၂၀၂၃ နိုဝင်ဘာ ၁၅
ရှမ်းမြောက်ဒေသမှာဖြစ်ပွားနေသည့်တိုက်ပွဲများသည် NUG ကကြွေးကြော်နေသည့် စစ်အာဏာရှင် ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ရည်မှန်းချက်အရ ဆောင်ရွက်နေခြင်းမဟုတ်သည်ကို ပြည်သူတွေ သတိထားသင့်ပါသည်။ လက်ရှိဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်ပြီး လတ်တလောလိုလား ချက်များရှိကြသလို မူလကတည်းက ချမှတ်ထားသည့် ရည်မှန်းချက်များနှင့် သမိုင်းကြောင်းအရ ဖြစ်တည်လာခဲ့သည့်အခြေအနေများကို တွက်ဆမှသာ အဖြေမှန်နှင့် နီးစပ်ပါလိမ့်မည်။
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသည့် ပဋိပက္ခများကိုကြည့်လျှင် လက်ဝဲ၊ လက်ယာအုပ်စု၏ လိုလားချက်၊ ဒေသခံများ၏ ဖြစ်တည်လာခဲ့သည့် သဘာဝနှင့် ရည်မှန်းချက်များအပေါ် အခြေခံ တတ်သည်ကိုတွေ့ရမှာ ဖြစ်ပေသည်။ လတ်တလောအနေဖြင့် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်နေသည့် ရှမ်းပြည်(မြောက်ပိုင်း)အခြေ အနေများကို သိထားသင့်ပါသည်။ အဓိကဇာတ်ကောင် များကတော့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA/ TNLA နှင့် AA / BPLA / KIA/ NUG / PDF နစကနှင့် မြန်မာ့တပ်မတော်၊ တရုတ်နိုင်ငံနှင့် အမေရိကန်အပါအဝင် အနောက်အုပ်စုများပဲ ဖြစ်ကြပါသည်။
ထိုအင်အားစုများကိုကြည့်လျှင် လတ်တလောအခြေအနေအရ နစကအစိုးရနှင့် မြန်မာ့တပ်မတော် ကတစ်ဖက်၊ ကျန်တာတွေက တစ်ဖက်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ။ ထိုအဖွဲ့အစည်းအသီးသီးတွင် လိုလားချက်ကိုယ်စီ ရှိနေကြသည်ကိုတော့ ငြင်းရနိုင်လိမ့်မည်မဟုတ်ပါ။ လက်နက်ကိုင်အဖွဲ့ များ၏ လိုလားချက်ထက် လက်ဝဲ၊ လက်ယာနိုင်ငံများ၏လိုလားချက်ကို အရင်လေ့လာကြည့်ရအောင်။
တရုတ်နိုင်ငံ၏ လိုလားချက်ကရှင်းပါသည်။ ပထမအဆင့်အနေဖြင့် သူ့ကိုဝိုင်းပတ်ပိတ်ဆို့ထားနေ သည့် အမေရိကန်နှင့် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကိုရအောင် ဖောက်ထွက်ရန်နှင့် သူ့၏နယ်မြေ လုံခြုံရေး သာအဓိက ဖြစ်ပါသည်။ ဒုတိယအဆင့်ကတော့ ကမ္ဘာ့ဒေသ အသီးသီးကို စိုးမိုးနိုင်ရေးပဲဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များသည် ပထမအဆင့်ကို ဦးစားပေး ဆောင်ရွက်နေသလို ဒုတိယအဆင့်အတွက် တစ်ပြိုင်တည်း အခြေခံအုတ်မြစ်များ ချမှတ်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးအကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်ပါသည်။ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်းမှာ အနောက်အုပ်စုက စစ်ရေးမဟာမိတ်များ တည်ဆောက်ပိတ်ဆို့ ထားပေမယ့် တရုတ်နိုင်ငံ၏ ရေတပ်အင်အားသည် ယခုအခါမှာ သူ့၏အရှေ့ဘက် ကမ်းခြေလုံခြုံရေးနှင့် ထိုးဖောက်နိုင်ရေးကို အတန်အသင့် ဆောင်ရွက်ထားရှိ နိုင်ပြီဖြစ်ပါသည်။
ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများဟာ နယ်နိမိတ်ထိစပ်နေပေမယ့် ပင်လယ်ထွက်ပေါက်အတွက် သိပ်အရေးပါသည့် အနေအထားမှာမရှိပါ။ မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံအတွက် အနောက်ဘက်တံခါးပေါက် အဖြစ်မဟာဗျူဟာအရရော၊ နည်းဗျူဟာအရပါ အရေး ကြီးသည့် နယ်မြေဖြစ်ပါသည်။ နောက်ဖေးတံခါးပေါက် လုံခြုံမှုအတွက် အရေးပါသလို၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် တရုတ်နိုင်ငံအတွက် မျက်စိကျစရာတန် ဖိုးကြီးမားလှသည့် နယ်မြေဟုဆိုနိုင်ပါသည်။ ဤလို လားချက်များအရ မြန်မာ့နိုင်ငံရေးမှာ ထိရောက်ပြင်း ထန်သည့်အခြေအနေများ ဖြစ်ပေါ်စေခဲ့ သည်ကို တွေ့ရ မှာဖြစ်ပါသည်။
ထိုအခြေအနေများအရ တရုတ်နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံအတွင်းမှာရှိ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထောက်ပံ့မွေး မြူထားခြင်းပဲ ဖြစ်ပါသည်။ အစိုးရအဆက်ဆက်က မူဝါဒ အမျိုးမျိုးပြောင်းသွားနိုင်သည့်အတွက် အမြဲတမ်းယုံ ကြည်မှုမရနိုင်ဘူးဟူ၍ ယူဆထားပုံရပါသည်။ သူ့နိုင်ငံလုံခြုံရေးအတွက် ကြားခံနယ်မြေ တည်ဆောက်ထားသလို၊ လိုအပ်ပါက စစ်ရေးနိုင်ငံရေးကန့်လန့်တိုက် စေခိုင်းမှုများ ခေတ်အဆက်ဆက်မှာရှိခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးကတည်းက ဗမာပြည်ကွန်မြူ နစ်ပါတီကို ဝါဒရေးနှင့် လူ၊ လက်နက်ကအစ ထောက်ပံ့ပေးခဲ့တာ တွေ့ရမှာဖြစ်ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီးနောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ၏ တပည့်သာသာ ဟု ဆိုနိုင်သည့် အခြေအနေမှာရှိခဲ့ပါသည်။ မြန်မာနိုင်ငံကို ကွန်မြူနစ်နိုင်ငံဖြစ်စေချင်သည့်အတွက် ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ဗကပတို့၏တိုက်ပွဲများသည် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုအရ ပြင်းထန်ခဲ့ရသည်ချည်းသာ ဖြစ်ပါသည်။ ယခုဖြစ်ပွားနေသည့်မျောက်သုံးကောင်အနေဖြင့် ခဲယမ်း လက်နက်အင်အား များများစားစား သုံးနိုင်မည့်အခြေအနေ မရှိပေမယ့် ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများကိုကြည့်လျှင် အကူအညီမရှိဘဲ ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပါ။ အပြန်အလှန် လိုလားချက်ရှိကိုရှိရမည့် အခြေအနေပဲဖြစ်ပါသည်။ အဓိကက တရုတ်နိုင်ငံ၏ ယိုပေါက်ဖြစ်နေသည့် ကျား ဖြန့်ကိစ္စ မကျေနပ်ချက်ဖြစ်ပါလိမ့်မည်။
၁၉၈၃ ခုနှစ်ခန့်ကစပြီး မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီနှင့် တရုတ်နိုင်ငံတို့ တိုက်ရိုက်ဆက်ဆံမှုကောင်း လာသည့်အခါမှာ ၁၉၈၆ ခုနှစ်ကစပြီး ဗကပကို တရုတ်နိုင်ငံက လက်နက်ခဲယမ်းထောက်ပံ့မှုများ မလုပ်တော့ပါ။ သို့သော် နဂိုထောက်ပံ့ထားသည့် လက်နက်ခဲယမ်းများသည် ၁၀ နှစ်ခန့် သုံးနိုင်သေးသည့် အခြေအနေမှာရှိနေသည့်အတွက် ဗကပတို့က စီစီဝမ်တာပန် တိုက်ပွဲကြီးကိုပင် ဆင်နွှဲခဲ့ကြပါသေးသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်း မိုင်းယန်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ဗကပ တိုင်းရင်းသားလက်နက်ကိုင်များ ဆုံးရှုံးမှုကြီးမား စွာဖြစ်ပွားခဲ့ပြီး တပ်မတော်အစိုးရတက်လာသည့်အခါ ကိုးကန့်၊ 'ဝ'နှင့် ဗကပအတွင်းက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ဗကပကို တော်လှန်ပြီး တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ကြပါသည်။ ထိုအချိန်ကစပြီး တပ်မတော်အစိုးရနှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေး ကောင်းလာခဲ့သည့်အတွက် ထိုဒေသများမှာအနှစ် ၂၀ ကျော် ကြာသည်အထိ အေးချမ်းခဲ့ ရတာ တွေ့ရမှာဖြစ်ပါသည်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စတင်နိုင်ခဲ့သည်အထိရွှေလမ်းငွေလမ်း ပေါက်ခဲ့ရသည်ဟုဆိုနိုင်ပါသည်။ ထိုအေးချမ်းနေချိန်မှာ နယ်စပ်ဒေသက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ အင်အားချဲ့ထွင် စုဆောင်းရာမှ လက်နက်နှင့် နည်းပညာပံ့ပိုးမှုများဟာ တရုတ် နိုင်ငံကသာ ဖြစ်ပါသည်။ အထူးသဖြင့် 'ဝ'နှင့် ကိုးကန့်အဖွဲ့များပဲ ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရလက်ထက်မတိုင်မီအထိ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားမှာ ဆက်ဆံရေးကောင်းမွန်ခဲ့သည် ကို တွေ့ရမှာဖြစ်ပါသည်။ တပ်မတော် အစိုးရက အခြေခံဥပဒေအရ တက်လာသည့် အစိုးရလက်ထက်ကစပြီး တရုတ် - မြန်မာဆက်ဆံရေး ဟာ အတန်အသင့်အားနည်းသွားတာ သတိထားမိမှာဖြစ်ပါသည်။ အမေရိကန်အပါအဝင် အနောက်အုပ်စုနှင့် ဆက်ဆံရေးအတန်အသင့် မြှင့်တင်လာခဲ့ပြီး တရုတ်အကျိုးစီပွား အတန်အသင့်နောက်ရောက်လာသည့်အခါမှာ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့ တာ တွေ့ရမှာဖြစ်ပါသည်။
ဤအခြေအနေများအရကြည့်လျှင် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များဟာ တရုတ်နိုင်ငံ၏ လက်သပ်မွေးထားသည့် တပည့်များအဖြစ် မြင်နိုင်စရာရှိပါသည်။ ထိုသို့ ယတိပြတ်ပြော၍လည်း မဖြစ်ပါ။ သူတို့၏ လိုလားချက်များအရ အထောက်အပံ့ရအောင် ပေါင်းထားရသည့် သဘောလည်းပါပါသည်။ မြန်မာနိုင်ငံအတွင်းမှာရှိသည့် လက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင် ပြည်နယ်တည်ဆောက်ရေး၊ တန်းတူအခွင့်အရေးရရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အကြောင်းပြပြီး လက်နက်နှင့် အာဏာတည်ဆောက်လိုသူ များက ပိုများပါသည်။ ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးယူစဉ်အခါက ကတိကဝတ်တွေရှိခဲ့ပါသည်။ အဓိကအချက်သုံးချက်ပါ။ (တစ်) အပစ်အခတ်ရပ်စဲရေး။ (နှစ်) စစ်အင်အားမတိုးချဲ့ရေးနှင့် (သုံး)ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရေးတို့ပဲဖြစ်ပါသည်။ အနှစ် ၂၀ ကျော်ကြာ ငြိမ်းချမ်းရေးရယူထားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲက မည်သည့်အဖွဲ့က စစ်အင်အားမတိုးချဲ့ခဲ့တာ ရှိပါသလဲ။ မူးယစ်ဆေးဝါး မလုပ်ရန်အစိုးရက နည်းလမ်းမျိုးစုံ ကြိုးစားပေးခဲ့ကြပေမယ့် ထိုအဖွဲ့များ လိုက်နာကြပါရဲ့လား။ အထူးသဖြင့် 'ဝ'၊ ကိုးကန့်နှင့် KIA တို့အနေဖြင့် ပြည်နယ်ရရှိရေးအထိ စစ်လက်နက်၊ လူအင်အားများ တည်ဆောက်ခဲ့ကြတာတွေ့ရမှာဖြစ်ပါသည်။ မည်သို့ဆိုစေ။ နောင်တစ်ချိန်မှာ လက်နက်စွန့်ဖို့ပြောလာ လျှင် ပြန်တိုက်ဖို့အတွက်ကြိုတင် ပြင်ဆင်ထားခြင်းကလွဲ၍ ဘာများဖြစ်နိုင်ဦးမှာနည်း။ ထို ငြိမ်းချမ်းရေးအဖွဲ့များ၏ လက်ရှိစစ်ရေးရည်မှန်းချက်များဟာ ထိုအချိန်ကတည်းက ချမှတ်ထားပြီးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အင်အားနည်းချိန်မှာ တပ်မတော်နှင့် ငြိမ်းချမ်းရေးယူ အင်အားတည်ဆောက်၊ အင်အား အတန်အသင့်ရှိလာချိန်မှာ သူတို့လိုလားချက်ကို ရှေ့တန်းတင်နေခြင်းသာဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သတိထားမိသည့်အဖွဲ့အစည်းအသစ်တစ်ခုတွေ့ရပါသည်။ BPLA ပဲဖြစ်ပါသည်။ ထိုအဖွဲ့အစည်းနှင့်ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် ရဲဘော်ဖိုးသံချောင်းက Myanmar Now သတင်းဌာနမှ မေးမြန်းထားသည့် အင်တာဗျူးမှာ ရှမ်းမြောက်ဒေသတိုက်ပွဲများမှာ သူတို့ပါဝင်တိုက်ခိုက်နေသည်ဟု ဆိုထားပါသည်။ ၂၀၀၉ ခုနှစ် ဗကပဗဟိုကော်မတီ အစည်းအဝေးထုတ်ပြန်ချက်မှာ ဗကပတို့၏ စစ်ရေးတိုက်ပွဲဟာ ၁၉၈၉ ခုနှစ်မှာ ကျဆုံးသွားခဲ့ပြီဟု ထုတ်ပြန်ထားခဲ့ပါသည်။ ယခုအခါမှာ BPLA ဟာ ကိုးကန့်၊ MNDAA ယူနီဖောင်းဝတ်ပြီး တိုက်ပွဲမှာပါဝင်လာသည့်အတွက် ဗကပတို့၏ လက်နက်ကိုင်လမ်း စဉ် ပြန်လည်အစပြိုးလာနေ ပြီလားဆိုတာ သတိထားရတော့မှာပါ။ ကွမ်းလုံတိုက် ပွဲနှင့်ပတ်သက်ပြီး MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း၏ ပြောကြားချက်ကိုကြည့်လျှင် ကွမ်းလုံဟာ 'သမိုင်းအရရော အတော်အရေးပါသည့်နေရာ'ဟုပြောဆိုခဲ့ သည့်စကားကလည်း ဗကပတို့၏အခဲမကျေမှုကို သတိထားစရာ ဖြစ်စေခဲ့ပါသည်။
အမေရိကန်နှင့် အနောက်အုပ်စု၏ လိုလားချက်ကတော့ ရှင်းပါသည်။ China Containment Policy ပါပဲ။ သူတို့ဘက်ကို ယိမ်းသည့်သူကို သူတို့ကူညီမည်။ အမျိုးသားရေးအားသန်ပြီး ကြားနေသူများကို နှိပ်ကွပ် မည်ဆိုတာပဲဖြစ်ပါသည်။ ကူမင်တန် အရေးအခင်းပြီးနောက် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်ကစပြီး ဦးနေဝင်းအစိုးရ သက်တမ်းအတော်များများမှာ အမေရိကန်နှင့် အနောက်အုပ်စုဟာ မြန်မာနိုင်ငံကို အတန်အသင့် အကူအညီပေးခဲ့ကြပါသည်။ တရုတ်နိုင်ငံနှင့်ခပ် တန်းတန်းဖြစ်နေသလို ကွန်မြူနစ်တွေကို တိုက်နေသည့်အတွက်ပါ။ ၁၉၈၃ ခုနှစ်နောက်ပိုင်း တရုတ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံရေးကောင်းလာစဉ်မှာ အနောက်အုပ်စုနှင့် တန်းသွားခဲ့ပါသည်။ ၁၉၈၈ ခုနစ်အရေးအခင်းကာလမှာ သူတို့မျှော်မှန်းထားသည့်သူက အစိုးရမဖြစ်ဘဲ တပ်မတော်က နိုင်ငံတော်အာဏာ ရယူခဲ့ပြီး တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်ချိန်ကစ၍ အနောက်အုပ်စုအနေဖြင့် မြန်မာ့တပ်မတော်ကို ရန်သူသဖွယ် ဦးတည်တိုက်ခိုက်လာခဲ့ကြတာ ယခုချိန်ထိပဲ ဖြစ်ပါ သည်။
NUGနှင့် PDF တို့၏လိုလားချက်ကတော့ တပ်မတော် ပြုတ်ကျရေးနှင့်သူတို့ အာဏာရရှိရေးသာလျှင် ဖြစ်ပါသည်။ တိုင်းရင်းသားအကြိုက်၊ ပြည်သူလူထု အကြိုက် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ကြွေးကြော်နေသော်လည်း သူတို့လို လားချက်ပြည့်ရင် လက်ရှိလို လားချက်ခြင်းမတူညီသည့် တိုင်းရင်းသားအဖွဲ့များကို မည်သို့မျှထိန်းနိုင်လိမ့်မည်မထင်ပါ။ ထို့အပြင် သူတို့မြှောက်ပင့်ပေးထားသည့် PDF များ၏ သူတစ်လူငါတစ်မင်းလုပ်လာမည့် ဇာတ်လမ်းများ ကိုလည်း လက်ပိုက်ကြည့်နေရမည့် အနေအထားမျိုးသာ ဖြစ်လာမှာမလွဲပါ။ တိုင်းပြည်အတွက် အားထား ရလောက်သည့်အခြေအနေမှာ မရှိဟုမြင်ပါသည်။
တပ်မတော်၏ ရပ်တည်ချက်ကတော့ ရှင်းပါသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးပဲ ဖြစ်ပါသည်။ ထို 'စံ' အပေါ်မှာ အခြေခံပြီး တည်ဆဲအခြေခံဥပဒေအရ စစ်မှန်ပြီးစည်းကမ်းပြည့်၀ သည့် ဒီမိုကရေစီစနစ်ကို အခြေခံသည့်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးပဲဖြစ်ပါသည်။ တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူ ထားသည့် နစကအစိုးရဟာ ဒီမိုကရေစီလက်ဝါးကြီး အုပ်မှု၊ မဲမသမာမှုများကို ပြန်လည်တည့်မတ်ပေးနေခြင်း နှင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါသည်။ ဒီကြားထဲ လက်ခမောင်းထခတ်သည့် တောကြောင်များ၏လုပ်ရပ်များကို တပ်မတော်သားများအနေဖြင့် အသက်စွန့်ကာ ကွယ်ပေးနေ ရသည်ကို တွေ့ရမှာဖြစ်ပါသည်။
အထက်ပါ အခြေအနေများနှင့် လက်ရှိအချိန် မှာဖြစ်ပွားနေသည့်အခြေအနေများအရ မြန်မာနိုင်ငံ၏အခြေအနေဟာ တပ်မတော်ကသာ မာမာချာချာ မတွန်းလှန်၊ မဖယ်ရှားနိုင်လျှင် အချိန်မရွေး တစ်စစီပြို ကွဲသွားနိုင်သည့် အခြေအနေမှာရှိနေသည်ဟု သုံးသပ်ရ ပါသည်။ လက်ရှိကိုယ်ကျိုး အတ္တကို အခြေခံနေကြသည့် အဖွဲ့အစည်းအသီးသီး၏ လုပ်ရပ်ဟာ တိုင်းပြည်နှင့် ပြည်သူလူထုများ အတွက် အင်မတန်မှ အန္တရာယ်ကြီးမား လှပါသည်။ ဒေသအသီးသီးမှာ စစ်ကိုခေါ်ခဲ့ကြသည့် သူတို့၏ လုပ်ရပ်များအရ ခံစားနေကြရတာက ပြည်သူ များပင် မဟုတ်ပါလား။
ဇော်နိုင်
TREND News Journal အတွဲ (၂)၊ အမှတ် (၄၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။