တော်လှန်ရေး ငါးခြောက်နှင့် ပြန်ဆုံဖို့ မဖြစ်နိုင်တော့သူများ

၂၀၂၄ ဇူလိုင် ၂၆

    ခုတလော ဖေ့စ်ဘုတ်ပေါ်မှာက မြို့သိမ်းတိုက်ပွဲတွေ အတော်လေး ခေတ်ထနေသည်။ ဘယ်မြို့ကိုတော့ သိမ်းလိုက်ပြီဟေ့ဆိုတဲ့ ဓာတ်ပုံတွေကလည်း လိုင်းပေါ်မှာ တွေ့နေရသည်။ ဒီကြားထဲ အမေရိကားက ခေါင်းဆောင်ကြီးတွေကလည်း စဉ့်ကူးမြို့ကို သိမ်းလိုက်ပြီဆိုတော့ မန္တလေးနဲ့ သိပ်မဝေးတော့ဘူး ဆက်သိမ်းကြဟေ့ ဆိုပြီး ညွှန်ကြားချက်တွေ ဖေ့စ်ဘုတ်မှာ ဆော်သြပေး ကြသည်။ နောက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ပြင်ဦးလွင်က လူတွေ ပြေးနေကြတယ်ဆိုပြီး သတင်းတက်လာပြန်သည်။ ဒီတော့ ပြင်ဦးလွင်က အသိမိတ်ဆွေတွေကို ဖုန်းဆက်သွယ် သတင်းမေးရပြန်သည်။ ဟုတ်တယ် မောင်ထူးမြတ်ရေ။ ပြေးနေရသဟ ပိတ်ရက်တွေဆက်နေတော့ ဘားတွေပြေးတဲ့သူက ပြေး၊ မန္တလေးကို ဈေးဝယ်ဖို့ပြေးတဲ့ သူကပြေး၊ ညနေဆိုရင် ဘီယာဆိုင်ကို ပြေးတဲ့သူကပြေး တစ်မြို့လုံး ကျောင်း ပိတ်ရက် သုံးရက်ဆက်လိုက်တော့  ပြေးလိုက်ကြတာများ မိသားစုလိုက်ကြီးတွေ ကန်တော် ကြီးထဲ ပတ်ပြေးနေကြတာ ပျော်စရာကြီးဟု ဖြေလာသည်။ သြော် ဒီတော့မှ စစ်ဖြစ်လို့ပြေးတာမဟုတ်ကြောင်း သေချာသိရတော့သည်။ ဖေ့စ်ဘုတ်ကို သတိထားသုံးနေရင်း မောင်ထူးမြတ်တစ်ယောက် ခံလိုက်ရပြန်သည်။ ဒီ တော့လည်း ထမင်းပူပူ ဟင်းပူပူလေးချက်ထားမယ်ဆိုတဲ့ မြို့တွေရဲ့ သတင်းကို နားစွင့်မိပြန်သည်။ ထမင်းပူပူ ဟင်းပူပူ ချက်လိုက်ကြတာများ စစ်ဘေးရှောင်စခန်း တွေမှာ အုန်းအုန်း ထနေသည်။ သိမ်းလိုက်တဲ့ မြို့တွေကလည်း တော်လှန်ရေးဘက်တော်သားတွေ မြို့ဝင်ဆိုင်း ဘုတ်လေးနဲ့ ဓာတ်ပုံတွဲရိုက်ရုံပဲရှိသေးပြီး နာရီပိုင်းအတွင်း တပ်မတော်က ပြန်လည်စိုးမိုး ထိန်းချုပ်သွားပြန်သည်။ ဒီတော့မှ  မြို့သိမ်းတိုက်ပွဲဆိုတာ မြို့ထဲခဏဝင်ပြီး သေနတ်ကြီးတွေလွယ် မြို့ဆိုင်းဘုတ်ကြီး တွေနဲ့ ခဏဓာတ်ပုံ ဝင်ရိုက်ရတာပဲဟု တွေးမိသေးသည်။
    တချို့ကလည်း မြို့တွေသိမ်းလိုက်တာ ဟုတ်မဟုတ် ဓာတ်ပုံတွေ မြင်မှယုံမယ်ဆိုလို့ တော်လှန်ရေးသမားတွေက မြို့ဆိုင်းဘုတ်တွေနဲ့ ဓာတ်ပုံတွဲရိုက်တာကို ဖေ့စ်ဘုတ်မှာ မျှဝေလိုက်ကြသည်။ ဒီလိုမြို့ဝင်ဆိုင်းဘုတ် ကြီးတွေနဲ့ တွဲရိုက်တဲ့ပုံတွေက မကြာခဏ လိုင်းပေါ်မှာ တွေ့ရတတ်ပြီး သိပ်မကြာ တပ်မတော်က ဝင်ဆော်ပလော်တီးကာ ပြန်လည်စိုးမိုးလေ့ရှိသည်။ တချို့ဉာဏ်ရည်ပြည့်သူတွေ ကတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်ဓာတ်ပုံရိုက်ပြမှ ယုံမယ်ဟေ့ဆိုပြီး ဖြစ်ကုန်ကြသည်။ ဒီကြားထဲ ဟိုသတင်းဌာနတွေက ထုံးစံအတိုင်း တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ် စစ်သားအယောက် တစ်သိန်းကျ မိမိဘက်က သုံးယောက်ဒူးပွန်းဆိုတဲ့ သတင်းတွေနဲ့ လော်ကြပြန်တော့ ထူးမြတ်တို့လို တော်လှန်ရေးဘက်တော်သားတွေ ယုံကြရပြန်သည်။ ခုခေတ်စစ်ပွဲသတင်းတွေက ဖေ့စ်ဘုတ်မှာ မသေပေမယ့် တယ်လီဂရမ် ချန်နယ်တွေမှာ သွားသွား သေတတ်ကြသည့်အတွက် တယ်လီဂရမ်လေးတွေလည်း ဖွင့်ထားရသေးသည်။ ဒါမှ ဖေ့စ်ဘုတ်မှာ ငါတို့နိုင်တော့မှာလို့ အော်လို့ ရသလို တယ်လီဂရမ်မှာ ကြယ်လေးတွေ ကြွေတာကြည့်ရင်း အလေးနီပြုလို့ရမှာ ဖြစ်သည်။
    ခုတလော မြို့တွေသာ သိမ်းနေတာ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ စာမလာ သတင်းမကြား ဖြစ်နေသည်။ အရင်က ကိုယ့်မြင်းကိုယ်နိုင်အောင် စီးနေရသည့် ခေါင်းရှောင်ကြီးလည်း ပျောက်နေသလို၊ အရက်ပုလင်းကာကွယ်ရေးဝန်ကြီးလည်း ရှာမတွေ့ချေ။ အွန် လိုင်းကျန်းမာ ရေးဝန်ကြီးကတော့ တစ်ခါတစ်ခါ လိုင်းပေါ်တက်လာပြီး ပြည်သူတွေကို အွန်လိုင်းကနေ တစ်တပ်တစ်အား ဆေးထိုးပေးနေရှာသည်။ ဒီတော့လည်း  တို့ခေါင်းဆောင်ကြီးတွေ အင်မတန် အလုပ်များနေလို့နေ မှာဆိုပြီး တော်လှန်ရေးခေါင်းဆောင် ပေါက်စလေးတွေ  ဘာများလုပ်နေကြသလဲဆိုပြီး လိုက်ကြည့် ရပြန်သည်။တော်လှန်ရေးခေါင်းဆောင်ပေါက်စတွေကတော့ တော်လှန်ရေးအတွက် အင်မတန်အားဖြစ် စေသောကိစ္စကို လုပ်ကိုင်နေကြသည်။ ဘာလုပ်နေသလဲဆိုရင် "ရန်ကုန် မှာပြန်ဆုံမယ်"ဆိုတဲ့ တူညီတီ ရှပ်တွေချုပ်ပြီး ကိုယ်တိုင်လည်းဝတ်၊ တော်လှန်ရေး ရန်ပုံငွေဆိုပြီး တစ်ဆင့်ပြန်ရောင်းရင်း တော်လှန်ရေး လက်လီလက်ကား တီရှပ်အရောင်းပွဲတော်ကြီး ကျင်းပနေကြသည်။ ထူးမြတ်တို့ နိုင်ငံကထစ်ခနဲ ရှိရင် တီရှပ်လေးတွေ ဆင်တူချုပ်ချုပ် ဝတ်လေ့ရှိသည်။ ဒါကြောင့်လည်း ရွှေဂုံတိုင်က ဆေးဆိုးပန်း ရိုက်ဆိုင်တွေ အလုပ်ဖြစ်ကြတာ ဖြစ်သည်။ ဟိုအစိုးရလက်ထက်ကဆိုရင် ဟိုအန်တီပုံတီရှပ်တွေရောင်း အားကောင်းခဲ့တာတောင် သတိရမိသေးသည်။ 
    ခုလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေက နောက်ဆုံးလှိုင်းလို့ပြောပြီး လမ်းအားလုံး ဘယ်မြို့ဆိုပြီး ကြွေးကြော်ရုံတင်ရှိသေးသည်။ အောက်ခြေတော်လှန် ရေးခေါင်းဆောင် ပေါက်စလေးတွေက ချက်ဆိုရင် နားခွက်က မီးတောက်ပြီး "ရန်ကုန်မှာ ပြန်ဆုံမယ်"ဆိုပြီး ဖြစ်ကုန်ကြတော့သည်။ ဒါတောင် ပြည်ပပြေးတာချင်း အတူတူ မင်းတို့က ရန်ကုန်သားဝါဒ ကြီးစိုးရေးဆောင် ရွက်နေတာပဲ ရန်ကုန်မှာတင် ပြန်ဆုံလို့ရတာ မဟုတ်ဘူး ငါတို့ မန္တလေး၊ ငါတို့ မြစ်ကြီးနား၊ ငါတို့ မော်လမြိုင်မှာလည်း ပြန်ဆုံလို့ရတာပဲဆိုပြီး ကွန်ပလိန်းတက်ကြသည်။ ဒါက ပြဿနာကြီးတွေ မဟုတ်ပေ။ တော်လှန်ရေး ခေါင်းဆောင်ပေါက်စအချင်းချင်း ညှိနှိုင်းပြီး မြန်မာနိုင်ငံက မြို့တော်ကြီးတွေ အားလုံးအမည်တွေကို ချရေးပြီး တောင်ကြီးမှာ ပြန်ဆုံမယ်၊ မော်လမြိုင်မှာ ပြန်ဆုံမယ်၊ ပုသိမ်မှာ ပြန်ဆုံမယ်၊ မန္တလေးမှာ ပြန်ဆုံမယ်၊ နေပြည်တော်မှာ ပြန်ဆုံမယ်ဆိုပြီး မြို့အားလုံးအမည်ပြောင်းရေးပြီး နိုင်ငံတကာကို ထုတ်ရောင်းရင် ကိုယ်မြို့နာမည်နဲ့ ကိုယ်ကြိုက်တာဝယ်ပြီး ပြန်ဆုံလို့ရသည်။ ဒါတင်မကသေး တော် လှန်ရေးခေါင်းဆောင်ကြီးတွေဝတ်ဖို့ အန်လစ်မစ်တက် ထုတ်ကုန်တွေအဖြစ် အမေရိကားမှာ ပြန်ဆုံမယ်၊ နော်ဝေမှာ ပြန်တွေ့မယ်၊ သြဇီမှာပြန်ဆုံမယ်ဆိုပြီး ထုတ် ရောင်းလို့ရသေးသည်။ 
    ရန်ကုန်ဆိုတာကလည်း အနယ်နယ် အရပ်ရပ်က ပြည်သူတွေ လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေတဲ့ ဆုံရပ်မြို့လိုဖြစ်နေတော့ ရန်ကုန်ကို ဦးထိပ်ထားတာ ဖြစ်နိုင်သည်။ တချို့ကလည်း မောင်ထူးမြတ်လေးကို ဖေ့စ်ဘုတ်မက်ဆင်ဂျာကနေ တကူးတက လာမေးကြသည်။ ရန်ကုန်မှာ တကယ်ပြန်ဆုံကြမှာလားဟု ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ လုပ်ရင် မဖြစ်နိုင်တာ မရှိတာကြောင့် ခုလိုဆင်တူ တီရှပ်တွေ ချုပ်ဝတ်ပြတာဟု ပြန်ဖြေရသေးသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ အရည်အချင်းက လျှော့တွက်လို့မရချေ။ အမေရိကားက တော်လှန်ရေးခေါင်းဆောင် မကြီးဆိုရင် အမေရိကားမှာ မြန်မာပြည်က ငါးပိငါးခြောက်တွေမှာ၊ မြန်မာအစားအသောက်တွေမှာပြီး ငါးခြောက်ဖုတ် တစ်မျိုးရောင်းရုံနဲ့တင် သန်းကြွယ်သူဌေး မကြီးဖြစ်သွားသည်။ အခုဆိုရင် အမေရိကား သာမက ထိုင်းနိုင်ငံကိုပါ အွန်လိုင်းစတိုးအဖြစ် အခြေချလာသည်။မြန်မာနဲ့ထိုင်း စားသောက်နေထိုင်ပုံ သိပ်မကွာလှသော်လည်း ပရိုတင်းဓာတ်များသည့် တော်လှန်စာတွေသာ  စားချင်းသော မြန်မာလူမျိုး တွေကို ပစ်မှတ်ထားကာ ရောင်းတာဖြစ်သည်။ ဒါကြောင့် ဉာဏ်ရည်မြင့်တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကို လျှော့တွက်မရတာဖြစ် သည်။
    တော်လှန်ရေးခေါင်းဆောင်မကြီးက အမေရိကားမှာ တော်လှန်စာတွေစားပြီး တော်လှန်လိုကြသည့် မြန်မာတွေအတွက် ရန်ဂွန်းစတိုးဆိုပြီး တော်လှန်ရေး အစားအသောက်တွေ ရောင်းနေရာမှ  ဒေါ်လာသန်းနှစ် ဆယ်သန်းကြွယ်သူဌေးဖြစ်ကာ ခုလို ထိုင်းနိုင်ငံကို တော်လှန်ဈေးကွက်ချဲ့လာတာ ဖြစ်သည်။ ခုဆိုရင် ထိုင်းရောက် မြန်မာတွေလည်း လတ်လတ်ဆတ်ဆတ် တော်လှန်စာတွေ စားရတော့မည်ဖြစ်သည်။ အချိန်ကိုက်ဆိုသလို တော်လှန်ရေးခေါင်းဆောင် ပေါက်စတွေကလည်း "ရန်ကုန်မှာ ပြန်ဆုံကြမယ်"ဆိုပြီး တီရှပ်တွေ ထုတ်ဝတ်လာတာကြောင့် ရန်ကုန်မြို့ကြီးမှာ ပြန်မဆုံနိုင်ရင်တောင် မသကာ ရန်ဂွန်းစတိုးဆိုင်မှာ အားလုံးပြန်ဆုံပြီး တော်လှန်အစားအသောက်တွေ  တပျော်တပါး မှာစားလို့ရ နိုင်သည်။ ဒါကလည်း တော်လှန်ရေးခေါင်းဆောင်မကြီးရဲ့ ဆိုင်ကို ပရိုမိုးရှင်း ဆင်းပေးတာဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ ပြန်မဆုံနိုင်ရင်တောင် ရန်ဂွန်းစတိုးက နာမည်ကြီး ငါးခြောက်ဖုတ်တွေ ဝယ်စားရင်း အာသာတော့ ဖြေလို့ရသေးသည်။ ထူးမြတ်တို့ကတော့ တော်လှန် ရေးကြီး အဓွန့်ရှည်ပါစေ၊ ငါးခြောက်တော်ပုံ ကုန်ရမည်ဟု ကြွေးကြော်အားပေးနေရမည် ဖြစ်သည်။ ( ထူးမြတ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 312

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42995

© 2022 - 2025 News. All Rights Reserved.