နယ်မြေချဲ့ထွင်ရေးနှင့် ကိုယ်ကျိုးရှာ စစ်ပွဲကြားက ချနင်းခံသားကောင်

၂၀၂၅ မတ် ၁၄

    စစ်ပွဲဆိုသည်က ပန်းနှင့်ပေါက်တာ မဟုတ်သည်ကို လက်ခံထားလျှင် တိုက်ပွဲကြောင့် နှစ်ဖက်ပစ်ခတ် တိုက်ခိုက်သူများသာမက စစ်၏ဒဏ်ကို ပြည်သူများလည်း ခံစားရသည်ကို သိရှိနားလည် ရမည်ဖြစ်သည်။နိုင်ငံရေးအတ္တသမားတို့၏ အငြိုးတကြီး နာမည်ပေးထားသော တော်လှန်ရေး ဟူသော ကာလတစ်လျှောက်လုံး လူငယ်များ မည်၍မည်မျှ စတေးခဲ့ကြသနည်းနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့၏ နယ်မြေချဲ့ထွင်ရေးသက် သက်စစ်ပွဲများတွင် တိုင်းရင်းသားလူငယ်မည်မျှ စတေး ပြီးပြီလဲဟု ယနေ့ချိန်ကာလတွင် မေးခွန်းထုတ်ရတော့ မည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးကို တွေးတောရာတွင် အချို့သော ပြည်သူများ၏ နိုင်ငံရေးအတွေး ဆန်ကောလောက်တော့ ဇောက်နက်စေချင်မိသည်။ လူမှုကွန်ရက် အားကိုယူကာ မမှန်သတင်းများကို ထုတ်လွှင့်နေသည့် တရားမဝင် မီဒီယာအချို့၏ သတင်းများကို ဖတ်ကာ ငါတို့နိုင်နေပြီဟု တွေးထင်နေကြရုံ၊ ပြည်ပရောက်လော် ဘီအချို့နှင့် ပြည်ဖျက်လိုသူလူတစ်စု၏ စကားများကို အဟုတ်ထင်မှတ်နေပါက နိုင်ငံရေးရေချိန်က နိမ့်ပါးလွန်းသည်ဟု အားမနာတမ်း မှတ်ချက်ပြုရမည်ဖြစ်သည်။ တစ်နေ့တစ်နေ့ တရားမဝင်သတင်းဌာနတစ်ခု ဖြစ်သော ခေတ်သစ်၏ ရေးသမျှ ဘယ်အဖွဲ့က တိုက်ခိုက်သဖြင့် တပ်မတော်သားများကျဆုံး၊ ထိခိုက်ဒဏ်ရာရဟူသော သတင်းများဖတ်၍ အချိန်ကုန်နေမည့်အစား စစ်ပွဲသည် တစ်ဖက်နှင့်တစ်ဖက် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်နေကြခြင်း ဖြစ်သဖြင့် လူငယ်ပေါင်းမည်မျှ အကျိုးမဲ့အသက်များပေးခဲ့ရသည်ကို ထည့်သွင်း စဉ်းစားသင့်သည်။
    မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခပေါင်းများစွာ၊ တောင်းဆိုမှုပေါင်းများစွာ၊ လိုလားချက် ပေါင်းများစွာဖြင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်စဉ်ပေါင်းများစွာကို ကြုံတွေ့ရပြီး ဖြေရှင်းခဲ့၊ ဖြေရှင်းနေရ ဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံရေး အာဃာတသမားတို့၏ သွေးထိုးမြှောက်ပင့်မှုကြောင့် အကြမ်းဖက်သမားများဘဝကို ခံယူသွားကြသည့် လူငယ် လက်နက်ကိုင်များအရေး၊ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်လို သူများ၏ စစ်ဘုရင်ဝါဒ ကိုင်ဆွဲထားသော တိုင်းရင်းသား လက်နက်ကိုင်များအရေးကို တပ်မတော်က တစ်ပြိုင်တည်း ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထိုသို့ ဖြေရှင်းရ မှုကို အစိုးရနှင့် တပ်မတော်က လိုအပ်သည့် ထုတ်ပြန်ချက်များကိုသာ ထုတ်ပြန်ခဲ့ပြီး အခြားစစ်ရေး သတင်းများကို ထုတ်ပြန်ခြင်း မရှိသလောက် နည်းပါးခဲ့သည်။ အကြောင်းကလည်း နိုင်ငံတော်ကာကွယ်ရေးကို ထိန်းသိမ်းဆောင်ရွက်ရသည့် တပ်မတော်ဖြစ်ခြင်းကြောင့် ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကိုသာ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ ပြည်ပအထောက်အပံ့ ရယူထားသည့် သတင်းဌာနများ၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည့် သတင်းဌာန များကနေ့စဉ် ယုတ္တိကင်းမဲ့လှသော စစ်ရေးသတင်းများကို ထုတ်လွှင့်ကာ တပ်မတော်အင်အားချည့်နဲ့ သယောင် ပုံဖော်ကာ ၎င်းတို့၏ နောက်လိုက်များကို အားတက်စေရန် အားပေးအားမြှောက် ပြုခဲ့ကြ သည်။ အချို့ ပြည်သူများကလည်း သတင်း အဆိပ်သင့်ကာ ဟုတ်သယောင် ထင်မှတ်မှားခဲ့ကြသည်။ ရိုးရိုးလေး စဉ်းစားကြည့်ပါက နိုင်ငံတော်ကို ကာကွယ်ရန်အထိ ကြည်း၊ ရေ၊ လေပေါင်းစုံကာ နိုင်ငံတော်၏ ကာကွယ်ရေးအသုံးစရိတ်ဖြင့် တရားသောစစ် ဆင်နွှဲနေသည့် တပ်မတော်နှင့် အလှူခံကာ စစ်သွေးကြွနေသူများမည် သူက အသာရနိုင်သည်ကို တွေးကြည့်ရုံနှင့် သိနိုင်မည် ဖြစ်သည်။
    ထပ်မံခိုင်မာသော သက်သေပြချက်ကို ထုတ်ဖော်ပြောဆိုရလျှင် တိုင်းရင်းသားအရေး အရေခြုံကာ လက်နက်ကိုင် စီးပွားရှာပြီး စစ်ဘုရင်ဝါဒ ကိုင်ဆွဲထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ပေါင်းများစွာ၏ လက်နက်ကိုင် သမိုင်းတစ်လျှောက် တပ်မတော်အပေါ် အသာစီးရဖူးခြင်း မရှိဘဲ သက်ဆိုင်ရာ အဖွဲ့အလိုက် အခြေချရာ နွားခြေရာခွက်များတွင်သာ လက်နက်ဖြင့် ပျော်မွေ့နေကြခြင်းသာ ဖြစ်သည်။ ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားသော တပ်မတော်ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် စစ်ရေးထက် ငြိမ်းချမ်းရေးကိုသာ အားသာခဲ့သဖြင့် တစ်ဖက်သတ် အပြစ်ရပ်မှု အကြိမ်ကြိမ်ဖြင့် ငြိမ်းချမ်းရေးကို လက်ကမ်းထားခြင်းသာ ဖြစ်သည်။ အရှင်းလင်းဆုံး ပြောဆိုရ လျှင် နိုင်ငံတော်တစ်ရပ်လုံးကို ကာကွယ်နိုင်သည့် တပ်မတော်၏ အင်အားဖြင့် အစိုးရ၏ အချုပ်အခြာ အာဏာပိုင်မြေ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ အခြေစိုက်စခန်းများကို အချိန်မရွေး စစ်ရေးဖြင့် အရေးယူဖြေ ရှင်း၍ရသည်။ သို့သော် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်ထား ခြင်းကြောင့် တိုင်းရင်းသားအချင်းချင်း ရန်ငြိုးအာဃာတများဖြင့် အနာဂတ်တွင် အဖြေမရှိသော စစ်ပွဲများဖြင့် အချိန်မကုန်စေလိုသဖြင့် စစ်မျိုး စေ့များကို မချခြင်းဟု မှတ်ယူရမည်သာ ဖြစ်သည်။
    မကြာသေးမီ ရက်ပိုင်းအတွင်းက တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု  ၁၃ မိနစ်ကြာ ရုပ်သံဖိုင် တစ်ဖိုင်  လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည်။ အစိုးရနှင့် တပ်မတော်က တရားဝင်ထုတ်ပြန်ခြင်း မဟုတ်သော်လည်း အကြီးအကဲများ ခွင့်ပြုသဖြင့် ပေါ်ထွက်လာသော ရုပ်သံဖိုင်တစ်ဖိုင်ဟုသာ ထင်မြင်မိသည်။ ရုပ်သံဖိုင်က နယ်မြေချဲ့ထွင်ရန် သက်သက်ဖြင့် တည်ငြိမ်အေးချမ်းနေသော တောင်ခမ်းဒေသကို ကျူးကျော်ဝင်ရောက်ကာ ဒေသခံများကို စစ်ဘေးသင့်စေသော TNLA နှင့် ၎င်းတို့၏ နယ်ရုပ် PDF လူငယ်များ၏ရန်ကို ရှင်းလင်းတိုက်ထုတ်ခဲ့သည့် ရုပ်သံဖိုင်တစ်ခုဖြစ်သည်။ ရုပ်သံဖိုင်တွင် မြန်မာ့ တပ်မတော်က တောင်ခမ်းဒေသတွင် TNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားတို့ ခံစစ် ပြင်ဆင်ထား သည့် ကမ္ဘောဇဘုန်းကြီးကျောင်း နားရှိုးကျေးရွာ၊ မန်မော် ဘုရားကုန်း၊ ဆယ်တောင်ပြည့်ဘုရားကုန်းနှင့် လုံကာ ဘုရားကုန်းတို့ကို တိုက်ခိုက် ရှင်းလင်းခဲ့သော ရုပ်သံဖိုင်ဖြစ်ပြီး ပါဝင်သော ရုပ်သံများကို တိုက်ခိုက်ရေးဆောင်ရွက်ခဲ့သော တပ်မတော်သားများ၏ လက်ကိုင်ဖုန်းနှင့် ရိုက်ကူးမှုကို စုစည်း တင်ဆက်ထားခြင်းဖြစ်သည်။ စာတန်းထိုး ရုပ်သံတင်ဆက်မှုအရ တောင်ခမ်းဒေသသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် တည်ရှိပြီး ဘာသာတရားကို ယုံကြည်ကိုးကွယ်ပြီး အေးချမ်းစွာနေထိုင်လိုကာ ရိုးသားသည့် ဓနုလူမျိုးများ၏ ဒေသဖြစ်သည်။ ထိုသို့ အေးချမ်းစွာနေထိုင်လိုသည့် ဗုဒ္ဓဘာသာဝင် ဓနုလူမျိုးများ နေထိုင်ရာဒေသကြီး ၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်မှ စတင်ကာ TNLA အဖွဲ့က နယ် မြေရယူလိုမှု တစ်ခုတည်းဖြင့် ရည် ရွယ်ကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
    တပ်မတော်အနေဖြင့် TNLA ၏ ကျူးကျော်မှုကို ဒေသခံများ စစ်ဘေးအန္တရာယ်ကြောင့် အထိအခိုက် အနည်းဆုံးဖြစ်စေရန် ကနဦးတိုက်ပွဲအစပိုင်းတွင် ခံစစ်အသွင်ဖြင့်သာ တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ပိုင်းကာလတွင် အခြေချနေထိုင်ရာ ဓနုလူမျိုးများ တိုက်ပွဲကြောင့် ယာယီ နေရပ်စွန့်ခွာကြချိန်တွင် တပ်မတော်က တိုက်စစ်အသွင်ကို စနစ်တကျ ကူးပြောင်းခဲ့သည်။ တပ်မတော်က အခြေအနေအရ ခံစစ်အသွင် ခုခံနေစဉ် ပြည်ပရောက် တရားမဝင် သတင်းဌာနများက ယင်းတိုက်ပွဲကို  TNLA နှင့် အကြမ်းဖက် PDF  များက အသာစီးရနေသယောင် ပုံဖော်ပေးခဲ့ကြပြီး လူငယ်ထုကို စစ်တွင်း ဝင်ရောက်လာစေရန် ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်ခဲ့ကြသည်။
    TNLA အဖွဲ့ကလည်း တပ်မတော်၏ ဘာသာရေးယုံကြည်သက်ဝင်မှုကို သိရှိထားကာ တပ်မတော်က တိုက်ခိုက်မှု အခက်အခဲဖြစ်စေရန် တောင်ခမ်းဒေသရှိ ကမ္ဘောဇဘုန်းကြီးကျောင်း၊ နားရှိုးကျေးရွာ၊ မန်မော်ဘုရားကုန်း၊ ဆယ်တောင်ပြည့်ဘုရားကုန်းနှင့် လုံကာဘုရား ကုန်းတို့တွင် တပ်စွဲခဲ့ခြင်း ဖြစ်သည်။ ဘာသာရေး အဆောက်အအုံများကို အကာအကွယ်ယူကာ တိုက်ခိုက်ရာတွင် တပ်မတော်က ရည်ရွယ်ချက်ရှိရှိ ဘာသာရေး အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်သည်ဟုဆိုကာ ၎င်းတို့၏ လုပ်ရပ်များကို အားပေး ထောက်ခံသည့် မီဒီယာအားဖြင့် သတင်းလွှင့်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ် သည်။ ထို့ကြောင့်လည်း တပ်မတော်က ဘာသာရေး အဆောက်အအုံများ အထိအခိုက်အနည်းဆုံး ဖြစ်စေရန် ခြေလျင်၊ အမြောက်၊ Drone တွဲစပ်သုံးသည့် စစ်နည်းဗျူဟာကို သုံးစွဲခဲ့ရသည်။ ထို့ကြောင့် ရန်သူများ ခံစစ်ပြင်ရာ ဘာသာရေး အဆောက်အအုံ နေရာများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ရုပ်သံတွင် ဖော်ပြထားသည်။ အခိုင်အမာတည် ဆောက်ထားသော သာသနိက အဆောက်အအုံများကို ခိုလှုံနေသည့် TNLA နှင့် အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ရာတွင် ဘာသာရေး အဆောက်အအုံများ ထိခိုက်ရခြင်းအပေါ် တပ်မတော်သားများ စိတ်မကောင်းဖြစ်ရခြင်း ဖြစ်သည်။ တပ်မတော်၏ ဘာသာရေးအပေါ်ထားသည့်စိတ်ကို ကောင်းစွာနားလည်သော TNLA က လည်း ယင်းအချက်ကို အသုံးချခဲ့ပြီး စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများကို ဘန်ကာများသဖွယ် အသုံးချခဲ့သည်။
    ထို့အပြင် ၎င်းင်းနယ်မြေချဲ့ထွင်ရေး စစ်ပွဲတွင်  နောင်ချိုနှင့် တောင်ခမ်းဒေသက လူငယ်များကို အဓမ္မ ဖမ်းဆီးကာ DPLA အဖြစ် ရုပ်သေးတပ်ဖွဲ့စည်းကာ ရှေ့တန်းမှနေ၍ တိုက်ခိုက်စေကာ TNLA ယူနီ ဖောင်းဝတ် ဆင်စေပြီး တိုက်ခိုက်စေခဲ့ကြောင်း တောင်ခမ်းဒေသ တွင်တရားသောစစ် ပါဝင်ဆင်နွှဲခဲ့ သော တပ်မတော် အရာရှိများထံမှ သတင်းစကားရရှိသည်။ ထို့ကြောင့် ဓနုလူငယ်အများအပြား ထိခိုက်ကျဆုံး ဒဏ်ရာရခဲ့သလို PDF လူငယ်အများစုမှာလည်း TNLA ၏ အသုံးချခံအဖြစ်သို့ ရောက်ရှိ သွားခဲ့ပြီးနောက် နောင်တတရားများ ရင်ဝယ်ပိုက်ခဲ့ရသည်။ ရုပ်သံဖိုင်တွင် တရားသော စစ်ကို ဆင်နွှဲခဲ့သော တပ်မတော်က လက်နက်ကြီးများဖြင့် ရန်သူခြေကုပ်ရာ တူးမြောင်းများ၊ ပစ်ကျင်းများကို တိုက်ခိုက်ခြင်း၊ ဆုတ်ခွာသွားသော TNLA များကို Drone များဖြင့် လိုက်လံချေမှုန်းခြင်း၊ ခြေလျင်စစ်ကြောင်း များ၊ Sniper စစ်သည်များ၏ ပစ်အားများဖြင့် ထပ်ချပ်မခွာ လိုက်လံရှင်းလင်းခဲ့သည်ကို မြင်တွေ့ရသည်။ ထိုနယ်မြေကို ရှင်းလင်း တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နည်းဗျူ ဟာ အဆင့်မြင့်အရာရှိကြီးများက သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ထိခိုက်ပျက်စီး မှုကို လိုက်လံစစ်ဆေးခဲ့ သည်ကို တွေ့မြင်ရသည်။ TNLA အဖွဲ့ဝင်များ ခိုအောင်းမှုကြောင့် သုံးထပ်ကျောင်းဆောင်ကြီးတစ်ခု ကိုလည်း မလွဲမရှောင် ပစ်ခတ် တိုက်ခိုက်ခဲ့ရသည်။
    တောင်ခမ်းတပ်မတော်၏ ထိုးစစ်တွင် ထူးခြားစွာ တွေ့မြင်ရသည်က တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်နေသော တပ်မတော်သားကြီးများ၏ နောက်တွင် တစ်တပ်တစ်အား ပါဝင်တိုက်ခိုက်ခဲ့သော အပါတ်စဉ်(၅)သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်း စစ်သည်များပင် ဖြစ်သည်။ တပ်မတော်အရာရှိကြီးများ၏ ပြည်သူ့စစ်များအပေါ် လေးစားသမှုဖြင့် နှုတ်ဆက်ရာ တပ်မတော်၏ အထက်အောက်လေးစားမှုဖြင့် ယုံကြည်မှုအပြည့်အဝဖြင့် တပ်မတော်သားကြီးများသဖွယ် သင်တန်းဆင်း အပါတ်စဉ်များကို ပြန်လည် ဖြေကြားသည့် မြင်ကွင်းက တပ်မတော်နှင့် ပြည်သူများအကြား အပြန်အလှန်ယုံကြည်မှုကို ပြသနေခြင်း ဖြစ်သည်။ ထပ်မံ၍ ကျည်ကာဦးထုတ်ကို သေနတ်ထိမှန်ထားသော အပါတ်စဉ်(၅) သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ တိုက်ပွဲဝင်ဖော်ဝင်ဖက် တပ်မတော်သားကြီးများနှင့် တပ်မတော်၏စစ်အသုံး အဆောင်များကြောင့် ယုံကြည်မှုအပြည့်အ၀ ရှိနေသည်ကို တွေ့မြင်ရသည်။ ဤနေရာတွင် ပြည်သူချင်း အတူတူပင် ဖြစ်သော်လည်း ပြည်သူကို ကာကွယ်စောင့်ရှောက်လိုသော ပြည်သူ့သားကောင်းများနှင့် မရေမရာ တော်လှန်ရေးကြား ဝါဒမှိုင်းကြောင့် သူတစ်ပါး၏ နိုင်ငံရေး၊ စစ်ရေးတွင် ချနင်းခံခဲ့ရသော တိုင်းပြည်၏ အနာဂတ်လူငယ်များအကြား ကွာခြားမှုက မိုးနှင့်မြေလိုပင် ဖြစ်သည်။ တိုက်ပွဲအလီလီ ကြုံဆုံဖူးသော တပ်မတော်သားများ၏ ဝန်းရံအားပေးမှုဖြင့် ဘေးမသီ ရန်မခဘဲ တရား သောစစ်ကို တပ်မတော်နှင့် တိုက်ပွဲဝင်နေသော ပြည်သူ့စစ်မှုထမ်းများ၏ ဘဝက အနာဂတ်ပေါင်း များစွာကို စိတ်ကြိုက် ပုံဖော်နိုင်တော့မည် ဖြစ်သည်။ တပ်မတော်အတွင်း ဆက်လက် တာဝန်ထမ်းဆောင်လိုပါကလည်း ရာထူးဂုဏ် အဆင့်ဆင့်က အသင့်ဆောင့်ကြိုလျက်ရှိသည်။
    ရုပ်သံအဆုံးတွင် တပ်မတော်အဆင့်မြင့်အရာရှိကြီးများက ထိခိုက်ပျက်စီးမှုကို လိုက်လံစစ်ဆေးပြီး စစ်သည်များကလည်း ထိခိုက်ပျက်စီးမှုများကို ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။ မကြာမီကာလတွင် တောင်ခမ်းဒေသ ပြန်လည်ထူထောင်ရေး နိုင်ငံတော်အစိုးရ အကူအညီများ ဖြင့် ယခင်ကကဲ့သို့ ဒေသခံများ ပြန်လည်အေးချမ်းစွာနေထိုင်ရမည့် အရိပ်အယောင်ကို မြင်တွေ့ရသည်။ သို့သော် TNLA ၏ အဓမ္မလူသစ်စုဆောင်းကာ ယူနီဖောင်းဝတ်ဆင်စေခဲ့သည့် ရိုးသားသည့် ဓနုလူငယ်ပေါင်းများစွာတို့၏ အသက်များ၊ ပြည်ပနိုင်ငံများတွင် သာသာယာယာနေကာ နိုင်ငံရေးဝါ ဒမှိုင်းများကို ငါ့စကား နွားရပြောကာ အယုံသွင်းခံခဲ့ရသော မြန်မာနိုင်ငံ တနံတလျားက လူငယ်တို့၏ အသက်နှင့်ခန္ဓာများကတော့ အကျိုးမဲ့ခဲ့ရသည်။ ထို့သို့သော ကိစ္စရပ်များဖြစ် ပေါ်စေရန် ဖန်တီးခဲ့ကြသော ပြည်ပြေးတစ်စုံတစ်ယောက်ကမျှ တာဝန်ခံမည် မဟုတ်သလို ၎င်းတို့၏ ပြည်ပနိုင်ငံများ၌ နေ့စဉ်ဘ၀ သာယာလှပရေး၊ ၎င်းတို့၏ မိသားစု ဝင်များ၊ သားသမီးများ အနာဂတ်လှပရေးအတွက် ဆုံး ရှုံးခဲ့သော တိုင်းပြည်၏ လူသားအရင်းအမြစ် လူငယ်များ၏ အရိုးကို လှေကားထစ်လုပ်ကာ တက်လှမ်းနေမည်သာ ဖြစ်သည်။
    ဤနေရာတွင် တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ၊ တိုင်းရင်းသားရေးအရေခြုံကာ လက်နက်ဖြင့် အာဏာထူထောင်လိုသူတို့၏ လတ်တလောဆောင်ရွက်ခဲ့သော လူမဆန်သည့် လုပ်ရပ်တစ်ခုကို သက်သေအဖြစ် ထည့်သွင်းရေးသားလိုသည်။ မုံးစီးမြို့နယ် ပင်းခန်ကျေးရွာ နမ့်လိမ်းချောင်း နံဘေး တွင် ရွှေတူးဖော်နေသော MNDAA တပ်ဖွဲ့ကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ နိုင်ငံတော်နှင့် ဒေသခံပြည်သူတို့ ပိုင်ဆိုင်သော သယံဇာတများကို ကိုယ်ကျိုးရှာ တူးဖော်ခဲ့ကြသူများကို တားဆီးဆန့်ကျင်ရင်း ပြည်သူခြောက်ဦးအထိ အသက်ပေးခဲ့ရ သည်။ ထို့အပြင် ၎င်းလက်နက်ကိုင်အဖွဲ့တို့ ရည်ရွယ်ချက်မှာလည်း နယ်မြေချဲ့ထွင်ရေးအဖြစ် ထင်ရှား စေသည်မှာ MNDAA နှင့် KIA တို့အကြား ဖြစ်ပေါ်လေ့ရှိသည့် နယ်မြေလုရန်ပွဲများပင် ဖြစ်သည်။ တိုင်းရင်းသားအရေး အရေခြုံကြသူများ ကိုယ် ကျိုးစီးပွားကို ထိခိုက်လာပါက ပြည်သူကို ပစ်ခတ် သတ်ဖြတ်ဖို့ ဝန်မလေးကြသလို၊ တိုင်းရင်းသားအချင်းချင်း အိမ်ကြက်များသဖွယ် ခွပ်ဖို့လည်း ဝန်မလေးကြသည်က မင်းသားမျက်နှာဖုံးများ ကွာကြလာသည့် ဘီလူးရုပ်များပင် ဖြစ်သည်။
    ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များဖန်တီးနေသော စစ်ပွဲများသည် မည်သူတို့ အကျိုးအမြတ်ရစေသနည်းဟု မွေးခွန်းထုတ် အဖြေရှာကြည့်ချိန်တန် ပြီဖြစ်သည်။ ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်များ ပျက်စီးခြင်း၊ ဘာသာရေးအဆောက်အအုံများ ပျက်စီးရခြင်း၊ လူငယ်လူရွယ်များ အကျိုးမဲ့ အသက်ပေးရခြင်းနှင့် မြို့ပျက်ရွာကုန် ပြည်ဖျက် အကြံများသာ ဖြစ်နေသည်။ ထို့အတူ နိုင်ငံရေးအရ မကျေလည်မှုကိုအကြောင်းပြုကာ ၎င်းင်းတို့၏ အတ္တကို ရှေ့တန်းတင်ကာ လူငယ်ထုကို သတ်ကွင်း ပို့ခဲ့ကြသူတို့၏ အကျိုးအမြတ်ကိုလည်း မေးခွန်းထုတ်ရမည်ဖြစ်သည်။ ၎င်းတို့နှင့်အတူ ၎င်းင်းတို့၏ သားသမီးမျိုးဆက်များကို ဘေးလွတ်ရာ ပြည်ပနိုင်ငံ အသီးသီးကိုပို့ ပညာသင်ကြားစေပြီး ပြည်တွင်းလူငယ်များကို ပညာရေးတစ်ပိုင်းတစ်စဖြင့် အနာဂတ်ပေါင်းများစွာကို ရက်ရက်စက်စက် ချနင်းခဲ့ကြသည်။ ထိုအချက် များကိုချိန်ထိုးကာ ပြည်သူများ၏ နိုင်ငံရေးအသိများ ယခုထက်ပို၍ စဉ်းစားချင့်ချိန်သင့်ပြီ ဖြစ်သည်။ မိမိတို့၏ သားသမီးများ သူတစ်ပါး အသုံးချခံ မဖြစ်စေရေး၊ နိုင်ငံနှင့်လူမျိုး အကျိုးပြုလူငယ်များဖြစ်ကာ အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်စေရေး မြေတောင်မြှောက်ပေး ချိန်တန်ပြီ ဖြစ်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 129

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.