ထူးမြတ် အရူးကွက် နင်းနေသည်

၂၀၂၃ ဒီဇင်ဘာ ၁၄

    (OMG  Where is Yangon, Lost in the map) ဟူသော အသံကြီးက အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station) တစ်ခုလုံး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ အာကာသယာဉ်မှူးများ အသံလာရာဆီကို အပြေးအလွှားလာ ရောက်ကြပြီး ကမ္ဘာ့မြေပုံရှိရာကွန်ပျူတာကြီးဆီ အလုအယက် ဝိုင်းဝန်းကြည့်ကာ ပါးစပ်မှာ အိုးမိုင်ဂေါ့ Where is Yangon ရန်ကုန်ဘယ်မှာလည်း ဟူသော အသံကိုတ ညီတညာတည်း ရေရွတ်လိုက်ကြပြီး အာကာသစခန်း တစ်ခုလုံး အလုပ်ရှုပ်သွားသည်။ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ဆုံးတွင် ၂၂ နှစ်ကြာ လည်ပတ်နေသော အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကြီး တစ်ခုလုံးထူးခြားဖြစ်စဉ်ကို နိုင်ငံတကာရှိ အာကာသစခန်းများဆီသို့ သတင်း ပေးပို့လိုက်ကြသည်။
    ထိုသတင်းကို ကြားရသည့် မြေပြင်အခြေစိုက် စခန်းများကလည်း သက်ဆိုင်ရာ အစိုးရများဆီသို့ ဆက်တိုက် သတင်းပို့လိုက်ကြပြီးနောက် အစိုးရအဖွဲ့တွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး အရင်လို တံခါးပိတ် တံခါးဖွင့် အစည်းအဝေးတွေလို ခေါင်းစဉ် မတပ်နိုင်တော့ဘဲ ကြုံသလို အရေးပေါ်အစည်းအဝေး လုပ်ကြရတော့သည်။ အကြောင်းအရင်းက ကမ္ဘာ့မြေပုံပေါ်တွင် မြန်မာနိုင်ငံက အထင်ကရမြို့ကြီးဖြစ်သည့် ရန်ကုန်မြို့ကြီးပျောက်နေခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း
ISS က ပေးပို့သော ကောင်းကင်ဓာတ်ပုံတွင်လည်း ရန်ကုန်မြို့ကြီးကို အစအနရှာဖွေမရသလို၊ ဂူဂဲလ်ဆော့ဝဲလ်တွင်လည်း ရန်ကုန်မြို့ဆိုင်ရာ အချက်အလက်များ ပျောက်ဆုံးသွားသည်။ ထိုသတင်း ကမ္ဘာ့နိုင်ငံအသီးသီးကို မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်ပေါ်တွင် ထိတ်တန်းသတင်းတစ်ရပ်ဖြစ်ခဲ့ပြီး ဂူဂဲလ်တွင် Yangon ဟု ရိုက်နှိပ်ရှာဖွေမှု မိနစ်ပိုင်းအတွင်း ရှာဖွေမှုအကြိမ်ရေ သန်းနဲ့ချီရှိပြီး တစ်ကမ္ဘာလုံးအထူး စိတ်ဝင်စားလာကြသည်။
    ရန်ကုန်မြို့ကြီးဆိုတာက မြန်မာနိုင်ငံမြို့တော် ကြီးများအနက် အထင်ကရမြို့တော်ကြီးဖြစ်သလို ကမ္ဘာလှည့် ခရီးသွားများ၏ ဝင်ပေါက်ထွက်ပေါက်ဖြစ်သလို အပြည်ပြည်ဆိုင်ရာရုံးတွေ၊ နိုင်ငံတကာသံရုံးတွေအခြေစိုက်ရာ မြို့တော်ဖြစ်တာကြောင့် နိုင်ငံတကာက မျက်ကလူးဆန်ပြာ ဖြစ်ကုန်တော့သည်။ တစ်ကမ္ဘာလုံးရှိသတင်း ဌာနတွေကလည်း အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ တိုက်ရိုက် သတင်းအချက်အလက်များရယူကာ
"ရန်ကုန်မြို့ကြီး ကမ္ဘာ့မြေပုံမှ ထူးဆန်းစွာပျောက်ကွယ်"ဟူသော သတင်းများကို တိုက်ရိုက်လွှင့်ကာ အလုအယက် ဖော်ပြနေကြသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း မြန်မာအစိုးရကို လုပ်ရိုးလုပ်စဉ်အတိုင်း အဆွေတော်တို့နိုင်ငံမှ ရန်ကုန်မြို့တော်ကြီး ပျောက်ဆုံးမှုကို အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ပြန်သလို၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကလည်း ရုတ်တရက် တံခါးပိတ်အစည်းအဝေးလုပ်ပြီး UN တပ်တွေလွှတ်ဖို့ စီစဉ်ထားသော်လည်း စက်သုံးဆီတန်းစီရမည်ဖြစ်သဖြင့် အချိန်ယူရမည်ဟု ထုတ်ပြန်လေတော့သည်။
    ရန်ကုန်မြို့ကြီး ရုတ်တရက်ပျောက်ဆုံးသွားမှုကို အမေရိကန်နိုင်ငံအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန
(National Aeronautics and Space Administration) NASA နာဆာကလည်း မနေသာတော့ဘဲ ရန်ကုန်ပျောက်ဆုံးမှုကို အထူးမစ်ရှင်ဆောင်ရွက်ရန်  ခေါင်းချင်းဆိုင်ကုန်ကြတော့သည်။ မကြာသေးခင်ကမှ Space X မစ်ရှင်မှ  အာကာသယာဉ်မှူးလေးဦးသည် ဒရက်ဂွန် အာကာသယာဉ်ဖြင့် အမေရိကန်အရှေ့တောင်ပိုင်းပြည်နယ် ဖလော်ရီဒါသို့ ပြန်လည် ဆင်းသက်ထားပြီး ဖြစ်တာကြောင့် ဒရက်ဂွန် အာကာသယာဉ်ကို ဆီပြန်ဖြည့်ကာ Space YGN အမည်ဖြင့် အာကာသကို တစ်ဖန် ပြန်လွှတ်တင်ကာ ရန်ကုန်မြို့ကြီးကို ရှာပုံတော်ဖွင့်ရလေတော့သည်။ ထိုမစ်ရှင်အတွက်နာဆာမှ အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ကီရယ်လင်းဒ်လင်းဒ်၊ ဘော့ချစ်သုဟင်းဝေ၊ ဂျက်ဆီကာရန်နောင်သိမ်းနှင့် သြဇီအာကာသအေဂျင်စီမှ ဆမန်သာဂျော့ဂျော့ဌေးလွင်တို့ လိုက်ပါသွားပြီး ရန်ကုန်မြို့ပျောက် ရှာပုံတော်ဖွင့်ကြ လေတော့သည်။
     အမေရိကန် အာကာသဆိုင်ရာ အကြီးအကဲ တွေကလည်း ရန်ကုန်မြို့ပျောက်ဆုံးမှုကို အပူတပြင်း စုံစမ်းရန်နှင့် ရန်ကုန်မြို့ ပြန်လည်ရှာဖွေမတွေ့ပါက NASA အဖွဲ့ကြီးကို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ် မည်ဟု ထုတ်ပြန်လိုက်သည်။
" We will meet again in Yangon" ဟု ကြွေးကြော်ထားသူများကို အမေရိကန်က လက်ခံထားပြီး ယခုလို ရန်ကုန်မြို့ကြီး ပျောက်ဆုံးသွားတာကြောင့် ရန်ကုန်မှာ ပြန်ဆုံရမည့်သူများ ခွေးနေရာမရဖြစ်ကာ အမေရိကားနိုင်ငံသို့ မိသားစုလိုက်ချီတက်လာမည်ဖြစ်သောကြောင့်  မူလ We will meet again in Yangon အစား We will meet again in America ဖြစ်သွားမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။ ထိုရန်ကုန်မှာ ပြန်ဆုံမည့်သူတွေက ဆန္ဒပြတာ ဝါသနာအလွန်ပါကြသဖြင့် အမေရိကားရှိ ရွှေ့ပြောင်း အခြေချသူတွေ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည့် လစ်ဘာတီ ရုပ်တုကြီးတွင် 'အမေရိကန်မှာ ပြန်ဆုံမယ်'ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲဆန္ဒပြမှာစိုးရိမ်ရသလို ရန်ကုန်ကို ပြန်ရှာမယ်ဆိုပြီး ပရောဂျက်ဆွဲက အလှူခံရင်ဖြင့် အမေရိကန်နိုင်ငံသားတွေ အလှူငွေထည့်ရင်ထည့် မထည့်ရင်အဆဲခံရ နိုင်သဖြင့် ရန်ကုန်ပျောက်ဆုံးမှုကို အပူတပြင်းရှာဖွေနေ တာဖြစ်သည်။
    ဒါတင်မကသေး အမေရိကန်မှာ ရောက်နေတဲ့ ရန်ကုန်မှာ ပြန်ဆုံမယ်ဆိုသူများက ရန်ကုန်ကို ပြန်မတွေ့မချင်း အမေရိကားမှာနေပြီး ထောက်ပံ့ကြေးတွေတောင်း၊ စတိုးဆိုင်တွေဖွင့်၊ ဆူရှီဆိုင်တွေဖွင့်၊ အလှူတွေခံ၊ ပရောဂျက်ပေါင်းစုံဖြင့် ဒေါ်လာတွေတောင်း၊ မိသားစုလိုက် အမေရိကန်လာကာ သားသမီးတွေကို စကောလားရှစ်ဖြင့် ကျောင်းတက်ခိုင်းနေတာ ကြာရင် အမေရိကန်နိုင်ငံသားတွေမွဲပြီး ရန်ကုန်ပြန်ချင်သူများ ချမ်းသာသွားနိုင်တာကြောင့် ရန်ကုန်ကိုပြန်တွေ့ရေးကလည်း အမေရိကားအစိုးရ၏ ထိပ်တန်းမစ်ရှင်ကြီးအဖြစ် အရေးပါလာတာဖြစ်သည်။ တော်ကြာ နွေဦးတော်လှန်ရေးကြီးက အမေရိကန်နိုင်ငံဘက်လှည့်လာပြီး ဖလော် ရီဒါဘက်မှာ လွတ်မြောက်နယ်မြေလုပ်ပြီး လုံးဝအုပ်ချုပ် ခွင့် မရဆိုပြီး အမေရိကန်စစ်တပ်ကို ဒရုန်းတွေနဲ့ တိုက် ခိုက်၊ အမေရိကန်ပြည်သူတွေကို ဒလန်ဘာညာစွပ်စွဲပြီး  ဆော်ပလော်တီးလိုက်မှဖြင့် အမေရိကန်နိုင်ငံကြီးလည်း ရန်ကုန်မှာ ပြန်ဆုံမည့်သူများ၏ လက်အောက်ခံ ဘ၀ ရောက်သွားနိုင်သည်။
    ဒီလိုဆိုတော့ နိုင်ငံတကာနဲ့ အမေရိကား အစိုးရသာမက မြန်မာနိုင်ငံနယ်စပ်နဲ့ တောထဲက ရန်ကုန်မှာ ပြန်ဆုံချင်သူတွေရော ခေတ်စကားနဲ့ ပြောရရင် တိုင်ပတ်နေကြသည်။ တချို့ကလည်း လမ်းချင်းတူရင်  လူချင်းဆုံမယ်ဆိုကာ ရန်ကုန်မှာ ပြန်မဆုံချင်တော့ဘူး။အမေရိကားမှာပဲ ဆုံချင်တယ်ဆိုပြီး ရှေးဆရာများလမ်းစဉ်အတိုင်း အမေရိကာ
းပို့ပေးဟုသာ တစာစာအော်ဟစ် နေကြသည်။ အမေရိကား အစိုးရကလည်း ရန်ကုန်မြို့ကြီး ပြန်မတွေ့ရင်တော့ ပြန်ဆုံချင်သူတစ်သိုက်ကို အမေရိကားခေါ်ထားရ မယ့်အရေးကို တွေးပူနေကြရသည်။ ရန်ကုန်ပြန်တွေ့ဖို့အရေး အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ISS နဲ့ NASA က စေလွှတ်ထားသည့် Space YGN ကိုသာ အားကိုးနေရရှာတော့သည်။ နေ့စဉ် ISS နဲ့ NASA ဆီက သတင်းအချက်အလက်တွေကို စောင့်နေရပြီး ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာမှာတော့ NASA က ကမ္ဘာမြေသို့ သတင်းအချက်အလက်တစ်ခုပေး ပို့လာပြီး ပေးပို့သည့်စာတွင် ရေးထားသည်က  Ame-rica  Sold Out ဟူသည့် စာပင်ဖြစ်သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၂)၊ အမှတ် (၄၇) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 327

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42849

© 2022 - 2025 News. All Rights Reserved.