၂၀၂၄ အောက်တိုဘာ ၆
ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ ၁၉၅၁ မှ ၁၉၆၃ ခုနှစ်အတွင်း ရှုမဝမဂ္ဂဇင်းမှာရေးခဲ့တဲ့ ဆောင်းပါးခြောက်ပုဒ်ကို စုစည်းပြီး 'စာပေခရီးသည်'အမည်နဲ့ ၂၀၁၀ ဇူလိုင်လရာမှာ ရာပြည့်စာအုပ်တိုက်က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဆောင်းပါးခြောက်ပုဒ်မှာ ငါးပုဒ်က ခရီးသွား ဆောင်းပါးများ ဖြစ်ပါတယ်။ မြစ်ကြီးနား ကချင်မနောပွဲ၊ လွိုင်ကော်ပြည်ထောင်စုနေ့၊ မန္တလေးနှစ်တစ်ရာပြည့်ပွဲများသို့ သွားရောက်လေ့လာခဲ့တဲ့ အတွေ့အကြုံများကို ဒေသအငွေ့အသက်များ၊ နိုင်ငံရေး နောက်ခံကားများ၊ လူ့သဘာဝစရိုက် အဖွဲ့အနွဲ့များ ဖြင့် ထုံမွှမ်းရေးသားခဲ့တာ တွေ့ရပါတယ်။ 'ဟင်းချိုမ'လို ဆောင်းပါးမျိုးကတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းအကြောင်း ဝေဖန်သုံးသပ်ပြထားတာ ဖြစ်ပါတယ်။
ဗိုလ်လက်ျာတို့ရဲ့ ပင်လယ်ငါးဖမ်းကုမ္ပဏီကြီးက ဖမ်းမိတဲ့ ငါးတွေများလွန်းလို့ ငါးအမျိုးအမည်တောင် စုံအောင်မသိနိုင်ပါဘူးတဲ့။ 'နာမည်မသိသေးတဲ့ ငါးတွေကို ငါးကွန်မြူနစ်၊ ငါး KNDO၊ ငါးအလံနီ အဲဒီလိုပေးလိုက်ရင် မကောင်းဘူးလား'လို့ ဗိုလ်လက်ျာက ရယ်မောပြောဆိုခဲ့ပါတယ်။
ဗိုလ်လက်ျာ ငါးဖမ်းကုမ္ပဏီထောင်မည်လို့သိခဲ့စဉ်က 'ကြံကြံဖန်ဖန်'ဟု စိတ်ထဲညည်းမိသည်။ ဝန်ကြီးဦးကျော်ငြိမ်းပြောသလို ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် နှလုံးတုန်မိသည်။ ထို့ကြောင့် ဗိုလ်လ က်ျာနှင့်ဆုံသည့်အခါ 'ရှင့်အလုပ် ကျွန်မသဘောမကျဘူးရှင်'ဟု ပြောမိသည်။ 'စားသုံးသူက လူထု၊ ငပုကတံငါ၊ ဗိုလ်လက်ျာစေခိုင်းသူ၊ သုံးဦးသားအနက်တွင် ကွက်ကြားသည့်ကံ၊ တရားခံဗိုလ်လက်ျာ ငရဲမှာ ရှင်ချည်းသာခံပေတော့'လို့တောင် စာစပ်မိပါသတဲ့။(စာ-၅၂)
ဗိုလ်လက်ျာက ပြည်သူလူထု ငါးပေါပေါစားရအောင် ရည်ရွယ်လုပ်ကိုင်တယ်ဆိုပေမယ့် (ရှင်သာ ငရဲကြီးခံပေတော့၊ လူထုက ဝယ်စားနိုင်မှာမဟုတ်)လို့ ဂျာနယ်ကျော်မမလေးက ဝေဖန်ပြောဆိုခဲ့တာပါ။ မိတ်ကောင်းဆွေကောင်းဆိုတာ ပစ္စုပ္ပန်ချမ်းသာတာတစ်ခုတည်းမကြည့်ဘဲ သံသ ရာ အရေးကိုပါ မျှော်တွေးပြီး ပြောသင့်ပြောထိုက်တာ ပြောရမယ် မဟုတ်ပါလား။
'ကချင်ပွဲတော်' ဆောင်းပါးမှာတော့ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာစရိုက်ဖွဲ့ကို ဖျတ်ခနဲတွေ့မြင် လိုက်ရပါတယ်။ 'ပြန်ရမည့် မနက်က မြစ်ကြီးနားဈေးသို့ သွားကြရာ၌ ဒဂုန်တာရာမှာ အခြားသူများနှင့် မတူဘဲ မိန်းမတွေဝယ်သမျှအရာကို သူကပါ လိုက်ဝယ်ချင်နေသည်။ ကျွန်မတို့ မမြင်လိုက်သည့် ကျောက်စိမ်းရင်ထိုးကို ပင် ဝယ်မိအောင် ဝယ်လိုက်သည်။ ကျွန်မတို့ ဘာပစ္စည်းဝယ်ဝယ် 'ကျွန်တော်ပါ လိုချင်တယ်'ဟူသောအသံ သူ့ထံက အမြဲကြားသည်။ မိန်းမအသုံးအဆောင်များကို စုံလောက်အောင် ဝယ်ခြမ်းနေရာ အချို့နေရာများ၌ မဝယ်တတ်၊ မခြမ်းတတ်၍ တန်ရာတန်ဖိုးထက်ဈေးပို ပေးခဲ့ရရှာသည်။' (စာ-၃၇)
'မန္တလေးရုက္ခစိုး'၊ 'မန္တလေးရုက္ခစိုးဘဏ္ဍာ'၊ 'မန်းရာပြည့်နှင့် တစ်ရာပွဲ' ဆောင်းပါးများမှာ မန္တလေးအကြောင်း ရှုထောင့်သစ်တစ်ခုမှ တင်ပြချက်များလို့ ဆိုနိုင်ပါတယ်။ ဆရာမကြီးဟာ မန္တလေးကို ဘယ်လောက် ချစ်သလဲဆိုရင် မန္တလေးနန်းတော် 'ကားချပ်ကို ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားပြီး တစိမ့်စိမ့်ကြည့်မိတိုင်း မန္တလေးကို သတိရနေမိတယ်ဆိုပါတယ်။ မန္တလေးဆိုတာ မြန်မာတစ်မျိုးသားလုံးရဲ့ အာဏာစက်ဓမ္မစက်တွဲဖက်ရာ မြို့ တော်ကြီး၊ ဘာသာသာသနာ ယဉ်ကျေးမှုတို့ရဲ့ ခံတပ်မြို့တော်ကြီး မဟုတ်ပါလား။
ဆရာမကြီး ဂျာနယ်ကျော်မမလေး မန္တလေးသို့ရောက်ခဲ့စဉ် မြို့ရိုးနဲ့ကျုံးကို မျှော်ကြည့်ရင်း အိမ်ရှင်တွေဖြစ်တဲ့ ဆရာမြမျိုးလွင်၊ ဆရာမြန်မာ့အလင်းဦးကိုကိုလတ်တို့နဲ့ စကားမပြောနိုင်လောက် အောင်ငြိမ်သက်နေခဲ့တယ် ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မန္တလေးရဲ့ ပုံရိပ်တွေကို ပြန်မြင် ယောင်နေမိလို့ပါပဲ။
'မန္တလေးကို မြို့တည်တော့ မန္တလေးတောင်ရဲ့ စက်ရိပ်ကိုမှီပြီး မြို့ရယ်၊ ကျုံးရယ်၊ စေတီ၊ သိမ်၊ ကျောင်း၊ သုဓမ္မာ၊ ရွှေစာပိဋကတ်၊ ခုနစ်ဌာန တစ်ပြိုင်တည်း တည်တာပဲ'
ဦးကိုကိုလတ်သည် ကျွန်မဘေးမှ တတွတ်တွတ် ပြောပြလာသည်။ ကျွန်မမှာ ဦးကိုကိုလတ် ပြောနေသော မန္တလေးသမိုင်းကို နားစိုက်လျက် မျက်စိထဲမူ ကျုံးဘေးရှိ မြို့ရိုးကြီးနှင့် အဝေးကဆီးနေသည့် မန္တလေးတောင်တော်သည် ခဲယမ်း၊ မီးကျောက်များ၏ အရှိန်ဖြင့် ပေါက်ကွဲကာ မီးခိုးလုံးကြီးများ လွှမ်းခြုံဖုံးအုပ် နေပေသည်။ ဂျင်နရယ်ဝင်းဖို့ရီးစ်၏ စစ်တပ်ကြီးသည် နန်းတော်ကြီး၏ တပ်မြို့စခန်းကို သိမ်းနိုင်ရေးအတွက် မန္တလေးတောင်တော်ကို အပေါ်စီးရလေအောင် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်နေကြလေသည်။'
'မန္တလေးတောင်၌ လှေကားထစ် ၁၁၁၀ ရှိ သည့် စောင်းတန်းကြီးကို စစ်သားများ တစ်ထစ်ပြီး တစ်ထစ်ချီတက်နေကြကုန်သည်။ တောင်ပေါ်တွင် ဂျပန်အလောင်းကောင်များသည် လှေကားတစ်များ၌ မြင်မကောင်း၊ ရှုမကောင်းအောင် အတုံးအရုံးလဲလျက်ရှိကြသည်။ ဂျပန်များမှာ ဆုတ်ခံခံရင်း တောင်အောက်သို့ မဆင်းသာသည်နှင့် တောင်ထိပ်၌ရှိသော ဥမင်လိုဏ်ခေါင်းကြီးထဲသို့ စုပြုံဝင်အောင်းကြရလေသည်။ စစ်တပ်မှ ဥမင်ထဲသို့ ဓာတ်ဆီလောင်းသွင်းပြီး မီးရှို့ခြင်းဖြင့် ဂျပန်များသည် ဥမင်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့သည်။ တစ်ကိုယ်လုံး မီးတောက်လောက်နေကာ ဟစ်အော်ကြလျက် သေပြေးရှင်ပြေး ပြေးထွက်လာကြကာ တောင်ပေါ်မှချောက်ထဲသို့ ခုန်ချနေကြလေသည်။' (စာ-၇၅)
ဦးကိုကိုလတ်က နန်းတော်မြို့ရိုးအကြောင်း အသေးစိတ် ရှင်းပြနေပါတယ်။
'ဂျင်နရယ်ဝင်းဖို့ ရီးစ်သည် တောင်ခြေမြေ မျက်နှာပြင်တွင် အမြောက်ကြီးများ တပ်ဆင်ကာ နန်းတော်မြို့ရိုးကြီးဆီသို့ ချိန်မှန်းပစ်ခွင်းနေလေသည်။ ညတိုက်ပွဲဆင်နေသည့် တောင်ပေါ်ဆီမှ ပစ်ခတ်သော အမြောက်ကြီးများ၏ ကျည်ဆန်များသည် မြို့ရိုးကြီးကိုသာ သဲမဲပစ်ခတ်ဖြိုခွင်းနေကြလေသည်။ ရော်ဘာစစ် လှေကလေးများသည် ကျုံးထဲတွင် ဖြတ်ကူးနေကြ၏။ မြို့ရိုးကြီး၏ တစ်ခုတည်းသော တစ်နေရာကို မဲသဲပြီး စုပြုံပစ်ခတ်ကြလေသည်။ လေယာဉ်ပျံများသည် နိမ့်နိမ့်ကလေးပျံလာကာ မြို့ရိုးတစ်နေရာတည်းကိုပင် သဲသဲမဲမဲတစ်ခဲနက် ဗုံးများသွန်ကြဲချနေ သည်။ မြို့ရိုး၊ အုတ် တံတိုင်းကြီး ကို ကျိုးပဲ့ပွင့်သွားအောင် ထောင်နှင့်သောင်းနှင့်ချီ၍ အမြောက်ဗုံးဆန်များ သွန်နေကြရကုန်သည်။' (စာ-၇၆)
'သူတို့ ၁၀ ရက်လုံးလုံး မြို့ရိုးကြီးကို ပစ်ခတ်နေကြသည်။ ၁၀ ရက်ခတ်ကြပြီးနောက် ယခင့် ယခင်က ထက်ပို၍ ပြင်းပြင်းကြီး ပစ်ခတ်ဖို့ အချက်ပေးနေလေပြီ။ နန်းတော်ကြီး၏ တပ်မြို့စခန်းသည် မန္တလေးမြို့၏ သော့ချက်ဖြစ်သည်။ တပ်စခန်းမြို့ရိုးကို ဖြိုခွင်းနိုင်မှ မန္တလေးမြို့ကို သိမ်းပိုက်နိုင်တော့ မည်။' (စာ-၇၈)
အဲဒီနောက် ဂျပန်တွေ နန်းတွင်းက ဆုတ်ခွာသွားရာ အင်္ဂလိပ်စစ်တပ်က နန်းတွင်းမှာ နေရာယူလိုက်ပါတယ်။ ဂျာနယ်ကျော် မမလေးက 'သူတို့ ၁၀ ရက်လုံးလုံး ဖြိုခွင်း၍မရနိုင်သော ရာဇဝင်တွင်သည့် မန္တလေးမြို့ရိုးတံတိုင်းကြီး'လို့ ကမ္ပည်းတင်ခဲ့ပါတယ်။ အဲဒီကနေ မန္တလေးတောင်ကို ဆက်သွားခဲ့ကြပါတယ်။
'တောင်ပေါ်မှ ဆင်းလာကြသောအခါ ဘုရားရှင်ပရိနိဗ္ဗာန်စံနေတော်မူသော ပုံနောက်တွင် အမြင့်ငါးပေခန့်ရှိ ရသေ့ကြီး ဦးခန္တီ ဘုရားဝတ်ပြုနေပုံ ကျောက်ဂူပေါက်သို့ ရောက်သွားကြသည်။ ဦးကိုကိုလတ်သည် ဖယောင်းတိုင်ကလေး ထွန်းညှိကာ ရုပ်ပုံဘေးတွင် ထိုးထားသော ကမ္ပည်းစာ တမ်းကို ဖတ်ပြလေသည်။ (သက္ကရာဇ် ... မန္တလေးမြို့၊ မန္တလေးတောင်ရသေ့ကြီး ဦးခန္တီသည် မြတ်စွာဘုရားကို ကြည်ညိုရင်း အနိစ္စရောက်သော ပုံတော်) သက္ကရာဇ်ကို ကွက်လပ်ချန်ထားတယ်။ သေတဲ့ နှစ်ကျမှထည့်ဖို့၊ အနိစ္စရောက်ခဲ့ရင် အရိုးပြာကို ကျောက် ဂူထဲသွင်းပိတ်လိုက်ဖို့ လုပ်သွားတာ၊ ခုထက်ထိ ဂူထဲမသွင်းကြသေးဘူး'
မဟာမိတ်စစ်ဒဏ်ကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးပျောက်ပျက်ကုန်ခြင်းကို စိတ်ထဲ၌ မကျေမနပ် တနုံ့နုံ့ ဖြစ်လာရသည့်အထဲ ရသေ့ကြီး၏ သည်သတင်းကို ကြားသိရသည့်အခါ မန္တလေးကို အဖတ်ဆယ်၍ မရသလောက် ရင်ထဲ၌ ဟာသွားမိသည်။' (စာ-၇၉)
အဲဒီနောက် 'မန္တလေးယဉ်ကျေးမှုပြတိုက်'လို့ ဆိုလောက်တဲ့ ဦးကိုကိုလတ်ရဲ့အိမ်ကို ရောက်ပါ တယ်။ ဟောင်းအိုလှသော ထင်းရှူးသေတ္တာကြီးတွေနှင့် အဝတ်နှင့် ပတ်ထုပ်ထားသော အထုပ်အပိုးတွေ၊ စက္ကူနှင့်ထုပ် ထားသော အထုပ်အပိုးတွေ၊ ယွန်းသေတ္တာတွေ၊ စာအုပ်ပုံတွေ ...ဖိုင်တွဲတွေ ...။ ဦးကိုကိုလတ်က ယွန်းသေတ္တာထဲက ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေကိုစပြီး ဖွင့်ပြပါတယ်။ (ရှေးဗမာမင်း လက်ထက်တုန်းက အမှုထမ်းတွေရဲ့ ရိက္ခာလစာတော်ကို ရွှေနဲ့ပေးတယ်၊ ကျောက်စာဝန်တော် စိန်ခိုက ဗမာဘုရင့်လက်ထက်တော်က ရွှေမတ်စေ့အထိသာ ထုတ်သွားတယ်လို့ မှတ်တမ်းတင်ခဲ့တာ မှားနေတယ်။ ရွှေမူးစေ့ ရွှေပဲစေ့အထိ ထုတ်သွားတာပဲ'လို့ ရှင်း ပြပါတယ်။
ပြီးတော့ ရှေးဟောင်းဓာတ်ပုံများ၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ စစ်ပြီးခေတ်က ဓာတ်ပုံများ၊ ဓာတ်ပုံတစ်ပုံမှာ မန္တလေးကို ကရင်သိမ်းပြီးနောက် ရဲဘော်ဖြူ များ ပြန်သိမ်းကာ မြို့တွင်းတိုက်ပွဲ ဓာတ်ပုံတွေထဲ၌ ကျဆုံးသွားသည့် ရဲဘော်အလောင်း တစ်လောင်းဘေးတွင် ငတ်မွတ်သော နံရိုးပိန်ခွေး ကြားတစ်ကောင်က ရဲဘော်အသားကို အားရပါးရ ဖဲ့ရွဲ့ကိုက်စားနေသည့်ပုံကိုပါ တွေ့ခဲ့ရတယ်ဆိုပါ တယ်။ (စာ-၈၇)
အဲဒီနောက် အလွန်အဆင့်မြင့်တဲ့ မြန်မာ့ရှေး ဟောင်းပန်းချီ၊
'ဝေဿန္တရာဇာတ်တော်ကြီး တစ်ဇာတ်လုံးကို အရောင်မျိုးစုံဖြင့် ခြယ်ဆွဲထားသည့် အခေါက်ပန်းချီအုပ်ကြီး၊ စာအုပ်ခေါက်များကို ဖြန့်တန်းလိုက်လျှင် ဝေဿန္တာ ရာတစ်ဇာတ်လုံး၏ ပုံများကို တစ်ပြိုင်တည်း၊ တစ်လျှောက်တည်း ကြည့်သွားနိုင်လျက် မဖြန့်ဘဲ အခေါက်အတိုင်း တစ်ယောက်တည်းထိုင် ကိုင်ကြည့်လိုလျှင်လည်း စာအုပ်တစ်ခေါက် ဇာတ်ခန်းတစ်ခန်း ကြည့်သွားနိုင်ပေသည်။' (စာ-၉၇)
'ရှေးတုန်းက နန်းတော်ထဲမှာ ဘုရင့်သားတော်၊ သမီးတော်လေးတွေ အပျင်းဖြေရအောင် ကစားကြဖို့ရေးဆွဲခဲ့တဲ့ ပန်းချီစာအုပ်ရှိသေးတယ်။ ပန်းချီပညာရဲ့ သဘော၊ ဘုရင့်သားသမီးတွေရဲ့ အဆင့်အတန်းရော ဘယ်လောက်မြင့်တယ်ဆိုတာ မမလေးအကဲခတ်နိုင်လိမ့်မယ်'လို့ ဦးကိုကိုလတ် က ရှင်းပြရင်း နန်းတွင်းသုံး ပန်းချီစာအုပ်တွေ ထုတ်ပြပါတော့တယ်။
'အပေါ်မှ အခေါက်ကို ဖွင့်လိုက်သည့်အခါ အခေါက်မျက်နှာတစ်ခေါက်၌ မီးခြစ်ဘူးစာ အနေအကွက်ပေါင်း ၂၀၀ ချလျက်၊ အကွက်ကလေး တစ်ကွက် တစ်နေရာ၌ နတ်သားရုပ်ပုံတစ်ပုံ ရေးဆွဲထားလေသည်။ နတ်သားပုံပေါင်း ၂၀၀၊ နတ်ပုံ ၂၀၀မှာ မျက်နှာချင်း၊ နတ်ဝတ်တန်ဆာချင်း မထပ်၊ မတူ၊ အနေအချိုးအဆင်အပြင် အဆင်းအရောင်များ ပုံ ၂၀၀ စလုံး ကွဲပြားအောင် ရေးထားလေသည်။ စာခေါက်ထိပ်၌ 'မေး၊ ဖွက်'ဟု စာတမ်းရေးထားသည်။ နောက်တစ်ခေါက်ကို လှည့်ကြည့်လိုက်မှ ထိပ်တွင် 'ဖော်'ဟု ရေးထားကာ ၎င်းင်းနတ်သား ၂၀၀ ရုပ်ပုံများကိုပင် တစ်ဖန်ပြန်ရေးဆွဲ ပြထား ပြီးနောက် ပုံအောက်၌ နတ်အမည်များ ဖော်ပြထားလေသည်။ ပုံပန်းမှာ မေးဖွက်ဆိုသော စာမျက်နှာမှ နတ်ရုပ်ကို 'သည် နတ်ဘာနတ်လဲ'ဟု တစ်ဦးကမေးလျှင် တစ်ဦးက နတ်အမည်ကို ဖော်ပြရမည် ဖြစ်သည်။ အမည်မဖော်နိုင်က တစ်ဖက်တွင် ပြန်ကြည့်ရန် နှစ်ကားပုံတူရေးပြထားခြင်း သဘောဖြစ်လေသည်။' (စာ-၉၈)
ဘယ်လောက်အဆင့်မြင့်ပါသလဲ၊ အပျင်းလည်းပြေ၊ ပညာလည်းရ၊ သုတလည်း<ကယ်၊ ပန်းချီဆရာ ရဲ့ ကြိုးစားမှုလည်း ပေါ်လွင်လှပါတယ်။ ပြီးတော့ တောင်ပုံ ၂၀၀၊ တိရစ္ဆာန်ပုံများ၊ တိုင်းရင်း သားလူမျိုးများ ပုံနှင့်တကွ အမည်များ၊ မကြားဖူးတဲ့ အမည်တွေ လဟု၊ လမြင်း၊ ကြယ်တမင်း၊ ဇဝိန်၊ ဇဝါ၊ ပန်းလဟာ၊ ပလေး စသည်။ ပြီးတော့ စပါးမျိုးတစ်ရာ၊ ရွှေမျိုးလေးဆယ်၊ ငါး မျိုးတစ်ရာ၊ ပန်းပေါင်း ၁၂၀၊ ငှက်မျိုး ၁၀၀၊ နတ်သမီး ၁၀၀၊ အပျိုတော် ၂၀၀၊ ပုံချင်းမထပ်၊ အမည်တပ်ထားတဲ့ ရှေးမှတ်တမ်းတွေ။
ဆရာမကြီး ဂျာနယ်ကျော်မမလေးက ... 'အစိုးရယဉ်ကျေးမှုပြတိုက်ထဲမှာ သည်ပစ္စည်းတွေ ထားရင်ကောင်းမှာပဲ၊ ဦးကိုကိုလတ်ဆီမှာ ပုံမနှိပ်ရသေးတဲ့ နန်းတွင်းစာမူ၊ ပေပုရပိုက်တွေလည်း ရှိနေပါသေးတယ်။ ရှေးဟောင်းနဲ့ ဆိုင်သမျှ ခေတ်အလိုက်စုဆောင်းထားရှိပါတယ်။
'ပုရပိုက်အုပ်ကြီးကိုဖွင့်လိုက်သည့်အခါ သရေခေတ္တရာမှစ၍ ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းမင်း ဆက်များ၏ မွေးနံ၊ သက္ကရာဇ်၊ အိမ့်နိမ့်စံရက်၊ နန်းစံအသက် စသည်တို့ကို နံ၊ သက္ကရာဇ်၊ အိမ်နိမ့်နန်းစံ၊ အသက်၊ မှတ်ချက်များ'စသည်ဖြင့် စုံတကာစေ့လှသည်မှာ ရင်သပ်ရှုမောသြချစရာတွေချည်းပါ။ ဆရာဦးကိုကိုလတ်သာ မထိန်းသိမ်းထားလျှင် စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ မသမာသူတို့၏ ခိုးယူဖျက်ဆီးခြင်းဒဏ် စသည်တို့ကြောင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးရပေ လိမ့်မယ်။
ယခု ဆရာမဂျာနယ်ကျော်မမလေး တွေ့မြင်ရသမျှတို့မှာ တစ်စိတ်တစ်ဒေသမျှသာ၊ အချိန်မရတော့လို့ အကုန်မကြည့်နိုင်၊ အစိုးရမင်းများ အိပ်ပျော်နေချိန် ဦးကိုကိုလတ်တို့လို နိုးကြားသော အမျိုးသားရေးသမားများ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ပစ္စည်းပစ္စယတွေအများကြီး ရှိနေနိုင်ပါသေးတယ်။ ဆရာမဂျာနယ်ကျော် မမလေးက မန္တလေးမြို့ရိုး၊ ပစ္စင်၊ ပြအိုး တို့ကို အမျိုးသားရေးယဉ်ကျေးမှု၏ အကာအကွယ် အစောင့်အရှောက်သဖွယ် နိမိတ်ပုံပြခဲ့ပါတယ်။ အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ်၊ အခြားဘယ်သူပဲဖြစ်ဖြစ် အမြောက်ကြီးများနဲ့ အချက်ပေါင်းထောင်သောင်းချီ ပစ်ခတ်ဖြိုခွဲတာတောင် အလွယ်တကူ မပြိုလဲနိုင်တဲ့ မြန်မာတို့ရဲ့ ခုခံနိုင်စွမ်းကိုလည်း မန္တလေးနန်းမြို့ရိုးကြီးက သက်သေပြနေတယ်လို့ ဆိုနိုင်ပါတယ်။ ။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )