တော်စတွိုင်းရဲ့ အပြေးသမားနှင့် အပြေးရပ်သွားတဲ့ အင်္ဂုလိမာလ

၂၀၂၅ ဖေဖော်ဝါရီ ၂

    ရုရှားစာရေးဆရာကြီး တော်စတွိုင်းရဲ့ 'စစ်နှင့် ငြိမ်းချမ်းရေး' ဝတ္ထုကြီးကို မဖတ်ဖူးရင်သာ ရှိရမယ်။ စာပေဝါသနာပါသူတိုင်း ကြားဖူးကြတာချည်း။ မကြားဖူးလို့လည်းမဖြစ်၊ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးက ကမ္ဘာကျော် ဝတ္ထုရှည်ကြီးတွေထဲမှာ နံပါတ်တစ်နေရာက ရှိနေဆဲ။ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးကို ကျော်လွန် လွှမ်းမိုးသွားနိုင်တဲ့ ဝတ္ထုမျိုး ဘယ်သူမှ မရေးနိုင်သေးဘူးလို့ ဆိုတယ်။ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးအကြောင်းကို ကမ္ဘာ့စာပေ ပညာရှင်များက ဋီကာအသီးသီး ဖွင့်ခဲ့ကြပြီးပြီ။ ဆရာကြီး တော်စတွိုင်းဟာ စစ်နှင့်ငြိမ်းချမ်းရေးလို ဝတ္ထုရှည်ကြီးကို အလွန်ပြောင်မြောက်စွာ ရေးဖွဲ့နိုင်သကဲ့သို့ ဝတ္ထုတိုရေးရာမှာလည်း လူ့ဘဝကို လေးလေးနက်နက် တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိတယ်လို့ ဆိုသင့်တယ်။ ဆရာကြီးရဲ့ ဝတ္ထုတိုတွေထဲမှာ 'လူတစ်ကိုယ်လျှင် မြေမည်မျှ လိုသနည်း'ဝတ္ထုတိုဟာ အလွန်ထင်ရှားပါတယ်။ 'စစ်နှင့်ငြိမ်းချမ်းရေး'က နေမင်းကြီးပမာဆိုရင် 'လူတစ်ကိုယ် ...'က လမင်းကြီးပမာ ထွန်းလင်းနေဆဲ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇွန်လမှာ ဒုတိယ အကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာမောင်ထင် မြန်မာပြန် 'ကမ္ဘာ့ဝတ္ထုတိုများ'မှာ ဖော်ပြထားတဲ့ 'လူတစ်ကိုယ် ...'ကို အကျဉ်းချုပ်ပြီး တင်ပြချင်ပါတယ်။
    တစ်ခုသော နေဝင်ရီတရောမှာ လူတစ်ယောက်ဟာ အမောဖောက်နေလျက်က အသက်ထွက်မတက် မရပ်မနား ပြေးလွှားနေပါတယ်။ မချိတင့်ကဲသို့သော် ဇွဲနပဲနဲ့ ပြေးနေတာပါ။ သူဟာ လယ်သမား တစ်ယောက်ဖြစ်တယ်။ သူ့နာမည်က ပါဟုံ။ သူ့ဘဝတစ်လျှောက်လုံး မြေနဲ့တစ်သားတည်း နင်းပြား ဘဝနဲ့ နေလာခဲ့ရတာပါ။ ဒါကြောင့် သူဒီလိုတွေးမိရဲ့။ မြေကြီးသာရှိရင် (မြေပိုင်ရှင် ဘဝမျိုးသာဆိုရင်) မာရ်နတ်ကိုတောင် ကြောက်စရာမလိုဘူး။ သူ့အတွေးကို သိသွားတဲ့မာရ်နတ်က ဒီလို ကြုံးဝါးစိန်ခေါ် ခဲ့ပါတယ်။
    'ကောင်းပြီဟေ့။ မာရ်နတ်တဲ့ကွနော်။ ငါ့အကြောင်း သိစေ့မယ်။ မောင်မင်းကို လိုချင်သလောက် မြေပေးမယ်။ အဲဒီမြေကြောင့် မောင်မင်းဟာ ငါ့လက်ခုပ် တွင်းကရေ ဖြစ်စေရမယ်'
    ဘာပဲဖြစ်ဖြစ် ပါဟုံဟာ မြေအများကြီးရဖို့ သူ့ရွာကို စွန့်ခဲ့ရပါတယ်။ သူ့အိမ်ကို ရောင်းခဲ့ရပါတယ်။ မြင်းပေါက်ကလေးကအစ ရောင်းခဲ့ရပါတယ်။ သားကိုတောင်မှ လယ်လုပ်သား သူရင်းငှား အဖြစ်နဲ့ထားပြီး လုပ်ခငွေ ကြိုယူခဲ့ရပါတယ်။ ဒါနဲ့တောင် မလောက်သေးလို့ ယောက်ဖဆီက ငွေချေး ခဲ့ရပါတယ်။ ဒီလိုနဲ့ ပါဟုံဟာ မြေယာအိပ်မက် မျှော်လင့်ချက်တွေနဲ့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရေသစ်မြေသစ်မှာ သီးနှံတွေကလည်း ဖြစ်ထွန်းသမို့ ပါဟုံဟာ ထိုက်သင့်သလောက် ချမ်းသာလာခဲ့ပါပြီ။ ဒါပေမဲ့ သူ့လယ်ယာမြေတွေထဲ ဝင်ရောက်ကျူးကျော်ရတာနဲ့၊ ကျွဲ၊ နွား၊ မြင်းတွေ လာကျောင်းကြတာနဲ့၊ ဘုံရိပ်သာ အဖွဲ့ဝင်တွေကလည်း လျစ်လျူရှုနဲ့ဆိုတော့ စိတ်မချမ်းသာလှပါဘူး။ ဒီမြေတွေထက်ပိုကောင်းတဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့ တမျှော်တခေါ် ကျယ်ဝန်းပြန့်ပြောလှတဲ့ မြေယာမျိုးကို လိုချင်လာပါတယ်။ အဲဒီမှာ မြေယာပွဲစားတစ်ယောက်နဲ့ဆုံမိပြီး အဲဒီပွဲစားလမ်းညွှန်ရာ 'ဗတ်ရှ်ကီးနယ်'ကို စွန့်စားပြီး ထွက်လာခဲ့ပါတယ်။ မိန်းမကို အိမ်စောင့်ထားခဲ့ပြီး အစေအပါး ယောက်ျားတစ်ဦးကို အဖော်ခေါ်လာခဲ့ပါတယ်။
    ဒီနယ်မှာတော့ဖြင့် မြေဈေးဟာ အလကားနီးပါးရသလောက် ပေါလှတယ်။ နယ်စားကြီး ပြောပုံကိုကြည့်ပါ။ 'ခင်ဗျားတစ်နေ့ သွားနိုင်တဲ့ ခရီးအတိုင်း မြေနယ်နိမိတ်ကို အစအဆုံး နင်းလျှောက်နိုင်သမျှ ခင်ဗျား ပိုင်မြေဖြစ်မှာပဲ။ အဲဒါအတွက် တစ်နေ့ခရီးကို ငွေတစ်ထောင်ကျတယ်'တဲ့။ ဒီတော့ ပါဟုံက ပြန်ပြောတယ်။
    'တစ်နေ့ခရီးဆိုတာ နည်းတာမှမဟုတ်ဘဲ။ လူတစ်ယောက်ဟာ မြေအများကြီးကို တစ်နေ့အတွင်း ပတ်ချာလှည့်လို့ရတယ်။'
    'ခင်ဗျားလျှောက်နိုင်သလောက် ခင်ဗျားဟာ ချည်းပဲ။ အဲ ...ခြွင်းချက်တစ်ခုတော့ ရှိတယ်။ ခင်ဗျား စပြီးထွက်တဲ့နေရာကို တစ်နေ့အတွင်း ပြန်မရောက်ရင် ခင်ဗျားပိုက်ဆံအဆုံးပဲ'
    ပါဟုံဟာ တစ်နေ့ကို ၃၅ မိုင်လောက်လျှောက် နိုင်တဲ့သူ။ ဒီအတိုင်းဆို ပါဟုံ ရတနာပုံဆိုက်ပြီ။ ဧရာမ မြေသူဌေးကြီးဖြစ်ပြီ။ ညကျတော့ အိပ်မက်မက်လိုက်သေး အိပ်မှာထဲမှာ မာရ်နတ်က တခွီးခွီး ရယ်နေတယ်။ မာရ်နတ်ရဲ့ရှေ့မှာ လူသေတစ်ယောက်၊ လူသေဟာ ပါဟုံနဲ့ တူနေပါရောလား။ ဘယ်လို ပဲဖြစ်စေ၊ နောက်တစ်နေ့ နေအထွက် အရုဏ်တက်မှာ ပါဟုံဟာ ပေါက်တူးတစ် လက်ထမ်းပြီး လုပ်ငန်း စပြီ။
    နယ်စားကြီးက သားမွေးဦးထုပ်ကိုချွတ်၊ မြေပြင်မှာချပြီး ...'ဟောဒီနေရာဟာ မြေနေရာရဲ့ အစပဲ။ ဒီနေရာကစထွက်ပြီး ဒီနေရာကို ပြန်ဝင်ရမယ်။ ခင်ဗျား ပတ်ပတ်လည်သွားတဲ့ နယ်နိမိတ်အတွင်းက မြေမှန်ရင် ခင်ဗျားအပိုင်ပဲ'တဲ့။ ပါဟုံဟာ သူ့ငွေကိုထုတ်ပြီး နယ်စားကြီးရဲ့ ဦးထုပ်ပေါ်မှာ တင်လိုက်တယ်။ နေထွက်ရာ မျက်နှာမူပြီး မနှေးမမြန် လျှောက်လာလိုက်တာ ကိုက်ပေါင်း တစ်ထောင် လောက်ရောက်တော့ တွင်းတစ်တွင်းတူးပြီး အမှတ်အသားပြုတယ်။ ဒီအမှတ်အသားက သူပိုင်တဲ့ မြေဆိုတာ ပြနေတယ်။ အဲဒီနောက်တော့ မြန်မြန်ဆက်လျှောက်တယ်။ သုံးမိုင်လောက်တောင် ခရီး ပေါက်လာတယ်။ သီးနှံဖြစ်ထွန်းမယ့် မြေကောင်းတွေချည်းပဲဆိုတာ သူသိတယ်။ သူပိုင်မြေအဖြစ် အမှတ်အသား လုပ်တယ်။ နေကတအား ပူလာပြီ။ ပေါင်မုန့်စားတယ်။ ရေသောက်တယ်။ အဝေးကြီးကို ရောက်လာပြီပဲ။
    သူပင်ပန်းလာပြီ။ ငိုက်တောင် ငိုက်ချင်လာတယ်။ မဖြစ်သေးဘူး။ တစ်နာရီလောက် အိပ်လိုက်ရင် တစ်သက်စာ နားသွားမယ်။ သူအားတင်းပြီး ဖိနပ်ချွတ်ပြီး လက်ဝဲဘက်ကို ကွေ့ကာ ဆက်လျှောက်တယ်။ ဒီလိုနဲ့ သူဟာ နယ်နိမိတ်သုံးခု မှတ်သားပြီးချိန်မှာ မူလထွက်လာ တဲ့နေရာက ဆယ်မိုင်အကွာရှိနေပြီ။ သူ့ခြေထောက်တွေလည်း ပေါက်ပြဲနေပြီ။ မသယ်ချင်လောက်အောင် လေး လံနေပြီ။ နားလိုက်ချင်ပေမယ့် မနားရဲဘူး။ မူလနေရာ (ပန်းတိုင်)ဆီ နေမဝင်မီ ပြန်ရောက်ဖို့ အရေး ကြီးတယ်။ အခုမှ သူလောဘကြီးပြီး ဝေးဝေးသွားမိတာ နောင်တရ စပြုလာတယ်။ ဒီလိုနဲ့ သူဟာ အသက်ကိုတောင် မှန်အောင်မရှူနိုင်တော့ဘဲ အားကုန်ညှစ်ပြီး ပြေးတော့တယ်။ သေလုမျောပါး ပြေးတော့တယ်။ နေလည်းဝင်တော့မယ်။
    'မြေကတော့ အများကြီးပဲ။ ဒါပေမဲ့ ဘုရားသခင်က ဒီမြေပေါ်မှာ ငါလုပ်ကိုင်နေထိုင်ဖို့ ခွင့်ပြုပါ့ မလား။ ငါဟိုနေရာကို ပြန်ရောက်မယ် မထင်တော့ဘူး။ ငါကြိုးစားခဲ့သမျှ အလကားပဲ ...'
    နေလုံးကြီးဟာ မြေပြိုသလို တအိအိပဲ့ကျ မြုပ်ဝင်နေလေရဲ့။ ပါဟုံဟာ နောက်ဆုံး အင်အားကို ညှစ်ထုတ်ပြီး တစ်ဟုန်ထိုး ပြေးနေပြန်တယ်။ နယ်စားကြီးက တဟားဟားရယ်လို့၊ ညက အိပ်မက်ထဲက မာရ်နတ်ကြီးလိုပဲ ပန်းတိုင်နား ရောက်ခါနီးပါပြီ။ နယ်စားကြီးရဲ့ သားမွေးဦးထုပ်(ခရီးအစ အမှတ်အသား) ကို မြင်နေရပြီ။ အဲဒီမှာ ပါဟုံ ခြေခေါက်ပြီး ဟပ်ထိုးလဲကျသွားတယ်။ နယ်စားကြီးရဲ့ ဦးထုပ်ကို မမီ့တမီ လှမ်းဆွဲလိုက်တယ်။ အဲဒီမှာ ပါဟုံရဲ့ အဖော်ယောက်ျားဟာ သူ့သခင်ဆီပြေးလာပြီး ပါဟုံကို ဆွဲထူလိုက်တယ်။ ပါဟုံရဲ့ ပါးစပ်က သွေးတွေ စီးကျလျက် ...။ ပါဟုံ အသက်မရှိတော့ပြီ။ မြေလိုချင်တဲ့ပါဟုံ မြေကြီးထဲရောက်သွားလေပြီ။ ပါဟုံအတွက် လိုအပ်တဲ့မြေက ခေါင်းမှခြေအထိ ခြောက်ပေ ခန့်မျှသာ။
    ဆရာကြီးတော်စတွိုင်းရဲ့ ပါဟုံဟာ လူတွေရဲ့ လောဘသရုပ်ကို ကိုယ်စားပြုတယ်။ များများလို ချင်လေ၊ မြန်မြန်ပြေးလေ၊ လောဘနဲ့ ပြေးနေသူကို မာရ်နတ်တို့၊ နယ်စားကြီးတို့လို ပုဂ္ဂိုလ်တွေက ဟားတိုက်ရယ်မောခြင်းဖြင့် သြဘာပေးလိမ့်မယ်။ လောဘရဲ့ အရှိန်အဟုန်နဲ့ ပြေးနေသူဟာ မရှုမလှ သေပွဲဝင်ပြီးကာမှ အပြေးရပ်တော့တယ်။ ဒါတောင် တစ်ဘဝမျှ အပြေးရပ်သွားခြင်း ဖြစ်တယ်။ သံသရာမှာတော့ လောဘရဲ့ မောင်းနှင်ရေး အားအတိုင်း ပြေးလွှားနေဦးမှာ ဖြစ်ပါတယ်။
    ဆရာကြီးတော်စတွိုင်းရဲ့ လောဘနဲ့အပြေးသမားကို ဖတ်ပြီးချိန်မှာ ဗုဒ္ဓဝင်ထဲက ကျော်ကြား လှတဲ့ အင်္ဂုလိမာလဆိုတဲ့ ရာဇဝင်လူဆိုးကြီးကို သတိရလိုက်မိတယ်။ လူတွေသတ်၊ လက်ညှိုးတွေ ဖြတ်တဲ့ ကြမ်းကြုတ်ရက်စက်လှတဲ့ အင်္ဂုလိမာလကို ဗုဒ္ဓဘာသာဝင်တွေ မဆိုထားနဲ့ ဘာသာခြားတွေရဲ့ မျက်လုံးထဲမှာတောင် တန်းခနဲ မြင်သိနေကြတာပါ။ သူ့အကြောင်းက စာဖွဲ့ကြ၊ တေးသီကြ၊ ဇာတ်သဘင်တွေမှာ တင်ဆက်ပြသကြ၊ ရုပ်ရှင်ရိုက်ကြနဲ့ဆိုတော့ မသိသူ မရှိသလောက်ပါဘဲ။ သူဟာ အကျွတ်တရားရခါနီး နောက်ဆုံးအချိန်အထိ ဓားကြီးတဝင့်ဝင့်နဲ့ လက်ညှိုးဖြတ်ဖို့ အပြေးလိုက်ခဲ့တယ်။ သို့သော် သူဖြတ်ချင်တဲ့ နောက်ဆုံးသော လက်ညှိုးရှင်ဟာ ဗုဒ္ဓဘုရားရှင် ဖြစ်နေတာကို သူမသိဘူး။ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ ဝပ်စင်းခယ ပူဇော်ကြတဲ့ အနှိုင်းမဲ့ ဂုဏ်တော်ရှင် ဗုဒ္ဓဘုရားဆိုတာ သူမသိခဲ့လေဘူး။ အဲဒီမသိမှု အဝိဇ္ဇာတွေနဲ့ပဲ သူလက်ညှိုးတွေ လိုက်ဖြတ်နေတာ။ ဆရာကို လက်ညှိုး ပေါင်းတစ်ထောင်နဲ့ ပူဇော်ဖို့တဲ့လေ။
    ကြည့်စမ်း ...။ လက်ညှိုးပေါင်း ကိုးရာ့ကိုး ဆယ့်ကိုးချောင်းရပြီ။ တစ်ချောင်းပဲ လိုတော့ရဲ့။ အင်္ဂုလိမာလ လက်ချက်နဲ့ အပြစ်မဲ့ပြည်သူတွေ သေခဲ့ရတာ မနည်းတော့ဘူး။ ပြည်သူတွေ မခံမရပ်နိုင်တော့လို့ ကောသလမင်းကြီးကို တိုင်ကြတယ်။ ကောသလမင်းကြီး ကိုယ်တိုင်က အင်္ဂုလိမာလဆိုတဲ့ အသံကြားရုံနဲ့ တုန်လှုပ်နေခဲ့တာ။ ဒါကြောင့် ကောသလမင်းကြီးဟာ သူ့ရဲ့ အကောင်းဆုံး လက်ရွေးစင် မြင်းသည်တော် ငါးရာကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးလိုက်ပြီး အင်္ဂုလိမာလ စစ်ဆင်ရေးကြီးကို စတင်လိုက်တယ်။
    အဲဒီမှာ အမေလုပ်သူက သားမိုက်ကြီး မရှုမလှခံရတော့မှာ မကြည့်ရက်တော့ အသက်စွန့်ပြီး သားဆီကို သတင်းလာပေးတယ်။
    'သားရေ လွတ်အောင်ပြေးပေတော့၊ မြန်မြန်ပြေးပေတော့၊ သားကို ဖမ်းဖို့ ဘုရင့်စစ်တပ်ကြီး လာနေပြီ'လို့ တောအုပ်ကြီးထဲမှာ တကြော် ကြော် အော်ဟစ် သတိပေးရှာတယ်။ အလိုလေး မိုက်လှတဲ့ အင်္ဂုလိမာလဟာ မေတ္တာကြီးမားလှတဲ့ ကျေးဇူးရှင် မိခင်ကြီးကို သား ကောင်အမှတ်နဲ့ လက်ညှိုးဖြတ်ဖို့ တစ်ဟုန်ထိုး အပြေးလိုက်တော့တယ်။ အဲဒီမှာ သားအမိနှစ်ဦးကြား ဘွားခနဲ ပေါ်လာတာက ဗုဒ္ဓဘု ရားရှင် ဖြစ်ပါတယ်။
    'ကြည့်စမ်း ...ဒင်း ဝင်ရှုပ်လို့ ငါ့သားကောင် လွတ်သွားပြီ။ ဒီရဟန်းယုတ်ကိုပဲ သတ်တော့မယ်}
    အင်္ဂုလိမာလဟာ ဘယ်လောက်ထိ မိုက်ကန်း နေသလဲဆိုရင် ဘုရားကို ဘုရားမှန်း မသိရှာဘူး။ ဒါကြောင့် ဘုရားရှင်ဆီ ဓားကြီးဝင့်ပြီး တစ်ဟုန်ထိုး ပြေးတယ်။ လေမုန်တိုင်းရဲ့ အလျဉ်နဲ့ ပြေးတယ်။ ဒေါသတွေ ပွက်ပွက်ဆူလျက်က နှလုံးသွေး ရပ်မတတ် ပြေးတယ်။ ဒါပေမဲ့ ပြေးလေ ဝေးလေ။ ဘုရားရှင်ရဲ့ တန်ခိုးတော်၊ မေတ္တာတော်၊ ကရုဏာတော်ကို လူဆိုးလူမိုက်ကြီး ဘယ်လိုပင် အပြေးလိုက်ပေမယ့် မမီနိုင်ရှာဘူး။ မတတ်နိုင် တော့တဲ့အဆုံး အင်္ဂုလိမာလ အော်ပြောတယ်။
    'ဟယ် ရဟန်း၊ ရပ်လော့'
    ဗုဒ္ဓဘုရား တုံ့ပြန်မိန့်ကြားလိုက်ပုံက အင်္ဂုလိ မာလကို ပိုပြီး နာကျင်စေခဲ့တယ်။
    'ငါကား ရပ်၏။ သင်ကားမရပ်'
    'သင်ကား ရဟန်းဖြစ်လျက် မုသားဆို၏။ ပြေးလျက်နှင့်ရပ်၏ ဟုဆိုသည်။'
    'ချစ်သား ငါသည် သံသရာဝဋ်ဆင်းရဲဘေးမှ အပြေးရပ်ခဲ့ပြီဟု ဆိုလိုသည်။ သင်ကားမရပ်'
    ဗုဒ္ဓဘုရားရှင်ရဲ့ အလင်းပြစကားမှာ အင်္ဂုလိမာလ ဉာဏ်အလင်း ရသွားခဲ့ပေပြီ။ ငုပ်လျှိုးနေသော ပါရမီတို့ ရုတ်ခြည်းပွင့်ပေါ်လာခဲ့ပေပြီ။ အင်္ဂုလိမာလ ဓားကိုချ လက်အုပ်ချီ ပါရမီရင့်သန် ဗောဓိဉာဏ်ပွင့်ထွန်းတော်မူခဲ့လေပြီ။ အင်္ဂုလိမာလ အပြေးရပ်ခဲ့ပေပြီ။ သံသရာစက်အကန့်ကို ရပ်တန့်ပစ်လိုက်ပေပြီ။
    တော်စတွိုင်းရဲ့ ဇာတ်ကောင် ပါဟုံကတော့ လောဘနဲ့ ပြေးခဲ့ပါတယ်။ သူ့ကို အပြေးရပ်အောင် ချွေးသိပ်ဖေးမ အလင်းပြမည့် တရားရှင်မရှိပါ။ သူ့ပြေးနှုန်းကို ဗုန်းဗုန်းလဲကျသွားအောင် သေမင်းက ရပ်တန့်ပစ်လိုက်တယ်။ ဒါပေမဲ့ သံသရာဝဋ်ဆင်းရဲက ပါဟုံအတွက် ရပ်တန့်သွားခြင်းမရှိပါ။ နောက်ဘ၀ တွေမှာ ဆက်ပြေးနေရပါဦးမယ်။
    ကျွန်တော်တို့လည်း ပြေးနေကြပါတယ်။ နေထွက်နေဝင် တစ်ရက်ပြီးတစ်ရက်၊ တစ်ဘဝပြီး တစ်ဘ၀ ပြေးနေကြပါတယ်။ ကျွန်တော်တို့ ဘာအတွက် ဘယ်လို မျှော်လင့်ချက်နဲ့ ပြေးနေကြပါသလဲ။ ကျွန်တော်တို့ရဲ့ ပြေးပုံပြေးနည်း အပြေးခရီးကို ဘယ်လိုရပ်တန့်လိုက်ကြ မှာပါလဲ။          (မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 207

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.