တော်လှန်ရေးစားဖားကြီးများ၏ပွဲတော်

၂၀၂၄ ဩဂုတ် ၃၀

သေနတ်ကယ်လို့ဆိုပဲ
    နီနီတို့၏ နွေဦးတော်လှန်ရေးဆရာတော်ဆို သူကို နိုင်ငံရေးစိတ်ဝင်စားသူတိုင်း သိကြမည်ထင်ပါသည်။ နွေဦးတော်လှန်ရေးဆရာတော်ဟုပြောလျှင် သူ့အကြောင်းကို အထူးမိတ်ဆက်စရာမလိုဟုလည်း ယုံကြည်မိပါ၏။ အဘယ့်ကြောင့်ဆိုသော် တော်လှန်ရေး ခေါင်းစဉ်အောက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများဖြင့် ပို၍ထင်ရှားလာခဲ့သောသူမို့ ဖြစ်ပါသည်။ ယခုပြောလိုသည့် အကြောင်းက ထိုနွေဦးဆရာတော်ဆိုသူ၏ မည်သည့်အချိန်က ပြောခဲ့သည့်စကားဟု အတိအကျမသိသော်လည်း သဘောကျသည့် အချက်လေးပါသောကြောင့် ပြန်လည်ဖောက်သည်ချလိုရင်း ဖြစ်ပါ သည်။ ထိုတော်လှန်ရေးဆရာတော်ဆိုသူသည်ပင် တော်လှန်ရေးဘက်တော်သားများ အထူးသဖြင့် NUG လက်အောက်ခံ PDF များနှင့် ပသုံးလုံးလုပ်ရပ်များကို တော်တော်ကြီး မကျေမချမ်း ပြောနေပါလားဟု သတိထားမိသည်။
    သူပြန်ပြောပြသည်များအထဲက အနှစ်ချုပ်ရလျှင် "အဲဒီငပြည့်ဆိုတဲ့ကောင်က ကောင်မလေးတစ်ယောက်ကို ကြိုက်တာ၊ အဲဒီကောင်မလေးက ငပြည့်ကို ပြန်မကြိုက်ဘူး၊ သူကြိုက်တာက မန္တလေးက ယောက်ျားလျာလေးကို ကြိုက်တာ။ ဒီတော့ ငပြည့်က သူ့ကိုပြန်ကြိုက်ဖို့ အဲဒီယော ကျ်ားလျာလေးရှေ့မှာ ကောင်မလေးကို သေနတ်နဲ့ထောက်ပြီး နင်ငါ့ကို ပြန်ကြိုက်ရမယ်လို့ ပြောတာကို ကောင်မလေးက နင့်ကိုတော့ ပြန်မကြိုက်ဘူး၊ နင်အခု ငါ့အိမ်ပေါ်က ဆင်းသွားဆိုပြီး နှင်ချတာ။ အဲဒီမှာ ငပြည့်ဆိုတဲ့ကောင်က သူ့ကို ပြန်မကြိုက်ရကောင်းလားဆိုပြီး ကောင်မလေးကို သေနတ်နဲ့ပစ်သတ် လိုက်တယ်၊ တစ်ခါတည်း သေသွားတာပေါ့။ ငပြည့်က အဲဒီကောင်မလေးနဲ့ ချစ်သူဖြစ်နေတဲ့ ယောကျ်ားလျာလေးကိုပါပစ်သတ်ဖို့ လုပ်တဲ့အချိန်မှာ သေနတ်က ဂျန့်ဖြစ်သွားတယ်။ သေနတ်ကယ်လို့၊ သေနတ်ကယ်လို့ မဟုတ်ရင် ကောင်မလေးရော၊ မန္တလေးကလာတဲ့ ယောကျ်ားလျာလေးရော နှစ်ယောက်လုံး ပွဲချင်းပြီးသေတယ်။ ဖြစ်ချင်တော့ ယောက်ျားလျာလေးကို ပစ်တဲ့အချိန် သေနတ်က ကျည်ဆန်မထွက်တော့ဘူး ဂျန့်ဖြစ်သွားတာ။ အဲဒီတော့ သေနတ်ကယ်လို့ ယောကျ်ားလျာလေး ကံကောင်းသွားတာ၊ သတ်တာက နှစ်ယောက်လုံးကိုသတ် တာဗျ" PDF ထဲတွင် ထိုကဲ့သို့ မိုက်ရိုင်းစုတ်ပဲ့သောသူ များစွာရှိကြောင်း နွေဦးဆရာတော်က ဆိုလေသည်။ သူပြောမှ 'သေနတ်ကယ်၍သာပေါ့'ဟု ဆိုသဖြင့် ထိုယော ကျ်ားလျာလေးက သေနတ်ပဲ ထိုင်၍ကန်တော့နေရမလို ဖြစ်နေပြီဟု စဉ်းစားမိလေသည်။


ဇာတ်လမ်းများ
    နွေဦးဆရာတော်ဆိုသူကတော့ PDF များ၏လုပ်ရပ်များကို ပျစ်ပျစ်နှစ်နှစ် ပြောနေသည်ဟု ဆိုနိုင်ပါသည်။ ဇာတ်လမ်းများစွာက စနေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုဆရာတော်ဆိုသူက PDF များကို ဝေဖန်ခဲလှသည်။ ယခုမှ ပြောဆိုနေသည်က သူ့တွင်လည်း သူ့အကြောင်းနှင့်သူ ရှိပါလိမ့်မည်ဟု သာ ဆိုရမည်ဖြစ်သည်။
    ထိုဆရာတော်ဆိုသူက အထက်ပါအကြောင်း ပြောရုံနှင့်မပြီးသေးဘဲ အများသိပြီးဖြစ်သည့်အကြောင်း အရာများကို သတိမေ့မသွားစေရန်ထင်ပါ့၊ တစ်နည်းအားဖြင့် အောက်ဖဲလှန်သည်ဟု ဆိုရမည့်အရာများကို ဆက်ပြောလေသည်။ "ပြည်သူတွေမသိတာက PDF ထဲ မှာ၊ ပသုံးလုံးတွေထဲမှာ ယုတ်မာစုတ်ပဲ့တဲ့၊ ပြည်သူကို အနိုင်ကျင့်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ပြည်သူတွေမသိဘူး"ဟု ဖော်ကောင်လုပ်လာလေသည်။ ထိုကဲ့ သို့ မိုက်ရိုင်းစုတ်ပဲ့သူများ PDF များထဲ၊ ပသုံးလုံးဆိုသူများထဲတွင် များစွာရှိကြောင်း ပြည်သူများလည်းသိပါသည်။ သို့သော်လည်း မသိကြသည်က ပြည်ပရောက် မီဒီယာများသာ ဖြစ်လိမ့်မည်ဟု ထပ်လောင်းပြောချင်ပါ၏။ "ဝက်လက်မှာဖြစ်တာက ငပြည့်က ပြည်သူကို သူခိုးစွပ်စွဲပြီး ရိုက်နှက်တာတွေ ဒါခုမှဖြစ်တာမဟုတ်ဘူး။ မုံရွာမှာလည်း ဗိုက်ကြီးသည်ကို သေနတ်နဲ့ပစ်တာ၊ အဲဒါလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဗိုက်ကြီးသည်ကိုသတ်တာ။ ရွှေဘိုဘက်က ဗိုလ်ကျားကြီးကိုသတ်တာလည်း PDF အချင်းချင်းပဲ။ (ဗိုလ်ကျားကြီးကိုသတ်စဉ်က ခေါင်းဖြတ်ပြီး ဝါးလုံးခေါင်းမှာ ချိတ်ထားသည်ဟု ဖတ်ခဲ့ဖူးသည်)နောက်ချောင်းဦးမှာဆိုရင် အမျိုးသမီးခုနစ်ယောက်ကို မုဒိမ်းကျင့်ပြီး ချောင်းဦး PDF က သတ်ပြစ်ခဲ့တာ၊ အဲဒါကို NUG ကလည်း မျက်နှာလွှဲ ခဲပစ်လုပ်ခဲ့တယ်"ဟု PDF နှိပ်ကွပ်တော်မူခန်းကို နွေဦးဆရာတော်ဆိုသူက ဟောတော်မူနေလေသည်။ စောစောကပြောခဲ့သလိုမျိုး နွေဦးဆရာတော်ဆိုသည်မှာ တော်လှန်ရေးတွင် နာမည်ရှိပြီး သားဖြစ်သော်လည်း လိင်မှုဆိုင်ရာ အရှုပ်တော်ပုံများကြောင့် အမည်းစက်စွန်းထင်းခဲ့ပြီး လူမြင်ကွင်းမှ ခေတ္တပျောက်ကွယ်သွားခဲ့သူဖြစ်သည်။ ယခုအခါ နွေဦးဆရာတော်ဆိုသူက PDF များနှင့်ပသုံးလုံးများ၊ NUG ၏ လုပ်ဆောင်ချက်များကို ပက်ပက်စက်စက်ဝေဖန်၍ ပြောဆိုလာခြင်းက ထူးဆန်းနေသည့် ဇာတ်လမ်းများစွာထဲက ဇာတ်လမ်းတစ်ပုဒ်ဟုသာ မှတ်ယူပါသည်။

သေချာနေပြီလား
    သူငယ်ချင်းဖြစ်သူက သူ့အတွေ့အကြုံနှင့် ယှဉ်သည့် အကြောင်းအရာတစ်ခုကို လှမ်း၍ပြောသည်။ သူက ကုန်စုံဆိုင် မီနီမားကတ်တစ်ခုလည်း ဖွင့်ထားသောကြောင့် နိုင်ငံရေး၊ စီးပွားရေး စသည်တို့ကို မျက်ခြည်ပြတ်၍မရဟု သဘောထားပြီး နိုင်ငံရေး၊ စီးပွားရေး သတင်းများကိုလည်း စိတ်ဝင်တစား လေ့လာသူဖြစ်သည်။ သူသိသမျှနှင့်ပတ်သက်၍လည်း ကျွန်တော်နှင့် အမြင်ဖလှယ် ဆွေးနွေးဖြစ်လေသည်။ သည်ရက်ပိုင်းအတွင်းသူကြားသိရသည့်သတင်းက " Ensure ရုံးခွဲတွေက မုံရွာ၊ မြစ်ကြီးနား၊ ပခုက္ကူစတဲ့ မြန်မာပြည်အထက်ပိုင်း မြို့တွေကနေ ထွက်ခွာသွားပြီ။ ရှမ်းပြည်အနေနဲ့ဆို ရှမ်းပြည်(တောင်ပိုင်း)တောင်ကြီးမြို့ကနေပါ ထွက်ခွာသွားပြီ"ဟု လှမ်း၍ပြောလေသည်။ ထိုမြို့များမှ Ensure ရုံးခွဲများ ထွက်ခွာသွားခြင်းက ဘာများထူးဆန်းလဲဟု မေးစရာ ရှိလာပါသည်။ သူငယ်ချင်းဖြစ်သူနှင့် ပြောဖြစ်သည်က Ensure Brand သည် အမေရိကန်ကုမ္ပဏီဖြစ်ခြင်းက ထူးဆန်းသည်ဟု ဆိုလေသည်။
    သူဆိုလိုသည်က မြန်မာနိုင်ငံတွင် မြို့ပေါင်းများစွာရှိသည့်အနက် ထိုလေးမြို့ရှိ Ensure ရုံးခွဲများကို အဘယ့်ကြောင့် ထွက်ခွာသွားကြသနည်းဟု စဉ်းစားမိခြင်းဖြစ်သည်။ အမေရိကန်ကုမ္ပဏီတစ်ခုက သူ့ကုမ္ပဏီခွဲများကို မြို့တိုင်းက မထွက်ခွာစေဘဲ ထိုလေးမြို့ကို ဦးစွာထွက်ခွာစေခြင်းက မည်သည့်သေ ချာခြင်းများ ရှိနေသနည်းဟု စဉ်းစားမိခြင်းသာ ဖြစ်ပါသည်။
    ကျွန်တော်တို့က ထိုမျှလောက်သာ လက်လှမ်းမီခြင်းဖြစ်ပြီး လက်လှမ်းမီသလောက်ကို ဝေမျှခြင်းဖြစ်ပြီး သည့်ထက်ပို၍လည်းသိနိုင်ရန် ခက်ခဲသည်မဟုတ်ပါလား။


တော်လှန်ရေး စားဖားများ
    လတ်တလော ရေပန်းစားနေသည့်အကြောင်းကိုပြောရလျှင် ကျားဖြူစစ်ကြောင်းက မန်းဇွဲခေါ် ငဇွဲအကြောင်း ပြောရမည်ဖြစ်သည်။ ငဇွဲအကြောင်းကိုလည်း အခါအားလျော်စွာ ပြောခဲ့ပြီးဖြစ်သောကြောင့်နှင့် လိုင်းပေါ်တွင် စကားပြောကောင်းကောင်း၊ အလှူခံကောင်းသူဖြစ်သောကြောင့် အထူးရှင်းပြစရာ လိုမည်မထင်ပေ။ ယခုလည်း အားလုံးသိတော်မူကြသည့်အတိုင်းငဇွဲက တော်လှန်ရေးကို စွန့်ခွာသွားလေသည်။ ငဇွဲအကြောင်းနှင့် ပတ်သက်လျှင်လည်း သူ့အကြောင်းနှင့်သူ ရှိပါလိမ့်မည်။ သူ့အကြောင်းနှင့်ပတ်သက်၍ ထင်ထင်ရှားရှား မှတ်မိသည့်အကြောင်း ပြောရလျှင် နာရီတစ်လုံး သူ့ကို ပတ်စေချင်၍ လှူဒါန်းရာ နာရီလှူမည့်အစား တော်လှန်ရေးအတွက်၊ ရဲဘော်များအတွက် လှူပါဟု တော်လှန်ရေး မေတ္တာရှင်ကြီးသဖွယ် ပြောခဲ့ဖူးသည်ကို အမှတ်ရမိ၏။ဆိုလိုသည်က ငဇွဲသည် သူ့ကို လေးစားချစ်ခင်၍ လှူဒါန်းသည်များကို ကိုယ်ကျိုးအတွက် အသုံးမပြုကြောင်း ထင်ရှားစေလိုသဖြင့် သူ့ကို သီးသန့်လှူဒါန်းထောက်ပံ့ မှုများကိုပင် လက်မခံဘဲ တော်လှန်ရေးအတွက်၊ ရဲဘော်များအတွက်သာ လှူဒါန်းရန် မြို့မေတ္တာခံယူခဲ့သူ ဖြစ်သည်။
    လွန်ခဲ့သည့် လအနည်းငယ် ကရင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်အပြီး ငဇွဲတို့အဖွဲ့၊ ကရင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့များ အတော်များများ ငြိမ်သက်သွားသည်ကို သတိထားမိကြ မည်ထင်ပါသည်။ ထိုအချိန်မှစပြီး ငဇွဲ ပျောက်ချက်သားကောင်းနေကြောင်း သတိထားမိ၏။ သတိထားမိသည်မှာမှ မကြာသေး ငဇွဲက ဇလုံကြီးဖြင့် ထမင်းစားပြီး အလှူခံရင်း ပြန်၍လူလုံးပြလာသည်။ ထိုဖြစ်ရပ်အပြီး မကြာပါဘူး၊ ငဇွဲတစ်ယောက် တော်လှန်ရေးကို စွန့်ခွာပြီး DKBA ထံ အလင်းဝင်သွား သည်ဟု ထုတ်ပြန်လာလေသည်။ သည်အချိန်ကြမှ ငဇွဲက တော်လှန်ရေးလုပ်ရင်းမှ စောစောကပြော ထားသည့် နာရီလှူဒါန်းခြင်းကို လက်မခံကြောင်း၊ သီးသန့်လှူဒါန်းခြင်းကို လက်မခံကြောင်းပြောခဲ့ သည်များနှင့်များစွာကွဲ လွဲလာကြောင်း သိသာလာခဲ့ရသည်။ လက်တွင်လည်း သိန်းသုံးရာကျော်၊ လေးရာဝန်းကျင် တန်ဖိုးရှိသည့် နာရီနှင့် အလှူခံကောင်းစေရန် ကျွတ်ကျွတ်အိတ်ဖြင့် ထမင်းစားပြသော်လည်း ထိုကျွတ်ကျွတ်အိတ်ဘေးတွင်သောင်းကြီးတန် အရက်ပုလင်းများဖြင့် တော်လှန်ခွင်ရိုက် နေသည်ကို သိသာလာကြလေတော့သည်။
    တကယ်က ငဇွဲက ဉာဏ်ကောင်းလွန်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဥပမာသူ့ကို နာရီလှူခြင်းတွင်  လှူဒါန်းသူကို လုံခြုံရေးအရ အမည်မဖော်ခဲ့ကြောင်း ပြောသော်လည်း အလံရှူးကွက် ခင်းသွား ခြင်းဖြစ်သည်။ အွန်လိုင်း Shop များကဲ့သို့ Live လွှင့်ရောင်းချနေချိန် အောက်က မှတ်ချက်များမှနေပြီး ဘယ်မြို့က ဘယ်နှစုံ ယူမည့်အကြောင်း၊ ယခင်က ဝယ်သုံးသည်မှာ အဆင်ပြေကြောင်း ရောင်းချသူ၏ အမျိုးနှင့် ဝန်ထမ်းများက အကောင့်မျိုးစုံ မှတ်ချက်ပေးပြီး အများအထင်ကြီးစေရန် ပြုလုပ်သည့် အလံရှူးကွက်ပင်ဖြစ်သည်။ ငဇွဲက ထိုအရာကို ကောင်းကောင်းအသုံးချသွားပြီး တော်လှန်ရေးမှ ချမ်းသာသွားသူများထဲတွင် တစ်ယောက်တိုးသွား ခြင်းဖြစ်သည်။ ငဇွဲလည်း အမေရိကားက တော်လှန်သူများ၊ သြဇီကတော် လှန်သူများနှင့် မဲဆောက်ကတော်လှန်သူများ ချမ်းသာကြီးပွားသွားသည်ကို အားကျသွား သည်ထင်သည်။ ယခုတော့ တော်လှန်ရေးကို သူတစ် ယောက်မပါခြင်းကြောင့် ယုတ်လျော့မသွား ကြောင်းနှင့် တော်လှန်ရေးအလံအောက်တွင် ရှိနေမည်ဖြစ်ပြီး တော်လှန်ရေးကို ဆက်လုပ်ကြပါဟု တိုက်တွန်းပြီး သူကတော့ အများအမြင် မျက်နှာငယ်လေးဖြင့် စွန့်ခွာသွားကြောင်း စားကောင်း သောက်ကောင်း ပြောသွားလေသည်။
    တော်လှန်သူအချင်းချင်း၏ ကျည်ဆန်များကိုလည်း ကြောက်ရသောကြောင့် ထိုသို့ပြောခြင်းလည်း ဖြစ်နိုင်သည်။ တော်လှန်ရေးသည် လုပ်စားခွင်ဖြစ်ကြောင်း လူလည်တို့ ကသိနေကြပြီး အညာပဒက်၊ ရွာပဒက်များကတော့ အသက်အသေခံ၊ မြို့ရွာအပျက်ခံပြီး တော်လှန်ရေးစားဖားကြီးများ အတွက် ဝဋ်ကြွေးရှိသလောက် ပေးဆပ်ကြပေါ့ဟုသာ ဆိုပါရစေ။ ပြည်ပထွက်ပြေးသည့် မီဒီယာသမား တစ်ဦးက "အလောင်းတွေ လုကြသူများတဲ့၊ အရင်က ပရဟိတအသင်းတွေလောကမှာ ခေတ်စားတဲ့ စကားပေါ့။ အခုတော့ ကိုယ်တွေလောကမှာပါ ကြုံနေရပြီ"ဟု ဆိုသည့်အတိုင်း အညာပဒက်တွေရဲ့ ပေး ဆပ်မှုနှင့် တော်လှန်ရေးစားဖားကြီးများ ကြီးပွားနေကြဦးမည်ဖြစ်သည်။
ရွှေထီး

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 300

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43008

© 2022 - 2025 News. All Rights Reserved.