တော်စတွိုင်းဒဿန လက်ဝဲဝါဒနှင့် ဓမ္မအမြင်

၂၀၂၄ နိုဝင်ဘာ ၁၅
    ကျွန်တော်တို့ခေတ်ရဲ့ စာအရေးနိုင်ဆုံး စာရေးဆရာတွေထဲမှာ ဆရာမြသန်းတင့်ဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဆရာမြသန်းတင့်ရဲ့ ပင်ကိုရေးနဲ့ဘာသာပြန် စာပေလက်ရာတွေကို ယနေ့တိုင်အောင် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေရဆဲ ရှိပါတယ်။ ဆရာမြသန်းတင့်ရဲ့ အစောပိုင်း စာပေလက်ရာ တွေဟာ လက်ဝဲဝါဒအမြင်နဲ့ရေးခဲ့တာ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ထင်ရှားလှတဲ့ 'ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်' ဝတ္ထုရှည်သည်ပင်လျှင် လူတန်းစားအမြင်နဲ့ ရေးဖွဲ့ခဲ့တာလို့ သိရပါတယ်။ ၁၉၉၀ ဝန်းကျင်ကမ္ဘာမှာ လက်ဝဲဝါဒကျ ဆုံးသွားပြီးချိန်မှာတော့ 'လာခြင်းကောင်းသော အရှင်'လို့ ဗုဒ္ဓဝင်စာပေကို လေးလေးနက်နက် ဘာသာပြန်ဆိုခဲ့တာ တွေ့ရပါတယ်။
    ၂၀၁၀ စက်တင်ဘာလမှာ နေရီရီစာအုပ်တိုက်က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'အပြာရောင်ညနေ ဆည်းဆာများ' စာအုပ်ကတော့ ဆရာမြသန်းတင့်ရဲ့ စာပေဆောင်းပါးများကို စုစည်းထားခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆောင်းပါး ၂၁ ပုဒ် ပါဝင်ပါတယ်။ ဆောင်းပါးတွေကို ခုနှစ်အလိုက် စီစဉ် ဖော်ပြထားခြင်းမဟုတ်ဘဲ ကြုံသလိုပြောက်သောက် ပုံနှိပ်ထားတာ တွေ့ရပါတယ်။ ဆောင်းပါးအမှတ်စဉ်(၄)မှာ ဖော်ပြထားတဲ့ 'ယနေ့ မြန်မာစာပေ'ဟာ ၁၉၆၇ ဇန်နဝါရီလက ရေးတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါးက လက်ဝဲဝါဒအမြင်နဲ့ ရေးထားတဲ့ စာပေသဘောတရား၊ ဒီနေ့ခေတ်အမြင်နဲ့ ကြည်ရင် တစ်မျိုးဖြစ်နေပြီ။ စာပေမှာ နိုင်ငံရေးအယူဝါဒ ပူးကပ်လာရင် အဲဒီဝါဒ ကျဆုံးသွားတာနဲ့ စာပေအယူအဆလည်း အတူလိုက်ပြီး အသုံးမဝင် ဖြစ်သွားရရှာ တယ်။
    ကြီးကြီးကျယ်ကျယ်မပြောဘဲ ရိုးရိုးလေးရေး ထားတဲ့ ...'တံတားအောက်မှာ ရေတွေ စီးသွားကြပြီ (၁၉၈၂)'နဲ့ 'ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ(၁၉၉၄)' စတဲ့ ရသစာတမ်း(အက်ဆေး) ဆန်ဆန်ရေးထားတဲ့ စာမျိုးတွေကတော့ ဒီနေ့ထိ လှနေဆဲ၊ လွမ်းစရာကောင်းနေဆဲ၊ အကြည့်ခံနေဆဲ။
    ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာတွေထဲမှာ အထင်ရှားဆုံး၊ အကြီးကျယ်ဆုံးဖြစ်တဲ့ 'စစ်နှင့် ငြိမ်းချမ်းရေး'ဝတ္ထုကြီး ဘာသာပြန်ဖြစ်ခဲ့ပုံ၊ ဘယ်လိုအားထုတ်ခဲ့ရပုံနှင့် စစ်နှင့်ငြိမ်းချမ်းရေးကိုရေးခဲ့တဲ့ တော်စတွိုင်းဒဿနများကို 'စစ်နှင့်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍'ဆိုတဲ့ ဆောင်းပါးမှာ အားပါးတရ ဖတ်မှတ်ခဲ့ရပါတယ်။ ၁၉၇၂ အောက်တိုဘာလထုတ် 'စစ်နှင့်ငြိမ်းချမ်းရေး အတွဲ-၁၂'မှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ စစ်နှင့် ငြိမ်းချမ်းရေးဝတ္ထုကြီးကို ဘာသာပြန်ဖို့ ၁၉၅၀ ပြည့်နှစ် လောက်ကပင် ဆရာမြသန်းတင့်တို့ တက္ကသိုလ်ပရဝဏ်မှာ ကျင်လည်နေစဉ်ကပင် စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမောင်ကြည်လင်နဲ့အတူတွဲပြီး တစ်ယောက်တစ်ဝက် ဘာသာပြန်ဖို့ စိတ်ကူးရခဲ့ကြပါတယ်။ သို့သော် ၁၉၆၂ အထိ ဘာသာမပြန်ဖြစ်သေး။ ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်မည်လို့ သတင်းထွက်လာတော့ ဆရာမြသန်းတင့်က မုဒိတာပွားလျက် ဆရာကြီးဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။
    'ငါ အချိန်မရပါဘူးကွာ၊ ငါ့မှာ ဒီ့ထက်အရေး ကြီးတဲ့အလုပ်တွေ ရှိတယ်'
    ဆရာကြီး ရွှေဥဒေါင်းမှာ ထိုစဉ်က သမထ၊ ဝိပဿနာ ဘာသာရေးကျင့်စဉ်တွေကို အားထုတ်နေပြီဖြစ်လို့ အချိန်မရတော့ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ ဆရာမြသန်းတင့်ဟာ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးကို တစ်နေ့လျှင် ရှစ်နာရီနှုန်းဖြင့် ဘာသာပြန်ခဲ့ရာ တစ်နှစ်နှင့်လေးလကြာမှ ပြီးတယ်လို့ ဆိုပါတယ်။ 'စစ်နှင့်ငြိမ်းချမ်းရေး'ကို ပုဂံစာအုပ်တိုက်မှ ၁၂ တွဲခွဲ၍ ထုတ်ဝေခဲ့ရာ တစ်တွဲလျှင် အုပ်ရေတစ်သောင်းကျော် ပုံနှိပ်ရသည်အထိ အောင်မြင်ခဲ့တယ်။ စစ်နှင့်ငြိမ်းချမ်းရေး ဘာသာပြန်မယ်လို့ စတင်စိတ်ကူးတာက ၁၉၅၀၊ အတွဲ-၁၂ နောက်ဆုံး တွဲထုတ်နိုင်ခဲ့တာက ၁၉၇၂။ နှစ်ပေါင်း နှစ်ဆယ် ကျော် ဇွဲလုံ့လကြီးမားလှတဲ့ ဆရာမြသန်းတင့်ရဲ့ စာပေချစ်စိတ် ဟာ စံပြုလောက်စရာပါပဲ။ (ဒီနှစ်ပေါင်း ၂၀ ကျော် အတွင်း အခြားသော ဝတ္ထုဆောင်းပါး၊ စာအုပ်များ ရေးသားနိုင်ခဲ့ပါသေးတယ်။)
    ဆရာမြသန်းတင့် စစ်နှင့်ငြိမ်းချမ်းရေးကို ဘာသာပြန်ရခြင်းမှာ တော်စတွိုင်းဝါဒကို သဘောကျလွန်းလို့မဟုတ်၊ ကမ္ဘာကျော်ဝတ္ထုကြီးတစ်ပုဒ် မြန်မာစာပေမှာ ဘာသာပြန်ပြီးရှိနေစေလိုသော စေတနာဖြင့် ဘာသာပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ တော်စတွိုင်းဝါဒကို လက်ဝဲဝါဒအမြင်ဖြင့် ဆရာမြသန်းတင့် ဝေဖန်ခဲ့တာတွေ တွေ့ခဲ့ရပါတယ်။
၁။ ဇာဘုရင်၏ ငါ့မင်းငါ့ချင်းစနစ်နှင့် မြေရှင်ပဒေသရာဇ် စနစ်တို့သည်မကောင်း၊ ထိုစနစ်တို့ကြောင့် လူများဒုက္ခ ပင်လယ်ဝေရသည်။ (တော်စတွိုင်းသည် ၎င်းင်း၏ခေတ်ကို ဤသို့ မြင်သော်လည်း ထိုမတရားမှုများအား မည်သို့ အဆုံးသတ်ရမည်ကို လမ်းညွှန်ခြင်းမပြုနိုင်၊ မြေကျွန်များအတွက် ထွက်ရပ်လမ်းကို မပြနိုင်။)
    ၂။ နိုင်ငံတော်သည် ပြည်သူလူထုအား ဖိနှိပ်သည့် ကိရိယာဟု တော်စတွိုင်းမြင်သည်။ ထို့ကြောင့် နိုင်ငံတော်ကို ဖျက်သိမ်းအပ်သည်။ နိုင်ငံတော်ကို ဖျက် သိမ်းရာတွင် လူတိုင်းစာရိတ္တအရာ၌ ပြည့်စုံအောင် ကြိုး ပမ်းသည့်နည်းဖြင့် ဖျက်သိမ်းသင့်သည်။ လူတို့အနေဖြင့် စာရိတ္တအရာတွင် ပြည့်စုံလာလျှင် လူတို့ကို အုပ်ချုပ်သည့် နိုင်ငံတော်သည်လည်း မလိုအပ်တော့ဘဲ ဖြစ်လာလိမ့် မည်ဟူ၍လည်း မြင်သည်။ (နိုင်ငံတော်သည် ဖိနှိပ်ရေး ကိရိယာဆိုလျှင် မည်သည့်လူတန်းစား၏ နိုင်ငံတော်နည်း။ ပဒေသရာဇ်နိုင်ငံတော်လော၊ ဓနရှင်နိုင်ငံတော် လော၊ ပစ္စည်းမဲ့လူတန်းစားနိုင်ငံ တော်လော၊ ခေတ်သစ် အလုပ်သမား လူတန်းစားကသာလျှင် နိုင်ငံတော်အား ဖျက်သိမ်းခြင်းကို တော်စတွိုင်း မမြင်ခဲ့ပေ။) (စာ-၉၈)
    ကွင်းစကွင်းပိတ်အတွင်း ဖော်ပြချက်တွေက ဆရာမြသန်းတင့်ရဲ့ ဝေဖန်ချက်များဖြစ်ပါတယ်။ လက်ဝဲအမြင်နဲ့ ဝေဖန်ခဲ့ကြောင်းထင်ရှား လှပါတယ်။ ဒါပေမဲ့ လီနင်၊ စတာလင်တို့ရဲ့ ပစ္စည်းမဲ့လူ တန်းစား၊ ခေတ်သစ် အလုပ်သမားလူတန်းစားတို့ရဲ့ နိုင်ငံတော်တွေဆိုတာ ရေပွက်ပမာ ခဏသာ ခံလိုက်ပြီး ယခုမရှိတော့။ ပျက်သုဉ်းကျဆုံးခဲ့လေပြီ။ လက်ဝဲဝါဒ ကိုယ်တိုင်ပင်လျှင် ခေတ်ပြိုင်သမိုင်းရဲ့ အမှိုက်ပုံးထဲသို့ စွန့်ပစ်ခြင်း ခံခဲ့ရပေပြီ။
    'တော်စတွိုင်းဟာ ကမ္ဘာကြီးရဲ့ မူလအကျဆုံးသော အစကို လိုက်ရှာနေတယ်။ အဲဒီလို လိုက်ရှာရင်းနဲ့ မတွေ့တဲ့အခါကျတော့ ဒါနိယာမပဲလို့ ကျုပ်လည်းမသိနိုင်ဘူး။ ဘယ်သူမှလည်း မသိနိုင်ဘူးလို့ နိဂုံးချုပ်လိုက်တယ်။' (စာ-၁၈၃)
    ဆရာမြသန်းတင့်က ဒီလို ပြန်လည်ဆွေးနွေး ထားပါတယ်။
    'ရုပ်ဝါဒကလူဟာ ပတ်ဝန်းကျင်ရဲ့သြဇာကို နာခံရတယ်။ နိယာမရဲ့ သြဇာကို နာခံရတယ်။ အဲဒီ နိယာမတရားကို ဖျက်သိမ်းလို့မရဘူး။ ဒါပေမဲ့ နိယာမတရားကို ခုခံနိုင်တယ်။ ပြောင်းလဲပစ်နိုင်တယ်။ မိမိ အကျိုးအတွက် အသုံးချနိုင်တယ်။ အဲဒီ အတိုင်းအတာ အရ လူဟာလွတ်လပ်တယ်လို့ ခံယူတယ်။ ဥပမာ ရာသီဥတုဟာ နိယာမတစ်ပါးပါ။ လူဟာ ဆောင်းရာသီကို နွေရာသီဖြစ်အောင် မလုပ်နိုင်ဘူး။ ဖျက်ဆီးမပစ်နိုင်ဘူး။ ကမ္ဘာဦးလူသားဟာ ဆောင်းရာသီဒဏ်ကြောင့် သွေးခဲသေရတယ်။ ဒါပေမဲ့ အသိဉာဏ်ရင့်သန်လာတဲ့အခါကျတော့ အနွေးထည်၊ မီး၊ လျှပ်စစ် စသည်တို့နဲ့ အအေးဒဏ်ကို ခုခံလာနိုင်တယ်။ ဒါဟာ လွတ်လပ်လာတာပဲလို့ ယူဆတယ်။ အိန်ဂျဲလ်က 'လွတ်လပ်မှုဆိုတာ နိယာမတရားကို သိနားလည်ခြင်းပဲ'လို့ သူ့ရဲ့ ကျော်ကြားတဲ့ ဒူးရင်းဆန့်ကျင်ရေးကျမ်းမှာ ပြောခဲ့တယ်။' (စာ-၁၈၄)
    ဗုဒ္ဓဘာသာမှာ နိယာမတရားငါးပါးရှိရာ 'ဥတုနိယာမ'လည်း ပါဝင်ပါတယ်။ ရုပ်ဝါဒက ရာသီဥတုကို နိယာမတစ်ပါးအဖြစ် လက်ခံတာ တွေ့လာရပါတယ်။ သို့သော် လူဟာ ဆောင်းရာသီကို နွေရာသီ လုပ်မပစ်နိုင်ဘူး။ ဖျက်ဆီးမပစ်နိုင်ဘူးလို့ ဆိုထားပေမယ့် ဒီနေ့ကမ္ဘာကြီးရဲ့ ရာသီဥတု ဖောက် ပြန်ပျက်စီးနေတာ ထိတ်လန့်ဖွယ် ကြုံတွေ့နေရပါပြီ။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ၊ ပညာရှင်ကြီးတွေဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက် ပြန်လာပုံကို အရေးတကြီးဆွေးနွေး အဖြေရှာနေကြရ ပါပြီ။ ကြွပ်ကြွပ်အိတ်စုတ်လေးတစ်လုံးကအစ ဖန်လုံအိမ် ဓာတ်ငွေ့အဆုံး လက်ညှိုးထိုးလို့ မဆုံး၊ တရားခံရှာလို့ မဆုံးအောင် ရှိနေပါတယ်။ လက်ဝဲဝါဒီတွေ မဟုတ်ပေမယ့် ကမ္ဘာ့ခေါင်းဆောင်ကြီးများနဲ့ ပညာရှင်အများစုဆိုတာလည်း ရုပ်ဝါဒီတွေအဖြစ် ရုပ်မှာပဲ လမ်းဆုံးနေကြ ပါတယ်။
    'ဥတုနိယာမ'ဆိုတာ ဗုဒ္ဓဘာသာက ညွှန်ပြတဲ့ စိတ္တနိယာမ၊ ကမ္မနိယာမ၊ ဓမ္မနိယာမ၊ ဗီဇနိယာမတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ သူတို့ မသိမမြင်နိုင်ကြပါ။ လူတွေရဲ့ စိတ္တနိယာမအရ ကိလေသာ စိတ်အားကြီးလာလေ စိတ်တွေပူလာလေ ရုပ်ကမ္ဘာကြီး ပူလာလေ၊ ကမ္မနိယာမအရ အကုသိုလ်ကံ တွေများများလုပ်လေ ကမ္ဘာလောက ကြီးမှာ အနိဋ္ဌာရုံတွေ ပိုများလာလေ၊ အထူးသဖြင့် ဓမ္မ နိယာမအရ အဓမ္မအမှုတွေ ပိုများလာလေ ကမ္ဘာကြီးပို ပူလာလေဆိုတာ ကမ္ဘာ့ပညာရှင်ကြီးတွေ မရိပ်စားမိတော့ပါဘူး။ တစ်ဆိတ်ရှိ ကြွပ်ကြွပ်အိတ်စုတ်ကလေး လက်ညှိုးထိုးလို့ အပြင်ကိုပဲကြည့်တယ်။ အတွင်းက လောဘ၊ ဒေါသ၊ မောဟတွေကို မကြည့် မမြင်ရှာကြဘူး။ အဲဒီ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ အဟီရိက၊ အနောတပ္ပဆိုတဲ့ အပူတွေနဲ့ပဲ ဖန်လုံအိမ် ဓာတ်ငွေ့တွေ အပြိုင်အဆိုင် ထုတ်လွှတ်၊ ဈေးကွက်တွေ အတင်းလု၊ စစ်ပွဲတွေ ဆင်နွှဲနဲ့ အရင်းစစ်တော့ အမြစ် မြေက ဆိုသလို တကယ့်တရားခံဟာ လူတွေရဲ့ ထိန်းသိမ်းစောင့်စည်းမှုမရှိတဲ့စိတ်၊ ကိုယ်ချင်းစာ မေတ္တာ တရားကင်းမဲ့နေတဲ့ အတ္တစိတ်ပါပဲ။
    ရုရှားစာရေးဆရာကြီး တော်စတွိုင်းကတော့ လူတွေအပေါ် မေတ္တာထားခဲ့ပါတယ်။ ဆင်းရဲမွဲတေလှတဲ့ လယ်သမားတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ် ကြီးခဲ့ပါတယ်။
    'တော်စတွိုင်းသည် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သည်။ မိမိတွင်ရှိသမျှ စည်းစိမ်ဥစ္စာကို စွန့်လွှတ်သည်။ မိမိစာပေများ၏ မူပိုင်ခွင့်အားလုံးကို စွန့်လွှတ်သည်။ ၎င်း၏အမြင်၌ ပစ္စည်းချမ်းသာခြင်း သည် ဒုစရိုက်ဟုမြင်သည်။ လူသည် ခွန်အားစိုက် အလုပ်လုပ်ရမည်။ သူတစ်ပါး ချက်ပြုတ်ကျွေးသော အစားအစာ၊ သူတစ်ပါး ရက်လုပ်ပေးသော အဝတ်အထည်ကို ဝတ်ဆင်ခြင်းသည် မကောင်းမှုဟု မြင်သည်။ ထို့ကြောင့် ၎င်းကိုယ်တိုင် စပါးစိုက်၊ ၎င်းကိုယ်တိုင် ချက်ပြုတ်စားသည်။ ၎င်းကိုယ်တိုင် အဝတ်အထည်ရက်၊ ၎င်းင်းကိုယ်တိုင် ဖိနပ်ချုပ်၍ ဝတ်ဆင်သည်။ ကျိကျိတက် ချမ်းသာသော မှူးမတ်ကြီးတစ်ဦးက ရှိသမျှစည်းစိမ်ကိုစွန့်ကာ လယ်သမားများနှင့် ဒိုးတူပေါင်ဖက် နေပြလိုက်သော အခါ ထိုခေတ်တွင် တော်စတွိုင်းသည် လူထူးလူဆန်း ဖြစ်လျက်ရှိသည်။'(စာ-၉၄)
    ဆိုဗီယက်ရုရှားရဲ့ ခေါင်းဆောင်ကြီး လီနင်က 'တော်စတွိုင်းဟာ ပဒေသရာဇ်စနစ်ရဲ့ လူမှုမတရားမှုတွေနဲ့ ရူးသွပ်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူအရင်း  ရှင်တို့ရဲ့ သွေးစုတ်ခြယ်လှယ်မှု၊ အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ တရားရုံးများနှင့် အစိုးရ အုပ်ချုပ်ရေးဌာနများရဲ့ မတရားမှုတွေကို ဖော်ထုတ်ဖွင့် ချသူ၊ ကျိကျိတက်ချမ်းသာသူများနှင့် ငတ်ပြတ်ဆင်းရဲ သူတို့အကြားရှိတဲ့ ကွာဟချက်ကြီးကို ဖော်ထုတ်ပြသူ'လို့ သုံးသပ်အကဲဖတ်ခဲ့ပြီး တော်စတွိုင်းဟာ အခြားတစ် ဖက်မှာတော့ 'ရင်ဘတ်စည်တီး ငိုကြွေးနေတဲ့ ရုရှားပညာရှိကြီး'လို့ လီနင်က ဆိုပါတယ်။
    ခေတ်အဆက်ဆက် ကမ္ဘာ့ဂန္ထဝင်နံပါတ်တစ် အဖြစ် ထိပ်ဆုံးမှာရှိနေတဲ့ ]စစ်နှင့်ငြိမ်းချမ်းရေး} ဝတ္ထုကြီးမှာ နပိုလီယံကံသို့သော သမိုင်းဝင်ဇာတ်ကောင်တွေ ပါ ဝင်နေသလို သမိုင်းရာဇဝင်နောက်ခံ ကားကိုလည်း ဘယ်တော့မှ ဆေးသားမပြယ်တဲ့ ပန်းချီကားတစ်ချပ်လို ခြယ်မှုန်းသွားတယ်။ အင်ဒရေ၊ နာတာရှာစတဲ့ ဇာတ်ဆောင်ပေါင်းများစွာရဲ့ စရိုက်အဖွဲ့ကလည်း ပီပြင်လွန်းတယ်။ တော်စတွိုင်းဟာ ရာဇဝင်ခေတ်တစ်ခုကို အနုစိတ်ခြယ်မှုန်းပြခဲ့တယ်။ ဒါကြောင့်လည်း စစ်နှင့်ငြိမ်းချမ်းရေးဟာ ကမ္ဘာ ကျော်ရတာပါပဲ။
    'တော်စတွိုင်းဟာ ရာဇဝင်အဖြစ်အပျက်တွေဟာ အကြောင်းတရားမရှိဘဲ ဖြစ်လာတာ မဟုတ်ဘူး။ အကြောင်းတရားကြောင့်သာ ဖြစ်လာတာ၊ တစ်ခါဒီအကြောင်းတရားရဲ့ အကျိုးဆက်က ဒုတိယကွင်းဆက်တစ်ခုမှာ အကြောင်းတရား ဖြစ်သွားတယ်။ ဒါကြောင့် အကြောင်းကြောင်းကြောင့် အကျိုးဖြစ်၊ အဲဒီ အကျိုးဆက်ဟာ နောက်အကျိုးဆက်တစ်ခုရဲ့ အကြောင်းတရား ပြန်ဖြစ်တယ်။ ဒီလိုနဲ့ သံသရာလည်နေတယ်လို့ဆိုတယ်။ ဒါဟာ ဗုဒ္ဓဘာသာက လက်ခံတဲ့ ပဋိစ္စသမုပ္ပါဒ်သဘော မဟုတ်ဘူးလား' (စာ-၁၀၂)
    တော်စတွိုင်းဒဿနတွေကို လက်ဝဲဝါအမြင်နဲ့ ချဉ်းကပ်သုံးသပ်ခဲ့တဲ့ ဆရာမြသန်းတင့် ကိုယ်တိုင်က ဒီတစ်ခါတော့ ဗုဒ္ဓဘာသာရှုထောင့်ကနေ သုံးသပ်ပြသွားတာ အလွန်အံ့သြ ဖွယ်ဖြစ်ပါတော့တယ်။ 'အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ဝိဉာဏ်ဖြစ်၊ ဝိဉာဏ်ကြောင့် နာမရူပ ဖြစ်၊ နာမရူပကြောင့် သဠာယတနဖြစ်၊ သဠာယတနကြောင့် ဖဿဖြစ်၊ ဖဿကြောင့် ဝေဒနာဖြစ်၊ ဝေဒနာကြောင့် တဏှာဖြစ်၊ တဏှာကြောင့် ဥပါဒါန်ဖြစ်၊ ဥပါဒါန်ကြောင့် ဘဝဖြစ်၊ ဘဝကြောင့် ဇာတိဖြစ်၊ ဇာတိကြောင့် ဇရာမရဏဖြစ် စသည်ဖြင့် ကွင်းဆက်တွေရှိတယ်။ အချုပ်မှာ အဝိဇ္ဇာပဲ၊ အဝိဇ္ဇာကို ပယ်နိုင်ရန် ဘ၀ ပြန်မဖြစ်တော့ဘူး။ သံသရာက လွတ်မြောက်သွားပြီ။' (စာ-၁၀၃)
    ဆရာမြသန်းတင့်က ပဋိစ္စသမုပ္ပာဒ်တရားကို ရှင်းပြနေတယ်။ ဆရာကြီးတော်စတွိုင်းဟာ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတာကို လက်ခံတယ်။ သို့သော် သံသရာရဲ့ မူလနှစ်ဖြာဖြစ်တဲ့ အဝိဇ္ဇာနှင့် တဏှာအထိရောက်အောင် မရှုမြင်နိုင်ခဲ့ရှာဘဲ သံသရာတစ်တွေ့ မှာ မေ့ပစ်လို့မရနိုင်တဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ဝတ္ထုကြီးကို ရေးနိုင်ခဲ့တာကတော့ ဘဝတစ်ခုရဲ့ အကြီးမားဆုံး အခိုင်ခံ့ဆုံး မှတ်တိုင်ကြီးလို့ ဆိုရမှာဖြစ်ပါတယ်။ မြတ်ဘုန်းသစ်

 

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42985

© 2022 - 2025 News. All Rights Reserved.