင်တောင်သ၊ ချိန်သမျှကို'ဟူ၍ ရေးသားခဲ့သည်။
တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် အသီးသီးတွင်လည်း တိုင်းရင်းသားချစ် ကြည်ရေးစာပေတို့သည် မြန်မာ့စာပေဥယျာဉ်အတွင်း ဝေေ၀ဆာဆာ ဖူးပွင့်ခဲ့ကြသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်တွင် တိုင်းရင်းသားချစ်ကြည်ရေးစာပေ သီကုံးဖွဲ့နွဲ့မှု အရှိန်အဟုန် မြင့်မားခဲ့သည်။ ကုန်းဘောင်ခေတ်တွင် စာဆိုရှင်တို့သည် တိုင်းရင်းသားချစ်ကြည်ရေး စာပေ၊ တိုင်းရင်းသားဘ၀ သရုပ်ဖော်စာပေများကို ရှုထောင့် အထွေထွေမှ အသေးစိတ် လေ့လာရေးသားခဲ့ သည်။
ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပျော် ရွှင်မှု၊ လယ်ယာစိုက်ပျိုးမှုနှင့် လုပ်ငန်းခွင်ဝင်မှု ဘ၀သရုပ်ကို 'ဦးကြင်ဥ' သည် ဤသို့ ပီပီပြင်ပြင် စာပန်းချီ ခြယ်သခဲ့သည်။
'သြော်-ဘာသာသောက်စား၊ သီဝေမူးမော်၊ ခေါင်ကဇော်-ပျော်အပါးနှင့်၊ ထွန်သွားငယ်မမြင်၊ နွားမ နှင်သည်၊ ကရင်စူးနဲ့၊ ယာငန်းချဲ့လို့'
ကရင်တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုသရုပ်ကိုလည်း ဝန်စာရေးကြီး ဦးရွှေတောင်၏ 'မြင်းပေါ်သံ' တစ်ပုဒ်၌-
'သင်တိုင်းငယ်ဆင်သည်၊ ကရင်လူပီပီမို့၊ မိုးတမြင့် တောင်ခြေမှာ၊ ခေါင်ရေ သုံးပြန်ကြတယ် လေး၊ လိုက်ဘာသာငယ်၊ တောင်ယာ စူးထောင်၊ ရေဘူးဆောင်လို့၊ ပြောင်တညီးညီး၌၊ တောင်ထီး ထီးမှာ၊ လောင်မီးငယ် တောက်ထိန်'ဟူ၍ အသေးစိတ် ရေးဖွဲ့ထားခဲ့သည်။
ကုန်းဘောင်ခေတ်၏ ချင်းတိုင်းရင်းသားဘ၀ သရုပ်ဖော်၊ ချစ်ကြည်ရေးစာပေသည်လည်း ထူးခြားပေါ်လွင်လှသည်။ ရုပ်သေးဆရာကြီး 'ကျပင်းဆရာဖီး'၏ ချင်းတိုင်းရင်းသား ဘဝသရုပ်ဖော်စာ ပေသည် ထင်ရှားလှသည်။ ကျပင်းဆရာဖီးသည် ချင်းအမျိုးသမီးတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်မှု ဘဝသရုပ်ကို-
'အမျိုးဆင်သိုင်း၊ ပိုးသင်တိုင်း၊ မင်လိုင်းကွပ်၍၊ ငွေလက်စွပ်-ငွေလက်ကောက်၊ ငွေနားတောင်း တို့နှင့်၊ ကွေချက်ပေါင်းပြီးလျှင်၊ ခေါင်းငွေဘီး-ငွေပုတီးတို့နှင့်၊ မကြီးဘယ်သူ၊ တသင်းပြန့်ပြန့်၊ နနွင်းနံ့၊ စန္ဒကူး၊ ကန့်ဗလူမွှေ့၊ ညှာမနွမ်းရုံ၊ ယာကွမ်းငုံတဲ့၊ လုံမလေးတို့'ဟူ၍ ပေါ်လွင်စွာ ဖွဲ့နွဲ့ခဲ့သည်။
ထို့ပြင် တိုင်းရင်းသားရှမ်းလူမျိုးနှင့်ဆိုင်သော စာပေအဖွဲ့အနွဲ့များကိုလည်း တွေ့ရသည်။ ဦးပုည 'ညောင်ရွှေမြို့ပေးမေတ္တာစာ'တွင် ရှမ်းပြည်ဒေသ အင်းလေးကန်အလှကို-
'ရေညိုပျံ့သင်း၊ ညောင်ရွှေအင်းလည်း၊ နတ်မင်းသုံးရန်၊ နန္ဒာကန်နှင့်၊ သဏ္ဌာန်မခြား၊ ရေကျက်စားသည်၊ ရေသားတံငါ၊ စီးပွားရှာတို့၊ ကွန်ချာဖွင့်ရုပ်၊ ဝင့်ကာအုပ်၍၊ ပေါ်ငုပ်လူးလာ၊ မြူးစကာနှင့်'ဟူ၍ ရေးသားခဲ့ပြန်သည်။
၂၀ ရာစုတွင်လည်း တိုင်းရင်းသားစည်းလုံးရေး၊ ညီညွတ်ရေး၊ ချစ်ကြည်ရေး၊ ယဉ်ကျေးမှုဖ လှယ်ရေး သရုပ်ဖော်စာပေများ ပြုစုထုတ်ဝေခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမဏ္ဍိုင်ကို ပိုမိုတောင့်တင်း ပြည့်စုံရန် ဆောင်ရွက်ခဲ့သည်။ 'မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ'မှ 'ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်း' စာအုပ်များ၊ 'တိုင်းရင်းသားလူမျိုးများ၏ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်း'၊ 'ပင်လုံစာ ချုပ်သမိုင်းအကျဉ်း' စသော သမိုင်းမှတ်တမ်းတင် စာအုပ်များကို ထုတ်ဝေခဲ့သည်။ ထိုမျှမက စာရေး ဆရာများကလည်း တိုင်ရင်းသားဓလေ့ ထုံးစံ၊ ယဉ်ကျေးမှုတို့ကို အခြေခံသောဝတ္ထု၊ ဆောင်းပါး၊ သုတေသန စာအုပ်များကိုလည်း ရေးသားထုတ်ဝေကာ တိုင်းရင်းသားချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ် ရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုင်ရာ စာအုပ်များ၏ အင်အားကား အထူးများပြားလှသည်။ ထို့ ကြောင့် ယင်းစာအုပ်များ၏ ကိုယ်စား 'အမျိုးသားစာပေဆုရ တိုင်းရင်းသားချစ်ကြည်ရေး၊ စည်းလုံးညီညွတ်ရေးစာအုပ်'များကိုသာ ရွေးထုတ်တင်ပြလိုပါသည်။ ယင်းတို့မှာ-
ဦးမင်းနိုင်၏ 'မယ်တို့ပလောင်'(၁၉၆၂) နှင့် 'သွေးချင်းတို့ပျော်သည့်မြေ' (၁၉၆၃)၊ ဒါရိုက်တာ-ဆရာမြင့်၏ 'ရှမ်းပြည်ကြေးမုံ'(၁၉၆၃)၊ တောင်တန်းမောင်ကြည်ဇင်၏ 'တောင်ပေါ်မြေမှ မြေပြန့်ပန်း' (၁၉၆၄) ဝတ္ထုရှည်၊ ပွင့်လန်း၏ 'တောင်ကျစမ်းများ မခန်းလေ' (၁၉၆၅) ဝတ္ထုရှည်၊ စိန်စိန်၏ 'ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့' ဝတ္ထုရှည်(၁၉၆၆)၊ ဦးသိန်းဖေမြင့်၏ 'ဝိသေသတိုင်း သမိုင်းအစ' (၁၉၆၇)၊ မောင်စင်ကြယ်၏ 'ကရင်ဘဝဓလေ့'(၁၉၆၇)၊ ဦးကြာထွန်း၏ 'ယော'(၁၉၇၁)တို့ ဖြစ်ကြသည်။
တိုင်းရင်းသားချစ်ကြည်ရေး စာပေများသည် မြန်မာ့သမိုင်း အစဉ်အဆက်တွင် ခေတ်၏ တောင်းဆိုချက်နှင့်အညီ ပေါ်ထွက်ခဲ့သည်။ ယင်းစာပေတို့သည် တိုင်းရင်းသားတို့၏ ဘဝဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူမှုရေး အထွေထွေတို့ကို ထုတ်ဖော်ကာ တိုင်းရင်းသား ချစ်ကြည်ရေး၊ ရင်းနှီးစေရေးအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားချစ်ကြည်ရေး စာပေ၏ အခန်းကဏ္ဍသည် နိုင်ငံနှင့်လူမျိုးအတွက် ပဓာနကျသော၊ အရေးပါသော စာပေများအဖြစ် အထင်အရှားရပ်တည်လျက် ရှိနေကြပေသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )