နယ်စည်းမခြား ချစ်ခြင်းမေတ္တာတရား

၂၀၂၄ အောက်တိုဘာ ၁၂
    သီတင်းကျွတ်တော့မည်။ သည်လိုအချိန် သည်လိုကာလများရောက်လျှင် တီးချင်ဆိုချင်သည့် ဝါသနာက အလိုလိုပေါ်လာလေသည်။ ကိုယ်တစ်ယောက်တည်း ဖြစ်သလားဟုဆိုလျှင် မဟုတ်ဟု ပြောရမလိုဖြစ်နေသည်။ ကျွန်တော်တို့ ရွာသူရွာသားအများစုက သည်ကာလ ရောက်လျှင်ကို တီးချင်၊ ဆိုချင်၊ ကချင်၊ ခုန်ချင် ဖြစ်နေကြသည်။ ဖြစ်မှာပေါ့ဗျာ။ အသက် (၁၀၃)နှစ်နှင့် ဆုံးပါးသွားသည့် ကျွန်တော့် အဘကြီးခေတ်ကတည်းက ကျွန်တော်တို့ရွာသည် သီတင်းကျွတ်လပြည့်တိုင်း အရပ်ပြဇာတ်ကကြသည်။ အရပ်ပြဇာတ်တို့၏ ထုံးစံအတိုင်း ဝါခေါင်၊ တော်သလင်းဆိုလျှင်ပင် အစည်းအဝေးလုပ်ကာ  အရပ်ပြဇာတ်ကဖို့ ကြံစည်ကြသည်။ သီတင်းကျွတ်နှင့် ဝေးသေးသည့် ကာလဖြစ်လျှင် အစည်းအ ဝေးတစ်ကြိမ်လုပ်တိုင်း သည်နှစ် အရပ်ပြဇာတ်မပါဖြစ်တော့ကြောင်း ပြောကြဆိုကြ၏။ ကျွန်တော်တို့ရွာသားများသည်လည်း အစည်းဝေးတစ်ကြိမ်လုပ်တိုင်း အရပ်ဇာတ်မပါဖြစ်သေးဟုဆိုလျှင် ထပ်ခါထပ်ခါအစည်းအဝေးလုပ်ကြပြီး အရပ်ဇာတ်မပါပါအောင် အစည်းဝေးလုပ်ကြသည်။ အရပ်ဇာတ်ပါပြီဟုဆိုလျှင် တစ်ရပ်လုံး၊ တစ်ရွာလုံးက ပျော်ကြသည်။ ထိုအရပ်ဇာတ်အတွက် အားခဲကြသည်။ ဇာတ်ညွှန်းရေးဆရာဆိုသူများကလည်း သူ့ဇာတ်လမ်းအတွက် မင်းသား၊ လူကြမ်း၊ နောက်လိုက်များ ရွေးကြချယ်ကြ အားလုံးအလုပ်ကိုယ်စီက သည်ပွဲအတွက် အားခဲနေကြတော့သည်။ ပွဲဖြစ်မြောက် ရေးကော်မတီကလည်း မင်း သမီးငှားရန်၊ တီးဝိုင်းငှားရန် ရက်သတ်မှတ်ပြီး ငှားကြသည်။
    မှတ်မိသေး၏။ မုံရွာတွင် နာမည်ကြီးကျောက် ခဲစိန်ဇာတ်ရှိ၏။ ရွာကလူကြီးများနှင့် တီးဝိုင်းငှားလိုက်သွားချိန် ကျောက်ခဲစိန်ဇာတ်သည် ရာမာယဏဇာတ် တော်ကြီးသွားပြိုင်ရမည်ဖြစ်သောကြောင့် သူတို့တီးဝိုင်းကြီးထားခဲ့သည်။ သူတို့တီးဝိုင်းပစ္စည်းများကိုကြည့်ပြီး ကျွန်တော်က သဘောကျနေသည်။ တီးဝိုင်းတစ်စုံလုံးကို ထိုခေတ်က တစ်သိန်းသုံးသောင်းခွဲဖြင့်ငှားမည်။ ကျွန်တော်က ရွာထဲရှိ လူကြီးများကို ထိုပစ္စည်းများကို သီတင်းကျွတ်အတွက်ငှားရန် တိုက်တွန်းလေသည်။ ရွာလူကြီးများက တစ်သိန်းသုံးသောင်းခွဲ များသည်ဟုဆိုကာ နောက်တစ်နေရာသွား၍ ရှာသည်။ ထိုနေရာက စက်ပစ္စည်း အငှားလိုက်သည့်နေရာဖြစ်သည့်အတွက် တီးဝိုင်းတစ်စုံစာကို ကိုးသောင်းခွဲဖြင့် လိုက်မည်ဆိုလေသည်။ နေရာနှစ်ခုကို နှိုင်းယှဉ်ပြီး ကျွန်တော့်စိတ်ကြိုက်အရ ကျောက်ခဲစိန်ဇာတ်က တီးဝိုင်းကို ငှားစေချင်သည်။ အီလက်ထရစ်ဂစ်တာဆိုလျှင်လည်း အနီရောင်အသစ်စက်စက်၊ ဒရမ်စက်ဆိုလျှင်လည်း သန့်ပြန့်နေသည်။ ဘေ့စ်ဂစ်တာဆိုလျှင်လည်း လွယ်ကြိုးနှင့် ချက်ချင်းတီးချင်စိတ် ဖြစ်စေသည်။ ရွာက လူကြီးများက တစ်သိန်းသုံးသောင်းခွဲ များသည်ဟုဆိုကာ ကိုးသောင်းခွဲတန်ငှားမည်ဟု ဆုံးဖြတ်ကြသည်။ ထိုကိုးသောင်းခွဲနှင့် ငှားမည့်နေရာတွင် ကျွန်တော်က Note Stand ပါလားဟုဆိုလျှင် ဘယ်နှစုံထည့်ပေးရမလဲဟုဆို လေသည်။ Mic Stand ပါလားဟု ဆိုလျှင်လည်း သုံးစုံယူ သွားဟုဆိုလေသည်။ ကျွန်တော် တီးရမည့် ဘေ့စ်ဂစ်တာ ပြပါဦးဆိုလျှင်လည်းတယ် လည်းမညံ့ပါလားဟုဆိုကာ ထိုကိုးသောင်းခွဲတန်တီးဝိုင်း ငှားဖြစ်သည်။
    သိတော်မူသည့်အတိုင်းဟု ဆိုရမည်ဖြစ်သည်။ ကျွန်တော်တို့အညာသည် သီတင်းဝါလကျွတ်လျှင် ပွဲလမ်းသဘင် အလွန်ပေါ်များ၏။ သီတင်းကျွတ်လဆန်း ၁၃ ရက်ရောက်ချိန် တီးဝိုင်းငှား သည့်နေရာသို့ တီးဝိုင်းပစ္စည်းများကိုသွား သယ်ချိန်မှ ပြဿနာစတွေ့လေသည်။ တီးဝိုင်းငှားသည့် သူက ဟိုပွဲလည်းလက်ခံထား၊ သည်ပွဲလည်းလက်ခံထားသောကြောင့် ဘုတလင်နယ်ဘက်က ငှားသွားသောကြောင့် သူတို့ပွဲပြီးမှ ကျွန်တော်တို့ရွာကို လာပို့မည်ဟုဆို လေသည်။ အဲသည်လိုနှင့် ရွာက ထော် လာဂျီကြီးခါလီ မောင်းကာပြန်ခဲ့လေသည်။ သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် တီးဝိုင်းပစ္စည်းများလာ ပို့လေသည်။ ပစ္စည်းများရောက်ချိန် ဆောင်းဘောက်များ စက်ပစ္စည်းများ ချက်ချင်းဆင်ခိုင်းပြီး မီး စက်ကြီးနှိုးကာ တီးဖို့ဆိုဖို့ ပြင်ဆင်ကြသည်။ အဲသည်အချိန်ရောက်မှ ပြဿနာတက်တော့သည်။ ကျွန်တော်တီးမည့် ဘေ့စ်ဂစ်တာက လေးကြိုးက ပြတ်ပြီးထုံးထားလေသည်။ ဂစ်တာလွယ်ကြိုးက လည်း လွယ်တီးစဉ်ဂစ်တာက ပြုတ်ပြုတ်ကျ၏။ သည်ညတီးရမည့်ပစ္စည်းများကို ချက်ချင်းစမ်း တီး ကြည့်ကတည်းကိုက  အားလုံး အဆင်မပြေဖြစ်နေ လေသည်။ ဂစ်တာဘေ့စ်ကြိုးဆိုသည်မှာလည်း သာမန် ဂစ်တာကြိုးများကဲ့သို့ တွေ့ရာဆိုင်ကဝယ်မရ။ ဘေ့စ်ကြိုး တစ်ချောင်းတည်းလည်း ဝယ်မရဘဲ ဝယ်ချင်လျှင် တစ်စုံလုံးဝယ်မှရသည်။ လေးကြိုးအထုံးကြီးနှင့်တော့ ကျွန်တော်လည်းမတီးဟုဆိုကာ ပွဲဖြစ်မြောက်ရေးကော်မတီက တီးဝိုင်းငှားသည့် နေရာသို့သွားကာ ဘေ့စ်ကြိုးသွား တောင်းကြသည်။ ကံကောင်းထောက်မစွာဖြင့် ဘေ့စ်ကြိုးတစ်စုံအပိုရှိ၍ ပေးလိုက်သည်။ သို့နှင့် အသံစမ်းကြသည့်ပေါ့။ သီချင်းအပုဒ် ၆၀ ခန့်ကို Note ထုတ်ထားပြီးထို Note ကိုကြည့်ရန် Note Stand  က တစ်ခုမှမပါ။ ဂစ်တာတီး ရင်းဆိုမည့် Mic Stand လည်းမပါကြောင်း ပွဲဝင်ခါနီးမှသိရသည်။ မျက်လုံးထဲ မြင်အောင်ကြည့်ကြ ပါဗျာ။ အဖြစ်အပျက်ကို။ ပထမဆုံးဆိုသည့်သီချင်းက အယ်ဖြူရေးထားသည့် 'နောက်ဆုံး'သီချင်းဖြစ်သည်။ ထိုသီချင်းကို သူငယ်ချင်း ဖြစ်သူကဆိုမည်။ ကျွန်တော်တို့ အဖွဲ့က ဂစ်တာကို နှစ်လအချိန်ယူပြီး တီးဝိုင်းတိုက်စဉ်က အဆင်ချောနေသည်။ ထိုတီးဝိုင်းတိုက်စဉ်က ဒရမ်သမားမပါ။ တကယ် Show ပွဲဆိုချိန် ဒရမ်သမားပါချိန် အယ်ဖြူ၏ 'နောက်ဆုံး'ဆို သည့်သီချင်းသည် Slow နှင့်သွားရသော သီချင်းဖြစ်။ ထိုသီချင်းကို ဒရမ်သမားက မကြားဖူးဘူးဟုဆိုကာ Slow နှင့်မသွားဘဲ အမြူးတီးလေသည်။ ဘာပြောကောင်းမလဲ ဘာမှပြောမကောင်းဟု ဆိုရမည် ဖြစ်သည်။ အဖွင့်သီချင်း 'နောက်ဆုံး'ဟုဆိုသည့်အတိုင်း ဒရမ်က အမြန်တီး သူငယ်ချင်းကလည်း မိုက်ကြီးလွှင့်ပစ်ကာ ဇာတ်စဉ်နောက်ဝင်သွားလေသည်။ ပရိသတ်ကတော့ ကိုယ့်အမျိုးအဆွေများမို့ သည်းခံသည်ထင်။ ပထမတစ်ပုဒ်နှင့် အဖွင့်မလှဖြစ်သွားလေသည်။ ဒုတိယတစ်ပုဒ်က စိုင်းစိုင်းခမ်းလှိုင်၏ 'တောဂေါ်လီ'ဖြစ်သည်။ ထိုသီချင်းတော့ ဒရမ်သမား ကရသည်။ ဒုတိယသီချင်းကတော့ အဆင်ချောသည်ဟု ဆိုရမည်ဖြစ်ပြီးဇာတ် စဉ်ထောင့်က ငတိငမူးများပင် ထကကုန်ကြ၏။
    နောက်သီချင်းက ကျွန်တော်ဘေ့စ်ဂစ်တာတီး ရင်းဆိုမည့် ဒိုးလုံး၏ 'သောက' သီချင်းဖြစ်သည်။ အဲဒီ နေရာမှာ ပြဿနာပေါ်လေသည်။ သောကများရသည် ထင်ပါ့ဗျာ။ Note Stand မပါသည်က ထားပါ တော့။ အလွတ်ရသည့် သီချင်းကို။ ဂစ်တာတီးရင်း Mic Stand  မပါသောအခါ မည်ကဲ့သို့ ဆိုရတီးရ မည်နည်း။ လူကြံလျှင် မခံနိုင်ဟုဆိုရ မည့်အတိုင်း ဝါးခြမ်းပြားထိပ်တွင် မိုက်ကိုကြိုးနှင့်ချီကာ တစ်ယောက်က ကိုင်ပေးထားရသည်။ သနားစရာကောင်းသည့် အဖြစ်အပျက်ပါဗျာ။ သူငယ်ချင်းက ဝါးခြမ်းပြားကို ငုတ်တုတ်ထိုင်ကာကိုင်ပေး ပြီး ကျွန်တော်က ဂစ်တာကြီးလွယ်ကာ  တီးနေဆိုနေကတည်းက မြင်ကွင်းတော်တော် လှနေပါပြီဗျာ။ မနက်ဖြန် လပြည့်နေ့ဖြစ်သောကြောင့် ဆွမ်းချက်ကြမည်ထင်သည်။ ပရိသတ်ကလည်း သီချင်းငါးပုဒ်မပြည့်ခင် တဖွဲဖွဲအသီးသီး ပြန်ကုန်ကြလေသည်။ ပရိသတ်မရှိတော့ ဘာလုပ်မလဲ။ သူများကို ဖျော်ဖြေခြင်းမဟုတ်၊ ကိုယ့်ဟာကိုယ် အပျော်ချသည် သဘောထားပြီး တစ်ဖွဲ့လုံးတီးလိုက် ဆိုလိုက်ကြသည်မှာ ည ၁ နာရီထိုးထိအောင် ဖြစ်သွား လေသည်။ မည်မျှ အောင်မြင်သနည်းဟုဆိုလျှင် ရွာက ပွဲဖြစ်မြောက်ရေးကော်မတီက ကျွန်တော်တို့အဖွဲ့ကို နောက်နှစ်တီးဝိုင်းအနား လုံးဝမကပ်စေနှင့်ဟု ကြိမ်း ဝါးသွားလေတော့သည်။
    သြော်သည်ကာလရောက်လျှင် သည်ပိုး တီးချင်၊ ဆိုချင်စိတ်က ပေါ်လာ၍ ငယ်ဘဝက အကြောင်းများသတိရ၍ ဖောက်သည်ချမိ ခြင်းဖြစ်သည်။ ကျွန်တော် တစ်ယောက်တွင် ဖြစ်သလားဆို မဟုတ်ဟုဆိုရမည်။ ရွာကသူငယ်ချင်းများ တီးနေဆိုနေကြသူများက သည်အချိန်တွင် ထိုကဲ့သို့ တီးချင်ဆိုချင်လာကြောင်း ဖုန်းဆက်၍ပြောကြလေသည်။ သို့နှင့် 'တီးချင်ဆိုချင်ရအောင် တို့ရွာအရပ်ပြ ဇာတ်ကပါလို့လား'ဟု မေးဖြစ်ရာ 'အရပ်ပြဇာတ်မပြောနဲ့ စာသင်ကျောင်းတောင် မဖွင့်နိုင်ပါဘူး'ဟုဆိုရာ ရိုးရာများ ကွယ်ပျောက်မည့်အရေး စိတ်ပူမိသေးသည်။ ရွာကဘုရားပွဲ မဖြစ်မြောက်ဟုဆိုလျှင် မုံရွာဘုရားကြီးပွဲ အခြေအနေရောဟု မေးဖြစ်သည်။ မုံရွာပတ်ဝန်းကျင်မှ မငြိမ်းချမ်းရာ ဘုရားကြီးပွဲလည်း မကျင်းပဖြစ်ကြောင်း သူငယ်ချင်းက ပြောလေသည်။ ဘုရားကြီးပွဲမကျင်းပဖြစ်သည်ကို သိရချိန် မိတ်ဆွေများထဲက ၁၂ ပွဲဈေးသည်များကို သတိတရ လှမ်း မေးဖြစ်သည်။ ပွဲများမရှိသောကြောင့် ဘာတွေများလုပ် ကိုင်နေကြသနည်းဟုမေးရာ သူတို့၏သားသမီးများက နိုင်ငံခြားသွား အလုပ်လုပ်သောကြောင့် ၁၂ ပွဲဈေးမရှိလည်း အဆင်ချောပါ၏ဟုဆိုလေရာ တော်ပါသေး၏ဟု တွေးမိသည်။ သူတို့ အကြောင်းမေးပြီး ကိုယ့်ပိုးကလည်း အချိန်တန်လျှင် ပေါ်မြဲဖြစ်ရာ ရွာတွင်အရပ်ပြ ဇာတ်မပါသော်လည်း ကိုယ့်ဂစ်တာ ကိုယ်တီးပြီး သီချင်းဆိုမည်ဟုအတွေးပေါ်ကာ ဂစ်တာတီး၍သီချင်းဆိုခြင်းကို လူမှုကွန် ရက်တွင် တင်ဖြစ်သည်။ အဲသည်နေရာတွင် မေတ္တာတရားကို တွေ့ရသည်ဟု ဆိုရမည်ဖြစ်သည်။ ဂစ်တာတီးသီချင်းဆိုခြင်းကို ကွဲကွာနေသည့် မိတ်ဆွေများက မှတ်ချက်ပေးခြင်း သတိတရစကား လှမ်းပြောခြင်းများရှိ လာသည်။ ထိုသို့ပြောလာသူများတွင် အရာရှိအရာခံဖြစ် နေသည့်မိတ်ဆွေများ၊ လက်နက်ကိုင် PDF ဖြစ်သွားသူများလည်း ပါဝင်နေရာ ကိုယ့်ပိုးကိုယ်မနိုင်၍သီချင်းတီး ဆိုခြင်းတွင် မိတ်ဆွေတိုင်းက ထိုအရာကို အရောင်ကာ လာများမခွဲခြားကြပါလားဟု တွေးမိသည်။ မြန်မာနိုင်ငံ မအေးချမ်းခြင်းတွင် အရောင်ကာလာ ခွဲခြားသူများ ကြောင့် ငြိမ်းချမ်းခြင်းနှင့် ဝေးနေပါလားဟုလည်း စဉ်းစားဖြစ်သည်။ အကယ်၍သာ ချစ်ခြင်းမေတ္တာသာ ရှေ့တန်းတင်လျှင် အမုန်းတရားကို ဦးစားမပေးလျှင် အေးချမ်းခြင်းအမှန်မဝေးဟုသဘောပေါက်မိသည်။ အမှန်က ချစ်ခြင်းမေတ္တာသည် နယ်စည်းမခြားကြောင်း သတိထားလာမိသည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 398

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42996

© 2022 - 2025 News. All Rights Reserved.