တော်လှန်ရေး အကြောင်းပြု ချမ်းသာသွားတဲ့ လူတစ်စု

၂၀၂၄ ဩဂုတ် ၂၉

    ထူးမြတ်တစ်ယောက် အခုတလော တော်လှန်ရေး ဇာတ်ကားတွေ ကြည့်နေမိသည်။ ဖုန်းတစ်လုံးနဲ့ ကမ္ဘာပတ်လို့ရတဲ့ ခေတ်ကြီးမှာ နိုင်ငံတကာက ရိုက်ကူးထားသည့် တော်လှန်ရေးဇာတ်ကားတွေကို လိုက်ကြည့်မိသည်။ တော်လှန်လိုစိတ်တွေက ခုတလော တဖွားဖွားပေါ်နေတော့ မင်းသားကြီး သီဟတင်စိုး ရိုက်ကူးထားသည့် ဂျပန်တော်လှန်ရေး ဇာတ်ကားတွေလည်း ပြန်ကြည့်မိနေသည်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကျွန်ပြုထားစဉ်က နေရာဒေသအသီးသီးက မျိုးချစ်ပုဂ္ဂိုလ်တွေ လူသူလက်နက်စု ရရာလက်နက်စွဲကိုင်ကာ ဖက်ဆစ်ဂျပန်တွေ၊ အင်္ဂလိပ်မျက်နှာဖြူတွေကို တိုက်ထုတ်ခဲ့ကြသည့် ဇာတ်ဝင်ခန်းတွေဆိုရင် လက်ခုပ်လက်ဝါးတီး အားပေးနေမိသည်။ လူသူလက်နက်အင်အား မမျှလို့ မြန်မာ့မျိုးချစ် သူရဲကောင်းတွေ ကျဆုံးတော့လည်း စိတ်မကောင်း ဖြစ်ရသေးသည်။ ဒါကြောင့်လည်း ခုတလော တော်လှန်ရေးဇာတ်ကားတွေ ပြန်ကြည့်ရတာ အရသာ တွေ့နေတာဖြစ်သည်။
    မြန်မာပြည်မှာကလည်း တော်လှန်ရေးဇာတ်ကားဆိုလို့ မင်းသားကြီး သီဟတင်စိုးလောက်သာ ဗီဒီယိုဇာတ်လမ်းလေးတွေ ရိုက်ကူးဖန်တီးတတ်တာကြောင့် ပရိသတ်အခိုင်အမာရခဲ့ပြီး ယနေ့ထက်တိုင် သီဟတင်စိုးဆိုလျှင် တော်လှန်ရေးမင်းသားကြီးအဖြစ် အမှတ်ရနေဆဲဖြစ်သည်။ အခုတော့ မင်းသားကြီး ကွယ်လွန်သွားပြီ ဖြစ်တာကြောင့် သူ့အနုပညာတွေ နှမြောမိသလို ဖန်တီးထားတဲ့ အနုပညာဇာတ်ကားအဟောင်းတွေကိုသာ ပြန်ကြည့်နေရတာဖြစ်သည်။ ထူးမြတ်တို့နိုင်ငံက အနုပညာရှင်ကြီးတွေအနေဖြင့် တော်လှန်ရေးဇာတ်ကားကြီး တစ် ကားလောက် လူရိုသေရှင်ရိုသေ ရိုက်ပြဖို့လိုသည်။ ထူးမြတ်တို့ ငယ်ငယ်တုန်းကတော့ ဒါရိုက်တာ ကြည်စိုးထွန်း၏ 'သူ့ကျွန်မခံပြီ'ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီးတော့ ကြည့်ဖူးသည်။ ခမ်းနားထည်ဝါလှသော ရုပ်ရှင်ဇာတ်ကား ဖြစ်သော်လည်း သိပ်တော့ အားမရလှပေ။ ကိုယ့်အရှင် သခင်ကို မျက်နှာဖြူတွေက ကြက်ကလေး၊ ငှက်ကလေးလိုဖမ်းသွားပြီး မြန်မာမျိုးချစ်သူရဲကောင်းတွေ ကျူးကျော်သူတွေကို တိုက်ခိုက်ဖို့ နေရာဒေသအသီးသီးကို ထွက်ခွာသွားကြသည့် ဇာတ်သိမ်းခန်းဖြင့်သာ ပြီးသွားတာကြောင့်ဖြစ်သည်။ ထူးမြတ်က ရန်သူတွေကို တိုက်ခိုက် အနိုင်ယူတဲ့ ဇာတ်ကားမျိုး ကြည့်ချင်တာဆိုတော့လည်း သိပ်သဘောမတွေ့တာသာ ဖြစ်သည်။
    ဟိုယခင် အစိုးရလက်ထက်ကလည်း ထူး မြတ်တစ်ယောက် ဗိုလ်ချုပ်ရုပ်ရှင်ကို အများကြီး မျှော်လင့်ဖူးသည်။ MPT ဖုန်းကနေတစ်ဆင့်စာတိုပို့ကာ ဗိုလ်ချုပ်ရုပ်ရှင်အတွက် အလှူခံတာကြောင့် တစ်ထောင်လားလှူခဲ့ဖူးသည်။ တစ်ပတ်တစ်ခါလောက် သတင်းစာ ရှင်းလင်းပွဲတွေလုပ်ပြီး နာမည်ကြီးမင်းသား ဒါရိုက်တာကြီးက ဗိုလ်ချုပ်ရုပ်ရှင် အခြေအနေကို မီဒီယာတွေတင်ပြသည့်သတင်းတွေ လိုက်ဖတ်ရတာအမောဖြစ်သည်။ ဆက်တင်အပြင်အဆင်တွေအများကြီးနှင့် ခမ်းနားထည်ဝါလှသော တော်လှန်ရေးဇာတ်ကားကြီးကို အများကြီးမျှော်လင့်ထားမိသည်။ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်သူကလည်း ပရောဖက်ရှင်နယ် ဘောလုံးသမားဘဝကို စွန့်လွှတ်ပြီး သရုပ်ဆောင်လောက ကူးပြောင်းတာဆိုတော့ ပိုလို့တောင် အားပေးရသေးသည်။ နောက်တော့လည်း  ဗိုလ်ချုပ်ရုပ်ရှင်အကြောင်းက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေသည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မည့် မင်းသမီးလေးတောင် ကွယ်လွန်သွားပြီဟု ကြားရတော့ စိတ်မကောင်း ဖြစ်ရသေး သည်။
    အခုနောက်ပိုင်း ဗီဒီယိုဈေးကွက်ကလည်း ပျက်သွားပြီဆိုတော့ တော်လှန်ရေးဇာတ်ကားတွေ ရိုက်ကူးလေ့ရှိသည့် မင်းသမီးမင်းသားတွေလည်း အနုပညာလှုပ်ရှားမှု မတွေ့ရတော့ချေ။ ရုပ်ရှင်ကတော့ တစ်ခေတ်ဆန်းလာနေသည်။ အရင်ကာလက ပရိသတ်အကြိုက် မြန်မာပေါကားဟု ကင်ပွန်းတပ်ထားသော ဟာသဇာတ်ကားလေးတွေအစား လူမိုက်ကို ခေတ်စကားနဲ့ပြောရရင် ဇိုးဆန်ဆန် ဇာတ်ကားလေးတွေက နေရာရလာသည်။ မင်းသားက မြင်းခေါင်းစွပ်ကျယ်အဖြူလေးနဲ့ ပလေကပ် ပုဆိုးလေးဝတ်ပြီး အုန်းဒိုင်းဖုန်းဂွမ်းနဲ့ ဆော်ပလော်တီးပြသည့် ဇာတ်ကားလေးတွေက နေရာရလာသည်။ လူငယ်တွေလည်း ပလေကပ်ပုဆိုးလေးတွေဝတ်ပြီး ဇိုးစတိုင်တွေ  ဖမ်းလာကြသည်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရုပ်ရှင်လောက  ထူထူထောင်ထောင် ဖြစ်လာတာကတော့ အနုပညာ လောကသားတွေအစား ဝမ်းသာမိသလို ထူးမြတ်တို့လို အနုပညာချစ်မြတ်နိုးသူ ပရိသတ်တွေအတွက် စိတ်အပန်းဖြေစရာ ဇာတ်ကားတွေ မပြတ်ကြည့်နေရသည်ကိုက ကျေးဇူးတင်စရာ ကောင်းလှသည်။
    ရုပ်ရှင်ဇာတ်ကားတွေအကြောင်းပြောနေရင်း တော်လှန်ရေးဇာတ်ကားအကြောင်း စကားစပြတ်သွားသည်။ အခုနေများ မြန်မာဒါရိုက်တာကြီးတွေ တော်လှန်ရေးဇာတ်ကားတွေ ရိုက်ကူးသင့်သည်။ တော်လှန်ရေးဆိုတာနဲ့ ငွေတွေ ဒလဟောဝင်နေသည့်အချိန် တော်လှန်ရေး ဇာတ်ကား တစ်ကားလောက် ရုံတင်လိုက်ရင် ဝက်ဝက်ကွဲ အောင်မြင်မှာဖြစ်သည်။ ဟိုနယ်စပ်က ဒါရိုက်တာကြီးတွေတောင် အိုင်ဖုန်းတစ်လုံးနဲ့ ဇာတ်ကားတွေရိုက်ပြီး နိုင်ငံတကာကို လိုက်ပြပြီး ချမ်းသာကုန်ကြ ပြီဟု ကြားမိသေးသည်။ တချို့ဇာတ်ကားတွေကတော့ ရုံထဲ လူမဝင်ကြဘူးလို့တော့ ကြားမိသည်။ မြန်မာနိုင်ငံအကြောင်းကိုမသိသည့် နိုင်ငံမှာ သွားပြရင်တော့ ဘယ်သူမှ လာကြည့်မှမဟုတ်တာတော့ သေချာသည်။ ဒါကလည်း ဈေးကွက်နားမလည်တာကြောင့် ဖြစ်မည်ထင်သည်။ တော်လှန်ရေးဇာတ်ကား ကမ္ဘာပတ်ပြဖို့ဆိုတာကလည်း လူရည်လည်ဖို့လိုသည်။ လူရည်လည်ရင်တော့ ကမ္ဘာပတ် သီချင်းဆိုတာတောင် ဒေါ်လာတွေဒလဟော ရတတ်တော့ ဉာဏ်ကောင်းဖို့ပဲ လိုသည်။
    ခုနေများပြည်တွင်းမှာ တော်လှန်ရေးဇာတ်ကားတစ်ကားလောက်များ ရုံတင်လိုက်ရင် ဝက်ဝက်ကွဲအောင်မြင်မှာသေချာသည်။ ဒီကောင် ထူးမြတ် ရုပ်ရှင်တစ်ကားရိုက်တာ ငွေကုန်ကြေးကျ အရမ်းများတာ မသိဘူးလား၊ တော်လှန်ရေးဇာတ်ကားဆိုရင် မြန်မာငွေသိန်းပေါင်းသောင်းချီကုန်မှာ မင်းပေးမှာလားဟု ပြောချင်ပြောကြနိုင်သည်။ အခုတစ်ခါ ရိုက်စေချင်သည်က ခေတ်ဟောင်းကလို ဆင်တပ်၊ မြင်းတပ်၊ လူအင်အား ထောင်ချီသုံးပြီးရိုက်သည့် တော်လှန်ရေးဇာတ်ကားမျိုး မဟုတ်ချေ။ လူလေး လေး၊ ငါး၊ ၁၀ ယောက်လောက်ဖြင့် ပြီးနိုင်သည့် ဇာတ်ကားမျိုးဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အမေရိကားကို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ တိတ်တဆိတ် ထွက်သွားသည့် တော်လှန်ရေးခေါင်းဆောင် ငါးယောက်လောက်အကြောင်း ဇာတ်ဝင်ခန်းထဲ ထည့်ရိုက်ရမည်။ ကျန်တဲ့ ရုပ်ကတ်တွေကတော့ နွေဦးကာလက သံပုံးတီးတာတွေ၊ မြို့လယ်ကောင်မှာ အော်ဟစ်နေတဲ့ရုပ်သံတွေ အလကားယူသုံးလို့ရနိုင်သည်။ ပြီးရင် အမေရိကားတို့၊ သြဇီတို့မှာ အလှူခံနေတဲ့ ပုံတွေ ရိုက်ပြဖို့ ကလည်း ကွန်ပျူတာနဲ့တစ်ထိုင်တည်း ဖန်တီးလို့ရသည်။ ပြီးရင် လှော်ကားဥယျာဉ်လောက်ကို တစ်ယောက် လေးရာလောက်ပေးပြီး YBS စီးကာ တောထဲက ကြက်သွန်လှီး၊ ငရုတ်သီးထောင်းတဲ့ ခေါင်း ဆောင်ကြီး တွေအကြောင်းကို ဇာတ်နာအောင် ရိုက်ပြလို့ရသေး သည်။ ဇာတ်ကားအဆုံးမှာ တော် လှန်ရေးခေါင်းဆောင်ကြီးတွေ စုရုံးပြီး အမေရိကားက လမ်းမကြီးထက်မှာ    'နောက်ဆုံးလှိုင်း အိမ်ပြန်မယ့်လှိုင်း'၊ 'တစ်လှိုင်းပြီး တစ်လှိုင်း'၊ 'လှိုင်းလှိုင်း အလှူခံမယ့် လှိုင်း'ဆိုပြီး အော်ဟစ်ကြွေးကြော်ကာ ဇာတ်သိမ်းလိုက်ရင် အင်မတန်ပေါက်မည့် ဇာတ်ကား ဖြစ်မှာ သေချာသည်။ တစ်ကား လုံးအတွက် ကုန်ကျစရိတ်ကိုလည်း ထုံးစံအတိုင်းအလှူခံပြီး ရိုက်ကူးစေလိုပါသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 336

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.