တော်လှန်ရေးနှင့် သေချာခြင်းအန္တရာယ်

၂၀၂၄ အောက်တိုဘာ ၂၆

ရွှေဘိုလမ်း
    မိတ်ဆွေတစ်ယောက်ပြောပြသည့် စကားကြားရမှ အဲဒီလိုတွေဖြစ်နေပါလားဆိုပြီး သိလိုက်ရသည်။ သူပြောသမျှပြန်ပြောရလျှင် ဗီယက်နမ်နိုင်ငံက သူဌေးအကြောင်းဖြစ်သည်။ ထိုသူဌေးက မီးစက်များရောင်းချသူဖြစ်သည်။ သူ၏မီးစက်များကို ရွှေဘိုဘက်က လှမ်း၍ဝယ်လေသည်။။ မီးစက်ငါးလုံး ရွှေဘိုကမှာသောကြောင့် သွားပို့ရခြင်းဖြစ်သည်။ ထိုသို့သွားပို့ရာ လုံခြုံရေးတပ်ဖွဲ့ဂိတ်ကို ဦးစွာဖြတ်သန်းရသည်ဟုဆိုလေသည်။ လုံခြုံရေးဂိတ်က မီးစက်ငါးလုံးနှင့်ကားကို စစ်ဆေးပြီး Pass ပေးလိုက်သည်။ ငွေရှစ်သောင်းတော့ ဂါခဲ့ရသည် ဟုဆိုလေသည်။ နှစ်ဦးနှစ်ဖက် ကြည်ကြည်ဖြူဖြူ အဆင်ပြေကြသည်။ လုံခြုံရေးဂိတ်ကိုကျော်ပြီး PDF ဂိတ်ကို ဖြတ်သန်းရလေသည်။ PDF ဂိတ်ကိုရောက်ချိန် မီးစက် ငါးလုံးနှင့်ကားတန်းကို တားထားလေသည်။ ဘယ်အတွက်လဲ၊ ဘာလဲ၊ ညာလဲဟု လက်နက် လေးတကားကားနှင့် ရစ်နေ၊ ညှစ်နေသည်ဟု ဆိုလေသည်။ ထိုမီးစက်ငါးလုံးနှင့် ဖြတ်သန်းသွားမည်ဆိုပါက မီးစက်တစ်လုံးလျှင်  ကျပ် ၁၀ သိန်းပေးရမည်ဟုဆိုလေရာ အခက်ခဲတွေ့လေတော့ သည်။ နောက်ဆုံးတော့ တောင်းတောင်းပန်ပန်နှင့် မီးစက်တစ်လုံး ကျပ်လေးသိန်းပေးရန် သဘောတူကာ PDF ဂိတ်ကို ကျပ်သိန်း ၁၀ ပေးလိုက်မှ အဆင်ချောသွားသည်ဟု ဆိုလေသည်။
    ဒါကြောင့်မို့ သြော်...သည်လိုတွေတောင် ဖြစ်နေပါပေါ့လားဟု သိလိုက်ရ၏။ ဆားတောင်မှ ရွှေဘိုအထိ PDF ဂိတ်ပေါင်း ၂၀ ကျော်ရှိသည်ဟု ဆိုလေသည်။ ဖြတ်သန်းလာသမျှယာဉ်ကြီး၊ ယာဉ်ငယ်များကို ငွေကြေးတောင်းနေကြသည်။ တစ်ရက်လျှင် ဂိတ်တစ်ဂိတ်က ငွေကျပ်သိန်းတစ်ရာကျော် ရကြသည်ဟု ဆိုလေသည်။ သူတို့ပဲ သာယာအဆင်ပြေနေ ကြသည့်သဘောဖြစ်သည်။ ကိုယ်လည်း သူတို့ကဲ့သို့ အဆင်ပြေရန် လုပ်ငန်းပြောင်းရ ကောင်းမလားဟုပင် အတွေးပေါ်မိ လေသည်။


သူ့စကား
    အမျိုးသမီးတစ်ယောက် ပြောသည့်စကား ပြန်ပြောပါရစေဗျာ။ စိတ်ဝင်စားစရာကောင်းသောကြောင့်ပင်ဖြစ်၏။ သူမပြောသည်က "အရင်တုန်းက ရွှေဘို-မုံရွာဘက်မှာ မူးရေနဲ့စပါးစိုက်တယ်"ဟု အစချီကာ ပြောခြင်းဖြစ်သည်။ သူဆိုလိုသည်က မူးမြစ်ကရေ ဖြင့်စပါးစိုက်သည်ဟု ပြောခြင်းဖြစ်သည်။ ထိုစဉ်က စပါးစိုက်၊ ပဲစိုက် အေးအေးချမ်းချမ်းရှိလှသည်ဟု ဆိုလေသည်။ 
    "ရှင်တို့ ရွှေဘို၊ မုံရွာနယ်ဘက်မှာ အခုစပါး ကောင်းကောင်း စိုက်လို့ရသေးလား၊ ရှင်တို့ ထောက်ခံပါတယ်ဆိုတဲ့ PDF ပေါ်လာချိန် အေးချမ်းသေးလား၊ လုပ်စားလို့ရော ရသေးရဲ့လား၊ လယ်ရှိလို့လည်း စပါးစိုက်လို့မရဘူး၊ ရှင်တို့ပြောတဲ့ စစ်အာဏာရှင်ဆိုတဲ့ ခေတ်တုန်းကမှ အေးအေးချမ်းချမ်း လုပ်စားလို့ရသေးတယ် မဟုတ်လား။ အဲဒီ စစ်အာဏာရှင်ဆိုတဲ့ခေတ်ကမှ ကိုယ့်စပါး ကိုယ်စိုက်၊ ကိုယ့်ပဲကိုယ်နုတ်၊ ကိုယ့်နွားစာကိုစဉ်း ရှင်တို့ ရွာမှာ ဗုံးသ၊ံ သေနတ်သံရော ကြားရလား။ အခုတော့ မယောင်ရာ ဆီလူးပြီး PDF တွေထောက်ခံမွေးထုတ်တော့ ရှင်တို့ အကုသိုလ်နဲ့ ရှင်တို့ခံနေရပြီလေ"ဟု ဒေါသသံ ခပ်သင့်သင့်ဖြင့် ပြောလေသည်။ သူ့ကိုကြည့်ရသည်က ကရုဏာဒေါသောဟု ထင်ပါသည်။ သူ့ပြောသည်ကို ကြည့်ပြီး တို့ရွှေညာသူ၊ ရွှေညာသားများ သည်အထိ အနေကြတုန်းလားဟု အတွေးပေါ်မိလေ၏။


သာယာနေကြသူများ
    ဂျပန်ပြည်ရောက် ကလေးမလေးတစ်ယောက်သည် သီတင်းကျွတ်အတွက် အကတိုက်နေကြောင့် ကြွားလုံးထုတ်နေလေသည်။ သူတို့ဟာသူတို့ ကချင်၊ ဆိုချင်သည်ကို ရိုးရိုးကခုန်ခြင်းမဟုတ်။ 'နာဂိုရာမြို့ တော်လှန်ပြည်လွတ် သီတင်းကျွတ်ပွဲအတွက် ယနေ့ အကတိုက်ခြင်း'ဟု ခေါင်းစဉ်တပ်ထားလေသည်။ သူတို့ပေးသည့် ဒုက္ခသည်လည်းမသေးဟု ဆိုနိုင်၏။
    မြန်မာနိုင်ငံက အများပြည်သူ ပွဲလမ်းသဘင်ကျင်းပလျှင် ဒင်းတို့က အပြစ်ပြော၏။ အလှူခံဖလားတစ်လုံးနှင့် မြို့မေတ္တာခံယူပြီး ဂျပန်နိုင်ငံသားခံယူသွားသည့် ကလေးမက မြန်မာနိုင်ငံအတွက် အလုပ်လုပ်ပေးနေသည်ဆိုခြင်းက တကယ့်စေတနာရှိပါ့မလား။ ဒါကိုပြောကြ သေး၏။ ဓမ္မဆိုသည့် စကား ပါးစပ်ကမချ။ ကျည်လွတ်၊ မီးလွတ်အရပ်ဒေသက ဗုံးသံ၊ သေနတ်သံကြားထဲနေရ သည့်သူများ ကို သွေးအေးနေသလား ပြောရက်ကြသည်။ ဒင်းကလေးတို့ကို အညာတစ်ခေါက် အလည်ဖိတ်ခေါ် ချင်သေး၏။ ကိုယ်ချင်းစာတတ်ရန် ဖြစ်ပါသည်။


တော်လှန်ပုန်ကန်
    ခေါင်းစဉ်ဖတ်ကြည့်မိသည်နှင့် လန့်သွားမိ၏။ 'တော်လှန်ပုန်ကန်'ဟုဆိုသောကြောင့် လန့်သော်လည်း ဝင်၍ကြည့်မိသည်။ ဝင်၍ကြည့်မိမှ ကိုယ့်နဖူးကို ခပ်ဖွဖွ ရိုက်မိလေသည်။ ကြည့်ပါဦးဗျာ။ "ငွေအရေးတကြီး သုံးသိန်းလောက်လိုနေလို့ပါ။ အရေးကြီးရင် သွေးစည်းမယ်ဆို တကယ်လိုအပ်နေပါတယ်။ တတ်နိုင်သလောက်ဖြစ် ဖြစ်ပါဝင်ပေးကြပါ။ ပြည်သူတွေကို တောင်းဆိုပါတယ်။ စေတနာရှိမှ ကူညီကြပါ၊ ရှေ့မှာ လက်တွေ့ ကျွန်တော်တို့ အသက်ပေးနေပါတယ်"ဟုဆိုသဖြင့် ရယ်ချင်ပတ်ကျိ ဖြစ်ရသည်။ တော်လှန်ပုန်ကန်ဆိုပြီးသကာလ အလှူခံလိုက်၊ ဆက်ကြေးကောက်လိုက်၊ ဓားပြတိုက်လိုက်ဖြင့် ဒင်းတို့လုပ်ချင်ရာ လုပ်နေကြလေသည်။


သည်အရပ်နှင့် သည်ဇာတ်
    သူငယ်ချင်းက ဖုန်းဆက်၍ပြောသည်။ ဤကဲ့သို့ သီတင်းကျွတ်ကာလရောက်လျှင် မည်ကဲ့သို့ အခြေအနေဖြစ်ပါစေရွာကို ပြန်ချင်မိကြောင်း ဖြစ်သည်။ ထို့ကြောင့် ရွာကိုပြန်ဖြစ်လေသည်။ ယခင်ကာ လများကဲ့သို့ အရပ်ပြဇာတ် မကျင်းပနိုင်သည်သာရှိပြီး ဘုရားပွဲနှင့် ဘောလုံးပွဲ ကျင်းပဖြစ်သဖြင့် ပျော်စ ရာကောင်းသေးသည်ဟု ဆိုလေသည်။
    သူပြောမှ "ဒီနှစ် ရွာကိုမပြန်ဖြစ်ပေမယ့် နောက်နှစ်တော့ ဆုံကြရအောင်၊ အရပ်ပြဇာတ်လည်း ဖြစ်အောင်လုပ်ကြရအောင်"ဟုပြောလိုက်မိသည်။ လူဆိုသည်မှာ မျှော်လင့်ချက်ဖြင့် အသက်ရှင်ကြရရဲ့ မဟုတ်လား။ သည်အရပ်နှင့် သည်ဇာတ်သည်သည် လူများဖြင့်သာ ပျော်စရာကောင်းမည် မဟုတ်လား။ 'ဒီတစ်ခါ လာစမ်းပါလေ့စေ'ဆိုသည့် စကားအတိုင်း လာမည့်နှစ်ကို မျှော်ပါဦးမည်။


သေချာခြင်းအန္တရာယ်
    ဆရာကျော်ဝင်း၏ ၂၁ ရာစု သားရွှေဥစာအုပ်ကို ပြန်ဖတ်ချိန် 'သေချာခြင်းအန္တရာယ်'ဆိုသည့် အကြောင်းအရာပြန်၍ ဖောက်သည်ချပါရစေဗျ။ ]၂၀ ရာစုသမိုင်းမှာ အရေးကြီးဆုံး အဖြစ်အပျက်ကြီး တစ်ခုဖြစ်တဲ့ အောက်တိုဘာတော်လှန်ရေးပြီးချိန် ဘာထရမ်ရပ်ဆဲ (လ်)သည် ဆိုဗီယက်ယူနီယံကို ရောက်သွားသည်။ဘာ ထရမ်ရပ်ဆဲ(လ်)သည် ဆိုဗီယက်ယူနီယံတွင် ခေါင်းဆောင်လူကြီးများနှင့်တွေ့ ဆုံခွင့်ရသည့်အပြင် ပြည်သူလူထုနှင့်ပါ စကားပြောခွင့်ရခဲ့သည်။
    ထူးခြားသည်က ရုရှားတွင် တွေ့သမျှသူတိုင်းသည် သိပ်သေချာနေသည် ဆိုသည့်အကြောင်း ပြောနေကြခြင်းဖြစ်သည်။ မုချအောင်ရမည်ဆိုသည့်စကားကို ပါးစပ်ကမချဘဲ ပြောနေကြလေသည်။ ထိုစကားများကို ကြားရပြီး ဘာထရမ်ရပ်ဆဲ(လ်)ကိုယ်တိုင်က သိပ်၍မယုံ ချင်တော့ပေ။ သို့နှင့် ဘာထရမ်ရပ်ဆဲ(လ်)သည် စာရေးဆရာကြီး ဂေါ်ကီနှင့် သွားတွေ့လေသည်။ ဂေါ်ကီက သူများနှင့်မတူ၊ အိပ်ရာထဲတွင် လဲလျောင်းနေရာမှ ချည့်နဲ့နဲ့အသံဖြင့် "ကျုပ်တို့ရုရှားပြည်ကြီး ဘာတွေဖြစ်နိုင်လဲ၊ ခင်ဗျား ထင်မြင်ချက်ကို ပြောပါဟု တဖွဖွမေးနေသည်။ 
    ထိုအချိန်ကြမှ ဘာထရမ်ရပ်ဆဲ(လ်) သဘောပေါက်သွားသည်က သေချာခြင်းအန္တရာယ်ကို သိသွားလေသည်။ နောင် ၁၀ နှစ်ကြာချိန် စတာလင်ခေတ်ကိုရောက်မှ သေချာခြင်းအန္တရာယ်ကို ရုရှားလူထုကိုယ်တိုင် နာနာကြည်းကြည်း သိလိုက်ရသည်"ဟု ဆရာကျော်ဝင်းက သေချာခြင်း အန္တရာယ်အကြောင်းကို တင်ဆက်ထား လေသည်။
    ထိုစာကိုဖတ်ပြီးချိန် ကျွန်တော်တို့ မည်သည့်အရာများ သင်ခန်းစာယူရမည်နည်း။ တစ်ပတ်အတွင်းနိုင်တော့ မည်ဆိုသည်ကို လည်းယုံကြ၏။ သုံးလစောင့်ဆိုလည်း မျှော်ကိုးနေသည်။ သည်နှစ်ကုန်လျှင်အောင် ပြီဟုပြောလည်း ယုံနေလေသည်။ သေချာခြင်းအန္တရာယ်ကို တစ်ဖက်က နည်းမျိုးစုံနှင့် ရိုက်သွင်းနေခြင်းဖြစ်သည်။ ယခုရော ဘာဖြစ်နေကြသနည်းဟုဆိုလျှင် သေချာခြင်းကို ယုံကြည်သူများ ဒုက္ခရောက်နေကြလေသည်။ သေချာခြင်းကို အခါပေးသူများသည်သာ နိုင်ငံခြားတွင် ရောက်နေပြီး သေချာခြင်းကို ယုံကြည်ကြသူများက အညာတွင်ရှိနေကြလေသည်။ သူများပြောစကား သူများပါးစပ်ဖျားတွင် လမ်းဆုံးသည့်သူများ မဖြစ်ကြပါစေနှင့်ဟုသာ ချစ်ခြင်းများစွာနှင့် စကားလက်ဆောင်ပါး ပါရစေ။ (ရွှေထီး  )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 287

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42985

© 2022 - 2025 News. All Rights Reserved.