၂၀၂၅ ဇန်နဝါရီ ၁၀
သားကောင်ဖြစ်သွားသော မုဆိုး
"ဒီဘက်ခေတ်က လုပ်စားတတ်သူတွေက ပိုပြီး အနေအစား ချောင်နေတာဟ"ဟု သူငယ်ချင်း တစ်ယောက်က အားပါးတရ လှမ်း၍ပြောလေသည်။သူပြောပုံကြည့်ပြီး ကိုယ်တောင်အားကျစိတ် ပေါ်လာလေတော့သည်။ ဘာလုပ်ငန်းတွေများ သည်လောက်ကောင်းနေလည်းဟုလည်း စိတ် ဝင်စားပြီး "လုပ်ငန်းကောင်းလျှင် လက်တို့ပါဦး" ဟုပင် သူငယ်ချင်းကို ပြောမိသည်။ "မင်း သိပြီးသားဖြစ်မှာပါ"ဟုဆိုပြီး မုံရွာမြို့က မုဆိုးတို့၏ အကြောင်းကို ဇာတ်စုံခင်းပြလေသည်။ မုံရွာမြို့၏အရှေ့ဘက်က ကံမ ဆိုသည့် ရွာက သည်ရက်ပိုင်းတွင်မှ လူမှုကွန်ရက်ပေါ်တွင် ပြန်ပေးဆွဲသည့်အကြောင်း ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။ ထိုကံမရွာက မုံရွာမြို့ပေါ်က လူတန်းစားတစ်ရပ်ကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲကာ ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းပြီး ဝေစုများ အသီးသီးခွဲယူကာ အနေအစားချောင် အူစိုနေသည့်ရွာ ဖြစ်သည်။ထိုသို့ လုပ်စားနေသည်မှာ ကာလပင်အတန်ကြာပြီ ဖြစ်သော်လည်း သည်ရက်ပိုင်းမှ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ချိန်မှ လူသိများခဲ့ခြင်းဖြစ်သည်။ "လူကြားကောင်းအောင်ပြောတဲ့ စကားတဲ့ကွာ၊ ပြည်သူ့အတွက် ပြည်သူ့ကာကွယ်ရေးဆိုပြီး ပါးစပ်ကတော့ မချဘူးဟေ့"ဟု သူငယ်ချင်းကတော့ ဆိုလေသည်။ ဟုတ်လည်း ဟုတ်သည်။ ထိုမုံရွာမြို့၏ အရှေ့ဘက်က ကံမဆိုသည့်ရွာရှိ လက်နက်ကိုင်များက ပြည်သူ့အတွက်ဟုပြောပြီး မုံရွာမြို့ပေါ်တက် လူပြန်ပေးဆွဲ ငွေပေးရွေးခိုင်းပြီး လုပ်စားနေ သည်။ ထိုကံမရွာတစ်ရွာတည်းလား ဆိုလျှင်လည်း မဟုတ်ဟု ပြောရမည် ဖြစ်သည်။ မုံရွာမြို့၏ တောင်ဘက် ချောင်းဦးတစ်ကြောနှင့် မုံရွာမြို့၏ အရှေ့ဘက်က ရွာစဉ်တန်းများ အရာတော် ရွှေဘိုဘက်အထိ ပြည်သူ့ကာကွယ်ရေး အမည်ခံပြီးဂိတ်ဖွင့် လမ်းကြေးကောက် ပြန်ပေးဆွဲ ဓားပြ တိုက်စားနေသည်မှာ အတန်ပင်ကြာနေပြီဖြစ်သည်။ ထိုဒေသများက မုံရွာမြို့ပေါ်တက်ပြီး လူအရိပ်ကဲ ကြည့်သူက ကြည့်၊ ငွေကြေး တတ်နိုင်သူ၊ ပြန်လည် မခုခံနိုင်သူများကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲကြသည်ဟုဆိုလေသည်။ ပြန်ပေးဆွဲသည့်အခါ အနည်းဆုံး ကျပ်သိန်းသုံးရာမှစပြီး ကျပ်သိန်းသုံးထောင်ထိ ဈေးသတ်မှတ်ကာ ငွေကြေးဖြင့် ပြန်လည်ရွေးချယ်ကြရသည်။ ထိုသို့ လုပ်ဆောင်နေသည်မှာကြာပြီဟု အထက်တွင် ဆိုခဲ့သော်လည်း မည်သူမှ တာဝန်ရှိသူများကို မတိုင်ကြဟုဆိုသည်။ မတိုင်တန်းသည်မှာလည်း ထိရောက်မှု မရှိခြင်းအပြင် တိုင်တန်းသူများသည်လည်း ဒလန်စာရင်း ဝင်သွားမည် စိုးရိမ်သောကြောင့် သည်အခြေအနေကို ကြိတ်ခံ တိတ်တဆိတ် ခံနေရသည့်အခြေအနေ ဖြစ်နေလေသည်။ ထိုအခြေအနေတွင် ပြန်ပေးဆွဲခံရမှု ခပ်စိပ်စိပ် ဖြစ်လာသည့် အခြေအနေကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာရင်းမှ တာဝန်ရှိသူများ၏ အာရုံစိုက်မှုခံလာရခြင်း ဖြစ်သည်ဟုဆိုလျင် မမှားနိုင်ပေ။ "ခုအဲဒီရွာက သားကောင် ဖြစ်သွားပြီဟ" သူငယ်ချင်းဖြစ်သူက မှတ်ချက်ပြုသည်။ သူတို့သာ အစဉ်အဆက် ပြန်ပေးဆွဲနေခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုရွာကို ဝင်ရောက် စီးနင်းပြီး ဒေသခံ ၅၀ ခန့် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ တစ်ရွာလုံးနီးပါး အလိုတူ အလိုပါ လုပ်သည့် ထိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခြင်းကိုပင် ပြည်ပသတင်းဌာန အချို့က အပြစ်မရှိသည့် ကျေးရွာကို ဝင်ရောက်စီးနင်းသည့် ပုံစံများ ပုံဖော်ရေးသားနေသည်ကို တွေ့မြင်နေရလေသည်။ ထိုသတင်းဌာနများသည်က ပြည်သူ လူထု ပြန်ပေးဆွဲ ငွေညှစ်ခံရစဉ်က အသံမထွက်ဘဲ ယခုမှ အသံထွက်လာလေသည်။ ပြည်သူ့အတွက်ဟု ပြောပြီး ပြည်သူကို ပြန်ပေးဆွဲ ငွေညှစ်နေသည့် ကံမရွာ တစ်နည်း မုဆိုးများလည်း လက်ရှိတွင် သားကောင် ဖြစ်သွားလေပြီ။ ကိုယ်စိုက်ပျိုးသည့်အပင် ကိုယ်ရိတ်သိမ်းရသည် မဟုတ်လား။ပြန်ပေးဆွဲစဉ်က ဝေစားမျှစား လုပ်ခဲ့သူများ သူတို့ အလှည့်ကျမှ ပြည်သူဟု အော်လျှင် မျှတပါရဲ့လားဗျ။
သူတို့ပဲ သာယာနေကြသည်
ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ နေသူများပဲ ကောင်းသည်ဟု ဆိုရမလို ဖြစ်သည်။ ထိုယင်းမာပင် အရှေ့ခြမ်းနှင့် မြောက်ခြမ်းဆိုသည်မှာ မြောက်ယမား ချောင်းနှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံသည့်နေရာနှင့် မလှမ်းမကမ်း လက်ပန်တောင်း ကြေးနီစီမံကိန်း၊ စပယ်တောင် ကြေးနီစီမံကိန်းအနီးဟု ဆိုရမည်ဖြစ်သည်။ ယခုကဲ့သို့ ဆောင်းနှောင်းကာလ နွေဦး မမည်သေးသည့်အချိန်တွင် ထိုမြောက်ယမားချောင်း တစ်လျှောက် ကြက်သွန်နီများ စိုက်ပျိုးကြသည်။ မိုးကုန်စ ဆောင်းဦးကာလမျိုးဆိုလျှင် ယမားချောင်းရေက ယမားတစ်လျှောက် ရေများနေသေးရာ စိုက်ပျိုးရေးလုပ်၍ မကောင်းဘဲ ယခုကဲ့သို့ရေ နည်းပါးချိန်ရောက်မှ ယမားတစ်လျှောက် စိုက်ပျိုးရေး များ လုပ်ကြရသည်။ ထိုယမားတစ်လျှောက်တွင် အဓိက စိုက်ပျိုးသည့် သီးနှံမှာ ကြက်သွန်နီဖြစ်ပြီး ယမားသဲ ချောင်းရိုးတစ်လျှောက် သဲသောင်ပြင် မွမွပေါ်တွင် နောက်ချေးခံကာ ကြက်သွန်ပျိုးပင်များကို စိုက်ပျိုးကြပြီး နွေမရင့်တရင့် အချိန်မျိုးတွင် ကြက်သွန် တူးဖော်ကြရသည်။ ယမားကြက်သွန်နီသည် အခြားသော မြေများတွင်စိုက်ပျိုးသည့် ကြက်သွန်နီများနှင့်မတူဘဲ ငုံးဥအရွယ် သာသာမျှသာ ရှိတတ်ပြီး အခွံပါး၍ အရည်ရွှမ်းသောကြောင့် စားသုံးသူအကြိုက် ကြက်သွန်မျိုးဖြစ်ကာ ထိုဒေသတွင် လူကြိုက်များသည့် ကြက်သွန်တစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင် နာမည်ကြီးသည့် မြစ်သား ကြက်သွန်နီကဲ့သို့ နာမည်မကြီးသော်လည်း သူ့ဒေသ သူ့အရပ်၌ နာမည်ကြီးသည်ဟု ဆိုနိုင်ပါသည်။ ဆိုခဲ့သည့် ဒေသကလူများကို အထူး မိတ်ဆက်စရာ မလိုဟု ထင်ပါသည်။ အကြောင်းကတော့ အထူး မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မြောက်ယမားချောင်းအနီး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆား လင်းကြီး မြောက်ခြမ်းက ပြည်သူများသည် ၂၀၂၁ ဖေဖော်ဝါရီမှစပြီး ယနေ့အထိ ရက်ပေါင်း ဘယ်နှရက်မြောက် ဆန္ဒပြပွဲဟု ခေတ်သစ် နှင့်ချိတ်ဆက်ကာ ဆန္ဒပြလာခဲ့ကြသည်။ သူတို့ ဆန္ဒပြသည်မှာ ကမ္ဘာပေါ်တွင် ရက်ပေါင်း အရှည်ကြာဆုံးသော ဆန္ဒပြသူများအဖြစ် ဂရင်းနစ်စံချိန်ပင် တင်၍ ရလောက်ပေသည်။ ဆန္ဒပြသည် ဆိုရာတွင်လည်း ဆန္ဒပြသည့် နေရာနှင့် မနီးမဝေးဒေသက ကျေးရွာ များရှိ ကလေးသူငယ်များ၊ အလုပ်မရှိအကိုင်မရှိသည့် အမျိုးသမီးများကို ငွေရေးကြေးရေး မစို့မပို့ပေးပြီး သုံးမိနစ်ခန့် ဓာတ်ပုံရိုက် ပြီး ခေတ်သစ်သို့ တင်၍ လုပ်စားနေကြသည်ဟု ဆိုနိုင်ပါသည်။ ဆိုရလျှင် အလုပ်မပျက် အကိုင်မပျက် ရက်မပျက် ဆန္ဒပြနိုင်သည့်သူတို့ကို တစ်နည်းအားဖြင့် ချီးကျူးမိသည်။ ခေါင်းစဉ်လည်း ထွေထွေထူးထူး တပ်လေ့မရှိ။ ၂၀၂၁ မှစပြီး "သွေးမအေးသည့် ရွှေနွယ်သွေး၊ အောင်လံလွှင့်မည် ရွှေရေကြည်"ဆိုသည့် ပိတ်ဖြူပေါ်က အနီရောင်စာလုံးဖြင့် ရေးထားသည့် ဆိုင်းဘုတ်တစ်ခုတည်းနှင့် အဆင်ပြေနေကြသည်။ ယခုလည်း မြောက်ယမားချောင်းထဲတွင် ကြက်သွန် စိုက်ပျိုးချိန် ရောက်ရှိလာရာ ကြက်သွန်စိုက်လည်း မပျက်၊ ဆန္ဒပြလည်း မပျက် "အောင်လံလွှင့်မည် ရွှေရေကြည်" ဆိုင်းဘုတ်နှင့်ပင် ကြက်သွန်စိုက်ရင်း လက်သုံးချောင်းထောင်ကာ ဆန္ဒပြနေကြလေသည်။ ဆန္ဒပြ သူများအနေဖြင့် ကြက်သွန်စိုက်သည့် နေ့စားခလည်းရ၊ ဆန္ဒပြသည့် မုန့်ဖိုးလည်းရ တစ်ရက်တည်း နှစ်သီးစားဖြင့် အဆင်ပြေနေကြောင်း ကြားသိရသဖြင့် သူတို့လုပ်ငန်းက တွက်ခြေကိုက်နေကြလေ၏။ တစ်ပတ်ပြည့် မပြည့်တော့ မသိ။ လည်တော့ လည်ကြပေသည်ဟု ဆိုရမည် ဖြစ်သည်။
ပုဂံကိုဖျက်မည့် NUG ၏ PDF များ
အခါကြီး ရက်ကြီးများ၊ ရုံးပိတ်ကျောင်းပိတ် ရက်ရှည်များတွင် ပြည်တွင်းခရီးသွားမှု အများဆုံး နေရာများမှာ ငြိမ်းချမ်းသည့် နေရာဒေသများသို့ ရွေးချယ်၍ သွားရောက်ကြလေသည်။ လတ်တလော ငြိမ်းချမ်းသည့် နေရာဒေသများအဖြစ် ခရီးသွားလာမှု အများဆုံးနေရာများမှာ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများ၊ ကျိုက်ထီးရိုးနှင့် ပုဂံညောင်ဦးသည် ငြိမ်းချမ်းသည့်အလျောက် ခရီးသွားလာမှု အများဆုံး နေရာများ ဖြစ်ကြသည်။ ထိုသို့ခရီး သွားပြည်သူများနှင့် စည်ကားနေပြီဆိုလျှင် မကျေနပ်သည့် အဖွဲ့အစည်းက သီးသန့်ကို ရှိနေကြသည်။ ထိုမကျေနပ်သည့် သူများက မည်သူများ ဖြစ်သနည်းဟု ထူး၍မေးမနေကြပါနှင့်။ သူများ ပျော်ရွှင်နေသည်ကို အစဉ် ပူလောင်နေတတ်သည့် ပြည်ပြေးတစ်သိုက် ဖြစ်ကြပြီး မေမေ့သားသမီးများ ဆိုသည့် NUG နှင့် အပေါင်း အပါနောက်လိုက်အဖွဲ့များ ဖြစ်ကြသည်ကို အထူးအထွေ အထွေအထူး ပြောစရာမလိုဟု ဆိုရမည်ဖြစ်သည်။
သည်ရက်ပိုင်းတွင် NUG က ညောင်ဦး PDF ကို မည်သည့်ညွှန်ကြားချက် အမိန့်များချမှတ်လိုက်သည်မသိ၊ ပုဂံညောင်ဦးတွင် စစ်ရေးဖော်ဆောင်တော့ မည်ဖြစ်ကြောင်း ညောင်ဦး PDF က အသံ ထွက်လာလေသည်။ သူတို့ပြောလာသည့် စကားကိုလည်း ကြည့်ပါဦး။ "ပုဂံညောင်ဦးမှာ ကျည်မကျရဘူး၊ ပုဂံညောင်ဦးမှာ တိုက်ပွဲမဖြစ်ရဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့အထက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး စစ်ရေးအရ ပုဂံညောင်ဦးမြို့နယ်အတွင်းမှာ လှုပ်ရှားသွားမှာ ဖြစ်ပါတယ်"ဟု ညောင်ဦး PDF က ပုဂံတွင် တိုက်ပွဲ ဖော်မည့်အကြောင်းကို အသံပေးလာသည်ဟု ဆိုနိုင်ပါသည်။ ပုဂံညောင်ဦးသည် ရှေးဟောင်းအမွေအနှစ် ယူနက်စကို စာရင်းဝင် ဖြစ်သောကြောင့် ကျည်မကျရ ဆိုသည်မှာ မဟုတ်မှန်ကြောင်းတိုက်ပွဲ ဖော်လိုသည့် PDF များက ပြောလာလေသည်။
ပုဂံညောင်ဦးတွင် တိုက်ပွဲဖော်ဆောင်မည်ဆိုသည်က ပုဂံညောင်ဦးသို့ လာရောက်လည်ပတ်မည့် သူများကို ဟန့်တားလိုခြင်းနှင့် မည်သည့်နေရာမျှ စည် ကားလိုခြင်းကို မမြင်တွေ့လိုခြင်း ဖြစ်ကြောင်းကို တစ်နည်းအားဖြင့် သတင်းစကား ပါးလိုက်ခြင်းပင် ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက လည်း ပုပ္ပါးတောင်မကြီးပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားပြီး ပုပ္ပါးတောင်မကြီး ခရီးသွားလာခွင့်များ ပိတ်ထားခဲ့ရသည်။ ယခုလည်း ညောင်ဦး PDF က ညောင်ဦးမြို့ စည်ကားနေသည်ကို မမြင်တွေ့လိုတော့သည့် အခြေအနေနှင့် ပုဂံညောင်ဦးကို ဖျက်ဆီး ရန် ကြံဆောင်နေသည်ဟု ဆိုရမလို ဖြစ်နေလေ သည်။
ဖျက်ဆီးရန် ကြံစည်နေသည်ဟု ပြောရလျှင် မကျေနပ်သူများ ရှိကောင်းရှိနိုင်သော်လည်း NUG ဖွဲ့ပြီး ၎င်းတို့၏ လက်အောက်ခံ PDF များ စစ်ရေးဖော်ဆောင်သည့် မည်သည့်နေရာများ ငြိမ်းချမ်း သာယာသွားသနည်း ဟုမေးလျှင် ဖြေချင်ကြမည် မဟုတ်။ မည်သို့ပင်ဆိုစေ၊ လုပ်ချင်ရာ လုပ်နေစေ ကာမူ ပုဂံကိုတော့ မထိကြပါနှင့်ဟု မြန်မာတစ်ယောက်အနေဖြင့် တောင်းဆိုပါရစေ။
ထမင်း နပ်မမှန်တော့သော တော်လှန်ရေး
"လက်နက်ခဲယမ်း မပြည့်စုံလို့ တိုက်ပွဲ ခဏရပ်ထားရပေမယ့် နေ့စဉ် စားသုံးနေတဲ့ မရှိမဖြစ် အရေးပါတဲ့အရာ ထမင်းကိုတော့ မစားဘဲ ရပ်ထားလို့မရဘူး။ လစဉ်လတိုင်း ရိက္ခာအတွက် တံခါးခေါက် အကူအညီ လိုက်တောင်းပေမယ့် တစ်လထက်တစ်လ ပိုခက်ခဲလာတယ်"ဟု ငိုသံနှင့်ပြောလာ သည့် အဖွဲ့က ကယားလက် နက်ကိုင်အဖွဲ့ဘက်က အသံ ဖြစ်သည်။ ဟိုနေရာသိမ်းပြီ၊ ဒီနေရာသိမ်းပြီ၊ ဟိုနားအထိ သိမ်းမည်ဟု ကြွေးကြော်ပြီး သူတို့သိမ်းသောကြောင့် ကယားဘက်လည်း မွမွကြေခဲ့ပြီး လက်ရှိ ထမင်းငတ်သောအခါ မျက်ရည်ခံထိုးလာ ပြန်သည်။ သူတို့တင်ပဲလားဟုဆိုလျှင် မဟုတ်ဟုဆို ရမည် ဖြစ်သည်။ မုံရွာဝန်းကျင်က လက်နက်ကိုင်ထားသူများလည်း ရိက္ခာအလှူခံကြသည်။ မန္တလေး ဝန်းကျင်က လက်နက်ကိုင်ထားသူများလည်း ရိက္ခာအတွက် အလှူခံကြသည်။ အလှူခံ၍ အဆင်မပြေသောအခါ ဓားပြတိုက်ကြသည်။ ဓားပြတိုက်မှု အချို့ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီးနိုင်မှုများ ရှိခဲ့သည်။ ဓားပြလည်း မတိုက်ချင်၊ ဆက်ကြေးလည်း မကောက် ချင်သူများက ပြန်ပေးဆွဲကြသည်။ ပြည်သူကို ကာကွယ်မည်ဟု ကြွေးကြော်နေသူများကို တစ်ခုပဲ ပြောပါရစေခင်ဗျာ။ ကိုယ့်ထမင်းကို သမ္မာအာဇီဝကျကျပဲ အရင်ရှာ စားနိုင်အောင် ကြိုးစားကြပါဦးဟု မေတ္တာရှေ့ထား အမှာစကား ပါးပါရစေ။ ဘာ့ကြောင့်လည်းဆိုလျင် တော်လှန်ရေးသမားဟု အမည်ခံပြီး ထမင်းငတ်လာတိုင်း ပြည်သူပဲ ဒုက္ခရောက်ကြရသည်ပဲ မဟုတ်လား။
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )