ဒီမိုကရေစီ အရေခြုံပြီး ကိုယ်ကျိုးရှာနေသူများ

၂၀၂၅ ဇန်နဝါရီ ၄

    တိုက်ပွဲတွေဆိတ်သုဉ်း၊ ယမ်းငွေ့တွေ ကင်းစင်တဲ့ကာလကို ပြည်သူတွေ လိုချင်ကြမှာအမှန်ပါ။ အထူးသဖြင့် နောင်အနာဂတ်မှာ တန်ဖိုးရှိလာမယ့် လူငယ်လေးတွေရဲ့ ဘဝတွေ၊ အသက်တွေကို ရင်းစေခဲ့ကြတာ အတော်ပင် အကျည်းတန် အရုပ်ဆိုးလှပါတယ်။ အရမ်းကာရော ဝါဒဖြန့်နေကြတဲ့ 'စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်နေကြတာဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အသက်စွန့်ရတာ မြတ်တယ်' ဆိုတဲ့စကားက သာမန် ကြည့်ရင်တော့ ဟုတ်သလိုနဲ့ သေချာလေးလေးနက်နက် စဉ်းစားကြည့်ရင် တိုင်းပြည်အတွက် အလွန်နစ်နာပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးဆိုတာ ရှိမှ မရှိတာ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာဖြစ်ဖို့၊ လုပ်ဖို့အတွက် အတင်းကာရော အမည်တပ်ထားတာပဲ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှု အခြေအနေဟာ အစကတည်းက ယဉ်သကိုလို့ ဆိုရပါလိမ့်မယ်။ လွတ်လပ်ရေးမရခင်ကတည်းက ခွဲချင်နေကြတဲ့ အခြေအနေကို မကွဲအောင် အတင်းကျားကန်ခဲ့ရတာ သမိုင်းမှတ်တမ်းတွေက သက်သေပါ။ ပင်လုံညီလာခံမှာ ရှမ်းက ခွဲထွက်ချင်ကြောင်း အစပျိုးတယ်။ ရခိုင်က အလံနီနဲ့ပေါင်းပြီး ဖဆပလ အာဏာမရခင် လက်နက်ကိုင်တယ်။  ကရင်က လွတ်လပ်ရေးရတာနဲ့ သီးခြားနယ်မြေရဖို့ လက်နက် ကိုင်လမ်းစဉ်ကိုစတယ်။ ရှေ့ဆောင်လမ်းပြက ဗကပ၊ ၁၀ စုနှစ်အတွင်းမှာ လက်နက်ကိုင်လမ်းစဉ်နောက်လိုက်ဖို့ ကြံရွယ်ခဲ့ကြတာက ကချင်နဲ့ မွန်။ ကချင်ကို ပြည်နယ်အဆင့်မရှိပေမယ့် ပင်လုံညီလာခံမှာ ပြည်မအတွင်းက ခွဲမထွက်ပါဆိုတဲ့ ကတိအရ ပြည်နယ်ပေးခဲ့ပေမယ့် KNU ရဲ့ မြှောက်ပင့်ပေးမှုအရ ဖဆပလနဲ့ ပေါင်းတဲ့အုပ်စုနဲ့ လက်နက်ကိုင်အုပ်စုဆိုပြီး ဖြစ်တည်လာခဲ့တာ။ မွန်က ပြည်နယ်မရလို့ လက်နက်ကိုင်တာ။ ဒီဖြစ်တည်မှုသမိုင်းဟာ ဘယ်လိုမှငြင်းလို့မရတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
    အဲ့ဒီအခြေအနေတွေကစပြီး တဖြည်းဖြည်းချင်း စစ်ရေးကိစ္စ ကူးစက်လာခဲ့တာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ မျိုးစုံနေပြီ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးမှာပင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုး ကွဲနေကြတာလည်း တွေ့ရပါတယ်။ အချင်းချင်းလည်း ချနေကြတာပါပဲ။ ဒီလမ်းစဉ်ကို ချုပ်ငြိမ်းဖို့ မကြိုးစားခဲ့ကြဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အစိုးရအဆက်ဆက်မှာ ကြိုးစားခဲ့ကြတာပါပဲ။ သို့သော် အဆုံးသတ်တဲ့အထိတော့ မရောက်ခဲ့ကြဘူး။ မြန်မာနိုင်ငံမှာ စတင်ဖြစ်တည်ချိန်ကစပြီး အခုချိန်ထိ ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေမှာ မတူညီတဲ့ အဖွဲ့ကွဲလေးတွေ ရှိကြပါတယ်။ ပြည်ထောင်စုအပေါ်မှာထားတဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။
    လွတ်လပ်ရေးရပြီးနောက်မှာ ဖဆပလနဲ့ပေါင်းပြီး ဖဆပလမူဝါဒနောက်လိုက်ပြီး အာဏာရလာတဲ့အဖွဲ့နဲ့  သီးခြားရပ်တည်လိုတဲ့ အဖွဲ့ပဲ ဖြစ်ကြပါတယ်။ ပြည်ထောင်စုအပေါ်မှာ ရှုမြင်ကြပုံချင်းလည်း မတူကြပါ။ အဲဒီသဘာဝအပေါ်မူတည်ပြီး ပြည်ထောင်စုဖွဲ့စည်းမှုနဲ့ အာဏာဖြန့်ခွဲမှု ပြဿနာစဖြစ်လာတာလို့ ဆိုချင်တယ်။ ဘယ်ကာလမှာ ပိုထင်ရှားသလဲဆိုရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာလို့ မြင်တယ်။ ဗဟိုချုပ်ကိုင်မှုပိုပြီး တိုင်းရင်းသားဒေသတွေဟာ ဗဟိုအစိုးရရဲ့ ဘတ်ဂျက်ခွဲဝေမှုနဲ့ သဘောထားအတိုင်းသာ ဆောင်ရွက်ရတာပဲ ဖြစ်ပါတယ်။ လမ်းစဉ်ပါတီဝင်ဖြစ်မှသာ အာဏာသုံးရပ်မှာ ပါဝင်ခွင့်ရှိတဲ့ အခြေအနေပါ။ အဲ့ဒီအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ မရှိကြဘူးလား ဆိုတော့လည်း ရှိတာမှ အများကြီး။ သို့သော် စနစ်ကိုမကြိုက်လို့၊ သီးခြားရပ်တည်လိုလို့ လက်နက်ကိုင်တိုက်နေ ကြသူတွေလည်း အပြည့်။
    သူ့ပြည်နယ်၊ သူ့ဒေသ၊ သူ့လူမျိုးတွေကို သူ့နည်းသူ့ဟန်နဲ့ အကျိုးပြုဖို့ ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ထားသူက လက်နက်နဲ့ အာဏာတည်ဆောက်ပြီး အကျိုးပြုဖို့ ရည်မှန်းထားကြတာ၊ ခေါင်းဆောင်လုပ်တဲ့သူတွေက သူတို့ကိုယ်သူတို့ တော်လှန်ရေးခေါင်းဆောင်အဖြစ် ရည်မှန်းထားခဲ့ကြတာ။ ဒါကြောင့်လည်း စောဘဦးကြီးကို ကရင်လူမျိုးစုခေါင်းဆောင်အဖြစ် ခုချိန်ထိ သတ်မှတ်ထားကြတာပဲ မဟုတ်လား။ အဲ့ဒီလိုပဲ နိုင်ငံရေးနယ်ပယ်မှာ အထင်ကရ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေလည်း ရှိကြတာပါပဲ။ အဲ့ဒီအခြေအနေတွေကိုကြည့်ရင် တိုင်းရင်းသားတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေးကို လက်ခံကြသူတွေရှိသလို နိုင်ငံရေးနဲ့ ခေတ်စနစ်အပေါ်မှာ ထောက်ခံကြသူတွေလည်း မနည်းလှပါလို့ ဆိုရပါလိမ့်မယ်။ 
    များသောအားဖြင့် ခေတ်အဆက်ဆက်တွေ့ခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေဟာ လူမျိုးရေး အစွန်းရောက်တွေများပါတယ်။ အဲဒီကတစ်ဆင့် လက်နက်နဲ့ အာဏာတည်ဆောက်ဖို့ အားသန်လာကြတာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအတွက် အဓိကလို အပ်ချက်က လက်နက်နဲ့ စားရေးသောက်ရေးပါ။ အဲ့ဒီအတွက် ငွေကြေးနဲ့ကူညီပံ့ပိုးမယ့်သူ လိုအပ်လာပါတယ်။ အဲ့ဒီလိုအပ်ချက်အရ အစပထမပိုင်းမှာ ဆက်ကြေးကောက်တာတွေနဲ့ ပြည်ပလက်ေ၀ ခံဖြစ်လာ ခဲ့ကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ငွေရရင်ပြီး ရောဆိုတဲ့အတွက် နိုင်ငံပိုင်သယံဇာတတွေ၊ သစ်တွေ ခိုးထုတ် ရောင်းစားကြသလို ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေ  ထုတ်လုပ်ရောင်းချခဲ့ကြတာပဲ ဖြစ်ပါတယ်။ မူလက တော်လှန်ရေးအတွက် ရည်ရွယ်ခဲ့ကြပေမယ့် ကြာလာတာနဲ့အမျှ လက်နက်ကိုင်ထားခြင်းအားဖြင့် အာဏာနဲ့ငွေကြေးကို လိုသလိုရနေတဲ့အတွက် Warlord တွေ ဖြစ်မှန်း မသိဖြစ်လာကြတာပဲ ဖြစ်ပါတယ်။
    ရိုးရိုးလေးပဲကြည့်။ ကရင်ပြည်နယ် မြဝတီမှာ နာမည်ကြီးနေတဲ့ စောချစ်သူ။ မူလက DKBA မှာ ဘာ အဆင့်မှမရှိဘူး။ BGF ဖြစ်လာပြီး သီးခြားနယ်မြေစားရတဲ့ဘ၀ ရောက်လာတော့ ဘာလုပ်သလဲ။ ငွေကြေးကို နည်းမျိုးစုံနဲ့ရှာပြီး လုပ်ချင်တာလုပ်နေတာ တွေ့ရလိမ့်မယ်။ ဥပဒေတွေဘာတွေ လိုက်နာ သလား၊ လုပ်ချင်တာ လုပ်နေသလားဆိုတာ ရှင်းနေတာပဲ။ အခုမှ ကြီးကြီး ကျယ်ကျယ်၊ ဗမာအချင်း ချင်းမတည့်လို့ ကြားကတိုင်းရင်း သားတွေပါ ခံနေရတာ ဘာညာနဲ့ လျှောက်ပြောနေတာ။ အလားတူ KNU ထဲမှာရော၊ DKBA ထဲမှာရော လေ့လာကြည့်။ တွေ့ရပါလိမ့်မယ်။ ကျန်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရော ပြန်ကြည့်။ ထူးမခြားနားတွေ ချည်းပဲဆိုတာ တွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုအတွက်၊ ဒေသအတွက်၊ ကိုယ့်လူမျိုးအတွက် လက်တွေ့ကျကျ ဘာတွေ လုပ်ပေးကြပြီးပြီလဲ။ ဒါတွေကို တိုင်းရင်းသား ပြည်သူတွေ မြင်သင့်တယ်။ ဒီလုပ်ရပ်တွေကို မပြင်ရင် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်အတွက် အန္တရာယ်ဆိုတာ နားလည်သင့်တယ်။
    ဖဆပလခေတ်နဲ့ ဆိုရှယ်လစ်ခေတ်မှာ သူ့ ခေတ်သူ့အခါ၊ သူ့သဘာဝအရ နိုင်ငံရေးနဲ့ လက်နက်ကိုင်အဖွဲ့ ကွဲကွဲပြားပြား တွေ့ရတဲ့အတွက် ပြည်ထောင်စု အပေါ်မှာ သိပ်ကွဲပြားမှု မရှိဘူး။ နိုင်ငံရေးသမားအများစုကလည်း လက်ဝဲသမားတွေ။ လက်ယာအယူအဆရှိ သူတွေက KNU ၊ KIA ၊ ကယား၊ မွန်နဲ့ရှမ်းလက်နက်ကိုင်အဖွဲ့တွေပဲ ဖြစ်ကြပါတယ်။ ၁၉၈၈ ခုနှစ်မတိုင်ခင် အရေးအခင်းဖြစ်လို့ လူငယ်တွေ တောခိုကြရင် ဗကပဆီပဲ သွားကြပါတယ်။ ဒီမိုကရေစီ အသံကျယ်လာတာက ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နောက်ပိုင်းမှပါ။ ဒီမိုကရေစီ အသံကျယ်လာသလို လူငယ်တွေတောခိုတဲ့အခါ ဗကပ ပြိုကွဲသွားတဲ့အတွက် KNU၊ KIA နယ်မြေတွေဆီ ရှောင်ထွက်ကြရင်း ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့ ထူထောင်ခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအခါကြမှ ABSDF ဆိုတာ ပေါ်လာတာပါ။ 
    ဗကပက ခွဲထွက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီအရေးထက် ကိုယ်ပိုင်ရပ်တည်ရေးကိုသာ အဓိကထားခဲ့ကြတာပါ။ တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ရာမှ တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ တပ်မတော် အစိုးရလက်ထက် အနှစ် ၂၀ အတွင်းမှာ ဥပဒေအရ တရားဝင် နိုင်ငံရေးလှုပ်ရှားခွင့် နည်းပါးခဲ့ပြီး စနစ်တစ်ခု ပြောင်းလဲဖို့သာ ဦးစားပေးခဲ့တာ တွေ့ရပါလိမ့်မယ်။ လက်နက် ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းပြီး စနစ်တစ်ခုရအောင် ကြိုးစားခဲ့တာမှန်ပေမယ့် အားနည်းချက်တွေ ရှိခဲ့တာတော့ အမှန်ပဲလို့ ဆိုရပါမယ်။ စစ်အစိုးရအနေနဲ့ ထိုက်သင့်တဲ့ အခြေအနေတစ်ခုကနေ တိုးတက်ပြောင်းလဲဖို့ ရည်မှန်းခဲ့ပုံရပါတယ်။ နယက တပ်မတော် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကို ရှေးရှုခဲ့တာမှန်ပေမယ့် ထာဝရငြိမ်းချမ်းရေးတော့ မရခဲ့တာ တွေ့ရပါတယ်။ အဲဒီခေတ်မှာ နိုင်ငံရေးသမားတွေအနေနဲ့ တရားဝင်နိုင်ငံရေးလှုပ်ရှားခွင့် မရှိတဲ့အတွက် ငြိမ်းချမ်းရေး ရယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးက ရှေ့ရောက်လာခဲ့တာ တွေ့ရပါတယ်။ 
    ငြိမ်းချမ်းရေးကာလမှာ မြို့ပေါ်တရားဝင်သွားလာခွင့်၊ ဆက်ဆံရေးရုံးဖွင့်ခွင့်၊ စီးပွားရေး လုပ်ခွင့်တွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူ့လူမျိုးအ လိုက် ဟီးရိုးတွေ ဖြစ်လာခဲ့ကြ ပါတယ်။ အရင်က သူပုန်လို့ မြင်ကြတဲ့သူတွေကပင် တော်လှန်ရေးခေါင်းဆောင် တွေအဖြစ် ဦး ညွှတ်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်က နိုင်ငံရေးအုပ်စုထက် အားပိုကောင်းသွားတဲ့ အခြေအနေပဲဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးသဘောတူညီချက်အရလူ၊ လက်နက်အင်အားထပ်မချဲ့ဖို့ ကတိကဝတ်ရှိကြပေမယ့်လူ၊ လက်နက်အင်အား အဆမတန် ချဲ့ခဲ့ကြပါတယ်။ 'ဝ' UWSA နဲ့ KIA ဆိုရင် လက်နက်စက်ရုံထောင်တဲ့အထိ ဆောင်ရွက်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီအခြေအနေတွေကိုကြည့်ရင် လက်နက်ကိုင်အုပ်စုတွေရဲ့ ရည်ရွယ်ချက်က လက်နက်မစွန့်ရေးနဲ့ လက်နက်စွန့်ဖို့ ကြိုးစားလာပါက လက်နက်ကိုင်လမ်းစဉ်ကို ပြန်သွားဖို့ ရည်မှန်းထားပြီးသားဆိုတာ ရှင်းပါတယ်။ 
    ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာလို့ စနစ်ပြောင်းရင် လက်နက်စွန့်ဖို့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံ ကျင်းပတဲ့အခါမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ပါပါတယ်။ တကယ်တမ်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်လာပြီး စနစ်ပြောင်းတဲ့အခါမှာ လက်နက်မစွန့်ချင်ကြတာ၊ ဒီစနစ်ထဲမှာ မပါလိုဘဲ သီးခြားရပ်တည်လိုကြတာ တွေ့ရပါတယ်။ အဲဒီအတွက်လည်း တစ်ကျော့ ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ အင်အားကောင်းဖို့၊ တူရာစုဖို့ AA နဲ့ TNLA ကိုဝိုင်းပြီး မြေတောင်မြှောက်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အသားပေးလာကြတာပဲ ဖြစ်ပါတယ်။
    ဒီလိုလက်နက်ကိုင်လမ်းစဉ်တွေ ပြန်အသက်ဝင်လာခဲ့တာကို ရပ်တန့်ပြီး ထာဝရငြိမ်းချမ်းရေးရစေဖို့ ၂၀၁၀ ဦးသိန်းစိန် အစိုးရလက်ထက်မှာ စတင်ကြိုးစားခဲ့ရာ အတန်အသင့် ခရီးရောက်ခဲ့သော်လည်း တချို့တိုင်းရင်းလက်နက်ကိုင်အဖွဲ့နဲ့ FPNCC ဆိုပြီး 'ဝ' UWSA ဦးဆောင်ဖွဲ့စည်းထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က လက်မှတ်မထိုးခဲ့ကြပါဘူး။ အခုအချိန်မှာ အဓိက စစ်ရေးလှုပ်ရှားမှုတွေကို ဖန်တီးနေကြတာက NCA လက်မှတ်မရေးထိုးတဲ့ FPNCC အဖွဲ့တွေပဲဖြစ်ကြပါတယ်။ KIA၊ MNDAA၊ TNLA  နဲ့ AA တို့ကို ခေါင်းတည်ထားကြပေမယ့် UWSA၊ NDAA နဲ့ SSPP/SSA  တို့လည်း နောက်ကွယ်က တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေကြတာပဲ ဖြစ်ပါတယ်။
    ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ရက်စွဲနဲ့  ULA/AA က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ "လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့်ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း'ဆိုပြီး ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ကြေညာချက်ကိုကြည့်ရင် အပစ်အခတ်ရပ်စဲရေး၊ တိုက်ပွဲများ ရပ်တန့်ရေးမပါပါ။ လက်နက်ကိုင်နည်းလမ်းအစား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်လို့လည်းဆို ထားတာမတွေ့ရပါ။ အဓိက ရည်ရွယ်ချက်က ဘာဆိုတာ မသိရပါ။ 
    ကြေညာချက်နဲ့ပတ်သက်ပြီး NUG က ဇင်မာအောင်ပြောတဲ့ 'ကြေညာချက်ရဲ့ အတွင်းသားကို လေ့လာပါ'ဆိုတဲ့ စကားအရ ကြေညာချက်မှာ 'မိမိတို့အဖွဲ့အစည်းသည် ဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ လိုလားတောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေး အတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်ပြီး မြန်မာပြည်အတွင်း တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကိုမိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်'ဟု ဆိုထားတဲ့အတွက် ဆက်လက် တိုက်ခိုက်မယ့်သဘောဆောင်နေတာကို သတိထားရမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ သဘောထားကို မလွန်ဆန်နိုင်တဲ့အတွက် MNDAA နဲ့ TNLA တို့လို နားလှည့် ပါးရိုက်တဲ့ ကြေညာချက်အဖြစ် ရှုမြင်ပါတယ်။
    ထွန်းမြတ်နိုင်ပြောဖူးတဲ့ အနိမ့်ဆုံး Confederation  အဆင့်လိုချင်တယ်ဆိုတဲ့စကားကို မေ့ထားလို့ မဖြစ်ပါ။ '၂၀၂၁ ခုနှစ်တုန်းက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ရုပ်သိမ်းပေးခဲ့တဲ့ သဘောတူညီချက်ကို ဘယ်လိုသဘောထားနဲ့ ဖောက်ဖျက်ခဲ့ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့စစ်ရေး လှုပ်ရှားမှုတွေ ပြန်လည်ဆောင်ရွက်ခဲ့သလဲဆိုတာ မမေ့သင့်ပါ။ 'စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်မလုပ်က နစကရဲ့အဖြေအပေါ်မှာ မူတည်တယ်'ဆိုတဲ့ ခိုင်သုခရဲ့စကားအဓိပ္ပာယ်က ဘာကိုဆိုလိုတာ လဲ။ ထုံစံအတိုင်း မဖြစ်နိုင်တာတောင်းပြီး နစကအပေါ်ပုံချဖို့ ကြိုခင်းထားတဲ့ အဓိပ္ပာယ်ကလွဲလို့ တခြားမရှိပါ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42921

© 2022 - 2025 News. All Rights Reserved.