နစကအတွက် ပြီးပြည့်စုံတဲ့ သံတမန်ရေးအောင်ပွဲကို ဆောင်ကြဉ်းပေးခဲ့တဲ့ နိုင်ငံတော်ခရီးစဉ်

၂၀၂၅ မတ် ၁၄
    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လဆန်းလောက်ကစပြီး တော်တော်လေး အလုပ်များတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့ ပင်ပန်းသလောက် ထိုက်တန်တဲ့ ပျော်စရာ အခြေအနေတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးဟာ ဇာတိနိုင်ငံရဲ့အဝေးမှာ ဖန်တီးရယူနိုင်ခဲ့ပါတယ်။ မြန်မာအစိုးရ ထိပ်တန်းကိုယ်စား လှယ်အဖွဲ့ကို ဦးဆောင်ပြီး ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေဆီ သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ နစက အကြီးအကဲအတွက် သံတမန်ရေးရာ အထင်ကရ အောင်မြင်မှုတစ်ခုအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်ခဲ့တာ ကြောင့်ပါပဲ။
    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၃ ရက်တုန်းက ရုရှားနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အဲဒီနေ့မှာတင် ဝန်ကြီးချုပ် မစ်ခေးလ်မစ်ရှူ စတင် အပါအဝင် ရုရှားအစိုးရ ထိပ်တန်းအရာရှိ တချို့နဲ့တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ တခြားကဏ္ဍတချို့ကို နှစ်နိုင်ငံ ပူးပေါင်းမြှင့်တင်နိုင်ရေး ဆွေးနွေးဖြစ်ခဲ့ ကြပါတယ်။ နောက်တစ်နေ့ မတ်လ ၄ ရက်မှာတော့ ကရင်မလင် နန်းတော်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခင်မင်ရင်းနှီးစွာနဲ့ ကြိုဆိုရင်း ဧည့်ဝတ်ပြု တွေ့ဆုံခဲ့ပါတယ်။


    အဲဒီတွေ့ဆုံပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အနောက်အုပ်စု မီဒီယာတွေ ကိုယ်တိုင်က နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှု မြင်ကွင်းဟာ လုပ်ရိုးလုပ်စဉ်ဆိုတာထက် အများကြီး ပိုလေးနက်၊ ပိုနွေးထွေးတယ် ဆိုတာကို ဝန်ခံအသိအမှတ် ပြုခဲ့ကြပါတယ်။ သမ္မတ ပူတင်ဟာ နစက အကြီးအကဲကို ဖက်လှဲတကင်း ကြိုဆိုနှုတ်ဆက်ခဲ့သလို အထူးအလေးပေး ဆက်ဆံခဲ့ပါတယ်။ မြန်မာနဲ့ ရုရှားကြားက ကုန်သွယ်ရေးကဏ္ဍအား ကောင်းလာတာကို သမ္မတပူတင်က တခုတ်တရ ချီးကျူးခဲ့သလို မြန်မာနိုင်ငံက ပေးပို့ခဲ့တဲ့ ချစ်ကြည်ရေးလက်ဆောင် ဆင်ပေါက်လေး ခြောက်ကောင် လက်ခံရရှိမှု အတွက်လည်း သေသေချာချာ ကျေးဇူးစကား ဆိုခဲ့ပါတယ်။
    နစက အကြီးအကဲကလည်း ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ခြွင်းချက်မရှိ ရပ်တည် ထောက်ခံတဲ့ မြန်မာအစိုးရရဲ့ သဘောထားကို ခိုင်မာစွာ အသိပေး ပြောဆိုခဲ့သလို တပ်မတော်အတွက် ရုရှားက ကူညီပံ့ပိုးထားတဲ့ စစ်လက်နက်တွေရဲ့ အရည်အသွေးကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ရုရှားနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ ရုရှားနည်းပညာသုံး နျူကလီးယား ဓာတ်အားပေး စက်ရုံငယ်တစ်ခု တည်ဆောက်ရေးကိစ္စ အပါအဝင်အရေးပါတဲ့ သဘောတူစာ ချုပ်တွေကိုလည်း လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။
    ဒါဟာ ၂၀၂၁ ခုနှစ်မှာ နိုင်ငံတော် အာဏာကို နစကအနေနဲ့ လက်လွှဲရယူခဲ့တဲ့နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စတုတ္ထအကြိမ်မြောက် ရုရှားခရီးစဉ် ဖြစ်ပါတယ်။ အရင်အကြိမ်တွေနဲ့ မတူတာက နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် မြှင့်တင်နိုင်ခဲ့သလို သမ္မတပူတင်နဲ့ ပုဂ္ဂိုလ်ရေးအရ ပိုမိုရင်းနှီးကျွမ်းဝင်မှုကိုပါ တည်ဆောက်နိုင်ခဲ့ခြင်းပါပဲ။ ရုရှားဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုမှုစံနှုန်းအဖြစ် ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြု ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။ နစက အကြီးအကဲဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားဆီ သွားရောက်တဲ့ ခရီးစဉ်မှာ ကိုယ်စားပြုနိုင်ငံဖြစ်တဲ့ မြန်မာရဲ့ ဂုဏ်ကျက်သရေကို ထည်ဝါအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့တာ အသေ အချာပါပဲ။
    အဲဒီနောက်မှာတော့ ရုရှားရဲ့ မဟာမိတ်လည်းဖြစ်၊ မြန်မာအစိုးရနဲ့လည်း ခင်မင်ရင်းနှီးစွဲရှိနှင့်ပြီး လည်းဖြစ်တဲ့ မိတ်ဆွေနိုင်ငံ ဘီလာရုစ်ကပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကို ယ်စားလှယ်အဖွဲ့ကို မင့်စ်ခ်မြို့တော်ဆီလာရောက်ဖို့ ဖိတ်မန္တက ပြုခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ဟာ မော်စကိုကနေ ဘီလာရုစ်နိုင်ငံဆီ ခရီးဆက် ထွက်ခွာခဲ့ပါတယ်။


    ဘီလာရုစ် ခရီးစဉ် အတောအတွင်းမှာလည်း နစကအကြီးအကဲကို ဘီလာရုစ်ဝန်ကြီးချုပ် ရိုမန်ဂို လော့ဗ်ချန်ကိုနဲ့ အစိုးရအရာရှိတွေက တလေးတစား ဧည့်ခံကြိုဆိုခဲ့ပါတယ်။ ရုရှားနဲ့ အလားတူ ဘီလာ ရုစ်ဟာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်တွေအရ အမြင့်ဆုံး နိုင်ငံတော်အဆင့် အခမ်းအနား၊ အဆောင်အယောင်တွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လ ၇ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘီလာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကိုတို့ လူချင်းတွေ့ဆုံခဲ့ပြီး သမ္မတပူတင်လိုပဲ ဘီလာရုစ်နိုင်ငံ အကြီးအကဲကလည်း ပျူငှာနွေးထွေးစွာ ဧည့်ဝတ်ပြု နှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။
    ဘီလာရုစ်နိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း နစကအကြီးအကဲဟာ တပ်မတော်က လက်ရှိ ထိန်းသိမ်းရယူထားတဲ့အာဏာကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ့် အစီအမံကိုလည်း ကမ္ဘာသိ ကြေညာခဲ့ပါတယ်။ ဒီကိစ္စကို မြန်မာနိုင်ငံမှာ ရှိနေချိန်မှာ မထုတ်ပြန်ခဲ့ဘဲ ဆက်ဆံရေး နွေးထွေးတဲ့ မဟာမိတ်နိုင်ငံနှစ်ခုဆီ သွားရောက်တဲ့ ခရီးစဉ် အတောအတွင်းကျမှ ထုတ်ပြောခဲ့တာကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ သံတမန်ရေးရာ ပါးနပ်မှုတစ်ခုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မိတ်ဆွေနိုင်ငံတွေဆီ သွားရောက်တဲ့ခရီးစဉ်မှာ ကြေညာတယ်ဆိုတာဟာ အိမ်ရှင် နိုင်ငံတွေအပေါ် အလေးထားမှုကို သွယ်ဝိုက်ပြသတဲ့ ပြယုဂ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
    မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ကျင်းပဖို့ ရည်ရွယ်ထားကြောင်း၊ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေဟာ လွတ်လပ်ပြီး တရားမျှတစေမှာ ဖြစ်ကြောင်း နစကအကြီးအကဲက ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့ပါတယ်။ နစကဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲမသမာမှု ပြဿနာတွေကြောင့် နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ လက်လွှဲယူခဲ့ရချိန်ကတည်းက ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ကတိပြုထားခဲ့ပြီးသားပါ။ ဒါပေမဲ့ ပြည်တွင်းရေး အခြေအနေ မငြိမ်သက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ သက်တမ်းကို ထပ်မံတိုးမြှင့်ရင်း ရွေးကောက်ပွဲ ကျင်းပမယ့်ကာလကိုလည်း နောက်ဆုတ်ထားခဲ့ရတာ ဖြစ်ပါတယ်။
    နစက အကြီးအကဲက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်ကျရင် ဘီလာရုစ်အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ပြီး လေ့လာစောင့်ကြည့်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဘီလာရုစ် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတ လူကာရှန်ကိုတို့ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အဆင့်တိုးမြှင့်ဖို့၊ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေ လမ်းပွင့်လာရေး ညှိနှိုင်းဆွေးနွေးကြဖို့ ဆိုတာတွေကိုလည်း ကတိထားရှိနိုင်ခဲ့ကြပါတယ်။ 


    မတ်လ ၉ ရက်မှာတော့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီး အောင်မြင်တဲ့ သံတမန်ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
    နိုင်ငံတွေကြား ထိတွေ့ဆက်ဆံကြတဲ့ အခါမှာ အပြန်အလှန် အကျိုးစီးပွားအတွက် အကျေအလည် ဆွေးနွေးမှုတွေ ရှိကြတာက ဓမ္မတာပါပဲ။ ဒါပေမဲ့ အပြန်အလှန်လေးစားမှု၊ သံတမန်ရေးရာ ကျွမ်းကျင်ပိုင်နိုင်မှုတွေ ရှိ၊ မရှိ ဆိုတာကို မူတည်ပြီး နှစ်ဖက်တွေ့ဆုံမှုတွေရဲ့ ရလဒ်တွေက ကွဲပြား သွားနိုင်ပါတယ်။ ဒီသဘောတရားကို ခိုင်မာစွာ သက်သေပြမယ့် ဥပမာကောင်းတစ်ခုကလည်း လောလောလတ်လတ် ဖြစ်ပျက်ထားပြီးသားပါ။ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇီလန်စကီးဟာ အိမ်ဖြူတော် အလည်အပတ်ခရီးစဉ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့နဲ့ ကတောက်ကဆ ဖြစ်ရာက မီဒီယာတွေ ရှေ့မှောက်မှာ ရုပ်ပျက်ဆင်းပျက် စကားများခဲ့ကြတာ အားလုံး အသိပါပဲ။
    နစက အကြီးအကဲရဲ့ ခရီးစဉ်မှာတော့ ဧည့်သည်ကောင်းရဲ့ ကျင့်ဝတ်ပြည့်စုံစွာ၊ သံတမန်အရည်အသွေး ပြည့်ဝစွာနဲ့ အထင်ကြီးလောက်စရာ ပြုမူပြောဆိုပြခဲ့သလို ရုရှားနဲ့ ဘီလာရုစ် အစိုးရတွေဆီကလည်း အိမ်ရှင်ကောင်းပီသတဲ့ ခင်မင်နွေးထွေးမှုတွေ ရှိနေတာကြောင့် အရာရာ အပေါင်းလက္ခဏာ ဆောင်ခဲ့ပါတယ်။ နစကဟာ နိုင်ငံတကာ သံတမန်ရေး နယ်ပယ်မှာ အရှုံးတွေနဲ့ ကြုံနေရတယ်ဆိုပြီး တစ်ဖက်စောင်းနင်း ဝါဒဖြန့် ရေးသားခဲ့ဖူးတဲ့ အနောက်အုပ်စု အာဘော်မီဒီယာတွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားရော၊ ဘီလာရုစ်ကပါ အမြင့်ဆုံးအဆင့် နိုင်ငံတော်အ ခမ်းအနားတွေနဲ့ အလေးအမြတ်ပြု ကြိုဆိုချိန်မှာ အသံတိတ်သွားခဲ့ပါတော့တယ်။
    တစ်ပတ်လောက် ကာလအတွင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ရော၊ မြန်မာကိုယ်စားလှယ် အဖွဲ့သားတွေပါ ခရီးတွေ ဆက်တိုက်နှင်ရင်း အတော်လေး ပင်ပန်းနွမ်းနယ်ခဲ့ကြပါလိမ့်မယ်။ ဒါပေမဲ့လည်း နစကအစိုးရအတွက် အောင်မြင်တဲ့ သံတမန်ရေး လှုပ်ရှားမှု တစ်ခုကို ပီပီပြင်ပြင် အကောင်အ ထည် ဖော်နိုင်ခဲ့ပြီး အရှေ့ဥရောပ အင်အားကြီး နိုင်ငံနှစ်ခုက မြန်မာအစိုးရအပေါ် အထူးတန်ဖိုးထား ဆက်ဆံခဲ့တယ်ဆိုတဲ့ ပုံရိပ်ကို ကမ္ဘာကသိအောင် ပြသနိုင်ခဲ့တာကြောင့် ခရီးပန်းပေမယ့် အားလုံးက လန်းဆန်းနေကြမှာ အသေအချာပဲ ဖြစ်ပါတယ်။                                      (ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 138

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.