တော်လှန်ရေးအမည်တပ်၍ တိုင်းပြည်နှင့် လူငယ်များ၏အနာဂတ်ကို ရိုက်ချိုးနေသူများ

၂၀၂၄ မေ ၂၅

တောမီးကို စာဖွဲ့မိခြင်း
    မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများသည် မိုးဦးမကျမီ မုန်တိုင်းမျှော်၍ မိုးခေါ်နေကြသည်ဟု ဆိုရမလိုဖြစ်သည်။ ဧပြီနှောင်းပိုင်း မေလဆန်းပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း တစ်လုံးဖြစ်နိုင်မည့်အကြောင်း မိုး/ဇလနှင့် မိုးလေဝသ ပညာရှင်များက တင်ကြိုဟောကိန်းများ ထုတ်ထားကြလေသည်။ ထိုမုန်တိုင်းသတင်းကို ကြိုတင်ကြားရသူများအဖို့ မိုးရမည့်အရေးတွေးကာ ထွန်ယက်စိုက်ပျိုးရေးလုပ်မည့် သူများကလည်း ပြင်ဆင်နေကြသည်။ မုန်တိုင်းသည်လည်း မမဆောင်းကဲ့သို့ အခုဟိုဝင်မည်၊ အခုသည်ဝင်မည်ဖြင့် နောက်ဆုံး မြန်မာနိုင်ငံကို မဝင်ရောက်တော့ဟု သိရလေ သည်။ သို့သော်လည်း ထိုမုန်တိုင်း၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မုန်တိုင်းမိုးများ ရရှိမည် ဖြစ်သောကြောင့် မုန်တိုင်းဒဏ်မသင့်ဘဲ မိုးရမည်ဆိုသောကြောင့် ပို၍ဝမ်းသာသူများလည်း မနည်းမနောရှိကြလေသည်။ မိုးဘာကြောင့် သည်လောက် မျှော်လဲဟုဆိုလျှင် သည်နွေသည် တော်တော်ပူပြင်းလွန်းသည်မှာ အားလုံးအသိပင်ဖြစ်သည်။ မည်မျှပူ သနည်းဟုဆိုလျှင် မကွေးတိုင်းဒေ သကြီး ချောက်မြို့ဆိုလျှင် ကမ္ဘာ့အပူဆုံးမြို့အဖြစ်ပင် စံချိန်တင်သွားသည်ကို အားလုံးအသိပင် မဟုတ်လား။ ပူလွန်း၍လားမသိ၊ သည်နွေတွင် ငယ်ငယ်ကတည်းက အတူတကွ ပေါင်းသင်းခဲ့သည့် မိတ်ဆွေအချို့ပင် သည်နွေပူပူထဲတွင် ကျန်းကျန်းမာမာကြီးရှိလျက်နှင့် ဆုံးပါးသွားကြသည်ကို ကိုယ်တွေ့ သိမြင်လိုက်ရသောအခါ ကိုယ်တိုင်ရှော့ခ် ရသွားသည်ဟု ဆိုရမည်ဖြစ်သည်။ အပူလွန်ကဲမှု Heat Stoke ဒဏ်ကြောင့် ဟိုနေရာ၊ သည်နေရာများတွင် လူကောင်းပကတိကြီးများ ရုတ်တရက် သေဆုံးသွား ရသည့် သတင်းများလည်း မမြင်ချင်၊ မကြားချင်မှအဆုံး ဖြစ်နေလေသည်။ ထိုကဲ့သို့သတင်းများ မြင်တွေ့ကြား သိနေရသောအခါ ဘာ့ကြောင့် သည်လောက်ပူနေရ သနည်းဟု စဉ်းစားမိသည်။ ကိုယ် ရောက်နေသည့်နေရာ သည်လည်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိရှိနေသောကြောင့် အပူထဲက ထိုင်စဉ်းစားမိရင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုသို့စဉ်းစားရင်းမှ ၄၅၊ ၄၆ ဆိုလျှင် မည်သို့နေကြမည် မသိဟုလည်း ၄၀ အပူဒဏ်ခံနေသူ တစ်ယောက်က ကိုယ်ချင်းစာစိတ်ဖြင့် စဉ်းစားမိခြင်းဖြစ် ပါသည်။
    စောစောကစကား ပြန်ဆက်ရလျှင် ဘာကြောင့်ပူသနည်းဟု စဉ်းစားရာ သည်နှစ်နွေရင့်ရင့်မပူ ခင် သင်္ကြန်မတိုင်မီကစပြီး ယခုနွေရင့်ရင့် မိုးမကျမီ သင်္ကြန် ပြီးချိန်အထိ မြန်မာပြည်၏ ပူပြင်းသည်ဆို သည့် နေရာအချို့ကို ခရီးသွားဖြစ်ခဲ့သည်။ ထိုသို့ခရီးသွားရင်း တွေ့မြင်ရသည့် မြင်ကွင်းများ ကိုကြည့်ပြီး အပူချိန်ပြင်းခြင်းဖြစ်မည်ဟု သုံးသပ်မိခြင်း ဖြစ်သည်။ သွားခဲ့သည့် ခရီးများထဲတွင် အပူပိုင်းဒေသဟု ဆိုခဲ့သည့်အတိုင်း ရာသီဥတုက ပူရသည့်အထဲ လမ်းဘေးဝဲယာက သစ်တောသစ်ပင်များကို တောမီးများ အကြီးအကျယ် လောင်ကျွမ်းထားသည့်မြင်ကွင်းက နေရာအနှံ့အပြားတွင် တွေ့မြင်ခဲ့ ရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး တစ်ဖက်တစ်ချက်တွင်ပင် တောမီးသင့်ထားသည့် နေရာများ  အတော်များများ တွေ့ခဲ့ရသည်။ မူးလုံး၊ ကျပ်လုံး၊ လက်ကောက်ဝတ်ခန့်ရှိသည့် သစ်ပင်အ ချို့ဆိုလျှင်လည်း ထင်းစိုက်ရန် ခုတ်ထွင်နေသည့် မြင်ကွင်းကလည်း ရောက်ခဲ့သည့် နေရာအများ အပြားတွင် တွေ့မြင်နေရ လေသည်။ ထိုမြင်ကွင်းများကို တွေ့မြင်ပြီးချိန် တောမီးတွေ သည်လောက်ရှို့ နေမှတော့ အပူချိန်မြင့်ခြင်းသည် မဆန်းတော့ဟု သဘောပေါက်မိသွားသည်။ ထိုကဲ့သို့ သဘော ပေါက်မိချိန်တွင် တောမီးရှို့သူများကို အပြစ်တင်ချင်မိသွားရာ "ဟုတ်သေးပါဘူး၊ တောမီးရှို့တဲ့သူက တောထဲရှို့တာ၊ မြို့ပေါ်တောင် မီးတက်မွှေးတဲ့သူတွေရှိ နေသေးတာပါလား"ဟု ထပ်မံစဉ်းစားမိပြန်ရာ သြော်.. ရာသီဥတုကပူမှာပေါ့ဟု အတွေးပေါ်မိလေသည်။


ကုန်ရှာပါပြီတဲ့
    တစ်ခါတလေကြားရသည့် သတင်းစကား အကြောင်းအရာက ကိုယ့်နားကိုပင် မယုံအောင်ဖြစ်ရသည်။ ပခုက္ကူနှင့် ရေစကြိုကြားရှိ နယ်ဘက်ကအကြောင်း အရာတစ်ခုဖြစ်သည်။ မကြာသေးမီအချိန်က ထိုနယ် ဘက်တွင် သားအဖနှစ်ဦး စကားများရာ သားဖြစ်သူက ဖခင်ဖြစ်သူကို ထိုးကြိတ်ရိုက်နှက်လေ သည်။ စကားများ စဉ်အခါကသာ တစ်ဦးကိုတစ်ဦး ဒေါသနှင့်တုံ့ပြန်သော်လည်း စိတ်ပြန်ပြေသွားသော အခါ ဖခင်ဖြစ်သူက သားဖြစ်သူကို ဗွေမယူဘဲ သည်းခံစိတ်မွေးကာ ပုံမှန်ပဲနေ လိုက်လေသည်။ ဇာတ်လမ်းက သည်နေရာတွင် မပြီးသေးဘဲ သားဖြစ်သူက မိန်းမယူလာခဲ့လေသည်။ အရွယ်ရောက်၍ မိန်းမယူခြင်းက ပြဿနာမဟုတ်။ ယခင်က သားအဖနှစ်ယောက် စကားများခဲ့စဉ် သားဖြစ်သူက ဖခင်ဖြစ်သူကို ထိုးနှက်ရိုက်ပုတ်သည်သာရှိပြီး အချိန်တန်လျှင် သားဖြစ်သူကို ခွင့်လွှတ်လိုက်သဖြင့် သည်အတိုင်းသာ ပြီးသွားကြလေသည်။ ယခုထိုကဲ့သို့မဟုတ်တော့။ သားဖြစ် သူနှင့်စကားများစဉ် ချွေးမဖြစ်သူကပါ ဝင်ရောက်ထုနှက်ရာ ဖခင်ဖြစ်သူက မခံမရပ်နိုင်ဖြစ်လေသည်။ ထို့ထက်  ဖခင်ဖြစ်သူ မခံမရပ်နိုင်ဖြစ်သည်ထက်ပို သည်က အရပ်ကပါ လက်မခံနိုင်စရာ ဖြစ်လာလေတော့သည်။ ထို့ကြောင့် ဆိုးသွမ်းလွန်းသည့် သားဖြစ်သူကို အရပ်ကဝိုင်းဝန်ပြီး ပြစ်ဒဏ်ပေးစေလိုသည်။ ပြစ်ဒဏ်ပေးစေလိုသည် ကပြဿနာမဟုတ်။ ထိုအရပ်ဒေသတွင် ရဲစခန်းက အပြည့်အ၀ မလည်ပတ်နိုင်သောကြောင့် ရဲလက်အပ်ချင်သော်လည်း ရဲလက်အပ်စရာ မရှိဖြစ်နေ လေသည်။ နောက်ဆုံးတွင် ဆိုးသွမ်းလွန်းသည့် သားဖြစ် သူကို အရပ်က ရဲစခန်းတိုင်မရသည့်အဆုံး PDF လက်ထဲ အပ်လိုက်သည်ဟု မိတ်ဆွေတစ်ဦးက သူကြားခဲ့ရ သည်များကို ဖောက်သည်ချလေသည်။ မိတ်ဆွေပြော အပြီး " PDF လက်အပ်လိုက်တော့ အဲဒီလူဘာဖြစ်သွားလဲ"ဟုမေးရာ  ယခုထိ အဆက်အသွယ်မရသေးသောကြောင့် နောက်ဆက်တွဲ မသိ ရသေးဟုသာ ပြန်ပြောလေသည်။ ပခုက္ကူနှင့် ရေစကြိုကြားက ရွာတစ်ရွာ ထိုကဲ့သို့ ရှိနေပြီလားဟု အံ့သြမိလေသည်။
    မကြာသေးမီ ရက်ပိုင်းက ထိုရင်ဖွင့်သည့် မိတ်ဆွေနှင့် စကားပြောရာ ယခင်အကြောင်း စိတ်ဝင် စားသောကြောင့် နောက်ဆက်တွဲမေးမြန်ကြည့်ရာ "အဲဒီ ရွာကို စစ်ကြောင်းဝင်လာတယ်၊ PDF တွေနဲ့ တိုက်ပွဲဖြစ် သွားတယ်။ စစ်ဖြစ်တော့ မီးလည်းလောင်တာပေါ့။ အခုတော့ အဲဒီရွာလည်း အတော်များ များ မီးထဲပါသွားပြီ" ဟုဆိုလေရာ ဘာပြန်ပြောရမည်ကိုပင်မသိ ဖြစ်သွားလေတော့သည်။


အရောက်ပို့ကြသူများ
    ၂၀၂၄/၂၅ပညာသင်နှစ်အတွက် ကျောင်းဖွင့်ရာသီ ရောက်တော့မည်ဖြစ်ရာ ကျောင်းသူ ကျောင်းသားများလည်း ကျောင်းများ စတင်အပ်နှံနေကြပြီဖြစ်သည်။ အေးချမ်းသည့် မြို့ကြီးပြကြီးများတွင် ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေကြသကဲ့သို့ ကျောင်း သားမိဘများသည်လည်း ရင်သွေးများ၏ ပညာရေးအတွက် ပညာသင်နှစ်တစ်နှစ်စာ ကြိုတင်ပြင်ဆင်ရန် ကိုယ့်အထွာနှင့်ကိုယ် လုံးပန်းနေကြလေသည်။ မအေး ချမ်းသည့် ကျေးရွာများနှင့် မြို့နယ်များမှာမူ ယခုအချိန်ထိ ကျောင်းက ဖွင့်နိုင်မည်လား၊ ကလေးသူငယ်ကို ကျောင်းထားရမလား သဲသဲကွဲကွဲ မရှိကြသေးချေ။ကျောင်းသား မိဘများနှင့် ၎င်းတို့၏ ရင်သွေးငယ်များက ထိုကဲ့သို့ ပူပန်မှုများရှိနေလေသည်။ သည်အရာက ကျောင်းသားမိဘနှင့် ရင်သွေးငယ်များဘက်က အပူဖြစ်ပြီး စာသင်မည့် ဆရာ၊ ဆရာမများထဲကလည်း ပူပန်မှု များလည်း ရှိနေသည်။ ၎င်းင်းတို့ စာသင်ရမည့်နေရာသည် အေးချမ်းသည့်နေရာဆိုလျှင် ပြဿနာမရှိ၊ ထိုသို့ မဟုတ်ဘဲ မအေးချမ်းသည့်နေရာတွင် စာသင်ရမည်ဆိုပါက သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး ဖြစ်လောက်အောင်လည်း မဟုတ်သောကြောင့် အခက်ကြုံနေကြသူများ လည်း ရှိနေသည်။
    ထိုကဲ့သို့ အခက်အခဲများရှိနေကြသည်ထဲမှ  မိတ်ဆွေတစ်ဦးနှင့် စကားပြောဖြစ်သည်။ သူပြောပြသည်က သူ၏သူငယ်ချင်း CDM ကျောင်းဆရာ၊ လက်ရှိအလုပ်လက်မဲ့ ကျောင်းဆရာ၏ အခက်အခဲအကြောင်း ဖြစ်လေသည်။ အလုပ်လက်မဲ့ ဖြစ်နေသောကြောင့် ဇနီးမယားနှင့် ယောက္ခမက မကြည်ဖြူ ဟု ဆိုလေသည်။ ထို့အကြောင်းကိုသိသော ကျောင်းဆရာ၏ မိတ်ဆွေအချို့က ကျောင်းဆရာကို အလုပ်ပေးချင်သဖြင့် လာ၍ဆက်သွယ်သည်ဟု ဆိုလေသည်။ တစ်လကျပ်နှစ်သိန်း စရိတ်ငြိမ်းဖြင့် စာသင်ရန် လာခေါ်ခြင်းဖြစ်သည်။ သွားရောက်သင်ကြားရမည့်နေရာက ရေစကြိုနယ်ဘက်တွင် ဖြစ်ပြီး လာခေါ်သူများက NUG ကျောင်းတွင် စာသင်ရမည်ဟု ဆိုလေသည်။ ထိုကျောင်းဆရာက သူဟာသူသာ CDM လုပ်ခြင်းဖြစ်ပြီး NUG ၏ နိုင်ငံရေးလမ်းစဉ်အပေါ်လည်း အယုံအကြည်ရှိသူ မဟုတ်ပေ။ ထို့ကြောင့် "ဒီကောင်တွေက အရောက်ပို့တဲ့နေရာတော့ တော်သား"ပဲဟုဆိုကာ စာသင်လိုစိတ် မရှိသေးကြောင်း အကြောင်းပြပြီး ငြင်းဆိုလိုက်သည်။ ထိုဆရာဆက်ပြောသည့် စကားက "အခုက ကျောင်းသူကျောင်း သားတွေလည်းမလွယ်သလို၊ ဆရာဆရာမတွေလည်း မလွယ်ပါဘူး။ ဒီကြားထဲ အရောက်ပို့ချင်တဲ့သူ ကရှိသေး"ဟူ၍ သူကြားရသမျှ ဖောက်သည်ချလေသည်။


အသုံးချခံရသူများ
    ကိုယ့်ညံ့လို့ခံရသည်ဟု ဆိုရမလား မသိပေ။လက်နက်ကိုင်ပြီး အသိဉာဏ်နုန့်နဲ့၍ သူများအသုံး ချခံဖြစ်သူများနှင့် ရုံးမတက်နှင့် ရုန်းထွက်ဆိုကာ CDM လုပ်၍ ဒုက္ခရောက်နေသူများ၊ သူများကျောင်း မတက်နှင့်ဆို၍ ကျောင်းမတက်ကြရသူများသည် သူများပါးစပ်ဖျား တွင်လမ်းဆုံးပြီး အသုံးချခံ သက်သက် ဖြစ်နေသည်ကို ယနေ့ထိ မသိသေးသူများကို အံ့သြမိပါသည်။ 'ရင်ခွင်မဲ့ အမေ့သား' ရေးသည့်စာဟု ဆိုရမည်ဖြစ်သည်။ ထိုသူ ရေးသည့်စာတွင် ကြက်ဖလိုနေခဲ့သမျှ ကြက်မဖြစ်ရကြောင်း လက်နက်ကြီးကိုင်ပြီး ငိုချင်းချနေသည့်စာဟူ၍လည်း ဆိုနိုင်ပါသည်။ 'စိတ်ဓာတ်တွေ ဟိုးအောက်ထိ ထိုးကျနေပြီ၊ ငါတို့အဖွဲ့တွေကို သူ့ဆီမှာလာပြီး စစ်ကူတိုက်ပေးပါ၊ တစ်လှည့်မင်းတို့ကို ပြန်ကူညီပေး မယ် ဆိုတဲ့သူလည်း တိုက်ပွဲကျသွားပြီ၊ အခုက အဖွဲ့တွင်း အခြေအနေက ဘယ်သူ့အဖေခေါ်ရမှန်းမသိ ဖြစ်နေပြီ။လာတုန်းကတော့ အားအင်အပြည့်လာကြတာ၊ ငါ့သူ ငယ်ချင်းသုံးယောက်အပါ ရာကျော်ရှိတယ်၊ ထပ်လာကြတာလည်းမနည်းဘူး။ အခုတော့ နေ့မြင်ညပျောက်နဲ့ ငါ့သူငယ်ချင်းတွေ အကြွေ စောခဲ့ပြီးပြီ၊ ငါ့အလှည့်လည်း ဘယ်နေ့ ရောက်မယ်မသိ၊ ပရုပ်လုံးကမှ ငါတို့ထက် ကြာကြာခံဦးမယ်၊ ငါတို့ကပိုမြန်တယ်။ တိုက်လိုက်ရတဲ့ တပ်စခန်းတွေဆိုတာ အလွန်ဆုံးနားရ နှစ်ရက်တစ်ပိုင်းပဲ။ အစားအသောက်ကလည်း မကောင်းမကန်း၊ ပိုဆိုးတာ က KIA ကအကြီးတွေ သူတို့ကောင်တွေနဲ့ ငါတို့ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် ဆက်ဆံတာ မကြိုက်ဘူးကွာ။ ဘယ်လောက်ပဲတော်တော် ငါတို့ကို နေရာပေး မှာလည်း မဟုတ်ဘူး။ အရင်ငါတို့နဲ့အတူနေခဲ့တဲ့ ကချင်တွေ အခုဖားကန့်က ပိုက်ဆံရတဲ့နေရာ ရောက်တဲ့ကောင် ရောက်၊ ဗိုလ်ကြီးဖြစ်တဲ့ကောင်ဖြစ်နဲ့၊ ငါရောက်တာနှစ် နှစ်ကျော်ပြီ ဒီအတိုင်းပဲ။ အေးပေါ့လေ။ ဖင်ယားပြီးသူ များနယ်မြေ လာမိတော့လည်း ကြက်မပဲဖြစ်မှာပေါ့၊ ကြက်ဖတော့ ဘယ်ဖြစ်မလဲ။ အခုချိန်က ပဒိုင်းသီးကိုင် မိထားသလိုပဲ။ ဆုပ်လည်းစူး၊ စားလည်းရူး။ ရှေ့တက် လည်းသေမှာပဲ။ နောက်ဆုတ်လည်း သေမှာပဲ။ ငါတို့က တပ်စခန်းတွေတိုက်ရင် တပ်ကေ ကောင်တွေ ကျည်ကုန်အောင် ရှေ့ဆုံးက သေပေးရတဲ့ အဆင့်ပဲရှိတယ်။ ပေးထားတဲ့လက်နက်က ကျည်မလောက်၊ မီးကျိုးမောင်းပျက်၊ ပေးတဲ့ရိက္ခာက မသေရုံတစ်မယ်ပဲ။ လိုင်ဇာကိုတက် လာတုန်း ကတော့ စစ်အာဏာရှင်ဖြုတ်ချဖို့အတွက်ပဲ၊ ကြာတော့ ဘာအတွက်တိုက်နေမှန်းလည်း မသိတော့ဘူး။ KIA အတွက်တိုက်ပေးနေရတဲ့ KPDF တဲ့။ ကိုယ့် နယ်မြေ ကာကွယ်ဖို့ဆိုပြီး လာခဲ့တာ အခုတော့ KIA အတွက် ရှေ့ဆုံးကသေပေးနေရတဲ့ ပကဖခေါ် KPDF ပေါ့လေ။ နောက်လူတွေကတော့ လည်သွားပြီ ထင်တယ်။ သိသိသာသာနည်းသွားပြီ ဒီဘက်လာတာ။ စိတ်ကူးနဲ့ လက်တွေ့ တူညီနိုင်ဖို့ဆိုတာ ထင်သလောက်လွယ်မနေ ဘူးအမေရေ၊ သားပင်ပန်းနေပြီ" ပြည်ပရောက်နေသူ များ၏ အသုံးချခံ PDF တစ်ယောက်၏ ငိုချင်းစာဟုဆိုရ မည်ဖြစ်သည်။


တော်လှန်ရေးခေါင်းစဉ်တပ်၍ လူငယ်များ၏အနာဂတ် ရိုက်ချိုးနေသူများ
    လူငယ်များနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် စာရေးဆရာကြီး အောင်သင်းကိုသာ သတိရမိတော့သည်။ ဆရာကြီးအောင်သင်းက လူငယ်များအတွက်များ စွာ ကြိုးပမ်းအားထုတ်ခဲ့သူဆိုသည်မှာ အားလုံးအသိပင် ဖြစ်၏။ 'လူငယ်တွေမှာ အနာဂတ်ရှိတယ်'၊ 'နောက်မျိုးဆက်အတွက် ငါတို့က အနစ်နာ ခံရမယ်' ဘာညာ စသဖြင့် လူကြားကောင်းအောင်ပြောပြီး ထိုကဲ့သို့ပြောသည့် သူများက ဦးစွာ ပြည်ပနိုင်ငံများသို့ အစုလိုက်အပြုံ လိုက်ထွက်ပြေးပြီး လူငယ်များစွာကို သေတွင်းသို့ပို့ခဲ့ကြ သည်မှာ မငြင်းနိုင်သော အရှိတရားပင် မဟုတ်လား။သည်နေရာတွင် ဆရာကြီးက 'လူကြီးတွေဟာ လူငယ်တွေ'၊ 'မျိုးဆက်သစ်တွေ'၊ 'အနာဂတ်ခေါင်းဆောင်တွေ'၊ ဘာတွေ၊ ညာတွေ စသည်အားဖြင့် တဖွဖွရွတ် နေကြသော်လည်း 'အူထဲအသည်းထဲက တကယ်စေတနာရှိ ကြပါ၏လော'ဟု မကြာခဏ သံသ ယဖြစ်မိပါသည်။ သူ၏အမြင်ကို တည့်တိုးပွင့်ပွင့်လင်းလင်း ပြောထားလေသည်။ ထို့အပြင် 'နိုင်ငံရေး အဖွဲ့အစည်းများသည် များသောအားဖြင့် လူငယ်တို့၏ ခွန်အားကို အသုံးချရန်သာလျှင် ရည်ရွယ်ကြ သည်။ လူငယ်ထုကြီး၏ ဘဝတိုးတက်မှု၊ လူငယ်တစ်ဦးချင်း၏ ဘဝတိုးတက်မှုကို ထိထိရောက် ရောက် မယ်မယ်ရရ လုပ်ဆောင်ပေးခဲ့ကြသည်ဟု ကျွန်တော်မထင်မိပါ။ ပညာမျက်စိဖွင့်ပေးရာ၌  သူတို့အယူ ဝါဒကို လိုက်နာလက်ခံတတ်အောင်သာလျှင် လိုလားကြသည်။ သည်ထက်တစ်ဆင့်တက်သွားပြီး အမြင်ကျယ် သွားမည်ကိုပင် စိုးရိမ်တတ်ကြပါသည်။ ကုန်ကုန်ပြောရလျှင် ခြေခြေမြစ်မြစ် ကျိုးကြောင်း ကျကျ စဉ်းစားတတ် သွားမည်ကိုပင် မလိုလားနိုင်ကြဟု အောက်မေ့မိပါသည်"ဟု လူငယ်လူ ရွယ်များနှင့်ပတ်သက်၍ နိုင်ငံရေးသမားများက ခေတ်အဆက်ဆက် အသုံးချနေကြောင်း အားမနာ တမ်းထောက်ပြထားခဲ့သည်။ အသိပညာဉာဏ်နုံ့နဲ့သည့် လူငယ်လူရွယ်များကို အသိပညာဖွင့် ပေးရ မည့် အစားလူငယ်များကို အသုံးချခံပစ္စည်းလို သဘောထားသောကြောင့်သာ ယနေ့ခေတ်လူငယ်များ သေတွင်းသေဝသို့ တော်လှန်ရေးခေါင်းစဉ်တပ်၍ ပို့ခဲ့ကြသည် မဟုတ်လား။ လူငယ်လူရွယ်များ နိုင်ငံရေးသမားများ၏ အသုံးချခံဘဝမှ လွတ်မြောက်နိုင်ပါစေဟု သာဆုတောင်းမိတော့သည်။ ( ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 418

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.