၂၀၂၄ ဇူလိုင် ၁၃
တာဝါတိုင် တော်လှန်ရေးသမားကြီးများ
EV ဆိုင်ကယ်တစ်စီးနှင့် အခက်အခဲတွေ့နေသည့် သူငယ်ချင်းတစ်ယောက်အကြောင်း ပြောချင်ပါသည်။ ထိုသူငယ်ချင်းက မုံရွာကဖြစ်သည်။ သူက လက်ရှိစီးနေသည့်ဆိုင်ကယ်ကို ရောင်းထုတ်ကာ EV ဆိုင် ကယ်တစ်စီးကို ၂၂ သိန်းဖြင့် ဝယ်ယူစီးနင်းနေလေသည်။ သူပြောသည့်စကား အားရစရာက "EV ဆိုင်ကယ်က ဝယ်ပြီးစီးရင် ပိုက်ဆံအပိုကုန်စရာကို မရှိတော့တာဟေ့"ဟုဆိုသဖြင့် EV ဆိုင်ကယ်ကိုပင် ဝယ်ယူစီးနင်းချင်စိတ် ပေါ်လာလေသည်။ သူပြောသည်မှာလည်း ဟုတ်သည်။ EV ဆိုင်ကယ်ဝယ်စီးကတည်းက တစ်ရက်လျှင် သုံး၊လေးနာရီ အားသွင်းထားယုံမျှဖြင့် သူစီးနင်းသည့်မြို့ တွင်း ခရီးစဉ်များအတွက် ဆီးဖိုးပင်မကုန်ဟု ဆိုလေသည်။ သို့သော်ညား လတ်တလော မုံရွာအခြေ အနေနှင့် ပတ်သက်ပြီး EV ဆိုင်ကယ်တစ်စီးနှင့် အလုပ်များနေရသည်ဟု ဆိုလေသည်။ အကြောင်းက သူပြောပြမှ သိရသည်မှာ မြို့မုံရွာတောင်ဘက် ချောင်းဦးငါးယှန် ဒေသများတွင် သူပုန်သူကန် အလွန်များနေလေသည်ဟု ဆိုလေသည်။ သူပုန်သူကန်များနေသောကြောင့် ထိုချောင်းဦးငါးယှန်ဘက်တွင် လျှပ်စစ်ဓာတ်အား မပေးဝေတော့သည်မှာ အတော်ပင်ကြာပြီဟု သိရသည်။ ထိုချောင်းဦးငါးယှန်ဘက်တွင် လျှပ်စစ်ဓာတ်အားမရသည်မှာ အတော်ပင် ကြာနေသည်ဖြစ်သည့်အတွက် သူတို့သည်လည်း အငြိုးထားဟန်တူ၏။
သို့နှင့် မုံရွာမြို့ထဲသို့ လျှစ်စစ်ဓာတ်အား ဖြန့်ဝေသည့် တာဝါတိုင်များကို တော်လှန်ရေးလုပ်နေကြလေသည်ဟု ဆိုလေသည်။ ထိုတာဝါတိုင်များသည်လည်း ချောင်းဦးငါးယှန်ဘက်မှ ဖြတ်သန်းသွယ်တန်းထားသည်ဖြစ်ရာ ကိုယ့်အနီးက တာဝါတိုင်ကို ဖျက်ဆီးတော်လှန် နေကြလေသည်ဟု ဆိုလေသည်။ ထိုတာဝါတိုင် ဖျက်ဆီးသည့်သူများ၏ အကြောင်းပြချက်ကလည်း ရှင်းသည်။ သူတို့ရွာ အနီးမှ တာဝါတိုင်များဖြတ် သန်းသွား သော်လည်း သူတို့ရွာ လျှပ်စစ်မီးမရသောကြောင့်ဟု ဆိုလေသည်။ သူတို့လျှပ်စစ်မီးမရဘဲ မုံရွာမြို့ မီးထိန်ထိန် လင်းနေသည်ကို မကြည့်ရက်၊ မမြင်ရက်၊ မရှု စိမ့်နိုင်ဖြစ်ကာ သည်ရက်ပိုင်းအတွင်း တာဝါတိုင်းများကို တော် တော် ဖျက်ဆီးကြသည်ဟု ဆိုလေသည်။ သူငယ်ချင်း ပြောသည်ကလည်း သဘာဝကျသည်။ အစိုးရအနေနှင့်ဆိုလျှင် သူပုန်သူကန်ရှိသည့်အရပ် လျှပ်စစ်ဓာတ်အား ခကောက်ခံ၍ မရသည့်နေရာကို လျှပ်စစ်ဓာတ်အား မပေးခြင်းက မှန်ကန်သည်ဟု ဆိုလေသည်။ သူပုန်သူကန်များသည့် အရပ်ဘက်ကလည်း သူတို့ရှေ့က တာဝါ တိုင်ကြီးများ ဖြတ်သန်းသွားပြီး လျှပ်စစ်ဓာတ်အား မရရှိသောကြောင့် မီးမရခြင်းဖြစ်သည်။ သို့မို့ကြောင့် တာဝါတိုင်တော်လှန်ရေးကြီးကို ရွပ်ရွပ်ချွံချွံဆောင်ရွက်နေခြင်း ဖြစ် သည်ဟု ဆိုလေသည်။
ထိုအရာများကြောင့် EV ဆိုင်ကယ်တစ်စီးဝယ်ပြီး တစ်ရက်လျှင် သုံးနာရီခန့်မီးစက်နှိုးကာ EV ဆိုင်ကယ်ကို အားသွင်းနေရင်း ခက်ခဲနေရကြောင်း ရင်ဖွင့်လေသည်။ မြို့ကြီးက တောသားများအတွက် သူငယ်ချင်းပြောသည့်အကြောင်း ဖောက်သည်ချလိုပါသည်။ သူပြောသည်က "သူမနာကိုယ်မနာက ကောင်းတာလား၊ သူမညှာ ကိုယ်မညှာက ကောင်းတာလား"ဟု ဆိုလေသည်။ ဆိုလိုသည်က လောကသဘာဝတွင် သူမနာကိုယ်မနာ ဆက်ဆံရေးသည်ကအကောင်း ဆုံးဟုပြောသည်။ သို့သော်လည်း အခြေအနေအရ သူမညှာလျှင် ကိုယ်မညှာရ၊ သူချကိုယ်ချဟု ဒေါသသံခပ် သင့်သင့်ဖြင့်ဆို၏။ "ဘယ်လိုများဖြစ်ရတာလဲ"ဟု သူ့ကို မေးကြည့်ရာမှ သူဖတ်ရသည့် စာလေးတစ်ပိုင်းတစ်စကို မြင်ရာမှ စိတ်ကူးပေါ်လာ၍ ပြောခြင်းဖြစ်သည်ဟု ဆိုလေသည်။ သူဖတ်မိသည့်စာလေးကိုလည်း Messenger မှ လှမ်းပို့၍ ကျွန်တော်၏ သဘောထားကို မေးလေသည်။ ထိုစာက 'ဆီဈေးလေးတက်သွားရင်တောင် သေမတတ်အော်နေတဲ့ မြို့ကြီးသားတွေက တော်လှန်ရေးအမည်ခံ အကြမ်းဖက် အစွန်းရောက်တွေ တစ်မြို့ပြီးတစ်မြို့ ဖျက်နေတာကို ဝမ်းသာအားရ လိုင်းပေါ်မှာ အားပေးနေကြတယ်။ တစ်ခါတလေ သူတို့နေတဲ့ မြို့ကြီးတွေကို အကြမ်းဖက်တွေ ဝင်စေချင်တယ်။ စစ်ရှောင်နေရတဲ့ ဒေသက ရိုးသားတဲ့ လူတွေကိုအားနာလို့"ဟု ဆိုသည့်စာလေး ဖြစ်သည်။
ထိုစာကိုဖတ်ပြီးမှ သူငယ်ချင်းဒေါသထွက် သည်မှာလည်း သိပ်မမှားဟု ခံစားမိ၏။ အဘယ့်ကြောင့်ဆိုသော် စစ်အတွင်းကို မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံ ရဖူးသူများက စစ်ကိုမုန်းကြ၏။ စစ်ကိုမလိုချင်ကြ။ စစ်ဖြစ်သည်ဆိုသည့်အသံကိုပင် မကြားလိုကြပေ။ သို့သော်လည်း စစ်သည် ကိုယ်နှင့်မနီးသည့်သူများက သေနတ်သံ၊ ဗုံးသံမကြားရသူများ၊ စစ်ရှောင်ဆိုသည့် ခံစားချက်ကို မသိသူများက ဟိုမြို့ကိုတိုက်ပြီဆိုလျှင်လည်း လက်ခုပ်တီး၊ သည်မြို့ကိုတိုက်ပြီဆိုလျှင်လည်း အားပေးနေကြရာ စစ်အတွင်းကို ရောက်နေသည့် လူမမည်ကလေးများနှင့် သက်ကြီးရွယ်အိုများကိုပင် စာနာရကောင်းမှန်းမသိဘဲ မီးထိုးဘေးတီးနေကြလေသည်။ ထိုကဲ့သို့သူများက ငြိမ်း ချမ်းရေးဆိုသည့် အကြောင်းကိုကြားလျှင် နားဝမှာခါး သက်နေလေသလားမသိ။ ဆီဈေးတက်လျှင်အော်၏။ ဆေးဝါးဈေး တက်လျှင်အော်၏။ စီးပွားရေးပိတ်ဆို့ပါဟု ဆိုလျှင် ကောင်းပါလေ့ဟု သြဘာပေးကြသည်။ ထိုကဲ့သို့ ဉာဏ်ပညာမျိုးကို မည်သည့်ဥက ပေါက်ဖွားခဲ့သနည်း ဟုသွား၍ပင် မေးချင်မိသည်။ သို့မို့ကြောင့် သူငယ်ချင်း ပြောသည်က 'မြို့ကြီးက တောသားတွေ'ဟု ပြောခြင်းဖြစ်သည်။ ထို့အပြင် သူမနာကိုယ်မနာ ဦးစားမပေးလျှင် သူမညှာကိုယ်မညှာသာ လုပ်ရမည်ဟု ဆိုလေသည်။
NGU နှင့် ခမာလမ်းစဉ်
ကိုယ့်အလုပ်ကိုယ်လုပ်လျှင် ရန်သူဟုထင်မြင် ခံနေရကြောင်း နယ်တွင်ရှိသည့် သူငယ်ချင်းက ရင်ဖွင့်လေသည်။ ကိုယ့်အလုပ်ကိုယ်လုပ်လျှင် ရန်သူဟုဆိုလျှင် မည်သူ့အလုပ်ကို လိုက်၍လုပ်ရ မည်နည်းဟုမေးရာ သူငယ်ချင်းက "အိမ်မြှောင်တွေလို သူတို့အမြီးပြတ်ရင် သူများလည်း ပြတ်စေချင်တဲ့ လူတွေပေါ့"ဟုဆိုလေသည်။ သူဆိုလိုသည်က တော်လှန်ရေးအကြောင်းကို မပြော၊ မလုပ်သူမှန်သမျှ က ရန်သူဖြစ်နေလေသည်ဟု ဆိုလေသည်။ ကောက်စိုက်ပျိုးနုတ်၊ ထွန်ရေးပြင် လုပ်သမျှက ရန်သူဟု သတ်မှတ်ခံရနေလေသည်ဟု ဆိုလေသည်။ "ကိုယ့်ဝမ်းစာအတွက် ကိုယ်အလုပ်လုပ်တာလည်း အပြစ်ဖြစ်တာ"ဟုဆိုလေရာ "အတူတူငတ်ကြပေါ့"ဟု အငေါ်တူးမိသည်။ ထိုသို့အငေါ်တူခြင်းကို "ငါတို့ကသာ ကိုယ့်အလုပ်ကို မလုပ်နိုင်လို့ငတ်မှာ၊ သူတို့က ဂန်းတွေ ရှိနေတော့ ဓားပြတိုက်စား လို့ရတယ်၊ သူတို့ဂန်းတွေ ကြောက်လို့ သူတို့နဲ့အဆင်ပြေအောင် နေနေရတာကိုက အဆင်မပြေပါဘူး" ဟုဆိုလေသည်။
ထိုစကားကြားမိ ချိန်တွင် ဖတ်မိသည့်စာကလည်း အမေရိကားရောက် မြန်မာတစ်ယောက်၏ အမြင်မတော်မှုအကြောင်း ထောက်ပြသည့်စာ ဖြစ်လေသည်။ ထိုစာကို သံခိပ်လုပ်ရလျှင် 'ပကဖ၊ ပလဖ၊ ပအဖ ပသုံးလုံး ဂိုဏ်းတွေဟာ ကမ္ဘောဒီးယားနိုင်ငံက ခမာနီတွေရဲ့ နည်းလမ်းတွေအတိုင်း ထပ်ကြပ်လိုက်နေပြီ၊ NUG ခေါင်းဆောင်လုပ်နေသူတွေမှာ တာဝန်ရှိတယ် ပြောရအောင်ကလည်း အဲဒီခေါင်းဆောင်တွေရဲ့ နိုင်ငံရေး Level ကလည်း တာဝန်ခံနိုင်လောက်အောင် အဆင့်မရှိကြဘူး၊ ခမာနီ ပိုပေါ့နဲ့ နှိုင်းယှဉ်ရင်တောင် ဦးဆောင်မှုအရည်အချင်းနဲ့ အတွေးအခေါ်ပိုင်းမှာ ပိုပေါ့ကိုမမီဘူး၊ အဲဒီတော့ ပသုံးလုံးတွေသာ ခမာနီလမ်းစဉ်ကို လှမ်းလာရင် ယနေ့မြန်မာပြည်ဟာ ကမ္ဘောဒီးယားနိုင်ငံ ထက် အများကြီး ပိုဆိုးသွားမယ်ဆိုတာ အွန်လိုင်းက နီပိတ်တွေ အထူးသတိပြုစေချင်တယ်ဟု အများပြည်သူကို ရဲရဲဝံ့ဝံ့အဆဲခံကာ ချပြထားလေသည်။
ပိုပေါ့တို့၊ ခမာနီလမ်းစဉ်တို့ စသည်များကို နီနီတို့အဖွဲ့အား သွား၍ရှင်းပြ၍ ရမည်မဟုတ်။ သူတို့သည် ခမာအကြောင်းလည်းမသိ။ မွန်ဂိုအကြောင်းလည်းမသိ။ အင်ပါယာ အကြောင်းများလည်း သိသူများ မဟုတ်ကြ။ မေမေ သရဏံ ဂစ္ဆာမိသည်သာ ဘဝတွင် ထုံမွမ်းနေကြသူများ ဖြစ်၏ဟု မိတ်ဆွေတစ်ယောက်က ဆိုလေသည်။ ထိုစကားနှင့် ပတ်သက်၍ 'ဟုတ်ပါ့မလား မောင်ကာဠုရာ'ဟု အတွန့်တက်ရာ ဒီ့ထက်တောင်ပို သေးဟု}ပြန်ပြော၍ ရယ်မိသေး၏။
အမှန်က ရယ်စရာကောင်းသည့်အကြောင်းအရာမဟုတ်ပေ။ ခမာများကို ကြိုဆိုကြသည့်လူ အုပ်ကြီး မည်ကဲ့သို့ ဖြစ်သွားကြသည်ကို စာပေဗဟုသုတရှိ သူတိုင်းသိကြ၏။ ယခုလည်း နီနီတို့သည် သူတို့ထောက်ခံသည့် ပသုံးလုံး၊ လက်နက်ကိုင်တော်လှန်ရေးဆိုသူများ တိုက်ပွဲဖော်ဆောင်သည့်နေရာ များတွင် မနေရဲကြပေ။တပ်မတော်ရှိသည့် နေရာများတွင်သာ စစ်ဘေးရှောင်ခို လှုံနေကြရင်း အရေးတော်ပုံအကြောင်း အမြှုပ်ထွက်အောင် ပြောနေကြလေသည်။ ခမာလမ်းစဉ်ကို မသိသော နီနီတို့အတွက် NUG ရှိသည့်နေရာများတွင် စစ်ရှောင်ကြပါလားဟု သူငယ်ချင်းတစ်ယောက်ကို ပြောမိလေရာ သူက 'သေခန်းပြတ်ပဲသူငယ်ချင်း'ဟုပြန်ပြော ပြီး အဆက်သွယ်အားလုံး ဖြတ်သွားလေတော့သည်။
ဤခရီး နီးသလား
ငယ်ငယ်တုန်းက ဖြစ်သည်။ သူငယ်ချင်း၏ဖခင်ဖြစ်သူက မည်သည့်မျှော်လင့်ချက်ဖြင့်လည်း မသိသော မေးခွန်းတစ်ခု မေးသည်။ 'မင်းတို့က တက္ကသိုလ် လည်းတက်နေတယ်၊ ဂစ်တာလည်းတီး တယ်၊ စာတိုပေစတွေလည်းဖတ်နေတော့ မင်းတို့ပန်းတိုင်ဟာဘာလဲ'ဟု တည့်တည့်ကြီးမေးလေသည်။ ရည်ရွယ်ချက်မကြီးဘူးဟု ပြောပြော၊ ကြုံသလိုနေသည်ဟုဆိုဆို ကျွန်တော်က "ဦးလေး ဘာတွေကြောင့်ကြနေတာလဲ၊ ရောက်ရာအ ရပ်က ပန်းတိုင်ပဲ"ဟု ပြန်၍ပြောဖြစ်သည်။
ထိုစကားကို ပြောခဲ့ခြင်းအတွက် နောင်တရသလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်၍မေးခွန်း ထုတ်မိသည်။ ကိုယ့်ကြောင့် တစ်ပါးသူအနှောင့်ယှက်မရှိဘဲ ရောက်နေသည့်အရပ်သည် ပန်းတိုင်ဆိုသည်က ပြဿနာသိပ်မရှိဟု ခံစားမိသည်။ သို့သော်လည်း လူအဖွဲ့အစည်းတစ်ရပ်လုံး၏ ငြိမ်းချမ်းခြင်း၊ သာယာခြင်း၊ စိတ်လက်ပေါ့ပါးခြင်းများ အတွက်တွင်မူ ထိုကဲ့သို့မဟုတ်နိုင်ဟု ထင်မြင်မိသည်။ ကျွန်တော်သည်က ရောက်ရာအရပ်သည် ပန်းတိုင်ဖြစ်သော်လည်း နောက်မျိုးဆက်များအတွက် လုပ်သင့်သည်မှန်သမျှကို မတွေဝေဘဲ လုပ်သွားရဦးမည်ဟု ထိုဦးလေး ပြန်၍မေးခဲ့သော် အဖြေပေး ချင်မိပါသည်။ ( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
Facebook Page
X (Twitter) Channel
Viber Channel
Telegram Channel
Youtube Channel
Tiktok Channel