တော်လှန်ယူနီဖောင်း လေလံ

၂၀၂၄ အောက်တိုဘာ ၄

    မြန်မာနိုင်ငံသားဆိုတာက တစ်ခါတလေ အလွန်ခန့်မှန်းရခက်သော နိုင်ငံသားများ ဖြစ်သည်။ တစ်ရပ်ကွက်တည်းည်နေပြီး မတည့်ရင်သာ မတည့်ကြတာဖြစ်သည်။ ဟိုဘက်ရပ်ကွက်ကကောင်တွေ လာပြဿနာရှာရင်တော့ တစ်ရပ်ကွက်လုံး တုတ်ဆွဲ၊ ဓားဆွဲထွက်သည့် အလေ့အထတော့ ရှိတတ်ကြသည်။ ဘယ်လိုပဲ သွေးခွဲသွေးခွဲ မြန်မာဘောလုံးအသင်းရှုံးရင်တော့ ဒိုင်လူကြီးကို သုဝဏ္ဏကွင်းထဲမှာ ကလော်တုတ်သည့် အလေ့အထလေးက ချစ်စရာကောင်းလှသည်။ အခုလည်း ဝမ်းချန်ပီယံမှာ မြန်မာ့ကိုယ်ခံပညာရှင် ကစားသမားလေးတွေ သွားထိုးတော့ဝက်ဝက်ကွဲ အားပေးကြသည်။ ရှုံးတော့လည်း အားကစားရုံအပေါက်ဝကထွက်အလာစောင့်ပြီး စိတ်ဓာတ်မကျဖို့အားပေးကြသည်။ ဒီလောက် ချစ်စရာ ကောင်းတဲ့လူမျိုးတွေ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ကြတာကို တစ်ခါတလေ စဉ်းစားမိရင် လူက အူကြောင်ကြောင်ဖြစ်သွားသည်။ 
    ပြောချင်တာက မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း အကြောင်းဖြစ်သည်။ အခုလည်း ရေဘေးဆိုတော့ မရှိရှိ တာလှူကြသည်။ လက်ဝှေ့သမားတွေကလည်း ရထားတဲ့ခါးပတ်တွေ လေလံတင်ရောင်းကြသည်။ အနုပညာရှင်တွေကလည်း လေလံတင်ရောင်းလို့ရသမျှ ရောင်းချပေးကမ်းလှူဒါန်းကြသည်။ တစ်ခေတ်တစ်ခါက နာမည်ကျော်မင်းသားကြီး ကိုသားကြီးခေါ် ဒွေးရဲ့အင်္ကျီလေး လေလံတင်တာ သိန်း ၃၀ ကျော်ရသွားပြီး ရေဘေးကို လှူလိုက်သည်ဟု သိရသည်။ သွားလေသူလည်း ကုသိုလ်ရသလို အလှူပေးသူလည်း ကုသိုလ်ရကြလေသည်။ ဒါတင်မကသေး မြန်မာအိုင်ဒေါအဆိုပြိုင်ပွဲမှာ အဆိုတော်ကြီး မြန်မာပြည်သိန်းတန်က ငှက်ပျောသီးကျွေးလိုက်တာကြောင့် ဘနားနားဟု နာမည်ကျော်သွားသော လူငယ်လေးကလည်း သူ့သီချင်းကိုရောင်းကာ ပရဟိတမင်းသမီးကြီး မခိုင်နှင်းဝေဆီ လှူလိုက်ပြန်သည်။ အင်မတန်မှ စိတ်ချမ်းမြေ့ဖွယ် သတင်းများဖြစ်သည်။ အရေးကြီးတော့ သွေးစည်းဆိုသလို မိမိတတ်နိုင်သမျှ ကူကြကယ်ကြရင်း ရေဘေးပြန်လည်ထူထောင်ရေးက အောင်အောင်မြင်မြင်ဖြစ်မှာ သေချာသည်။ ရေဘေးကြောင့် ဘဝပျက်ရသူတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေကို ပရဟိတလက်တွေက ကူညီကယ်မနေတာမြင်ရတော့ စိတ်ချမ်းသာမိပြန်သည်။
    အစိုးရကလည်း အစိုးရတာဝန်ဆိုတော့ ပြန်လည်ထူထောင်ရေး ကျပ်ဘီလီယံ ၃၀ မှန်းထားပြီး အခြေခံအဆောက်အအုံတွေ အလျင်အမြန်ပြင်ဆင်နေ ကြသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း မနေသာဘဲ နိုင်ငံ့ဝန်ကိုထမ်းပြီး ဝိုင်းလှူလိုက်ကြတာ ဘီလီယံ ၃၀ ကျော် အသာလေးရသွားသည်။ မြန်မာ့လုပ်ငန်းရှင်ကြီးများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေကြောင်း၊ စီးပွားရေးများ ဒီထက်မက တိုးတက်အောင်မြင်ပါစေကြောင်း ဆုတောင်းလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် လှည်းဘီးနွံထဲကျွံနေသဖြင့် ပြိုင်တူတွန်း၍ ရွှေ့ပေးလိုက်ကြတာကြောင့် စိတ်ချမ်းသာရသည်။ ပရဟိတအသင်းအသီးသီးကလည်း ရေဘေးသင့်ဒေသတွေကို ကွင်းဆင်းလှူဒါန်း နေကြသလို နောက်ချန်တိုက်စစ်မှူးတွေ ကလည်း လုပ်အားဒါန၊ အသံဒါနနှင့် မြို့ထဲရွာထဲ အလှူခံထွက်နေကြသည်ကို ယနေ့ထက်တိုင် တွေ့မြင်ရသည်။ ဤသည်ကလည်း မြန်မာ့စိတ်ရင်းကို တွေ့မြင်ရတာဖြစ်သည်။ လှူကြတန်းကြနဲ့ မြန်မာနိုင်ငံအပေါ်ကျရောက်သော ရေဘေးက မြန်မြန်ဆန်ဆန် သောကအပူငြိမ်းမည်ဖြစ်သည်။
    ဒီတော့ ဟိုးအမေရိကားတိုင်းဌာနီနှင့် ယိုးဒယားမြေမှာ မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ကာကြံစည်နေသော ခေါင်းဆောင်ကြီးတွေ မြန်မာ့ရေဘေးကို ဘာများလှူသလဲဆိုပြီး ကြည့်မိသည်။ ဖေ့စ်ဘုတ်အကောင့်တွေ ဝင်ကြည့်မိတော့လည်း ဘာမှတင်ထားတာမတွေ့တော့ ခေါင်း ဆောင်ကြီးတွေ ရေဘေး အလှူခံများ ထွက်နေကြသလားဟု ထင်မိသည်။ ဒါမှမဟုတ် ရောင်းစရာချစရာ မရှိတော့လို့လား ထင်ရသည်။ရေဘေးကလည်း ၂၀၂၁ လောက်ကဖြစ်ရင် ကောင်းမှာ ပဲဟုထင်မိသည်။ ထိုကာလကဆိုရင် ခေါင်းဆောင်ကြီးတွေမှာ ရောင်းစရာချစရာ ဟိုအန်တီကြီး၏ ထီးတွေ၊ ဖိနပ်တွေ၊ သနပ်ခါးနံ့သင်းနေတဲ့ ရင်ဖုံးအင်္ကျီတွေ၊ ထဘီတွေ ရှိသေးသည်။ ခုလို ရေဘေးဖြစ်မယ်မှန်းမသိတော့ ထုတ်ရောင်းလိုက်တာ ကုန်ပြီထင်သည်။ ခေါင်းဆောင်ကြီးတွေကို မေးကြည့်ချင်သည်။ အိမ်မှာ သိမ်းထားတဲ့ ဟိုအန်တီကြီး ပစ္စည်းပစ္စယလေးတွေများ ရှိသေးလား ရှာကြစေလိုသည်။ ဘာပဲဖြစ်ဖြစ် တစ်ခုတလေလေး များကျန်သေးရင် ရေဘေးလေလံဆိုပြီး ထုတ်ရောင်းလို့ရသေးသည်။ 
    ယိုးဒယားမြေက တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ အလှူတက်ခံပြန်သည်။ တောထဲမှာ ဆံပင်အရှည်ကြီးနဲ့ ထမင်းစား ပြ၊ ရေချိုးပြ၊ ယူနီဖောင်းကြီးတကား ကားနဲ့ခုမှထွက် အလှူခံတော့ တချို့ကခေါင်းဆောင်ကြီး ဖဲများရှုံးသလား စိတ်ပူနေကြသည်။ ဖေ့စ်ဘုတ်ပေါ်မှာ အလှူလည်းခံရော အရင်တုန်းကလို မှတ်ချက်တွေ လာမရေးကြပြန်တော့ ခေါင်းဆောင်ကြီးခမျာ သနားစရာပင်ဖြစ်သည်။ ဘာကြောင့် အလှူခံမှန်းမသိတော့လည်း မလှူကြတာဖြစ်သည်။ တချို့ကလည်း ဖေ့စ်ဘုတ်သုံးရမှာကြောက်လာ ကြပြီထင်သည်။ ဘယ်လိုသုံးသုံး အလှူခံပိုစ့်တွေက တက်နေတော့ မလှူနိုင်ရင် စိတ်သောကရရောက်ရတာ ဖြစ်သည်။ ခေါင်ဆောင်ကြီးတွေမှာ ရေဘေးလှူချင်သော်လည်း အလှူခံတာ မရတာကြောင့် မလှူရတာဖြစ်နိုင်သည်။ ဒါကြောင့်လည်း အမေရိကားက ခေါင်းဆောင်ကြီးတွေလည်း ပြည်သူကိုမျက်နှာပူပြီး လိုင်းပေါ်မတက်လာတာ ဖြစ်မည်ထင်သည်။ 
    ခေါင်းဆောင်ကြီးတွေ ရေဘေးလှူရရေးအတွက် အကြံတစ်ခုလောက် ပေးချင်သည်။ တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၆၀ လောက်ကို ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဦးဆောင်တိုက်ခိုက် သိမ်းပိုက်လာတာဆိုတော့ သမိုင်းဝင်ယူနီဖောင်းကြီးတွေတော့ ရှိမည်ထင်သည်။ ဒါက ရေဘေးအတွက် ငွေရလမ်းပင်ဖြစ်သည်။ ခေါင်းဆောင်ကြီး တစ်ယောက်လောက်ကစပြီး ဘယ်မြို့သိမ်းတိုက်ပွဲတုန်းက ရွပ်ရွပ်ချွန်ချွန်တိုက်ခဲ့စဉ်က ယူနီဖောင်းကို ကြမ်းခင်းဘယ်ဈေးနဲ့ လေလံတင်ပါတယ်ဆိုရင် ရေဘေးအတွက် အလှူငွေတွေရနိုင်သည်။ တောထဲမှာ ဟင်းချက်ရင်းဝတ်ခဲ့တဲ့ သမိုင်းဝင်ယူနီဖောင်းတွေ၊ ရှေ့တန်းစခန်းမှာ ငရုတ်ကြက်သွန်ခွာရင်း လက်ဓားရှခဲ့တဲ့ သွေးစွန်းယူနီဖောင်းတွေ၊ မဲဆောက်တောနက်ကြီးထဲမှ မြန်မာ့တော် လှန်ရေးအတွက် သမိုင်းဝင်ဓာတ်ပုံသွားရိုက်စဉ်က ယူနီဖောင်းတွေဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လေလံတင်လိုက်ရင် ဝက်ဝက်ကွဲရောင်းရမှာဖြစ်သည်။ တော်လှန်ရေးအတွက် ယူနီဖောင်းက မင်္ဂလာဒုံဈေးထဲမှာ အချိန်မရွေး သွားဝယ်လို့ရသည်။ ခုဟာက ခေါင်းဆောင်ကြီးတွေ ချွေးနဲ့သွေးနဲ့တော်လှန်ခဲ့ကြတဲ့ ယူနီဖောင်းတွေဆိုတော့ ကမ္ဘာဈေးကွက်ဝင် လေလံပစ္စည်းများ ဖြစ်လာနိုင်သည်။ ဤအကြံမျိုးက ထူးမြတ်လို ဂုဏ်ကြီးရှင်မို့လို့ ပေးနိုင်တာဖြစ်သည်။ "တော်လှန်သမိုင်းဝင် ယူနီဖောင်းလေလံ ရေဘေးအတွက်အလှူခံ"ဆိုတဲ့ ခေါင်းစဉ်နဲ့သာဆို  အလှူငွေတွေ တထောကြီးရနိုင်မှာ ဖြစ်သည်။ ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 246

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.