ထရမ့် စလိုက်တဲ့ ကုန်သွယ်ခွန်စည်းကြပ်မှု စစ်ပွဲ

၂၀၂၅ ၊ ဧပြီ ၂၅

    ဒေါ်နယ်ထရမ့် တက်လာပြီးတဲ့နောက်မှာ အမေရိကန်ကို တင်သွင်းလာတဲ့ ပြည်ပကုန်စည်တွေ အပေါ်မှာ စည်းကြပ်မည့် ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး US ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လက်နက်အနေနဲ့သုံးဖို့ ပြောပါတယ်။ ချက်ချင်းလည်း နိုင်ငံကိုလိုက်ပြီး ကုန်သွယ်ခွန် တိုးကောက်ဖို့ သတ်မှတ်လိုက်ပါတယ်။ အထူးသဖြင့် အဓိက ပစ်မှတ်ထားတာကတော့ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ သွင်းကုန်တွေအပေါ်မှာ အကြမ်းဖျင်း သတ်မှတ်လိုက်တာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး တရုတ်က သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း စကောက်လိုက်တာ အခု ရာခိုင်နှုန်း ၁၅၀ ဖြစ်ပါတယ်။ တရုတ်ကလည်း တုံ့ပြန်ခွန် (Retaliatory Tariff) အနေနဲ့ ပြန်လည်သတ်မှတ်လိုက်တာက နောက်ဆုံး ၁၃၄ ရာခိုင်နှုန်းအထိ ဖြစ်သွားပါတယ်။ ထရမ့်ဟာ ဒီလောက်တုံ့ ပြန်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့အပတ် Forbes Breaking News  က Stocks ဈေးတွေထိုးကျသွားတာ ဖော်ပြခဲ့ပြီး Bond Market ကိုပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တာ Youtube မှာ တွေ့လိုက်ရပါတယ်။
    ထရမ့်အနေနဲ့ Trade War ကို စတင်လိုက်ရာမှာ တရုတ်ကလည်း အညံ့မခံဘဲ သူတင်ကိုယ်တင် နိုင်ငံကြီးတစ်ခုအနေနဲ့ တုံ့ပြန်မည့်အကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနကသာမက Youtube မှာ ပုံမှန်သတင်းဌာနမျိုးစုံ တွေ့ဆုံမေးမြန်းမှုတွေကို ဖြေကြားနေတဲ့ (CCG) Center for China and Globalisation က Vice President , Victor Gao က Times Radio မေးမြန်းချက်မှာ အခုလို ပြောကြားလိုက်ပါတယ်။ "တရုတ်အစိုးရ ဟာ မှန်လိုကျင့်ကြံမှာပါ။ တူညီတဲ့ တန်ပြန်ကုန်သွယ်ခွန်နဲ့ အမေရိကန်ရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို တရုတ်က တုံ့ပြန်မှာပါ။ အခုဆို ထရမ့်က တရုတ်ကို ကုန်သွယ်ခွန်  ရာခိုင်နှုန်း ၅၀ တိုးကောက်ပါတယ်။ တရုတ်ကလည်း မကြာမီ ပြန်လည်တုံ့ပြန်မှာပါ။ ဒီမှာ ကျွန်တော် အချက်နှစ်ချက် ပြောချင်ပါတယ်။ တချက်ကတော့ တရုတ်အစိုးရက အမေရိကန်ရဲ့ တရုတ်ကသွင်းကုန်တွေအပေါ်မှာ ရာခိုင်နှုန်း ၅၀ တိုးကောက်တာနဲ့ တရုတ်ကလည်း အမေရိကန် ပို့ကုန်တွေအပေါ်မှာ တန်ပြန်အခွန် တိုးကောက်မှာပါ။ နောက်တစ်ချက် ပိုအရေးကြီးတဲ့အချက်က အမေရိကန်ဟာ တရုတ်တင်မကဘဲ တခြားနိုင်ငံတွေ အပေါ်မှာပါ။ ကုန်သွယ်မှုစစ်ပွဲ ဆင်နွှဲမယ်ဆိုရင် တရုတ်ဟာ အရင်ဆုံး တွန့်ဆုတ်သွားမည့်သူ (Not the Firdt to Blink) မဟုတ် ဘူးဆိုတာပါပဲ"လို့ Victor က မာမာတင်းတင်း ပြောကြားလိုက်ပါတယ်။
    Mr Gao ဆက်လက် ပြောကြားရာမှာ "တစ်ချိန်တည်းမှာ ပြောချင်တာက တရုတ်လူမျိုးတွေဟာ ကုန်တိုက်ကြီးတွေကိုပြေးပြီး အမေရိကန်ဖြစ် ပစ္စည်းတွေကို (Panick Buying) ကြောက်အားလန့်အားနဲ့ အလုအယက်ဝယ်လေ့ မရှိကြပါဘူး။ အမေရိကန်မှာသာ တရုတ်ပြည် ဖြစ်ပစ္စည်းတွေသာမက နိုင်ငံခြား ဖြစ်တွေကို အလုအယက် ဝယ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ သမ္မတထရမ့်ရဲ့ အကျင့်ရော၊ ဖြောင့်မတ် တည်ကြည်မှုပါ ပျက်ပြားနေတဲ့ အကြံပေးအချို့ သဘောပေါက်ဖို့က အခွန်(Tariff) ဆိုတာနဲ့ တိုင်းပြည်ကို ကယ်တင်လို့ မရပါဘူး။ တခြားနိုင်ငံတွေကို (Tariff War) အခွန်စစ်ပွဲ ဆင်နွှဲတာဟာ မှားပါတယ်။ ဒီနိုင်ငံတွေဟာ ထရမ့်ရဲ့ဖိအားကြောင့် သူ့ဘာသာသူ လုပ်သင့်တာတွေ လုပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကတော့ တုတ်တုတ်ချင်း၊ ဓားဓားချင်းဆိုသလို သူဘာလုပ်လုပ် လုပ်တဲ့အတိုင်း တုံ့ပြန်သွားမှာပါ။ နောက်ဆုံးတော့ သမ္မတ ထရမ့်အနေနဲ့ တရုတ်ကို သူပြင်းပြင်းထန်ထန် ဖိအားပေးတာ မှားပါတယ်လို့ နောင်တရပါလိမ့်မယ်"လို့ပြောသွားပါတယ်။
    Times Radio host  က " Victor  ပြောသလို  ထရမ့်ဟာ အခုတွေ့နေရတဲ့ အခြေအနေအရ သူက မှားတယ်လို့မမြင်ဘဲ သူ့ဘက်က အလျှော့ မပေးတဲ့ပုံ တွေ့နေရတယ်။ မလျှော့ရင် တစ်ကမ္ဘာလုံးစီးပွားရေး ဆုတ်ယုတ်တဲ့ကိန်း (Recession) ဆိုက်နိုင်တာမို့ ဘယ်လို ရှောင်လို့ရမလဲ"လို့မေးပါတယ်။ Victor က "ဒီပုံစံနဲ့ကတော့ ဘယ်လိုမှ ရှောင်လို့မရပါဘူး။ ကျွန်တော့်အမြင်ကတော့ တရုတ်အနေနဲ့က ဘယ်တော့ မှ ဝါရှင်တန်ကိုသွားပြီး ဒူးထောက်ဖို့အစီအစဉ် မရှိပါဘူး။ တရုတ်ရဲ့ သဘောထားက အလွန်ရှင်းပါ တယ်။ အမေရိကန်က ဘာပဲလုပ် လုပ်လုပ်သမျှကို တုံ့ပြန်မှာပါပဲ။ နောက်ဆုံး နိုင်ငံချင်း စစ်ဖြစ်ရင် တောင် ဖြစ်ပါစေဆိုတဲ့အထိ တုံ့ပြန်မှာ ဖြစ်ပါတယ်။ အမေရိကန်က အခွန်စစ်ပွဲ၊ ကုန်သွယ်မှုစစ်ပွဲက စပြီး တခြား ဘာပဲဖြစ်ဖြစ် တုံ့ပြန်ဖို့ အခိုင်အမာဆုံး ဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ဝါရှင်တန်ကို သွားပြီး ဦးညွှတ်ခစားစရာ အကြောင်းလည်း မရှိပါဘူး။ ဒါဟာ တရုတ်လူမျိုးတွေရဲ့ အမူအကျင့်လည်း မဟုတ်ပါ ဘူး။ တရုတ်တွေဟာ သူတို့ရဲ့ အခြေခံအကျိုးစီးပွားဖြစ်တဲ့အတွက် တရုတ်တစ်မျိုးသားလုံးက ထောက်ခံနေပါတယ်။ တရုတ်အနေနဲ့ ဘယ်တော့မှ အရင် တွန့်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် အခုပြောတဲ့ စကားကို မှတ်ထားပါ။ နောက်တစ်ရက်၊ နောက်တစ်ပတ်၊ နောက်လေး နှစ်အထိ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ပါ၊။
    Host ကမေးပါတယ်။ " Victor ပြောတဲ့အထဲမှာ ကုန်သွယ်ရေးစစ်၊ အခွန်စစ်နဲ့ တခြားစစ်လို့ပြော သွားတာမှာ တခြားစစ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ"လို့ မေးချိန်မှာ Victor က " US က တရုတ်ကို စစ်မျိုးစုံနဲ့တိုက်ခဲ့ဖူးပါတယ်။ အခွန်စစ် (Tariff War)၊ ကုန်သွယ်မှုစစ် (Trade War)၊ စွမ်းအင်စစ် (Energy War) ၊ နည်းပညာစစ် (Technology war) ၊ လူ့အရည်အသွေးစစ် (Talent War)စတဲ့ စစ်တွေအပြင် Proxy War နဲ့လည်း တိုက်လာခဲ့တာပါ။ တရုတ်အနေနဲ့ကတော့ US ရဲ့သဘောအတိုင်းပါပဲ။ မိတ်ဆွေအနေနဲ့ သဘောထားရင်လည်း မိတ်ဆွေလို ဆက်ဆံမယ်။ ရန်သူလို သဘောထားရင်လည်း ရန်သူလို ဆက်ဆံမှာပါပဲ။ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေချင်သလား၊ ဒါမှမဟုတ် တခြားအနေအထားနဲ့ပဲ ရှိချင်တာလား ဆိုတဲ့စကားကို ဝါရှင်တန်ကို ပါးလိုက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်ဟာ အလွန်အရေးကြီးပါတယ်" လို့ Victor က ဘွင်းဘွင်းကြီး ဖြေလိုက်ပါတယ်။ Victor က ကရားရေလွှတ် ပြောချလိုက်ချိန်မှာ Times Radio မေးမြန်းသူက "ဒါဆိုရင် Victor စကားကို ကွဲကွဲပြားပြား ဖြစ်စေချင်ပါတယ်။ ဒါဟာ တရုတ်(တိုင်ပေ) အရေးကို ပြောတာလား"လို့ မေးလိုက်ပါတယ်၊ Victor က တရုတ်(တိုင်ပေ)ဆိုတာ တရုတ်ပြည်ရဲ့ တစ်စိတ်တစ်ဒေသဆိုတာ ကမ္ဘာပေါ်က အစိုးရအများအပြားက သိနေကြပြီးသားပါ။ တရုတ်(တိုင်ပေ) ပေါင်းစည်းရေး ဆိုတာကလည်း တရုတ်ပြည်အဖို့က အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး တစ်ရပ်ပါ။ ဒီပေါင်းစည်းမှုကြီးဟာလည်း ခင်ဗျားရဲ့အစီအစဉ်ကို ကြည့်နေတဲ့သူတွေ သက်ရှိထင် ရှားရှိနေချိန်အတွင်းမှာ အကောင်အထည် ပေါ်သွားမှာ ဖြစ်ပါတယ်"လို့ ပါးပါးနပ်နပ်ရွဲ့ပြီး ဖြေလိုက်ချိန်မှာ Times Radio Talk Show လုပ်သူဟာ တွေ့ဆုံမေးမြန်းမှု အစီအစဉ် တကယ်အချိန်စေ့တာလား၊ Victor Gao ကို စကား နဲ့နိုင်အောင် နှုတ်လှန်မထိုးနိုင်တာလား မသိဘဲ၊ ရုတ်တရက် မေးမြန်းခန်း အစီအစဉ်ကို ကျေးဇူးတင်စကား ကမန်းကတန်းပြောပြီး Victor Gao  နဲ့ မေးမြန်းခန်းကို ဖြတ်လိုက်ရတာ သတိထားမိပါတယ်။
    အခု စာရှုသူများကို တင်ပြထားတဲ့ Times Radio အစီအစဉ်မှာပဲ ဖိတ်ကြားခံထားရသူ Times Correspondent Richard Spencer ပါ။ သူ့ကို Host က Victor Gao ဖြေကြားသွားသလို နောက်ဆုံးမှာ ထရမ့်အနေနဲ့ သူစလိုက်တဲ့ သွင်းကုန်အပေါ်မှာ အခွန်တိုးမြှင့် ကောက်ခံတဲ့ နည်းလမ်း (သို့) ကုန်သွယ်ခွန်စစ်ပွဲ (Tariff War)မှာ တရုတ်ဟာ အရင်ဆုံး နောက်တွန့်သွားမည့် နိုင်ငံမဟုတ်ဘူးဆိုတာကို ဘယ်လိုသဘောရ သလဲလို့ မေးပါတယ်။ Spencer က Mr Gao ပြောတဲ့အတိုင်း တရုတ်ဟာ UK တို့၊ US တို့ ပို့ကုန်တွေ တစ်စထက်တစ်စ လျှော့ထားကြောင်း သူရေးတဲ့စာတွေမှာလည်း ပါကြောင်း (Trade Deficit အရလည်းသိသာ) ဒီနိုင်ငံတွေဟာ GDP အရလည်း အထိအရှ များများစားစား မခံနိုင်ကြောင်း၊ တရုတ်ဟာ ဒီနိုင်ငံတွေကို သူ့ပို့ကုန်တွေကို စနစ်တကျ လျှော့ချထားပြီး ပို့ကုန်တွေကို Diversify လုပ်ထားချိန်မှာ တရုတ်ဟာ Gao ပြောသလို US ရဲ့ Trade War ကို ခံနိုင်ရည်ရှိနိုင်ကြောင်း၊ ဒါပေမဲ့  US နဲ့ US ဟာ GDP ကျရင် ရေရှည်မှာ မခံနိုင်ကြောင်း၊ တရုတ်အဖို့က အခုအချိန်မှာ GDP ၁၀ ရာခိုင်နှုန်းကျလို့လည်း မထောင်းတာကြောင်း အရင်ငါးနှစ်လောက်ကလည်း GDP ဟာ ဒီလောက်တော့ ရှိခဲ့ဖူးတာဖြစ်လို့ ပြဿနာမဖြစ်နိုင်ကြောင်း၊ တရုတ်ဟာ လက်ရှိမှာ အရင်အနှစ် ၂၀ လောက်က အခြေအနေထက် အများကြီးသာ နေတာဖြစ်လို့ ဒီလောက်အကျပ်အတည်းကိုတော့ ခံနိုင်မှာဖြစ်ကြောင်း ဒီလိုကိစ္စတွေအတွက် တရုတ်ကတော့ Wall St ထက် ပိုပြင်ဆင်ထားနိုင်တယ်ဆိုတာ လက်ရှိအခြေအနေတွေအရ ခန့်မှန်းလို့ရနိုင်ကြောင်း၊ Spencer က သူဟာ US ကျွမ်းကျင်သူမဟုတ်ပေမယ့် Wall Street ဟာ ဘာမှကြိုတင်ပြင်ဆင်ထားပုံမရသလို ထရမ့်ရဲ့ အကြံပေးတွေဟာလည်း ခုလိုအခြေအနေမျိုးကို မျှော်မှန်းထား ပုံမရပါဘူးလို့ မှတ်ချက်ပေးသွားပါ တယ်။
    ဒီနှစ်နိုင်ငံ ကုန်သွယ်မှုစစ်ပွဲနဲ့ ပတ်သက်ပြီး Deep Dive  ဆိုတဲ့ ရုပ်သံလွှင့် အစီအစဉ်မှာတော့၊ Danny Wells က နာမည်ကြီး University of Chicago က နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံ Prof John Messe heimer ကို တွေ့ဆုံမေးမြန်းထားပါတယ်။ သူက အခုလို ထရမ့်က နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို ကုန်သွယ်ခွန်နဲ့ တိုက်ခိုက်လိုက်တဲ့အပေါ်မှာ စီးပွားရေးအရ၊ ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်နိုင်ငံအပေါ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်သလဲဆိုတဲ့ မက်ရှိုင်းမားရဲ့ သဘောထားကို မေးမြန်းလိုက်ပါတယ်။ မက်ရှိုင်းမားက ထရမ့်နဲ့ ဆက်ဆံရတဲ့ တရုတ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားနိုင်ငံတွေဟာ ထရမ့်ရဲ့ အကြောင်းကို ကောင်းကောင်းသိပါတယ်။ ထရမ့်နဲ့ပတ်သက်လာရင် ကိုယ့်ဘက်က ခပ်ပျော့ပျော့ ဆက်ဆံလိုက်လို့ကတော့ သူဟာတကယ် (Classic Bully) စံပြအနိုင်ကျင့်သူကြီးပါ။ သူနဲ့က ခပ်မာမာ တုံ့ပြန်မှ ပြန်ပြီး လေးလေးစားစား ဆက်ဆံတတ်တာပါ။ မဟုတ်လို့ကတော့ သူက လမ်းကြိတ်စက်နဲ့ တက်နင်းသလို နင်းတတ်ပါတယ်။ အားလုံး သူ့အကြောင်း နောကြေနေ ပြီမို့ တရုတ်ကြီးကလည်း အညံ့ခံမှာ မဟုတ်ပါဘူး။ "(တရုတ်က US ရာခိုင်နှုန်း ၅၀ ကို ၈၄ ရာခိုင်နှုန်းနဲ့ ပြန်တုံ့ပြန်ပြီး ရာခိုင်နှုန်း ၁၅၀ ထိ US က ထပ်တိုးလိုက်တော့ ၁၂၄ ရာခိုင်နှုန်းနဲ့ တုံ့ပြန်လိုက်ပါတယ်။)
    မက်ရှိုင်းမားက ဆက်ပြီး "တရုတ်က နောက်မဆုတ်ဘဲ ခုလို တလိုက်တော့ ထင်းခံရမ့်က အခုအချိန်ဟာ ပြင်ပမှာ စက်ရုံတွေတည်ထားတဲ့ US လုပ်ငန်းရှင်တွေအဖို့ Apple လို အမေရိကန်ကို စက်ရုံတွေ ပြန်ရွှေ့ဖို့ကောင်းတဲ့အချိန် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ အချိန်ပေး ရတာအပြင် စက်ရုံပြန်လည်တည်ဆောက်ရတဲ့အချိန် ကျွမ်းကျင်လုပ်သား ပြန်ရှာရတာတွေကြောင့် ကရိကထများကြောင်း၊ ဒါနဲ့ပတ်သက်ပြီး အကျိုးအပြစ်တွေကို စဉ်းစားရမှာက Absolute Gain နဲ့  Relative Gain ရယ်လို့ နှစ်မျိုးစဉ်စားဖို့ လိုပါတယ်။ ကုန်သွယ်ခွန်ဂယက်ကြောင့် တစ်နိုင်ငံချင်း သီးသန့်ဘာ အကျိုးထူး ရလာနိုင်သလဲဆိုတဲ့ Absolute Gain  နဲ့ နှစ်နိုင်ငံဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးထူး Relative  Gain က ဘာလဲဆိုတာပါ။ ထရမ့်က တွက်တာက US ဟာ လတ်တလောမှာ အခက်အခဲတွေ့မယ်၊ ရေရှည်မှာ အကျိုး ခံစားရမယ်၊ ထုတ်ကုန်အခြေခံဖြစ်တဲ့ စက်ရုံတွေ (Manufacturing Base) ကိုယ့်မြေပေါ် ပြန်ရောက်လာမယ်၊ လူတွေအလုပ်ရမယ်၊ ပစ္စည်းတွေ ဈေးပေါလာမယ်လို့ ထရမ့်က Relative Gain ကို စဉ်းစားတာပါ။ တရုတ် အဖို့က သူပို့ကုန်တွေ ဈေးကြီးသွားမယ်၊ နိုင်ငံခြားစက်ရုံတွေ ပြောင်းပြေးရလို့ GDP ကျမယ်၊ အလုပ်လက်မဲ့တွေ များလာမယ်"လို့ တွက်ပါတယ်။
    မက်ရှိုင်းမားက ပြောရာမှာ " US အတွက်က ရေရှည်မှာ အမေရိကန် စီးပွားရေးက ကောင်းသွားပြီး နိုင်ငံရေးအရ ပိုတည်ငြိမ်သွားမယ်လို့ တွက်ထားပေမယ့် တရုတ်နဲ့က ကုန်သွယ်မှုလိုငွေ (Trade Deficit) ကလည်း ရှိနေသေးတော့ US အတွက်က ကံသေကံမ တွက်လို့မရပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး မူဝါဒတစ်ခုရဲ့ သက်ရောက်မှုဆိုဟာ အင်မတန် ခန့်မှန်းရခက်တဲ့အတွက် (Absolute Gain) ဆိုတာ တွက်လို့မရပါဘူး။ ယူကရိန်းစစ်ပွဲကြောင့် ရုရှားကို  Sanction လုပ်တာဘာမှ ထိထိရောက်ရောက် မအောင်မြင်ပါဘူး။ Cuba ကို ရာစုနှစ်တစ်ဝက်လောက် (Sanction) လုပ်ထားတာသာ ကြည့်ပါ"လို့ သူက ပြောသွားပါတယ်။ အခုလည်း ထရမ့်က တရုတ်နဲ့အတူ နိုင်ငံ ၅၀ လောက်ကို ကုန်သွယ်ခွန် တက် ကောက်ပေမယ့် အဲဒီနိုင်ငံတွေကပါ သူ့ကို တုံ့ပြန်လိုက်တော့ သူလက်လျှော့သွားရပြီးတော့ တရုတ်တစ် နိုင်ငံတည်းကိုသာ ကွက်ချန်ခဲ့လိုက်ပြီး ကျန်နိုင်ငံတွေကို ရက် ၉၀ ဆိုင်းငံ့ဆိုပြီး တစ်ထစ်လျှော့ပေး လိုက်ရပါတယ်။  နောက်ပြီးတော့ တစ်ဆက်တည်းပဲ ထရမ့်က တရုတ် ဘက်ကနေ ဒီကုန်သွယ်ခွန်ကိ စ္စကို အဖြေရှာဖို့သူ့ကို ဆက်သွယ်ဖို့ စကားခေါ်နေတာလဲ၊ CNN သတင်းမှာ ဖော်ပြတာတွေ တွေ့နေ ရပါတယ်။
    ဒီကုန်သွယ်ခွန်စစ်ပွဲဟာ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး စီးပွားရေးအဆောက်အအုံ အထိုင်ချတဲ့ပုံစံ ချင်း ကွာဟမှုကနေ တင်းမာမှု (Structural Tensions) တွေဖြစ်ရာ နည်းပညာပြိုင်ဆိုင်မှု (Tech Rivalary) က တစ်ဆင့် တက်ပြီးတော့ အမျိုးသားလုံခြုံရေးအထိပါ ခြိမ်းခြောက်လာနိုင်ပါတယ်။ လတ်တလောမှာ ပြေလည်နိုင် မည့်နည်းလမ်း အလွယ်တကူရှာဖို့ရာ မလွယ်ကူသေးပါဘူး။ ဖြစ်နိုင်တာကတော့ (De Escalation) အရှိန်အဟုန် လျှော့ချနိုင်မည့် နည်းလမ်းတော့ ရှာလို့ရနိုင်ပါတယ်။ ဒါကလည်း ဘုံစီးပွားရေး အကျပ်အတည်းတွေ (lnflation)၊ ကုန်စည်စီးဆင်းမှု အခက်အခဲ၊ မရှိမဖြစ်စားသောက်ကုန်နဲ့ လူသုံးကုန် ဈေးတွေ တစ်စတစ်စ မြင့်တက်လာခဲ့ရင် Mutual Economic Pressure Spike ကြောင့် Strategic Dialogue မျိုး ဖြစ်ရင်လည်း ဖြစ်လာနိုင်ပါတယ်။ တရုတ်ဘက်က မနေ့က ဣန္ဒြေရရနဲ့ စက္ကူဖြူစာတမ်း (White Paper) စတင် ထွက်လာပြီ ဖြစ်ပါတယ်။ တစ်ဖက်ကတော့ ထရမ့်လက်ရုံး အီလွန်မက်ခ်က သမ္မတရဲ့ စီးပွား ရေးအကြံပေး Paul Atkins ကို လူသိရှင်ကြား  (Moron / ငတုံး) လို့ ရိုင်းရိုင်းပြပြ စော်ကားလိုက်သလို၊ တစ်သက်လုံးက ငြိမ်ကုတ်နေခဲ့ရတဲ့ အီလွန်ရဲ့ညီ Kimbal Musk ကလည်း ထရမ့်ရဲ့ Tariff အပေါ် ပြောင် ပြောင်တင်းတင်း ထုတ်ဖော်ဝေဖန်လာချိန်မှာ အီလွန်မက်ခ်က ဘာသံမှ မထွက်တော့ဘဲ ပျောက်နေပါ တယ်။ White House ကတော့ ရွာပျက်နေသလို ဖြစ်နေချိန်မှာ Victor Gao တစ်ယောက်က "ငါမပြောဘူးလား"ဆိုပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေမှာပဲ ဖြစ်ပါတယ်။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42861

© 2022 - 2025 News. All Rights Reserved.