၂၀၂၅ ဇန်နဝါရီ ၄
နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန် နစကအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်ပြီး နားလည် မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၃၀ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော သဝဏ်လွှာမှတစ်ဆင့် ပြောကြားခဲ့သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ် ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထား မှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင် ဆောင်ရွက်ထားကြောင်း နိုင်ငံတော် ဝန်ကြီးချုပ်က သဝဏ်လွှာမှတစ်ဆင့် ထည့်သွင်း ပြောကြားခဲ့သည်။
ယနေ့အချိန်အခါသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်အရပ်ရပ်ကို နိုင်ငံ့အခြေအနေနှင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရေးပေါ်ကာလဖြစ်ပြီး နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူသည့် အချိန်မှစ၍ ရှေ့လုပ်ငန်း စဉ်နှင့် ဦးတည်ချက်များကို အဆင့်ဆင့် ချမှတ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင်လည်း ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ဦးတည်ချက် ကိုးရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်ငါးရပ်၏ နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူ၍ ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
"မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်"ဟူ၍ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများ မှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီး ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာကြရန်၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူ တန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေး အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိနေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲအခင်းအကျင်းနှင့် ပတ်သက်လျှင် နိုင်ငံရေးထွက်ပေါက်ဟူ၍ လည်းကောင်း၊ ပြည်သူလူထု၏ ထွက်ပေါက်၊ နိုင်ငံရေးအကျပ်အ တည်း၏ထွက် ပေါက်ဟူ၍ လည်းကောင်း စသည်ဖြင့် သုံးသပ်မှုအမျိုးမျိုး ရှိနေသည်။ အချို့ကလည်း ရွေးကောက်ပွဲ ကျင်းပခြင်းသည် နိုင်ငံရေးထွက် ပေါက်အနေဖြင့်မဟုတ်ဘဲ နစကအစိုးရက ၎င်းချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်နေခြင်းသာ ဖြစ်သည်ဟု ရှုမြင်ထားကြသည်။ နိုင်ငံရေးပါတီများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ဖြစ်စေချင်ကြသည်။ ယနေ့အချိန်အခါသည် ပဋိပက္ခဘောင်ကျယ်နေသည့် ကာလဖြစ်နေ၍ ရွေးကောက်ပွဲတစ်ရပ်မှတစ်ဆင့် နိုင်ငံအတွက် ကောင်းမွန်သော အရွေ့တစ်ခု၊ အပြောင်းအလဲတစ်ခု ဖြစ်လာစေဖို့ မျှော်လင့်နေကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရန် ရှိနေသည့် ၂၀၂၅ သည် အပြုသဘောဆောင်သည့် နိုင်ငံရေးအပြောင်း အလဲများ ပေါ်ပေါက်လာမည်ဟု ယုံကြည်နေကြပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာမည့်နှစ်၊ နိုင်ငံရေးလမ်းကြောင်း ပိုမိုကျယ်ပြန့်လာတော့မည့်နှစ် ဖြစ်မည်ဟူ၍လည်း ခန့်မှန်းသုံးသပ် နေမှုများရှိနေသည်။
"နိုင်ငံတော် အုပ်ချုပ်ရေးအပိုင်းကလည်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ပေးမယ်။ ရွေးကောက်ပွဲကျင်းပပြီးရင် ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မယ်လို့ ပြောထားတဲ့အတွက် လက်ရှိအစိုးရက ရွေးကောက်ပွဲကို လုပ်မယ်။ ပေါ်ပေါက်လာ တဲ့အစိုးရကို တာဝန်တွေပေးရမယ်ဆိုတော့ ကျွန်တော့်အထင်ကတော့ နိုင်ငံရဲ့ ထွက်ပေါက်လို့ မြင်ပါတယ်။ အဲဒီအတိုင်းဖြစ်အောင် ကျွန်တော်တို့ ပါတီငယ်လေးတွေကလည်း တစ်စိတ်တစ်ဝမ်းတည်း အဲဒီလမ်းကြောင်းကို ရောက်အောင်သွားကြရမယ်။ တကယ်လို့ ရွေးကောက်ပွဲမလုပ်ဘဲ ဒီအတိုင်းထား မယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံတော်အုပ်ချုပ်မှုကလည်း ဒီအတိုင်းပဲ ဖြစ်နေမယ်။ မလုပ်မပေးမချင်းကလည်း လက်ရှိအခြေအနေမှာက နိုင်ငံတော်တာဝန်တွေကို ဘယ်သူ့မှလွှဲလို့မရသေးဘူး။ အဲဒီလို အခြေအနေမှာ နစကအစိုးရက နိုင်ငံ့တာဝန်တွေကို ရယူထိန်းသိမ်းထားရတယ်။ အခုလည်း နိုင်ငံတော်ကို ကောင်းအောင်လုပ်နေတယ်။ အခုကတော့ အစိုးရတစ်ရပ်တည်း နိုင်ငံတော်အာဏာကို ထိန်းပြီးတော့မှ နိုင်ငံကို တည့်မတ်အောင် စွမ်းဆောင်နေရပါတယ်။ ရွေးကောက်ပွဲ ဖြစ်နိုင်အောင် လုံခြုံရေး နဲ့ဆိုင်တဲ့ကိစ္စတွေကို အစီအမံကောင်းကောင်းနဲ့ လုပ်ထားမယ်။ အေးချမ်းတဲ့နေရာတွေမှာ လုပ်သွားမယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်တယ်။ ရွေးကောက်ပွဲ ဖြစ်သွားပြီဆိုရင်တော့ နိုင်ငံတော်ကြီးကလည်း တစ်မျိုးတစ် မည် ပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်"ဟူ၍ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးတိုးရက မှတ်ချက်ပြုသည်။
နစက ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်း ၍ တရားဥပဒေစိုးမိုးရေး အပြည့်အ၀ရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်ဟူ၍ ဖော်ပြ ထားသည်။ သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲဖော်ဆောင်မှုများကြောင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများ ကို ပိုမိုဆိုးရွားစေခဲ့ပြီး လက်နက်ကိုင်သောင်း ကျန်းသူများ၏ အကြမ်းဖက်အဖျက်အမှောင့် လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်။ ထိုတိုက်ပွဲပဋိပက္ခ လူမှုဆင်းရဲဒုက္ခများမှာ ၂၀၂၄ အထိ ကူးစက် ရိုက်ခတ်လာပြီး နေရာဒေသအချို့တွင် ပဋိပက္ခများအရှိန်မြင့် တက်နေဆဲ အခြေအနေဖြစ်သည်။
"အခုလက်ရှိ ပြည်တွင်းအခြေအနေတွေကလည်း အရှိန်တွေက တဖြည်းဖြည်း မြင့်လာတယ်။ တစ်ဖက်မှာလည်း နယ်မြေခြိမ်းခြောက်မှုတွေက ရှိလာတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာက ပုံသေတော့ ပြောလို့တော့ မရပါဘူး။ နေ့တိုင်း ပြောင်းလဲနေတယ်။ အခြားနိုင်ငံ ကြီးတစ်ခုခုကနေ နိုင်ငံတ ကာရော၊ အာဆီယံရော သူတို့ရဲ့ ပူးပေါင်းပါဝင်တာတွေ ဖြစ်လာလို့ရှိရင်တော့ အရွေ့ကတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်သွားပြီဆိုရင် ၂၀၂၅ ကတော့ အပြုသဘောဆောင်တဲ့ အရွေ့အပြောင်း ဖြစ်လာနိုင်တယ်။ ဥပမာ လွှတ်တော်ထဲမှာ တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေပါလာမယ်။ ပါတီကြီးတစ်ခုက ကြီးစိုးတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေလည်း ပါလာပြီဆိုရင် တစ်ဖက်မှာ တိုင်းရင်းသား EAO နယ်မြေတွေအတွက် ဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခတွေကို အတိုင်းအတာတစ်ခု လျှော့ချသွားနိုင်တယ်။ အဲဒီလို လျှော့ချနိုင်ပြီးတော့ နား လည်မှုတစ်ခုတော့ ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟူ၍ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီဒုဥက္ကဋ္ဌ ဦးဦးသန်းဌေးက မှတ်ချက်ပြု သည်။

နစက အစိုးရသည် နိုင်ငံ့တာဝန်ကို စတင်ယူခဲ့ချိန်ကတည်းက ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA လမ်းကြောင်းအတိုင်း သွားမည်ဖြစ်ပြီး NCA သဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်ဟူ၍ အတိအလင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင် နိုင်ငံတော်၏ ပကတိအနှစ်သာ ရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေး အတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟူ၍လည်း ထည့်သွင်းထားသည်။ နစကအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားပြီး တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိပြီး ထာဝစဉ်ဖိတ်ခေါ် ကြိုဆိုလျက်ရှိနေသည်။ လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။ အလားတူ ပြီးခဲ့ သည့် စက်တင်ဘာလအတွင်းကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ (EAO) များနှင့် PDF များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုဖိတ်ခေါ်ချက်ကိုလည်း နိုင်ငံရေးပါတီများက ထောက်ခံကြောင်း သဘောထားများအသီးသီး ထုတ်ပြန်ခဲ့ကြသည်။
"နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီး ဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုး အကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင် ရွက်နေသည်ကို တွေ့မြင်နေရပါသည်"ဟူ၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှစ် (၅၀) ပြည့်ရွှေရတု အာခါအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပတ်သက်လျှင် ရွေးကောက်ပွဲဖြစ်စဉ်တွင် တိုင်းရင်းသားပါတီ အများအပြား ပါဝင်လာမှု လွှတ်တော်အခင်းအကျင်းတွင် တိုင်းရင်းသားပါတီ ကိုယ်စားပြု ကိုယ်စားလှယ် ကျယ်ပြန့်စွာ ပါဝင်လာမည်ဆိုလျှင် တိုင်းရင်းသားနယ်မြေ များအတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကို အတိုင်းအတာတစ်ခုထိ လျှော့ချသွားနိုင်မည်ဟု နိုင်ငံရေးပါတီများက ယုံကြည် လက်ခံထားသည်။
"လွှတ်တော်ထဲမှာ တိုင်းရင်းသားပါတီတွေများများ ပါဝင်လာမယ်၊ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေ၊ ရပိုင်ခွင့်တွေကို လွှတ်တော်ထဲကနေ ဥပဒေနဲ့အညီ တောင်းမယ်။ အဲဒီလို အခင်းအကျင်းဖြစ်လာရင် တိုင်းရင်းသားပြည်နယ်တွေမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို လျော့ပါးနိုင်တဲ့ အနေ အထား ဖြစ်လာနိုင်တယ်။ ဟိုဘက်ကလည်း ကြည့်မှာပဲလေ။ ဒီဘက်က Action၊ ဒီဘက်က လုပ်ဆောင်မှုတွေ ဘယ်လိုအနေအထားရှိမလဲ ကြည့်နေမယ်လို့ မြင်တယ်။ ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီဖြစ်တော့ အဓိကçကတော့ အပြုသဘောပဲ မြင်ပါတယ်။ အကောင်းဆုံးကို ပြုပြင်ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ လွှတ်တော်အခင်းအကျင်းနဲ့ အများကြီး သက်ဆိုင်နေတဲ့ အခြေအနေမှာ လွှတ်တော်ပေါ်လာမှပဲ လွှတ်တော်မှာ ပါဝင်လာကြမယ့် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းနဲ့လည်း အများကြီး သက်ဆိုင်တယ်။ အရင်ကလိုတော့ လွှတ်တော်ထဲမှာထိုင်ပြီး အိပ်ငိုက်နေလို့တော့ မဖြစ်ဘူး။ နိုင်ငံရဲ့ အခြေအနေအရက အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ဖို့လိုပါမယ်"ဟူ၍ ဦးဦးသန်းဌေးက မှတ်ချက်ပြုသည်။
၂၀၂၅ တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသည် Transition Election ဖြစ်ပြီး ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်နှင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာမည် ဖြစ်သည်။ သို့သော် နိုင်ငံရေးအခင်းအကျင်းသစ်နှင့် နိုင်ငံရေးအရွေ့ အပြောင်းအလဲများ မည်သည့်ပုံစံမျိုးဖြင့် ဖြစ်လာမည်လဲ၊ ထိုကိစ္စမှာရွေးကောက်ပွဲအပြီး လွှတ်တော်အခင်းအကျင်း ပေါ်ပေါက်လာမှသာ သုံးသပ်နိုင်မည်ဟု ဦးဦးသန်းဌေးက ဆက်ပြောသည်။
"၂၀၂၅ အခင်းအကျင်းကတော့ နစကအစိုးရ ဘက်ကလည်း သူတို့ရဲ့ ရှေ့လုပ်ငန်းထဲမှာပါတဲ့ ရွေးကောက်ပွဲကို ဖြစ်အောင်တော့ လုပ်မယ့်အနေအထား ရှိပါတယ်။ ဆိုတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မှာပဲ။ အဲဒီလိုဖြစ်အောင်လုပ်မယ့် ရွေးကောက်ပွဲက Transition Election သဘော ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲပြီးမှပဲ အဲဒီအခင်းအကျင်းကနေပြီးတော့ အခြေအနေတွေကို သုံးသပ်နိုင်မယ်။ တကယ်လို့သာ ရွေးကောက်ပွဲ မဖြစ်ခဲ့ရင်တော့ ဒီအခြေအနေတွေက ငြိမ်းမှာ မဟုတ်ဘူး။ Transition Election မှာကတော့ အရင်တုန်းကလို တစ်ပါတီကပဲ ကြီးစိုးတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ညွန့်ပေါင်းအစိုးရလို သဘောမျိုးပေါ့။ နောက်ဖြစ်လာမယ့် လွှတ်တော်အခင်းအကျင်းက ညွန့်ပေါင်းသဘောမျိုး ဖြစ်လာနိုင်တယ်လို့ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲမှာ PR စနစ်နဲ့ ပြောင်းလဲကျင့်သုံးမှာတွေလည်း ရှိနေတာကိုး။ ဒါကြောင့် နောင်လာမယ့် လွှတ်တော်အခင်း အကျင်းက ညွန့်ပေါင်းအနေနဲ့ ဖြစ်လာမယ်။ အဲဒီဖြစ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ကြိုးပမ်းလုပ်ဆောင်ကြရမယ့် အခင်းအကျင်းတွေ ဖြစ်လာမယ်။ စိန်ခေါ်မှုတွေရှိမယ်၊ ခြိမ်းခြောက်မှုတွေရှိမယ်၊ အဟန့်အတားတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ကျော်ဖြတ်နိုင်ဖို့ တည်တည်ငြိမ်ငြိမ်လေးနဲ့ အရည်အချင်းရှိရှိ လုပ်ဆောင် နိုင်ဖို့ လိုပါတယ်"ဟု ၎င်းက မှတ်ချက်ပြုသည်။
နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်ကတော့ ၂၀၂၅ သည် ရွေးကောက်ပွဲကျင်းပရန် သေချာသလောက်ရှိနေပြီး တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာ၏ ရွေးကောက်ပွဲအပေါ် ထောက်ခံကြို ဆိုမှု၊ မြန်မာနိုင်ငံတည်ငြိမ်ရေးကို လိုလားနေကြမှုနှင့် နိုင်ငံရေးဆွေးနွေး ပွဲများ ဖြစ်စေလိုမှုများကြောင့် နိုင်ငံအတွက် ထူးခြားသည့် အခင်းအကျင်းများ ပေါ်ထွန်းလာမည်ဟု ယုံကြည်မျှော်လင့်နေသည်။ "ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့ ဆက်ဆံရေးကိစ္စတွေ၊ တခြားနိုင်ငံတကာနဲ့ဆက်စပ်တဲ့ အခင်းအကျင်းတွေ ရှိနေတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတည်ငြိမ်ရေးကို လိုလားတယ်။ ပြီးတော့ ရွေး ကောက်ပွဲကိုလည်း ထောက်ခံတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွားတွေ တရုတ်ရဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီးတော့ နိုင်ငံရေးတည်ငြိမ်အောင်အများကြီး တွန်းတွန်းတိုက်တိုက်လေး ကစားသွားမယ့် ပုံစံမျိုး မြင်နေရတယ်။ မြင်နေရတဲ့အခါကျတော့ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ဒီဘက်မှာ နစက အစိုးရအနေနဲ့ကလည်း ရွေးကောက်ပွဲကိုဖြစ်အောင် လုပ်မယ်ဆိုတဲ့ အနေအထားမှာ အပြုသဘော ဆောင်တဲ့ နိုင်ငံရေးအရွေ့အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်မိတယ်။ အဲဒီလိုမျိုး လည်း ဖြစ်စေချင်ပါတယ်။ ၂၀၂၅ က စပြီးတော့ ပိုကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို သွားဖို့အတွက် အထိုင်ချအနေအထားမျိုး ဒီ ၂၀၂၅ ထဲမှာ ဖြစ်ကောင်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါ တယ်"ဟူ၍ ၎င်းက မှတ်ချက်ပြုသည်။
ထူးခြားသည့် နိုင်ငံရေးအခင်းအကျင်းဟု ဆိုရာတွင်လည်း ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ထူးခြားသည့် အခင်းအကျင်းများဖြစ်ပြီး ရွေးကောက်ပွဲကို သင့်လျော်သည့် ပုံစံမျိုးဖြင့် မှန်မှန်ကန်ကန်၊ စနစ်တကျ အောင်အောင်မြင်မြင် ကျင်းပနိုင်မည်။ ရွေးကောက်ပွဲမှ တစ်ဆင့်လွှတ်တော်နှင့် အစိုးရ တစ်ရပ်ပေါ်ထွန်းလာမည်။ ထိုမှတစ်ဆင့် နိုင်ငံရေးနှင့် ဆက်စပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်လာနိုင်သည့် အခင်းအကျင်းမျိုးဟု ၎င်းက ထောက်ပြသည်။
"နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အနေအထားတွေက ၂၀၂၅ အတွင်းမှာ ဖြစ်မလား၊ ဒါမှ မဟုတ် ၂၀၂၅ အလွန်မှာ ဖြစ်လာမလား ဒါတော့ မပြောနိုင်သေးဘူးပေါဗျာ။ ၂၀၂၅ က အဲဒီတွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းအတွက် အထိုင်ချနိုင်မယ့် အခင်းအကျင်းဆိုတဲ့ ထူးခြားတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း သုံးသပ်မိပါတယ်။ တွေ့ဆုံ ဆွေးနွေးရေး အခင်းအကျင်းမှာလည်း သက်ဆိုင်ရာ အင်အားစုတွေ မဟုတ်ရင်တောင် တရုတ်ဘက်က တွန်းတွန်းတိုက်တိုက်ကစား တဲ့အနေအထားနဲ့ အိန္ဒိယအစိုးရဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်စေချင်တဲ့ သဘောထားရှိတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်စေချင်တယ်လို့လည်း ကျွန်တော်တို့ အိန္ဒိယကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ပြောထားတာရှိပါတယ်။ အဲဒီလို အနေအထားတွေရှိနေတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ခြေရှိတယ်။ ဖြစ်လာနိုင်ခြေရှိတော့ အခုလက်ရှိတိုင်းပြည်ရဲ့ အခြေအနေကလည်း တော်တော်လေးကို အခြေအနေမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။ ဆိုတော့ အဲဒီအနေအထားမှာ အခုလိုအခြေအနေမျိုး ဆက်သွားဖို့ကလည်း မသင့်လျော်ဘူးဆိုတော့ ကျွန်တော်တို့ အားလုံးဝိုင်းပြီးစဉ်းစားရမယ့် အချိန်ရောက်ပြီပေါ့။ အဲဒီလို ရောက်နေချိန်မှာ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေပဲဖြစ်ဖြစ်၊ EAO တွေပဲနဲ့သက်ဆိုင်တာတွေ၊ နောက် အခြားအင်အားစု အသီးသီးတွေနဲ့လည်း အင်အားစုအလိုက်တော့ ဆွေးနွေးပွဲကိစ္စတွေက သူ့ဟာနဲ့တူ တရုတ်ရဲ့ ဖိအားကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ အခြေအနေအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားတစ်ဖက်မှာလည်း လွှတ်တော်တွေ ပေါ်ထွန်းလာမယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေ လုပ်မယ်။ ဖက်ဒရယ်အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ ခွဲဝေကြမယ်။ ပြည်နယ်နဲ့အစိုးရနဲ့၊ ပြည်နယ်အစိုးရနဲ့ အာဏာခွဲဝေရေး ကိစ္စတွေ၊ အဲဒီကိစ္စတွေကိုလည်း တစ်ပြိုင်နက်တည်း ဘယ်လိုလုပ်ကြမယ်၊ ကိုင်ကြမယ်ဆိုတဲ့ ကိစ္စတွေကို ငြိမ်းချမ်းရေးလမ်းစဉ်၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်တွေမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့် ရလာတော့မယ်ဆိုရင် ပုံစံတစ်ခုကတော့ အပြောင်းအလဲ ဖြစ်မယ်"ဟူ၍ ဦးရှုမောင်က သုံးသပ်ထား သည်။
ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲလမ်းကြောင်းသည် မရှိမဖြစ် လိုအပ်မည်ဖြစ်သလို ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မှလည်း ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မည်ဟူ၍ နိုင်ငံ ရေးပါတီများက ယုံကြည်လက်ခံထားကြသည်။ စစ်ရေးပဋိပက္ခချုပ်ငြိမ်းပြီး နိုင်ငံရေးဘောင် ကျယ်ပြန့်လာသည့် အခင်းအကျင်းမျိုး လိုလားနေကြသည်။ သို့သော် လက်ရှိအခင်းအကျင်းအရလည်း ရွေးကောက်ပွဲကို ပျက်အောင် ဖျက်မည့်အဖွဲ့၊ ရွေးကောက်ပွဲကို မလိုလားသည့် ဆန့်ကျင်ဘက်အဖွဲ့အ စည်းများရှိနေ၍ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ပါတီများက စိုးရိမ်မှုများ ရှိနေကြသည့် အခြေအနေဖြစ်သည်။
လက်ရှိအခြေအနေအရပ်ရပ်များသည် နိုင်ငံရေးပြဿနာများသာဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြမှလည်း တိုင်းပြည်အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမည်ဟု လက်ခံယုံကြည်နေကြသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားပြီး ပဋိပက္ခဘောင် ကျဉ်းမြောင်းသွားကာ နိုင်ငံရေးဘောင် ပိုမိုကျယ်ပြန့်လာစေရေး လိုလားနေကြသည်။ ဒီမိုကရေစီ ရှင်သန်ထွန်းကားသော တည်ငြိမ်အေးချမ်းသည့် အခင်းအကျင်းသစ်ကိုလည်း အားလုံးက မျှော်လင့်နေကြသည်။ ထို့ကြောင့် ၂၀၂၅ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်သည့်နှစ် ဖြစ်ပါစေဟူ၍ ဆုတောင်း မိပါသည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )