တော်လှန်ရေးတစ်ခု ကျဆုံးခြင်း

၂၀၂၄ ဒီဇင်ဘာ ၁၅
    ၁၉၇၀ ဝန်းကျင်က ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်ခဲ့ဖူးတယ်။ ဒီတော်လှန်ရေးကြီးဟာ အတက်ကြမ်းသလောက် အကျကြမ်းခဲ့တာ သင်ခန်းစာယူဖို့ ကောင်းလှတယ်။ ဦးနုတို့ရဲ့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ ဦးသုဝေက 'ပါလီမန်ဒီမိုကရေစီနှင့် ကျွန်တော်'စာအုပ်ကို ရေးပြီး ၂၀၁၂ နိုဝင်ဘာမှာ လွင်ဦးစာပေက ပထမအကြိမ်ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
    'တော်လှန်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး'လို့ ဝန်ကြီးချုပ် ဦးနုက ပြောခဲ့ဖူးပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ တိုက်တာ၊ ခိုက်တာ၊ ဖျက်ဆီးရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် သေကျေဒဏ်ရာရတာတွေ ရှိမယ်။ အစားအသောက်၊ အနေအထိုင် ဆင်းရဲပင်ပန်းပြီး ငတ်မွတ်ခေါင်းပါးတာတွေရှိမယ်။ ဒုက္ခတွေကြားထဲမှာ လုပ်ရကိုင်ရတာ ဖြစ်တဲ့အတွက် တစ်ဦးနှင့်တစ်ဦး သည်းမခံနိုင်တာရှိမယ်။ လူတွေရဲ့ သဘောအရ အခွင့်အရေးအတွက်၊ အာဏာအတွက် အုပ်စုဖွဲ့တာတွေရှိမယ်။ တော်လှန်ရေးလောကဆိုတာကလည်း ထင်သာမြင်သာ တရားဥပဒေနယ်ပယ်ထဲမှာ လုပ်ရတာမဟုတ်ဘဲ အသက်တန်ဖိုးကို အလေးမထားကြပါဘူး။ လက်နက်ကိုင်ထားသူတို့ရဲ့ သဘာဝအတိုင်း ပြည်သူများ အပေါ်မှာလည်း ဗိုလ်ကျ၊ အချင်းချင်းလည်း မာနတွေ ထောင်လွှားတတ်ကြပါတယ်။ ဒါကြောင့် တော်လှန်ရေး လောကဆိုတာ မလွယ်ဘူးလို့ ပြောခြင်းဟာ မှန်ပါတယ်။' (ဦးသုဝေ၏ နိဒါန်းမှ၊ စာ-၅)
    'ကျွန်တော် ယူခဲ့ရတဲ့ တာဝန်တွေကတော့ ပထမပိုင်းမှာ အသံလွှင့်ဌာန တာဝန်ခံ၊ ပြည်ချစ်လူငယ် တပ်ပေါင်းစု ဒုဥက္ကဋ္ဌနဲ့ ပါလီမန်ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်၊ ဒုတိယပိုင်းမှာ စိတ်ဓာတ်စစ်ဆင်ရေး အတွင်းရေးမှူး၊ ပြည်ချစ်လူငယ်တပ်ပေါင်းစုဥက္ကဋ္ဌနဲ့ ပါတီအလုပ်အမှုဆောင်၊ တတိယပိုင်းမှာ ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ နောက်ဆုံးပိုင်းမှာ ပါတီဥက္ကဋ္ဌ ဗိုလ်လကျ်ာကျဆုံးသွားတော့ ပါတီအထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာပါတယ်။ အဲဒီလို ပါတီမှာ အစအဆုံးဆိုသလိုရှိခဲ့သူ တစ်ဦးအနေဖြင့်လည်းကောင်း၊  ဌာနချုပ်မှာ တာဝန်ယူခဲ့ရသူ အနေဖြင့်လည်းကောင်း၊ ပါတီရဲ့အရေး ကိစ္စတွေကို ပိုပြီးသိနိုင်သူ ဖြစ်ပါတယ်။' (နိဒါန်း၊ စာ-၇)
    'ဗိုလ်ချုပ်ကြီး နေဝင်းကို ဆန့်ကျင်သူပုန်ထဖို့ ဦးနုအား ရှေးဦးစွာ တိုက်တွန်းသူဟာ ကုန်သွယ်ရေးဝန်ကြီးလုပ်ခဲ့တဲ့ ဦးသွင်ဖြစ်တယ်။ ဦးသွင်ဟာ ရန်ကုန်အစိုးရခေတ် KNDO (ကရင်)တို့ မော်လမြိုင်ဒေသ တက်သိမ်းစဉ်က ကျိုက်မရောမြို့ကို ကာကွယ်နိုင်တဲ့အတွက် ကျိုက်မရော ဦးသွင်လို့ နာမည်ကြီးသူ ဖြစ်တယ်။ တကယ်တော့ သူဟာ ပျဉ်းမနားသားပါ။ ထောင်မှလွတ်တော့ ဦးနုကို သူသွားစည်းရုံးတော့တာပဲ။ ဦးနုကလည်း တစ်စုံတစ် ခုလုပ်မှဖြစ်မယ်လို့ စိတ်ကူးနေတော့ အဆင်သင့်ဖြစ် သွားတာပေါ့။ အဲဒီနောက် ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ဗိုလ်လက်ျာနဲ့ တိုင်ပင်တယ်။ တစ်ခါနိုင်ငံတကာနဲ့ ဝင်ဆံ့တဲ့ နေးရှင်းသတင်းစာ အယ်ဒီတာချုပ် ဦးလောရုံနဲ့ တိုင်ပင်တယ်။' (စာ-၃၄)
    နိုင်ငံခြားထွက်ပြီး ပုန်ကန်ဖို့ ဦးနုအကြံအဖန် လုပ်ခဲ့ရတယ်။ အဲဒီတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်လေဘေးအတွက် အလှူငွေ ပါဝင်ကောက်ခံပေးခဲ့တဲ့ ဦးနုဟာ လူသူပရိသတ်တွေရှေ့ ဗုန်းခနဲလဲကျသွားတယ်။ တကယ်တော့ ဟန်ဆောင်ပြီး လှဲချလိုက်တာ၊ သွေးတိုးရောဂါရှိတယ်။ နိုင်ငံခြားထွက်ပြီး ဆေးကုခွင့်ပြုပါ။ နိုင်ငံခြားရေးဝန်ကြီး ဦးသီဟံက ထောက်ခံတင်ပြတဲ့အတွက် ဦးနု အိန္ဒိယသို့ ဆေးကုရန် အကြောင်းပြချက်နဲ့ ရောက်လာတယ်။ ဇနီး ဒေါ်မြရီ၊ သမီးခေါ်သန်းသန်နု၊ သား ဦးအောင်နုနဲ့ ကိုယ်ရံတော် ဗိုလ်မိုးကျော်တို့လည်း လိုက်ပါခွင့်ရတယ်။
    'ဦးလောရုံက ဘန်ကောက်ကို ပထမရောက်တယ်၊ နောက်ဗိုလ်ကလ်ျာ၊ နောက်မှ ဦးနုတို့ မိသားစု ရောက်တာပါ၊ ဦးသွင်ကတော့ သူတို့ တိုင်ပင်ထားကြသူတွေထဲမှာ ခြေလျင်ခရီးနဲ့ နယ်စပ်ဖြတ်ပြီး နောက်ဆုံး နောက်လာသူ ဖြစ်တယ်။ အဲဒီလို ဦးနုတို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ကိစ္စကြောင့်ပဲ ဦးသီဟံ ရာထူးမှ ဖြုတ်ချခံလိုက်ရပါတယ်။' (စာ-၃၅)
    'ဘန်ကောက် သို့လည်းကောင်း၊ ထိုင်းနယ်စပ် သို့လည်းကောင်း တော်လှန်သူများ တဖြည်းဖြည်း ရောက်လာကြတယ်။ ဘန်ကောက် ရောက်နေသူများ အားလုံး ဆုံတွေ့ကြပြီးတဲ့နောက် ဦးနု၊ ဦးလောရုံနဲ့ ဦးမိုးကျော်တို့သုံးဦး ဥရောပ၊ အမေရိက၊ ဂျပန်နိုင်ငံများသို့ ခရီးထွက်ကြတယ်။ ၁၉၆၉ သြဂုတ်လ ၂၉ ရက် လန်ဒန်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး တော်လှန်ရေး ကြေညာစာတမ်းကို ပထမဆုံး ထုတ်ပြန်လိုက်တယ်။' (စာ-၃၇)
    'အဆိုပါ ခေါင်းဆောင်သုံးဦးတို့ဟာ အင်္ဂလန်နိုင်ငံမှတစ်ဆင့် အမေရိကသို့လည်းကောင်း ဂျပန်သို့ လည်းကောင်း သွားရောက်ကြပြီး သတင်းစာကွန်ဖရင့်များကနေ ဆက်လက်ကြေညာချက်တွေ ထုတ်ပြန်လိုက်တယ်။ ကမ္ဘာ့စာနယ်ဇင်းတွေထဲမှာ အဲဒီသတင်းတွေ တခမ်းတနား ပါလာတယ်။ ရန်ကုန်ထုတ် မြန်မာသတင်း စာတွေကလည်း ဦးနုတို့ ကြေညာချက်ကို အပြည့်အစုံ ဖော်ပြကြတယ်။ ဗိုလ်တထောင်သတင်းစာက အကွန့်တောင် ထည့်ထားလိုက်သေးတယ်။ ဗိုလ်ချုပ်နေဝင်းနဲ့ အပေါင်းပါ ခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းပစ်ဖို့ ဦးနုတို့က ကြေညာစာတမ်းဝေတယ်ဆိုပြီး သတင်းစာ ခေါင်းကြီးပိုင်းမှာ ရေးထားတာတွေ့ရတယ်။ ကျွန်တော်တို့ဘက်က ဒီလိုစာတမ်းမျိုးတွေ မထုတ်ပါဘဲလျက် ဗိုလ်တထောင် သတင်းစာက လုပ်ကြံတာလား။' (စာ-၄၃)
    ဦးနုတို့ ကမ္ဘာ့လှည့်ခရီးမှ ဘန်ကောက်သို့ ပြန်ရောက်ပြီးတဲ့နောက် ၁၉၇၀ ဇန်နဝါရီ ၁၈ ရက်မှာ 'ပါလီမန်ဒီမိုကရေစီပါတီနဲ့ ပြည်ချစ်လွတ်မြောက် ရေးတပ်မတော် စစ်ကောင်စီကို ဖွဲ့စည်းလိုက်ကြတယ်။ ဦးနုကပါတီဥက္ကဋ္ဌ၊ ဦးလောရုံက အထွေထွေအတွင်းရေးမှူးချုပ်၊ စစ်ကောင်စီမှာ ဗိုလ်ချုပ်ကြီး လကျ်ာက သဘာပတိ၊ ဗိုလ်ချုပ်စောကြာဒိုး၊ ဗိုလ်ချုပ်တီကလစ်၊ ဗိုလ်ရန်နိုင်၊ ဦးသွင်၊ ဗိုလ်ကျော်ဒင်၊ ဦးဇာလီမော်တို့ ပါဝင်ဖွဲ့စည်းလိုက်တယ်။ နောက်ထပ် ဦးဂျင်မီယန်း(ကိုးကန့်)ကို ထပ်ထည့်တယ်လို့ ဆိုပါတယ်။
    ဦးနုတို့ ဘန်ကောက် မရောက်မီကတည်းက ဗိုလ်ရန်နိုင်(ရဲဘော်သုံးကျိပ်)က ထိုင်းနယ်စပ်မှာ ရောက်နှင့်နေပါပြီ။ ဘုရားသုံးဆူနှင့် ခုနစ်မိုင်ခန့်ဝေးတဲ့ စန္ဒရဘူရီမြို့ ဝင်းကရွာမှာ စခန်းဖွင့်ထားပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာကတော့ ၁၉၆၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ သူဖြစ်ပြီး ဦးနုတို့ ရောက်လာတဲ့အခါ ပူးပေါင်းပါဝင်ဖို့ လုပ်ဆောင်နေဆဲ (၆-၉-၆၉) မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ဝန်ကြီးဟောင်း ဦးဝင်းလည်း ထိုင်းနယ်စပ်မှာ ကွယ်လွန်သွား ခဲ့ပါတယ်။ ဦးဝင်းရဲ့သား ကိုတင်မောင်ဝင်းတို့ မိသားစု၊ ကိုရဲကျော်သူတို့ မိသားစု၊ ဗိုလ်လကျ်ာရဲ့သား ကိုအောင်လကျ်ာတို့ လူသိုက်တွေ ထပ်မံရောက်ရှိလာတဲ့အတွက် စည်စည်ကားကား ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဦးနုရဲ့သားကြီး ကိုသောင်းထိုက်တို့ မိသားစုလည်း ဂျပန်က ရောက်လာကြရာ လူစုံတက်စုံ ဖြစ်လာပါတော့တယ်။
    ဘန်ကောက်ကို ကြိုရောက်နေတဲ့ ဦးသုဝေက ဝါဒဖြန့်ချိရေးအတွက် အသံလွှင့်လုပ်ငန်းတာ ဝန်ယူရတယ်။ လန်ဒန် BBC မှာ လက်ရှိ အလုပ်လုပ်နေတဲ့ ဦးထွေးမြင့်ကလည်း BBC က နုတ်ထွက်ပြီး ထိုင်းကို အပြီးလာမယ်၊ အသံလွှင့်ဝါဒဖြန့်ဖို့ လုပ်မယ်လို့ဆိုတယ်။ PDP ပါတီဟာ ထိုင်းအစိုးရရဲ့ အကူအညီကို အများကြီးရခဲ့တယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ဆွမ်ဂရမ်ရဲ့ အိမ်ကို ဌာနချုပ်လုပ်ထားတယ်။ စူကွန်ဗစ်-၃၁ လမ်းမှာ ထိုင်းအစိုးရက ငှားပေးထားတဲ့ ဦးနုရဲ့ နှစ်ထပ်အိမ်ကြီးရှိတယ်။ အိမ်က အကျယ်ကြီး၊ အချို့အစည်းအဝေးတွေကို ဦးနုအိမ် မှာပဲလုပ်တယ်။ ဦးနုအိမ်အနီးမှာ ဆဝါဒီဟိုတယ်ကြီးရှိတယ်။ ဒီဟိုတယ်ကြီးမှာ ပါတီအစည်းအဝေးတွေ၊ ဧည့်ခံပွဲတွေလုပ်တယ်လို့ ဆိုပါတယ်။
    ထိုင်းအစိုးရက PDP ကို အထင်ကြီးပြီး အများကြီးမျှော်လင့်ထားသလောက် အကူအညီတွေလည်း သောက်သောက်လဲပေးတယ်။ ထိုင်းအစိုးရက ဘယ်လောက်အကူအညီ ပေးသလဲဆိုရင် ... 'တို့ကို ထမင်းခွံ့မပေးရုံတစ်မယ်ပဲဟေ့'လို့ ဗိုလ်လက်ျာက မှတ်ချက်ချ ယူရတဲ့အထိ ဖြစ်တယ်။}
    'ထိုင်းရဲ့ အမြင်မှာ ဗိုလ်ချုပ်နေဝင်းအစိုးရကို လူထုက မထောက်ခံဘူး။ ဦးနုကို ထောက်ခံတယ်။ ဦးနု ခေါင်းဆောင်တဲ့ တော်လှန်ရေးဟာ လူထုအုံကြွမှုနဲ့ပေါင်းစပ်ပြီး အောင်မြင်မယ်လို့ တွက်တယ်။ ထိုင်းထိပ်ပိုင်း ခေါင်းဆောင်ခွန်စံလွေက ကျွန်တော့်ကို မေးတယ်။ 'ဘယ့်နှယ်လဲ ဦးသုဝေ၊ ခင်ဗျားတို့ တော်လှန်ရေးကြီး သုံးလအတွင်းနိုင်မယ် မဟုတ်လား'တဲ့။ (စာ-၅၄)
    'ထိုင်းဒေသဆိုင်ရာ စစ်ဘက်ရဲ့ အရာရှိတချို့က ကျွန်တော်တို့ကို အကူအညီပေးတယ်။ လူငါးရာအတွက် လက်နက်ယူနီဖောင်း စသည်တို့ကို တစ်လအတွင်း ပို့ပေးမယ်လို့ သူတို့ ခေါင်းဆောင်များက ဆုံးဖြတ်ထားကြောင်း ပြောပြတယ်။ အဲဒီပစ္စည်းတွေကို ရဟန်ယာဉ်နဲ့ ပို့မှာမို့လို့ တပ်စခန်းသစ်ဟာ လေယာဉ်ဆင်းနိုင်ဖို့ ပြင်ဆင်ထားပါဆိုပြီး ထိုင်းအရာရှိတွေက ပြောတယ်။' (စာ-၃၉)
    ထိုင်းက အဘက်ဘက်က နည်းအမျိုးမျိုးနဲ့ အကူအညီပေးနေပုံကို ဦးသုဝေက မကြာခဏ ဖော်ပြရေးသားခဲ့ပါတယ်။ ထိုင်းအစိုးရက သူတို့နယ်စပ်မှာ ခြေကုပ်ယူထားတဲ့ မွန်၊ ကရင်စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်ပေါင်းစုဖြစ်စေချင်တယ်။ ဖြစ်မှအားရှိမယ်။ ကိုယ်စီးမယ့်မြင်း နိုင်စေ ချင်မှာပေါ့လေလို့ ဦးသုဝေက မှတ်ချက်ချတယ်။
    ဒါပေမဲ့ တိုင်းရင်းသားလူနည်းစုတွေက ဦးနုကိုလည်း မယုံဘူး။ ဗိုလ်လက်ျာကိုလည်း မယုံဘူး။ ဘယ်ဗမာအဖွဲ့အစည်းကိုမှ ယုံကြည်တဲ့ဟန် မရှိဘူး။ ဗမာဟာ မရိုးသားဘူးလို့ အထင်ရှိနေတယ်။ ဦးနု တော်လှန်ရေး လုပ်တယ်ဆိုတာကိုတောင် မယုံကြည်ဘူး။ ဦးနုနဲ့ ဗိုလ်ချုပ်နေဝင်း နားလည်မှုယူပြီး လူနည်းစုတွေအပေါ် လက်ဝါးကြီးအုပ်ဖို့ ကြံစည်တာလို့ ထင်နေတယ်။ သူတို့ လျှို့ဝှက်ကြေညာစာ တမ်းထဲမှာ အဲဒီအတိုင်းဖော်ပြထားတာကို ကျွန်တော်ဖတ်ခဲ့ရတယ်။ တော်လှန်ရေးအဖွဲ့တွေ ညီညွတ်ဖို့ ကြိုးစားရာမှာ အခြေခံသဘောထားတွေ မတူကြဘူး။ PDP ခေါင်းဆောင်တွေက စစ်အစိုးရစနစ် ပြုတ်ကျသွားအောင် ရည်ရွယ်တယ်။ တိုင်းရင်းသားလူနည်းစုအဖွဲ့တွေက (PDP) အားကြီးလာမှာကို မလိုလားဘူး။ ၎င်းတို့ အကျိုး ကျေးဇူး ရှိ၊ မရှိ ဆိုတဲ့အချက်ကို အဓိကလို လားကြတယ်။' (စာ-၅၃)
    'မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ရွှေကျင်တို့နဲ့ စတင်ဆွေးနွေးတဲ့အခါ ၎င်းင်းတို့အနေနဲ့ ပြည်နယ်ပြဿနာဟာ အဓိကပဲ။ ဗိုလ်နေဝင်းအစိုးရ ပြုတ်ကျရေးနဲ့အခြား ပြဿနာတွေကို အဓိကထားပြီး မစဉ်းစားဘူးလို့ ထုတ်ပြောတယ်။ မန်းဘဇံ ဥက္ကဋ္ဌ လုပ်နေတဲ့ KNU ကလည်း တပ်ပေါင်းစုဖွဲ့စည်းဖို့ အားပါးတရ မရှိဘူး။' (စာ-၅၃)
    ဦးနုတို့ ဘန်ကောက်မရောက်ခင် ဦးသုဝေတို့က ကြိုရောက်နေပြီးဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို တည်ထောင်တဲ့ ပြည်ပြေး 'မဟာဒေဝီ'က လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မဟာဒေဝီကလည်း ရှမ်းပြည်နယ်ကို ပြည်ထောင်စုက ခွဲထွက်ပြီး ရှမ်းအနွယ်တူ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းမယ်လို့ မဖြစ်နိုင်တာကို တောင်းဆိုပါတယ်။ PDP ရဲ့ စစ်ရေးအခြေစိုက်စခန်းတွေက ထိုင်းနယ်စပ်မှာ တည်ဆောက်ထားရှိရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ထိုင်းနယ်စပ်မှာ အခြေချလှုပ်ရှားနေတဲ့ ကရင်နဲ့ မွန်တပ်ဖွဲ့တွေကလည်း ရှိနေတော့ ရေရှည်မှာ အဆင်ပြေဖို့ မလွယ်ပါဘူး။ ကရင်တပ်ဖွဲ့တွေကြားမှာတောင် ကွဲပြားမှုနဲ့ပဋိပက္ခတွေ ရှိနေတယ်။ ဗိုလ်မြရဲ့ KNU ၊ ဗိုလ်ရဘကရင်အဖွဲ့၊ ဆရာဖြူကရင်အဖွဲ့၊ စောနုကရင်အဖွဲ့ စသည် ...။ ကယားနယ်စပ်မှာတော့ ကရင်နီတိုးတက်ရေးပါတီနဲ့ ကယန်းလွတ်မြောက်ရေးပါတီတို့ သီးခြားစီရှိနေကြတယ်။ ရှမ်းနယ်စပ်မှာ SSA ၊ ဦးရန်ကြီးစိန်ရဲ့ ရှမ်းဒီမိုကရေစီပါတီ၊ ဦးဘသိန်းရှမ်းအဖွဲ့၊ မိုးဟိန်းရှမ်းအဖွဲ့၊ စောနွဲ့ရှမ်းအဖွဲ့၊ ခွန်ဆာအဖွဲ့၊ တရုတ်ဖြူအဖွဲ့၊ ဇော်ဆိုင်းတို့ရဲ့ ကချင်အဖွဲ့အစည်း ...။' (စာ-၆၃)
    အဲဒီအဖွဲ့တွေဟာ ဆက်ကြေးကောက်၊ မှောင်ခိုကုန်သည်တွေဆီက အခွန်ကောက်၊ ဘိန်းကုန်ကူး၊ သစ်ထုတ် စတဲ့လုပ်ငန်းတွေနဲ့ ရန်ပုံငွေရှာ ရပ်တည်နေ သူတွေဖြစ်တယ်။ ဦးနုတို့ PDP ကျတော့ နိုင်ငံတကာကလည်း အသုံးချလိုကြတယ်။
    'ငွေပေးမယ့်ဌာနကတော့ အမေရိကန် ရေနံကုမ္ပဏီတစ်ခုပါ။ PDP တော်လှန်ရေး အောင်မြင်ခဲ့သော် ကုမ္ပဏီကို ရေနံရှာခွင့်ပေးမယ်ပေါ့။ အပေးအ ယူဆိုသော်လည်း ငွေထုတ်ပေးတဲ့ ကုမ္ပဏီက စွန့်ရတာ ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ကုမ္ပဏီက ငွေလက်ငင်း ထုတ်ပေးရမယ်။ ပြန်ရဖို့ အခွင့်အရေးဆိုတာက ပေါက်မပေါက်မသိဘဲ ထီထိုးလိုက်သလို ဖြစ်နေတယ်။ အမေရိကမှ မစ္စတာဝေလင်စကီးတို့လည်း ဘန်ကောက်ရောက်လာပြီး ဝိုင်းဝန်းတိုက်တွန်းတဲ့အတွက် ငွေထောက်ပံ့ရေး အဆင်ပြေသွားတယ်။' (စာ-၂၁၆)
    ကုမ္ပဏီ ကိုယ်စားလှယ်အဖြစ် ကမားနဲ့မစ္စတာ  ဘိုလေးတက်ရောက်ပြီး PDP ဥက္ကဋ္ဌ ဦးနုလက်မှတ်ထိုးပြီး ယူခဲ့ရတဲ့ ငွေကြေးက အမေရိကန်ဒေါ်လာ နှစ်သန်းဖြစ်ပါတယ်။ ဒါတောင်ပထမ အရစ်ပဲ ရှိပါသေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာ 'ဒေါ်လာမက်လုံးကြီး' ဖြစ်ပေါ်လာ တယ်။ ဒေါ်လာပေးတဲ့ 'ကမား'ဆို သူကလည်း တပ်စခန်းတွေထိ လိုက်ကြည့်တယ်။
    'ဗိုလ်ချုပ်လက်ျာဝင်းက ရောက်တော့ နိုင်ရွှေကျင်တို့ စခန်းသွားပြီး ကမားနဲ့မိတ်ဆက်ပေးတယ်။ ဒေါ်လာနှစ်သန်းရတဲ့အကြောင်းလည်း ပြောတယ်။ နိုင်ရွှေကျင်က ၁၀ သန်းရတယ်လို့ ကြားပါလား ဆိုပြီး မေးတယ်။ မွန်ပြည်သစ်ပါတီရဲ့ အင်အားရည်မှန်းချက်၊ လက်ရှိလူနဲ့ လက်နက်ကို မေးတော့ ချက်ချင်းမဖြေဘဲနောက် တော့ပြောပြပါ့မယ်လို့ ဆိုတယ်။' (စာ-၇၄)
    'မွန်ပြည်သစ်ပါတီအတွက် ဒေါ်လာငါးသောင်းပေးဖို့ ဘန်ကောက်ဘဏ်မှာ ထားပေးတယ်။ ဒီကိစ္စ မွန်ရဲဘော်များကို အသိမပေးပါနဲ့လို့ နိုင်ရွှေကျင်က ပြောတယ်။' (စာ-၇၅)
    တော်လှန်ရေးဆိုတာကြီးမှာ အဲဒီလို မရိုးသားမှုတွေ၊ ကိုယ်ကျိုးရှာ လုပ်စားတာတွေ တင်းကြမ်း ပြည့်နေတယ်။ ကိုးကန့်ကနေ စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ ဂျင်မီယန်းကလည်း တော်လှန်ရေး အကြောင်းပြပြီး ထောက်ပံ့ငွေတောင်းတယ်။ ရှမ်းအဖွဲ့၊ ချင်းအဖွဲ့တွေပါ အသီးသီးရောက်လာကြပြီး ဒေါ်လာ တောင်းကြတယ်။ KNU ကရင်အဖွဲ့ကတော့ ငွေယူရင် သူ့နယ်မြေထဲ PDP ကို လှုပ်ရှားခွင့်ပေးရမှာ ဖြစ်တဲ့အတွက် ပေးတာကို မယူလိုဘူး၊ ချေးငွေအဖြစ် သတ်မှတ်ပြီး လိုချင်တယ်လို့ ဆိုပါတယ်။ PDP ကလည်း အလှူငွေတွေ ထပ်ရနေတယ်။ မစ္စတာဘွတ်ခ်ဆီက ဒေါ်လာငါးသိန်းရကြောင်း စာမျက် နှာ ၈၁ မှာ ဖော်ပြထားတယ်။
    ဒေါ်လာအနံ့ တလှိုင်လှိုင်နဲ့ မြိုင်ရပ်ကို ကျော်သွားလေရာ ရေတာရှည်မြို့နယ်မှာ အင်အားသုံး၊ လေးဆယ်လောက်နဲ့ လှုပ်ရှားနေတဲ့ ဗိုလ်ဇော်ထွန်းဆိုသူလည်း PDP ကို လာရောက် ဆက်သွယ်ပါတယ်။ မူလက ဗကပ သြဇာခံ ဗိုလ်ဇော်ထွန်းဟာ PDP နဲ့ ပူးပေါင်းလိုက်ပြီး တောင်ငူနယ်မှာ လှုပ်ရှား မယ်လို့ တင်ပြတယ်။ ဗိုလ်ဇော်ထွန်းကို တပ်မှူးခန့်ပြီး လက်နက်၊ ဆေးဝါး၊ ကျည်တို့ အပြင် ငွေနှစ်သိန်း၊ ရွှေဒင်္ဂါးပြား မူးစေ့တစ်ထောင်၊ မတ်စေ့နှစ်ရာနဲ့ ငါးမူးစေ့ ငါးဆယ်တို့ကို ပေးလိုက်တယ်။ သူ့တပ်ကို ရေတာရှည်နယ်ထဲ ပြန်လွှတ်လိုက်ပြီး ဗိုလ်ဇော်ထွန်းက ချင်းမိုင်မှာ ကျန်ခဲ့တယ်။ နိုက်ကလပ်နဲ့ ညဉ့်ငှက်တွေကြား သုံးဖြုန်းပစ်လိုက်တာ PDP က ပေးလိုက်တဲ့ ရွှေတွေ၊ ငွေတွေ ကုန်ပါလေရောတဲ့။ (စာ-၁၁၈-ရှု)
    အဲဒီလို အဖွဲ့ငယ်လေးတွေကို ဆွဲဆောင်သိမ်းသွင်းရင်း PDP ဟာ လုံးပါးပါးလာတယ်။ ဖျာပုံ ဘက်က ရောက်လာတဲ့ ဗိုလ်ညိုမှိုင်းတို့အဖွဲ့လည်း မြစ်ဝကျွန်းပေါ်မှာ ထော်ပိုင်စစ်ဆင်ရေးနဲ့ အချေမှုန်း ခံလိုက်ရတယ်။ မြေအောက် UG လုပ်ငန်း လုပ်မယ်ဆိုတဲ့ BBC ဦးထွေးမြင့်လည်း အဖမ်းခံလိုက်ရတယ်။ အရန်အင်အားစုအဖြစ် ပြည်ချစ်လူငယ်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကာမှ အိမ်ကြီးပေါ်မှာ အိမ်ငယ် ဆောက်သလိုဖြစ်ပြီး ကိုတင်မောင် ဝင်းတို့အုပ်စုက PDP မှ ခွဲထွက်ကာ သီးခြားရပ်တည်သူတွေ ဖြစ်လာတယ်။ တောင်ပိုင်းတိုင်းမှာ ဗိုလ်ရန်နိုင်နဲ့ KNU တို့ တိုက်ပွဲကလည်း ပြင်းထန်လာတယ်။
    မွန်၊ ကရင်၊ PDP တို့ ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ တညလ (တိုင်းရင်းသားညီညွတ်ရေးနဲ့လွတ်မြောက်ရေး) အဖွဲ့ဆိုတာလည်း စလယ်ဝင်အိုးကလေး ဖင်မမည်းခင်က ကွဲသွားကြတယ်။ ဦးနုက KNU နဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ ခွဲထွက်ခွင့်ပြဿနာကို လက်မခံနိုင်ဘူးလို့ဆိုတယ်။ (စာ-၈၃)
    နောက်ဆုံးမှာ ဦးနုဟာ ပါတီဥက္ကဋ္ဌတာဝန်မှ လည်းကောင်း၊ ပါတီဝင်အဖြစ်မှလည်းကောင်း နုတ်ထွက်သွားပြီး ဦးနုတို့မိသားစု အိန္ဒိယနိုင်ငံသို့ပြောင်းရွှေ့သွားကြတယ်။ အလယ်ပိုင်းတိုင်းမှာလည်း ဦးသွင်က 'ဗိုလ်ချုပ်သွင်'အဖြစ် အသွင်ပြောင်းပြီး ပုဂ္ဂိုလ်ရေးသြဇာ အာဏာထူထောင်ရေးတွေလုပ်တယ်။ သူနဲ့အပြိုင်ဖြစ် လာနိုင်သူတွေကို ကြိုတင် ရှင်းထုတ်ပစ်လေ့ရှိတယ်။ ဗိုလ်ကျော်ဒင်ကို မလိုတမာ စိတ်နဲ့ ရှင်းထုတ်ပစ်ခဲ့တယ်။ ဦးနုရဲ့နေရာမှာ ဥက္ကဋ္ဌဖြစ်လာတဲ့ ဗိုလ်လကျ်ာလည်း သူ့ပါတီ၊ သူ့တပ်တွေကို စိတ်ပျက်လာပုံရတယ်။ ဦးသုဝေကို ပြောတယ် နိုင်ငံရေးထဲမှာ အခွင့်အရေး သမားတွေများတယ်၊ ကလိမ်ခြုံတွေ များတယ်။ စိတ်ပျက်စရာကြီး}တဲ့။ (စာ-၂၄၆)
    အခြေအနေတွေက ဘယ်လောက်ထိ ရှုပ်ထွေးလာသလဲဆိုရင် ဗိုလ်ရန်နိုင်ရဲ့ တောင်ပိုင်းတိုင်း တစ်ခုလုံးကို ထုတ်ပယ်ပစ်ရတဲ့အထိ ဆိုးရွားလာတယ်။ ဗိုလ်မှူးအောင်နဲ့ (နမခ) ကိုလည်း ထုတ်ပယ်လိုက်တယ်။ ဗိုလ်လကျ်ာ ကိုယ်တိုင်ပြောခဲ့တဲ့ 'တို့တော်လှန်ရေးဟာ ငွေကုန် လူပန်းပြီး တဖြည်းဖြည်း ရေတိမ်နစ်မှာပဲ'ဆိုတာကို ဖြစ်လာခဲ့တယ်။ တော်လှန်ရေးကြီးတစ်ခုလုံးကို ချုပ်ကိုင်ထားချင်တဲ့ ဦးသွင်ဟာလည်း ကရင် (KNU)နဲ့ ထိပ်တိုက် တွေ့လာတယ်။ ကရင်ခေါင်းဆောင်အချို့ ထိုင်း ရာရှိများနဲ့ ပေါင်းပြီး ဗိုလ်ချုပ်သွင်ကို ဘန်ကောက်မှာ ထိန်းသိမ်းထားစေခဲ့တယ်လို့ ဆိုတယ်။' (စာ-၁၄၁)
    'အလယ်ပိုင်းတိုင်းမှာရှိတဲ့ လက်နက်ပစ္စည်းတွေ အားလုံးကိုလည်း KNU က သိမ်းယူလိုက်တယ်။ သဘောကတော့ ပြည်ချစ် အလယ်ပိုင်းတိုင်းကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သဘောပါပဲတဲ့။ ဗိုလ်ချုပ်သွင်ကို ထိုင်းအစိုးရက အကျယ်ချုပ်ထားတယ်။ တစ်နှစ်ခွဲကျော် အထိန်းသိမ်းခံလိုက်ရပြီး ပြန်လွတ်လာချိန်မှာတော့ ဦးသွင် ခေါ် ဗိုလ်ချုပ်သွင်ဟာ အထီးကျန်ဘဝကို ရောက်သွားခဲ့ရပေပြီ။
    'ပါတီရဲ့ နောက်ပိုင်းအခြေအနေမှာ တပ်တွေလည်း ကွဲပြဲကုန်တော့ အင်အားကလည်း နည်းလာတယ်။ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် ငွေကြေးအကူ အညီကလည်း မလာတော့ဘူး။ နောက်ပြီး အချင်းချင်းကလည်း ရန်စောင်နေကြတော့ အင်မတန်အန္တရာယ်များပါတယ်။' (စာ-၂၅၁)
    ဗိုလ်လက်ျာကိုယ်တိုင်လည်း ထိုင်း-မြန်မာ နယ်စပ်မှာ ကရင်စစ်သားက ပစ်သတ်လို့ ရေတိမ်နစ်သွားရှာခဲ့ပြီ။ သူ့သား ကိုအောင်လကျ်ာလည်း ချောင်းမြောင်းပစ်ခတ် လုပ်ကြံခြင်း ခံလိုက်ရတယ်။ သြော် တော်လှန်ရေးဆိုတာ ဒီလိုပါလား။ သံဝေဂပွားစရာတွေ ချည်းပါပဲ။ စာအုပ်နိဒါန်းမှာ ဦးသုဝေက ဦးနုရဲ့ စကားတစ်ခွန်းကို အလေးအနက် ဖော်ပြထားတယ်။
    'တော်လှန်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး'တဲ့။ ခေတ်ပြိုင် ကဗျာဆရာအိုကြီး တစ်ယောက်က ဖြည့်စွက်ပြီး မှတ်ချက်ချတယ်။
    'တော်လှန်ရေးဆိုတာ ကလေးကစားစရာ မဟုတ်သလို လူကြီးကစားစရာလည်း မဟုတ်ပါဘူး' တဲ့။

မြတ်ဘုန်းသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 237

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42972

© 2022 - 2025 News. All Rights Reserved.